အခန်း ၇၁၁
Vol. 48 Ch. 711
အခန်း (၇၁၁) - စုပေါင်း တွက်ချက်မှုနှင့် ညီညွတ်မှု၏ အစွမ်း
“သေချာတာပေါ့ ... ဒါတွေက တာအို မှော်စာလုံးတွေပဲ”
ယဲ့ဖုန်းသည် အလေးအနက်ထား၍ ခေါင်းညိတ်လိုက်သည်။
“ဒါတွေက တာအို မှော်စာလုံးတွေ။ သူတော်စင်အဆင့် အထက်ကို မရောက်ဘဲနဲ့တော့ ဒီအရာတွေကို နားလည်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ တွက်ချက်ဖို့ဆိုတာကတော့ ဝေးသေးတာပေါ့”
ယွီလော့ တပိုင်း သူတော်စင်က ခေါင်းကို တတွင်တွင် ခါယမ်းရင်း ပြောလိုက်၏။
“ဒါဆိုရင် ငါတို့ သူတော်စင်အဆင့် စီနီယာကြီးတွေရဲ့ ကိုယ်ပွားတွေကို အကူအညီ တောင်းရမလား” ဟု တစ်စုံတစ်ယောက်က မေးလိုက်သည်။
“အလကားပဲ။ သူတော်စင် တစ်ပါးရဲ့ အစစ်အမှန် ကိုယ်ခန္ဓာ မဟုတ်ရင် တာအို မှော်စာလုံးတွေကို ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ဘူး။ သူတော်စင် စီနီယာကြီးတွေ ကိုယ်တိုင်တောင်မှ ဒါကို အပြည့်အဝ နားလည်ဖို့ဆိုတာ မလွယ်ပါဘူး” ယွီလော့ တပိုင်း သူတော်စင်က ထပ်မံ ငြင်းဆိုလိုက်သည်။
“ယဲ့ဖုန်း ... ငါ အရှင်သခင်မတောင်မှ တစ်သောင်းပုံ တစ်ပုံလောက်ပဲ နားလည်နိုင်တဲ့ ဒီလို ရှုပ်ထွေးလှတဲ့ ဝင်္ကပါ မှော်စာလုံးတွေကို မင်း ဘယ်ကနေ ရလာတာလဲ” ယင်ရူရုံက မည်းမှောင် လေးနက်သော မျက်နှာထားဖြင့် မေးမြန်းလိုက်၏။
သူမ၏ အမြင်တွင် ယဲ့ဖုန်းမှာ တစ်နေ့တခြား ပို၍ မှန်းဆရ ခက်ခဲလာ၏။ ဤမျှလောက် ထူးခြားဆန်းကြယ်လှသော တာအို မှော်စာလုံးများနှင့် ဝင်္ကပါ မှော်စာလုံးများကို ထုတ်ပြနိုင်စွမ်း ရှိသည်ဆိုပါက ... သူ၏ နောက်ခံမှာ မည်သည့် မြင့်မြတ်သောနယ်မြေထက်မဆို ပို၍ နက်ရှိုင်းနေမည်မှာ သေချာလှပေသည်။
'ယဲ့ဖုန်းက ထူးခြားတဲ့ အခွင့်အရေး တစ်ခုခုများ ရထားတာလား' ယင်ရူရုံ စိတ်ထဲမှ တွေးလိုက်မိသည်။
“ဒါကို ကောင်းကင်တာအိုရဲ့ အကြွင်းအကျန်က ကျွန်တော့်ကို ပေးလိုက်တာပါ” ဟု ယဲ့ဖုန်းက ဖြေကြားလိုက်သည်။
သူ၏ စိတ်ဝိညာဉ် မိုးကြိုးရေကန် နန်းတော်အတွင်းသို့ ရောက်ရှိသွားခဲ့သည့် အကြောင်းကိုမူ သူ ထုတ်မပြောခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ လူများထဲတွင် ယင်ရူရုံကဲ့သို့သော သူ လုံးဝ မယုံကြည်နိုင်သည့် သူများ ပါဝင်နေသောကြောင့်ပင်။
“ဪ ... ကောင်းကင်တာအိုရဲ့ အကြွင်းအကျန်ဆီက ရတာကိုး”
