← Chapters

အခန်း ၇၁၂

Vol. 48 Ch. 712

အခန်း ၇၁၂

Vol. 48 Ch. 712

အခန်း (၇၁၂) - သွန်းလုပ်ခြင်း လက်စွဲကျမ်း၊ ကောင်းကင်ဘုံကပ်ဘေး၏ မူလအမြစ်နှင့် စတင် သွန်းလုပ်ခြင်း

"တပိုင်း သူတော်စင်အဆင့် ကပ်ဘေးကျော်ဖြတ်ဖို့ လုံလောက်တယ်ပေါ့"

အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် တချို့က ဝမ်းသာအားရဖြစ်သွားကြသလို တချို့ကလည်း စိတ်ပျက်အားငယ်သွားကြသည်။

စိတ်ပျက်အားငယ်သွားသူမှာ လေးဆင့်ပြောင်း တပိုင်း သူတော်စင်ဖြစ်သော ယင်ရူရုံပင်။ သူမသည် တပိုင်း သူတော်စင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ စစ်မှန်သော သူတော်စင်နယ်ပယ်သို့ တက်လှမ်းရန် ကြီးကျယ်ခမ်းနားလှသော သူတော်စင်တက်လှမ်းခြင်း ကပ်ဘေးကြီးကို လိုအပ်လှပေသည်။

သို့သော် မိုးကြိုးရေကန် နန်းတော်က ထိုကပ်ဘေးကြီးကို မဖန်တီးပေးနိုင်ချေ။ ထို့ကြောင့် သူမအတွက် ဤနန်းတော်ကြီးမှာ အသုံးမဝင်သော အရာတစ်ခုသာ ဖြစ်နေတော့၏။

သို့တိုင်အောင် ထိုနေရာရှိ ကျင့်ကြံသူ အများစု၏ မျက်နှာများထက်တွင်မူ ရူးသွပ်မတတ် ဝမ်းသာပျော်ရွှင်မှုများ အထင်းသား ပေါ်လွင်နေသည်။ မိမိတို့၏ ကျင့်ကြံခြင်းအဆင့်များကို ဖောက်ထွက်နိုင်မည့် မျှော်လင့်ချက်ရောင်ခြည်ကို တစ်ဖန် ပြန်လည် မြင်တွေ့လိုက်ရသောကြောင့်ပင်။

သူတို့အထဲတွင် တစ်ဆင့်ပြောင်း သို့မဟုတ် နှစ်ဆင့်ပြောင်း တပိုင်း သူတော်စင်များက အများစုဖြစ်ပြီး သုံးဆင့်ပြောင်း တပိုင်း သူတော်စင် အနည်းငယ်သာ ပါဝင်ကြရာ မိုးကြိုးရေကန် နန်းတော်၏ အကူအညီဖြင့် ကပ်ဘေးကျော်ဖြတ်ကာ အဆင့်တက်လှမ်းလှမ်းနိုင်မည်သာ ဖြစ်သည်။ သူတို့အတွက်မူ ဤအရာက ကြီးမားလှသော ကောင်းချီးမင်္ဂလာ တစ်ရပ်ပင် ဖြစ်ပေတော့သည်။

"အားလုံးပဲ အချိန်က အရမ်း အရေးကြီးနေပြီဗျ။ မိုးကြိုးရေကန် နန်းတော် တည်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို အခုပဲ စတင် စုဆောင်းကြတာပေါ့"

ယဲ့ဖုန်းက လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်၏။

"ကျွန်တော်တို့ မြန်မြန် လုပ်နိုင်လေ ရှန်ကျိုးတိုက်ကြီးပေါ်က အဆင့်ပိတ်ဆို့နေတဲ့ ကျင့်ကြံသူတွေ မြန်မြန် အဆင့်တက်လှမ်းနိုင်လေပဲ။ အဲဒါမှ နတ်ဘုရားဝင်စားသူတွေကို ကျွန်တော်တို့ စုပေါင်း ခုခံတဲ့ နေရာမှာ အသာစီး ရနိုင်မှာ"