လူတိုင်း နောက်ဆုံးတော့ သဘောပေါက်သွားကြ၏။ ယင်ရူရုံပင်လျှင် လုံးဝ ယုံကြည်သွားတော့၏။ ကောင်းကင်တာအို၏ အကြွင်းအကျန်က ပေးသနားခြင်း မဟုတ်ပါက ... ယဲ့ဖုန်းအနေဖြင့် ဤမျှ ရှုပ်ထွေးလှသော ဝင်္ကပါပုံစံကြီးကို မည်သို့ ဖန်တီးနိုင်မည်နည်း။
သို့သော် ဤအရာက အလွန်အမင်း ရှုပ်ထွေးလွန်းနေသည် မဟုတ်ပါလား။
သူတို့ နေနေသာသာ ... ထျန်းမြောင် မြင့်မြတ်သောနယ်မြေ၏ ရှေးဟောင်းသူတော်စင်အရှင် ကဲ့သို့သော သူတော်စင်အဆင့် စွမ်းအားရှင်ကြီးများပင်လျှင် ဤဝင်္ကပါပုံစံကြီး၏ အဓိပ္ပာယ်ကို အပြည့်အဝ နားလည်နိုင်မည် မဟုတ်ချေ။
“ကျွန်တော် ဒီဝင်္ကပါပုံစံကြီးကို မှတ်မိဖို့အတွက်တင် တစ်နာရီလောက် အချိန်ယူခဲ့ရတယ်။ ဒီအထဲမှာ ကျွန်တော်တို့ တွက်ချက်ဖို့နဲ့ နားလည်ဖို့ ခက်ခဲလွန်းတဲ့ တာအို မှော်စာလုံးတွေ အများကြီး ပါဝင်နေတယ်။ အဲဒီတော့ ... ပထမဆုံး အနေနဲ့ ဒီတာအို မှော်စာလုံးတွေကို ဖယ်ရှားလိုက်ကြရအောင်”
ယဲ့ဖုန်းက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဝင်္ကပါပုံစံကြီး၏ အစိတ်အပိုင်းအချို့မှာ ချက်ချင်း ပျောက်ကွယ်သွားတော့၏။ ကျန်ရှိနေသည်များမှာ သာမန် ဝင်္ကပါ မှော်စာလုံးများသာ ဖြစ်သော်လည်း ... ၎င်းတို့ထဲမှ အများစုမှာ တပိုင်း သူတော်စင်များပင်လျှင် နားလည်နိုင်ရန် ခက်ခဲလွန်းလှပေသည်။
“ဂိုဏ်းချုပ်ယဲ့ ... ဆက်ပြီး ဘာလုပ်ဖို့ အစီအစဉ် ရှိလဲဟင်” မင်းသမီးယွီကျူးက မနေနိုင်ဘဲ မေးလိုက်သည်။
ခုနက သူမ ကြိုးစားကြည့်သော်လည်း ဤဝင်္ကပါပုံစံကြီး၏ သန်းတစ်ပုံလောက်ကိုပင် နားမလည်နိုင်ကြောင်း တွေ့လိုက်ရ၏။ တစ်သောင်းပုံ တစ်ပုံလောက်ကိုသာ အနိုင်နိုင် မှတ်ထားနိုင်ခဲ့သည်။ ထိုထက်ပို၍ မှတ်သားရန် ကြိုးစားလိုက်တိုင်း သူမ၏ ခေါင်းမှာ ကွဲထွက်တော့မတတ် နာကျင်လာတော့သည်။
မင်းသမီးယွီကျူး၏ မေးခွန်းမှာ ထိုနေရာရှိ လူတိုင်း၏ ဇဝေဇဝါ ဖြစ်နေမှုများကို ကိုယ်စားပြုနေသည်။
“ဒီဝင်္ကပါပုံစံကြီးကို တွက်ချက်မယ်။ ပြီးရင် ငါတို့ ထိန်းချုပ်နိုင်မယ့် အဆင့်နိမ့် ဝင်္ကပါပုံစံ တစ်ခုဖြစ်လာအောင် အတတ်နိုင်ဆုံး ရိုးရှင်းအောင် လုပ်မယ်။ အဲဒီနောက်မှာ ဒီဝင်္ကပါပုံစံကို သုံးပြီး ကောင်းကင်ဘုံကပ်ဘေးရဲ့ စွမ်းအားတွေကို သိမ်းဆည်းထားမယ့် မိုးကြိုးရေကန် နန်းတော် တစ်ခုကို ဖန်တီးမယ်” ယဲ့ဖုန်းက သူ၏ အစီအစဉ်ကို ရှင်းပြလိုက်သည်။
“ပြဿနာ မရှိပါဘူး”
“ဒီဝင်္ကပါပုံစံရဲ့ ထောင့်တစ်နေရာကို ကျွန်တော် တာဝန်ယူမယ်”
“ဒါဆို နောက်ထောင့်တစ်နေရာကို ငါ တာဝန်ယူမယ်လေ”
ထိုနေရာတွင် ထိပ်တန်း စွမ်းအားရှင် တစ်ရာကျော် ရှိနေသည်။ အများစုမှာ ထိပ်တန်း ကောင်းကင်ဧကရာဇ်များ ဖြစ်ကြပြီး၊ ကျန်ရှိသူများမှာ တပိုင်း သူတော်စင်များ ဖြစ်ကြ၏။ တစ်ဦးချင်းစီအနေဖြင့်မူ ဝင်္ကပါပုံစံကြီး တစ်ခုလုံးကို မှတ်မိရန် မဖြစ်နိုင်ဘဲ တစ်သောင်းပုံ တစ်ပုံ သို့မဟုတ် တစ်ထောင်ပုံ တစ်ပုံခန့်ကိုသာ မှတ်မိနိုင်ကြသည်။
သို့သော် သူတို့ အားလုံး ခွဲဝေ၍ တွက်ချက်ကြမည်ဆိုပါက ဖြစ်နိုင်ခြေ ရှိပါသည်။
“ဒါဆိုရင်လည်း ... စလိုက်ကြရအောင်”
“ငါတို့ အချိန်တိုတိုအတွင်းမှာ အဆင့်နိမ့် ဝင်္ကပါပုံစံ တစ်ခု ဖြစ်လာအောင် ရိုးရှင်းအောင် လုပ်နိုင်မှသာ ... လူဖန်တီး ကောင်းကင်ဘုံကပ်ဘေး ဖန်တီးမယ့် အစီအစဉ်ရဲ့ ပထမခြေလှမ်းကို စတင်နိုင်မှာပါ”
ယဲ့ဖုန်းသည် လက်ဟန်များကို ဖော်ကာ တွက်ချက်မှုများကို စတင်လိုက်သည်။ သူ၏ ဉာဏ်အလင်းပွင့် နှလုံးသား၏ ငါးပုံနှစ်ပုံခန့်သည် ကြီးမားလှသော တွက်ချက်နိုင်စွမ်း ရှိလေရာ ... ဝင်္ကပါပုံစံကြီး တစ်ခုလုံးကို မှတ်မိနိုင်ရုံသာမက ကြီးမားသော အတိုင်းအတာအထိပါ ရိုးရှင်းအောင် လုပ်ဆောင်နိုင်စွမ်း ရှိသည်။
အခြားသူများအနေဖြင့်မူ ... ကျန်ရှိနေသော အစိတ်အပိုင်းများကို အပြီးသတ်ပေးနိုင်လျှင်ပင် လုံလောက်နေပြီ ဖြစ်၏။
“မရဘူး ... ဒါက အရမ်း ခက်လွန်းတယ်”
“ငါတို့ မြင့်မြတ်သောနယ်မြေက တပိုင်း သူတော်စင် တွေကို သွားခေါ်လိုက်ဦးမယ်”
“ငါလည်း သွားခေါ်မယ်”
ခေတ္တမျှ တွက်ချက်ပြီးနောက် ထိုနေရာရှိ ထိပ်တန်း စွမ်းအားရှင်များမှာ ဝင်္ကပါပုံစံကို ရိုးရှင်းအောင် လုပ်ဆောင်ရသည်မှာ အလွန် ခက်ခဲလွန်းကြောင်း သဘောပေါက်သွားကြသည်။
“ဂိုဏ်းချုပ်ယဲ့ ... ဒီဝင်္ကပါပုံစံကြီးကို ရိုးရှင်းအောင် မလုပ်ဘဲ ဒီအတိုင်းပဲ ထားလိုက်လို့ မရဘူးလား” ဟု အချို့က မေးလိုက်ကြ၏။
ယဲ့ဖုန်း၏ နှုတ်ခမ်းများ တွန့်သွားသည်။
“ဝင်္ကပါပုံစံကို ရိုးရှင်းအောင် မလုပ်ရင် ... ဒီလောက် ရှုပ်ထွေးတဲ့ မှော်စာလုံးတွေကို ရေးထွင်းနိုင်မယ့် ခွန်အား ဘယ်သူ့ဆီမှာ ရှိလို့လဲ”
သူသည် သူ၏ မှတ်ဉာဏ်ထဲရှိ ဝင်္ကပါပုံစံကြီးကို ဝိညာဉ်စွမ်းအင်များဖြင့် ပုံဖော်ပြရုံသာ ရှိသေးသည်။ ပုံသဏ္ဌာန်သာ ရှိပြီး အသက်မဝင်သေးပေ။ စစ်မှန်သော ဝင်္ကပါ မှော်စာလုံးများနှင့် လိုင်းတစ်ခုချင်းစီ၏ တည်ဆောက်ပုံများမှာ မတူညီသော မူလစွမ်းအင်များ လိုအပ်ပြီး၊ မတူညီသော ခွန်အားများကိုလည်း ကိုယ်စားပြုနေသည်။