"ကောင်းပါပြီ"

ရောက်ရှိနေသော ထိပ်တန်းစွမ်းအားရှင် အများစုမှာ တက်ကြွသော စိတ်ဓာတ်များဖြင့် ပြည့်လျှံသွားကြသည်။ မည်သို့ပင်ဆိုစေ ဤကိစ္စမှာ သူတို့၏ ကိုယ်ကျိုးစီးပွားနှင့်လည်း တိုက်ရိုက် သက်ဆိုင်နေသည် မဟုတ်ပါလော။ သူတို့နှင့် မသက်ဆိုင်သော ကိစ္စဆိုလျှင် ဝင်ပါမည် မဟုတ်သော်လည်း ယခုကိစ္စမှာ သူတို့အတွက် အသက်တမျှ အရေးကြီးနေသဖြင့် အပျင်းထူနေ၍ လုံးဝ မဖြစ်နိုင်ချေ။

လူအုပ်ကြီးထဲတွင်မူ ယင်ရူရုံ၌ မည်သည့် စိတ်အားထက်သန်မှုမျှ မရှိချေ။

'ဒေါသထွက်စရာ ကောင်းလိုက်တာ။ လဝက်ကျော်လောက် အချိန်ဖြုန်းခဲ့ရပြီးမှ ဒီလိုအရာမျိုးပဲ ရလာတယ်ဆိုတာ လုံးဝ အဓိပ္ပာယ် မရှိဘူး'

ယင်ရူရုံ၏ မျက်နှာထားမှာ ပိုမို၍ မည်းမှောင်လာတော့၏။

သို့သော် ဒုတိယအကြိမ် ပြန်လည် စဉ်းစားကြည့်သောအခါ သူမ၏ ကြိုးစားအားထုတ်မှုများက လုံးဝ အလဟဿ ဖြစ်မသွားကြောင်း သဘောပေါက်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမသည် ထျန်းမြောင် မြင့်မြတ်သောနယ်မြေ၏ အရှင်သခင်မ ဖြစ်ပြီး သူမ၏ နယ်မြေထဲတွင် ကပ်ဘေးကျော်ဖြတ်ရန် လိုအပ်နေသော ကျင့်ကြံသူပေါင်း မရေမတွက်နိုင်အောင် ရှိနေသေးသည် မဟုတ်ပါလော။

"မိတ်ဆွေတို့..ကျွန်တော်တို့မှာ အောက်ပါ ကုန်ကြမ်းပစ္စည်း မျိုးကွဲပေါင်း (၉၀၀၀၀) လိုအပ်တယ်ဗျ"

ယဲ့ဖုန်းက တာဝန်များကို စတင် ခွဲဝေချထားပေးတော့၏။

မိုးကြိုးရေကန် နန်းတော်ကို တည်ဆောက်ပြီးစီးသွားပါက ၎င်းသည် ပိုင်ရှင်မဲ့ အင်အားစုတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ကောင်းကင်တာအို၏ အကြွင်းအကျန်များကသာ စီမံခန့်ခွဲမည် ဖြစ်ရာ မည်သည့် ကျင့်ကြံသူ တစ်ဦးတစ်ယောက်ကမျှ ပိုင်ဆိုင်ခွင့် ရမည်မဟုတ်ချေ။ ထို့ကြောင့် မိုးကြိုးရေကန် နန်းတော် ပြီးစီးသွားပါက တစ်ကိုယ်ကောင်းဆန်သူ အချို့က လက်ဝါးကြီးအုပ်သွားမည်ကို ထိုနေရာရှိ လူများအနေဖြင့် စိုးရိမ်ရန် မလိုအပ်တော့ပေ။

"နှစ်တစ်ထောင် ကြေးဝါအနှစ်သာရ၊ အလင်းနှစ်ဖြာ ရေခဲသံမဏိ၊ ကောင်းကင်နှင်းခဲ မျက်လုံး..."