အကယ်၍ ရိုးရှင်းအောင် မလုပ်ပါက ... မူလ ဝင်္ကပါ မှော်စာလုံးများမှာ အလွန် နက်ရှိုင်းလွန်းသဖြင့် ရှန်ကျိုးတိုက်ကြီးရှိ လက်ရှိ ပစ္စည်းများက ထိုစွမ်းအားများကို တောင့်ခံနိုင်မည် မဟုတ်ဘဲ ပေါက်ကွဲထွက်သွားပေလိမ့်မည်။
ဥပမာအားဖြင့် ပြောရလျှင် ...
ယဲ့ဖုန်းတွင် မူလနတ်ဘုရားအဆင့် ဝင်္ကပါပုံစံ တစ်ခု ရှိသည် ဆိုပါစို့။ ၎င်းကို သာမန် သံမည်းတုံး တစ်တုံးပေါ်တွင် ရေးထွင်းလိုက်မည်ဆိုပါက ... သံမည်းတုံးမှာ စွမ်းအင် အဆင့်အတန်း ကွာဟမှုကြောင့် သေချာပေါက် ပေါက်ကွဲသွားမည် ဖြစ်သည်။ အကယ်၍ သံမည်းတုံးပေါ်တွင် ဝင်္ကပါ မှော်စာလုံးများ ရေးထွင်းပြီး ဝိညာဉ်လက်နက် တစ်ခုအဖြစ် ပြောင်းလဲလိုပါက ... တစ်ခုတည်းသော နည်းလမ်းမှာ ဝင်္ကပါပုံစံ၏ အဆင့်ကို လျှော့ချပစ်ရန်သာ။
ယခု သူတို့ လုပ်ဆောင်နေသည်မှာလည်း ဝင်္ကပါပုံစံကို ရိုးရှင်းအောင် လုပ်ဆောင်ကာ အဆင့်လျှော့ချနေခြင်းပင်။ ဤနည်းဖြင့်သာ ရှန်ကျိုးတိုက်ကြီး၏ လက်ရှိ လက်နက်သွန်းလုပ်ရေး ပစ္စည်းများပေါ်တွင် ရေးထွင်းနိုင်ပါမည်။
ယဲ့ဖုန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လူတိုင်း သဘောပေါက်သွားကြ၏။
“ဒါပေမဲ့ ... ဝင်္ကပါပုံစံရဲ့ အဆင့်ကို လျှော့ချလိုက်ရင် ကောင်းကင်ဘုံကပ်ဘေးရဲ့ အဆင့်ကလည်း ကျသွားမှာ မဟုတ်လား”
“မှန်တယ်”
“ဒါဆိုရင် ... ဂိုဏ်းချုပ်ယဲ့ ပြောတဲ့ ‘မိုးကြိုးရေကန် နန်းတော်’ ကို တည်ဆောက်နိုင်ရင်တောင်မှ ... အဲဒီအထဲက ကောင်းကင်ဘုံကပ်ဘေးက ဘယ်အဆင့် ကျင့်ကြံသူတွေအတွက် လုံလောက်မှာလဲ”
အင်အားစု အသီးသီးမှ ထိပ်တန်း စွမ်းအားရှင်များမှာ ဤပြဿနာကို သတိပြုမိသွားကြသည်။
“အဲဒါကတော့ အားလုံးရဲ့ ကြိုးစားအားထုတ်မှု အပေါ်မှာပဲ မူတည်မှာပေါ့” ဟု ယဲ့ဖုန်းက တုံ့ပြန်လိုက်၏။
ထိုစကားကို ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် လက်ညှိုးကို ဆန့်ထုတ်ကာ ဟင်းလင်းပြင်အတွင်း အဆက်မပြတ် ရေးဆွဲနေတော့သည်။ ရှုပ်ထွေးပြီး အဆင့်မြင့်သော ဝင်္ကပါ မှော်စာလုံး အချို့ကို အဆင့်နိမ့်သော ရိုးရှင်းသည့် မှော်စာလုံးများဖြင့် အစားထိုး တွက်ချက်နေခြင်း ဖြစ်သည်။
“စကားများ မနေကြနဲ့တော့။ တွက်ချက်စရာ ရှိတာကို မြန်မြန် တွက်ကြပါဗျ” ဟု သူက နှိုးဆော်လိုက်၏။
ရှောင်ချန်းထျန်းသည် အေးစက်စွာ နှာခေါင်းမှုတ်လိုက်ပြီး သူ၏ တွက်ချက်မှုများကို ဆက်လုပ်နေသည်။
ထိုစကားကို ကြားသောအခါ လူတိုင်းမှာ စိတ်ကို စုစည်းကာ ရိုးရှင်းအောင် လုပ်ဆောင်ထားသော ဝင်္ကပါ မှော်စာလုံးများကို အဆက်မပြတ် တွက်ချက်နေကြပြီး၊ ၎င်းတို့ကို ကောင်းကင်ယံသို့ အလင်းတန်းများအဖြစ် ပုံဖော်နေကြတော့၏။
"ရွှစ်"
ထိပ်တန်း စွမ်းအားရှင်များ ပိုမို များပြားစွာ ဟင်းလင်းပြင်ကို ဆွဲဖြဲကာ မြူခိုးဂိုဏ်း၏ အထက်သို့ ဆင်းသက်လာကြသည်။ သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းကိုယ်စားလှယ်များထံမှ အခြေအနေများကို သိရှိပြီးနောက် သူတို့ အားလုံးသည် ယဲ့ဖုန်းကို အံ့ဩတကြီး ကြည့်လိုက်ကြ၏။ မကြာမီမှာပင် သူတို့သည်လည်း တွက်ချက်မှု လုပ်ငန်းစဉ်အတွင်း ပါဝင်လာကြတော့သည်။
"ရွှစ်"
၎င်းနောက် တပိုင်း သူတော်စင်အဆင့် စွမ်းအားရှင်များပါ ရောက်ရှိလာကြ၏။
“ငါ့ရဲ့ ပါရမီက မလုံလောက်ပေမဲ့ ... ငါ့မှာ မျှော်လင့်ချက်လေး ရှိနေပါသေးတယ်။ ဒီတစ်ခေါက်တော့ ... ငါ မြို့စားမင်းလည်း အစွမ်းကုန် ကူညီပေးပါ့မယ်”
ကျောင်းယန် မြို့စားမင်းက ကြေညာရင်း ရောက်ရှိလာသည်။ သူသည် မင်းသမီးယွီကျူးနှင့် ယဲ့ဖုန်းတို့၏ ဘေးတွင် တင်ပျဉ်ခွေ ထိုင်ကာ တွက်ချက်မှုများတွင် ဝင်ရောက် ကူညီပေးနေတော့၏။
---
ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးမှာ အကြီးအကျယ် ထိတ်လန့်နေ၏။
ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးသည် မြေပြင်ပေါ်တွင် မတ်မတ်ကြီး ရပ်နေပြီး လှုပ်ပင် မလှုပ်ရဲချေ။ အခြားသူများ မသိသော်လည်း ၎င်းသည် မိမိ၏ သရဖူအထက်ရှိ ကောင်းကင်ကျွန်းပေါ်တွင် ထိပ်တန်း စွမ်းအားရှင် ရာပေါင်းများစွာ စုဝေးနေကြောင်း အာရုံခံမိနေသည် မဟုတ်ပါလား။ သူတို့ထဲတွင် အားအနည်းဆုံးသူမှာပင် ကောင်းကင်ဧကရာဇ်အဆင့် ဖြစ်နေသည်။
အနည်းငယ် အားကောင်းသူများဆိုလျှင် တပိုင်း သူတော်စင်များပင် ဖြစ်နေကြ၏။
ပုံမှန်အချိန်များတွင် တွေ့ရခဲလှသော ဤကဲ့သို့ ထိပ်တန်း စွမ်းအားရှင်ကြီးများ အားလုံးမှာ ယဲ့ဖုန်း၏ ကြီးကျယ်ခမ်းနားလှသော အစီအစဉ်ကြီးကြောင့် ဤနေရာတွင် လာရောက် စုဝေးနေကြခြင်း ဖြစ်သည်။
'ဂိုဏ်းချုပ်ကတော့ တကယ်ကို နတ်ဘုရားပါပဲလား'
သစ်ပင်ကြီးက စိတ်ထဲမှ တွေးလိုက်မိသည်။
ယဲ့ဖုန်းသည် မဟာ အစီအစဉ် တစ်ခုကို လုပ်ဆောင်နေကြောင်း သိရှိသဖြင့် ... သစ်ပင်ကြီးသည် အလုပ်မရှိ အကိုင်မရှိ လာရောက် စပ်စုသူများကို တားဆီးရန် ကာကွယ်ရေး အလွှာတစ်ခုကို အလိုအလျောက် ဖန်တီးလိုက်တော့၏။
အချိန်များမှာ ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်။
သုံးရက် ကြာသောအခါ..