ယဲ့ဖုန်းက ရှည်လျားလှသော စာရင်းတစ်ခုကို ရွတ်ပြလိုက်သည်။

စာရင်းထဲရှိ ပစ္စည်းများ၏ အဆင့်အတန်းမှာ မနိမ့်ကျလှပေ။ အနည်းဆုံး မူလနတ်ဘုရားအဆင့်တွင် ရှိကြသော်လည်း ထိုနေရာရှိ လူများမှာ ကောင်းကင်ဧကရာဇ်အဆင့် အထက် စွမ်းအားရှင်များချည်းသာ ဖြစ်ကြရာ ဤပစ္စည်းများကို ရှာဖွေရန်မှာ သူတို့အတွက် မခက်ခဲလှချေ။

သုံးရက် ကုန်လွန်သွားပြီးနောက်..

"ဂိုဏ်းချုပ်ယဲ့ ပစ္စည်းတွေ အကုန် စုံသွားပြီဗျ"

လူတိုင်းသည် ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီး အထက်ရှိ ကောင်းကင်ကျွန်းပေါ်သို့ ပြန်လည် ရောက်ရှိလာကြသည်။

မြေပြင်ထက်တွင် ကုန်ကြမ်းပစ္စည်းများမှာ (၅) မီတာခန့် အမြင့်အထိ ပုံတောင်းနေ၏။ ဤ မျိုးကွဲပေါင်း (၉၀၀၀၀) သော ပစ္စည်းများထံမှ တောက်ပလှသော အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်နေပြီး ကောင်းကင်ကျွန်း တစ်ခုလုံးကို အရောင်အသွေး စုံလင်သော တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားစေတော့၏။ အဝေးမှ ကြည့်လျှင် စက်လုံးပုံသဏ္ဌာန် သက်တန့်ကြီးတစ်ခု ပွင့်လန်းနေသကဲ့သို့ပင်။

"မိတ်ဆွေတို့..ကျွန်တော်.. ပြုစုထားတဲ့ သွန်းလုပ်ခြင်း လက်စွဲကျမ်း ပဲ။ စာရင်းထဲမှာ ပါတဲ့ ပစ္စည်းတွေကို ဒီလက်စွဲကျမ်းထဲက ညွှန်ကြားချက်တွေအတိုင်း သွန်းလုပ်နိုင်တယ်ဗျ"

ဤသုံးရက်အတွင်း ယဲ့ဖုန်းသည် မိုးကြိုးရေကန် နန်းတော်၏ ရိုးရှင်းအောင် ပြုလုပ်ထားသော ဝင်္ကပါပုံစံကို အခြေခံ၍ ကုန်ကြမ်းအမျိုးမျိုးအတွက် သွန်းလုပ်ရမည့် နည်းလမ်းများကို စီစဉ်ခဲ့ပြီး ဉာဏ်အလင်းပွင့် နှလုံးသားကို အသုံးပြုကာ တွက်ချက် ပြည့်စုံစေခဲ့လေ၏။

၎င်းနောက် 'သွန်းလုပ်ခြင်း လက်စွဲကျမ်း' ပေါ်ထွက်လာခဲ့သည်။

"အချိန်မဆွဲဘဲ စတင်လိုက်ကြတာပေါ့"

နတ်ဘုရား တောင်တန်းကြီး ဆယ်ခုထဲမှ တစ်ခုဖြစ်သော နတ်ဘုရားမြေပုံ တောင်တန်းမှ ရှေးဟောင်း လက်နက်သွန်းလုပ်သူ ဆရာကြီးက စတင်ရန် ဦးဆောင်လိုက်သည်။ သူသည် မြေပြင်ပေါ်တွင် လက်နက်သွန်းလောင်းဖို တစ်ခုကို ချထားလိုက်ပြီး လေတစ်ချက် မှုတ်ထုတ်လိုက်ရာ သွန်းလောင်းဖိုအတွင်း၌ ပြင်းထန်လှသော ပုံရိပ်ယောင် မီးတောက်တစ်ခု ချက်ချင်း တောက်လောင်သွားတော့၏။

“ရှဲ... ရှဲ... ရှဲ…”

နှစ်တစ်ထောင် ဝိညာဉ်သံမဏိ တစ်တုံးကို အထဲသို့ ပစ်ထည့်လိုက်ရာ အညစ်အကြေး အများစုမှာ ပြာအဖြစ် လောင်ကျွမ်းသွားသည်။ ရှေးဟောင်း လက်နက်သွန်းလုပ်သူ ဆရာကြီးက မန္တန်များကို အဆက်မပြတ် ရွတ်ဆိုနေပြီး မမြင်ရသော တူကြီးတစ်လက်ပမာ ကျန်ရှိနေသော ပစ္စည်းများကို အဆက်မပြတ် ထုနှက်နေတော့သည်။

အခြား ကျင့်ကြံသူများကလည်း စတင် လှုပ်ရှားလာကြ၏။ ပစ္စည်းများကို သန့်စင်ရုံမျှသာ ဖြစ်ရာ အခက်အခဲ သိပ်မကြီးမားလှပေ။ ဟူဖေးဖေးကဲ့သို့သော အတွေ့အကြုံမရှိသူ အသစ်စက်စက်လေးပင်လျှင် ကောင်းစွာ လုပ်ဆောင်နိုင်သည်။ သူမက ပုံရိပ်ယောင် မီးတောက်များကို မှုတ်ထုတ်လိုက်ပြီး ဟွမ်ယွမ်တုတ်ဖြင့် ရိုက်ချလိုက်ရာ အညစ်အကြေးများ လွင့်စင်သွားပြီး အရည်ပျော်နေသော သန့်စင်သည့် ပစ္စည်းများသာ ကျန်ရစ်တော့၏။

ယဲ့ဖုန်းက လက်နက်သွန်းလောင်းဖိုကို ထုတ်ယူလိုက်သည်။

သူသည် ကုန်ကြမ်းပစ္စည်း ဒါဇင်နှင့်ချီ၍ တစ်ပြိုင်နက်တည်း ပစ်ထည့်လိုက်ရာ မကြာမီမှာပင် အားလုံး အောင်မြင်စွာ သန့်စင်သွားတော့၏။ သူသည် သွန်းလောင်းဖိုကို မလိုက်ပြီး အတွင်းမှ အရာများကို လေထဲသို့ လောင်းချလိုက်ကာ အရည်ပျော်နေသည့် အခြေအနေကို ထိန်းသိမ်းထားရန် ပုံရိပ်ယောင် မီးတောက်များဖြင့် ဆက်လက် လောင်ကျွမ်းစေလိုက်သည်။

"ဒါ... ဒါက ဘယ်လို လက်နက်သွန်းလုပ်တဲ့ နည်းစနစ်ကြီးလဲဟ"

ဘေးပတ်ဝန်းကျင်ရှိ လူများက ယဲ့ဖုန်း၏ သွန်းလုပ်ပုံ အဆင့်ဆင့်ကို မရည်ရွယ်ဘဲ သတိထားမိသွားကြပြီး အားလုံး မှင်သက်သွားကြသည်။

ကုန်ကြမ်း ဒါဇင်ပေါင်းများစွာကို တစ်ပြိုင်နက်တည်း ပစ်ထည့်မည့်သူ ဘယ်သူရှိမည်နည်း။ ထို့အပြင် သွန်းလုပ်နေစဉ်အတွင်း ‘ဒုန်း...ဒုတ်…’ ဆိုသည့် ထုနှက်သံများပါ ထွက်ပေါ်နေသေး၏။ သွန်းလောင်းဖိုထဲတွင် တူတစ်လက် ပါနေပါသလော။

လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည်။ သို့သော် အချို့ကမူ ထိုလက်နက်သွန်းလောင်းဖိုမှာ အဆင့်မြင့် ဝိညာဉ်ရတနာ တစ်ခုမျှသာ ဖြစ်ကြောင်း သတိပြုမိသွားကြပြီး သိပ်အာရုံမစိုက်ကြတော့ချေ။