တွက်ချက်နေသော အဖွဲ့ကြီး၏ အင်အားမှာ လူတစ်ထောင်အထိ တိုးပွားလာခဲ့၏။
ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးရှိ လူများမှာ ယဲ့ဖုန်း ဦးဆောင်သော ရဲရင့်လှသည့် အစီအစဉ်ကြီး တစ်ခုကို အသည်းအသန် လုပ်ဆောင်နေကြောင်း မသိရှိကြရှာပေ။
လဝက်ခန့် ကြာသောအခါ..
ယဲ့ဖုန်းသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ အခြားသူများ၏ မျက်နှာများတွင်လည်း ပင်ပန်းနွမ်းနယ်မှုများ ပေါ်လွင်နေကြ၏။ ဤမျှ အချိန်ကြာမြင့်စွာ တွက်ချက်ရခြင်းက အလွန်အမင်း ပင်ပန်းလှသည် မဟုတ်ပါလော။
ယွီလော့ နှင့် ယင်ရူရုံ ကဲ့သို့သော လေးဆင့်ပြောင်း တပိုင်း သူတော်စင်ကြီးများပင်လျှင် ပင်ပန်းနွမ်းနယ်နေသည့် လက္ခဏာများ အထင်အရှား ပေါ်လွင်နေသည်။ သို့သော် ကောင်းကင်ယံတွင် ပေါ်ထွက်နေသော မီတာ တစ်ရာခန့် ကျယ်ဝန်းသည့် ရောင်စုံ ဝင်္ကပါပုံစံကြီးကို ကြည့်ရင်း ... လူတိုင်းက ဤမျှ ပင်ပန်းရကျိုး နပ်သည်ဟု ခံစားလိုက်ကြရ၏။
“နောက်ဆုံးတော့ ငါတို့ အောင်မြင်သွားပြီဟေ့” ဟု သူတို့က ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
“မင်း ဘယ်လောက် ပြီးသွားလဲ”
“ငါက ဝင်္ကပါပုံစံ တစ်ခုလုံးရဲ့ တစ်သောင်းပုံ တစ်ပုံလောက်ကိုပဲ ရိုးရှင်းအောင် လုပ်နိုင်ခဲ့တယ်”
“ငါကတော့ မင်းထက် နည်းနည်း ပိုပါတယ်။ သုံးသောင်းပုံ တစ်ပုံလောက် ပြီးတယ်”
“ဂိုဏ်းချုပ်ယဲ့ နဲ့ ယှဉ်ရင် ငါတို့က ဘာမှ မဟုတ်ပါဘူးကွာ။ သူ တစ်ယောက်တည်းနဲ့တင် ဝင်္ကပါပုံစံကြီး တစ်ခုလုံးရဲ့ သုံးပုံနှစ်ပုံလောက်ကို တွက်ချက်ပြီးသွားတာပဲ”
“သူ့ရဲ့ တွက်ချက်နိုင်စွမ်းက တကယ်ကို ကြောက်စရာ ကောင်းတာပဲ”
“ဒီအဘိုးကြီး ထင်တာတော့ ... ဂိုဏ်းချုပ်ယဲ့ ရဲ့ တွက်ချက်နိုင်စွမ်းက စစ်မှန်တဲ့ သူတော်စင်အဆင့်နဲ့တောင် တန်းတူလောက် ဖြစ်နေပြီ။ သာမန်လူတွေရဲ့ အတိုင်းအတာကို ကျော်လွန်နေပြီပဲ”
လူတိုင်းက ယဲ့ဖုန်းကို လေးစားအားကျသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။ ယင်ရူရုံ၏ မျက်လုံးများတွင်ပင် အံ့ဩမှုနှင့် မယုံကြည်နိုင်မှုတို့ ရောပြွမ်းနေသော ရှုပ်ထွေးလှသည့် အမူအရာများ ပေါ်လွင်နေတော့၏။