အဆင့်မြင့် ဝိညာဉ်ရတနာများမှာ ဟင်းလင်းပြင်ဖြိုခွဲအဆင့်သို့ ယခုမှ စတင် ခြေချသူများအတွက်သာ သင့်တော်၏။ ဤနေရာရှိ ကြီးကျယ်ခမ်းနားလှသော လက်နက်သွန်းလုပ်သူ အားလုံးမှာ အထွတ်အထိပ်အဆင့် ဝိညာဉ်ရတနာ သွန်းလောင်းဖိုများကို ပိုင်ဆိုင်ထားကြပြီး အချို့ဆိုလျှင် ကြယ်တစ်ပွင့်အဆင့် မြင့်မြတ်သော ဝိညာဉ်ရတနာများကိုပင် ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလော။ ထိုအရာများနှင့် နှိုင်းယှဉ်လိုက်လျှင် ယဲ့ဖုန်း၏ လက်နက်သွန်းလောင်းဖိုမှာ သာမန်မျှသာ ဖြစ်နေတော့သည်။

မျိုးကွဲပေါင်း (၉၀၀၀၀) သော ပစ္စည်းများဖြစ်ရာ သွန်းလုပ်သည့် လုပ်ငန်းစဉ်မှာ မြန်ဆန်လှခြင်း မရှိပေ။

နောက်ထပ် လဝက်ခန့် ကုန်လွန်သွားပြီးနောက်။

ကျင့်ကြံသူ အားလုံးက ပစ္စည်း အမျိုး (၉၀၀၀၀) ကို အပြည့်အဝ သန့်စင်ပြီးစီးသွားကြ၏။ ကောင်းကင်ကျွန်း၏ အထက်တွင် မီးတောက်စက်လုံးပေါင်း (၉၀၀၀၀) ခန့် လွင့်မျောနေပြီး တစ်လုံးစီတိုင်း၏ အတွင်း၌ အရည်ပျော်နေဆဲဖြစ်သော ကုန်ကြမ်းပစ္စည်း တစ်မျိုးစီ ပါဝင်နေသည်။

"မိတ်ဆွေတို့ အခုလို ပင်ပင်ပန်းပန်း ကူညီပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်"

မိမိရှေ့ရှိ ပစ္စည်းများကို ကြည့်ရင်း စိတ်လှုပ်ရှားနေသော ယဲ့ဖုန်းက ဝင်ရောက် ပြောဆိုလိုက်သည်။

"အခု ဆက်ပြီး ကျွန်တော်က ကောင်းကင်တာအိုရဲ့ အကြွင်းအကျန်တွေနဲ့ ဆက်သွယ်ပြီး ဒီကုန်ကြမ်းတွေ အားလုံးကို ပေါင်းစပ်ရမယ်။ ပြီးရင် မိုးကြိုးရေကန် နန်းတော်ရဲ့ ဝင်္ကပါပုံစံကို ရေးထွင်းရမယ်"

"ဂိုဏ်းချုပ်ယဲ့ စိတ်ချလက်ချသာ လုပ်ပါ။ ဒါက ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးအတွက် အသက်တမျှ အရေးကြီးတဲ့ ကိစ္စမို့ လုံးဝ အနှောင့်အယှက် ခံလို့ မဖြစ်ဘူးလေ။ ကျုပ် အစောင့်အရှောက်အဖြစ် တာဝန်ယူပေးပါ့မယ်"

ယွီလော့ တပိုင်း သူတော်စင်က ကိုယ်တိုင် ဆန္ဒပြုလိုက်သည်။

"ဂိုဏ်းချုပ် စိတ်မပူနဲ့နော်။ ဘယ်သူမှ ရှင့်ကို လာမနှောင့်ယှက်ရဲဘူး။ နှောင့်ယှက်ရဲရင် ဒီမင်းသမီးလေးရဲ့ တုတ်နဲ့ တစ်ချက်တည်း ရိုက်သတ်ပစ်မယ်"