သူမသည် လေးဆင့်ပြောင်း တပိုင်း သူတော်စင် ဖြစ်သော်လည်း အကြိမ်ကြိမ် တွက်ချက်ပြီးနောက်တွင် ရိုးရှင်းအောင် လုပ်ဆောင်ထားသော ဝင်္ကပါပုံစံ၏ တစ်ရာခိုင်နှုန်းကိုသာ ပြီးစီးခဲ့သည်။ သို့သော် ယဲ့ဖုန်း တစ်ယောက်တည်းက သုံးပုံနှစ်ပုံလောက်ကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့သည် မဟုတ်ပါလား။ သူ၏ တွက်ချက်နိုင်စွမ်းမှာ ဤမျှလောက်အထိ ကြောက်စရာ ကောင်းနေခဲ့၏။
“နောက်ဆုံးတော့ ပြီးသွားပြီပဲ”
ယဲ့ဖုန်းသည် မတ်တတ်ရပ်လိုက်ပြီး သန်းတစ်ရာ့နှစ်ဆယ်ကျော်သော မှော်စာလုံးများ ပါဝင်သည့် အလွန်အမင်း ရှုပ်ထွေးလှသော ဝင်္ကပါပုံစံကြီးကို ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။
“ဂိုဏ်းချုပ်ယဲ့ ... ဒီဝင်္ကပါက ဘယ်အဆင့်လဲဟင်” ဟု ယွီလော့ တပိုင်း သူတော်စင်က အံ့ဩတကြီး မေးလိုက်၏။
“ကျွန်တော်လည်း မသိဘူးဗျ” ယဲ့ဖုန်းက ခေါင်းခါလိုက်သည်။
ရိုးရှင်းအောင် လုပ်ဆောင်ထားသော ဝင်္ကပါပုံစံကို တွက်ချက်ရသည်မှာပင် အလွန် ပင်ပန်းလွန်းလှသဖြင့် ... သူသည် ဤဝင်္ကပါပုံစံ၏ အတိအကျ အဆင့်ကို ခွဲခြမ်းစိတ်ဖြာရန် အချိန်မရခဲ့ချေ။ ထိုစကားကို ကြားသောအခါ လူတိုင်းမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး မြေကြီးပေါ် လဲကျတော့မတတ် ပင် ဖြစ်သွားကြသည်။
'မင်းကိုယ်တိုင်တောင် ဒီဝင်္ကပါရဲ့ အဆင့်ကို မသိဘူးဆိုရင် ... ဒီလူဖန်တီး ကောင်းကင်ဘုံကပ်ဘေး ဖန်တီးမယ့် အစီအစဉ်က တကယ်ရော အလုပ်ဖြစ်ပါ့မလား'
သူတို့အားလုံး ဤသို့ မတွေးဘဲ မနေနိုင်ကြတော့ချေ။
“မိတ်ဆွေတို့ ... ကျွန်တော် ဒီဝင်္ကပါရဲ့ အဆင့်ကို မသိပေမဲ့၊ ဒီရိုးရှင်းအောင် လုပ်ထားတဲ့ ဝင်္ကပါပုံစံကနေ ဖန်တီးမယ့် မိုးကြိုးရေကန် နန်းတော်က တပိုင်း သူတော်စင်တွေ ကပ်ဘေးကျော်ဖြတ်ဖို့အတွက် လုံလောက်တယ် ဆိုတာကိုတော့ ကျွန်တော် အာမခံနိုင်ပါတယ်” ယဲ့ဖုန်းက ဖြည်းညှင်းစွာ စတင် ပြောဆိုလိုက်သည်။
ထိုစကားများ အဆုံးတွင် ... တစ်နေရာလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့၏။
--