အစောင့်အရှောက် ဟူဖေးဖေးက ဟွမ်ယွမ်တုတ်ကို ဝှေ့ယမ်းပြရင်း ဟင်းလင်းပြင်ကို ဆွဲဖြဲပစ်လိုက်သည်။ ရောက်ရှိနေသော ကျင့်ကြံသူ အများစုမှာ ထိပ်တန်း ကောင်းကင်ဧကရာဇ်များ ဖြစ်ကြသော်လည်း ဟွမ်ယွမ်တုတ်မှ ပေါက်ကွဲထွက်လာသော ကြောက်မက်ဖွယ် စွမ်းအားများကြောင့် အားလုံး တုန်လှုပ်သွားကြရ၏။

"အားလုံးကို ကျေးဇူးတင်ပါတယ်"

ယဲ့ဖုန်းက မျက်လုံးများကို မှိတ်ကာ ကောင်းကင်တာအို၏ အကြွင်းအကျန်များနှင့် ဆက်လက် ဆက်သွယ်လိုက်သည်။

စိတ်ဝိညာဉ် လောကအတွင်း၌ ဖြစ်သည်။

သူ၏ စိတ်ဝိညာဉ်မှာ ဗလာ နယ်မှ ရုတ်တရက် ပေါ်ထွက်လာပြီး သက်တန့်ရောင် တိမ်တိုက်ဝတ်ရုံကို ဆင်မြန်းထားသော ကောင်းကင်တာအို၏ အကြွင်းအကျန်များကို မြင်တွေ့လိုက်ရ၏။ ယဲ့ဖုန်း ရောက်လာသည်ကို မြင်သည်နှင့် ကောင်းကင်ဘုံက လက်တစ်ဖက်ကို ချက်ချင်း ဆန့်ထုတ်လိုက်သည်။

“ဝှစ်…”

သက်တန့်ရောင် အလင်းတန်းတစ်ခု စီးဆင်းလာပြီး ယဲ့ဖုန်း၏ စိတ်ဝိညာဉ်အနီးတွင် ဖြည်းညှင်းစွာ လှည့်ပတ်နေတော့၏။ ထိုအလင်းတန်းထံမှ ထက်မြက်ပြီး ကြီးစိုးလွှမ်းမိုးနိုင်သော အရှိန်အဝါများ ယိုဖိတ်နေသည်။

"ဒါက ကောင်းကင်ဘုံကပ်ဘေးရဲ့ မူလအမြစ် ပဲ။ ဒါကို ယူပြီး အသုံးပြုလိုက်ပါ။ မင်း သေချာ လုပ်နိုင်ရင် မျှော်လင့်မထားတဲ့ အကျိုးကျေးဇူးတွေ ရလာလိမ့်မယ်"

"ကျေးဇူးတင်ပါတယ် စီနီယာ ကောင်းကင်တာအို"

ယဲ့ဖုန်းက အရိုအသေပေးကာ တုံ့ပြန်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူသည် စိတ်ဝိညာဉ် လောကမှနေ၍ လက်တွေ့လောကသို့ ချက်ချင်း ပြန်လည် ရောက်ရှိလာခဲ့၏။ အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ၏ လက်ဝါးပေါ်တွင် ကောင်းကင်ဘုံကပ်ဘေး၏ မူလအမြစ် လဲလျောင်းနေသည်ကို မြင်တွေ့လိုက်ရသည်။

“ဝှစ်…”

ဘေးပတ်ဝန်းကျင်ရှိ လူများ အားလုံး ခေါင်းမော့ကြည့်လိုက်ကြပြီး ကောင်းကင်ဘုံကပ်ဘေး၏ မူလအမြစ်ဆီသို့ အကြည့်များ စူးစိုက်သွားကြသည်။ ၎င်းအတွင်းမှ ကြီးစိုးလွှမ်းမိုးနိုင်သော အရှိန်အဝါများကို သူတို့ အာရုံခံမိလိုက်ကြ၏။

"ဒါ ကောင်းကင်ဘုံကပ်ဘေးရဲ့ မူလအမြစ် ပဲဟ"

"သူက ရွေးချယ်ခံရသူ အစစ်အမှန်ပါပဲကွာ။ ကောင်းကင်တာအိုရဲ့ အကြွင်းအကျန်တွေဆီကနေ ဒီလိုအရာမျိုးကို ရနိုင်တာ တကယ့်ကို အံ့မခန်းပဲ။ တခြားလူတွေဆိုရင် ဒီလို ရတနာမျိုး ရဖို့နေနေသာသာ ကောင်းကင်တာအိုရဲ့ အကြွင်းအကျန်တွေကို မြင်ရဖို့တောင် မလွယ်ဘူးလေ"

လူတိုင်းက အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။

'ဟွန့်.. ဒီကောင် ထပ်ပြီး အမှတ်ယူသွားပြန်ပြီ'

လူအုပ်ကြီးထဲတွင် ယဲ့ဖုန်း၏ လက်ထဲရှိ ကောင်းကင်ဘုံကပ်ဘေး၏ မူလအမြစ်ကို ကြည့်ရင်း ယင်ရူရုံမှာ အလိုမကျ ဖြစ်နေတော့၏။

ယဲ့ဖုန်းမှာမူ လူအုပ်ကြီးနှင့် အလကား စကားစမြည် ပြောနေရန် အချိန်မရှိချေ။ သူသည် ညာဘက် လက်ညှိုးကို လျင်မြန်စွာ ဆန့်ထုတ်လိုက်ပြီး ယခင်က တွက်ချက်ထားမှုများအတိုင်း ဟင်းလင်းပြင်အတွင်း စတင် ရေးထွင်းနေတော့သည်။

"ဝုန်း..."

၎င်းမှာ အလွန် ရိုးရှင်းလှသော စာလုံးတစ်လုံး ဖြစ်သည်။

‘ မိုးကြိုး ’ ဟူ၍။

သို့သော် ထိုစာလုံး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ငွေရောင်ဖျော့ဖျော့အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ဘုံကပ်ဘေး မူလအမြစ်ထံမှ အရှိန်အဝါ တစ်စွန်းတစ်စကို စုပ်ယူလိုက်သည်။ ကြက်သီးထဖွယ်ကောင်းသော ကပ်ဘေး အငွေ့အသက်များ ပြင်းထန်စွာ ပေါက်ကွဲထွက်လာတော့၏။

"စပြီဟေ့"

"မိတ်ဆွေတို့ ဂိုဏ်းချုပ်ယဲ့ကို သေချာ ကာကွယ်ကြ"

"စိတ်ချလိုက်စမ်းပါ။ ကျုပ် ရှိနေသရွေ့ လေးဆင့်ပြောင်း တပိုင်း သူတော်စင်အဆင့် နတ်ဘုရားသူရဲကောင်း ရောက်လာရင်တောင် သူ့ဦးခေါင်းခွံကို ဖွင့်ချပစ်မယ်"

ယွီလော့ တပိုင်း သူတော်စင်က ခက်ထန်ပြတ်သားစွာ ကြွေးကြော်လိုက်သည်။

ယဲ့ဖုန်းက ဆက်လက် ရေးထွင်းနေ၏။

တစ်မိနစ် ကုန်လွန်သွားပြီးနောက်.. ယဲ့ဖုန်း၏ လက်ချက်ဖြင့် မိုးကြိုးရေကန် နန်းတော် ဟူသော စာလုံးသုံးလုံး ပေါ်ထွက်လာခဲ့၏။ စာလုံး တစ်လုံးစီတိုင်းက ကောင်းကင်ဘုံကပ်ဘေး မူလအမြစ်ကို တစ်စိတ်တစ်ပိုင်းစီ စုပ်ယူထားပြီး အသည်းခိုက်မတတ် ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်နေတော့သည်။

--

All Chapters