← Chapters

အခန်း ၇၁၃

Vol. 48 Ch. 713

အခန်း ၇၁၃

Vol. 48 Ch. 713

အခန်း (၇၁၃) - နတ်ဘုရားမျိုးနွယ်စု၏ အစီအစဉ်နှင့် သူတော်စင်လက်နက် အဆင့်သို့ အဆုံးအစမဲ့ နီးကပ်နေသော ရတနာ

မိုးကြိုးရေကန် နန်းတော်။

ဒါက ယဲ့ဖုန်း ဖန်တီးတော့မည့် အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာကြီးပင်။ ၎င်းမှာ သူတော်စင်လက်နက်တော့ မဟုတ်ချေ။ မည်သည့် အဆင့်အတိအကျ ရှိသော ဝိညာဉ်ရတနာ ဖြစ်လာမည်ဆိုသည်ကို ယဲ့ဖုန်းကိုယ်တိုင်ပင် သေချာ မသိသေးပေ။

သို့သော် အနည်းဆုံး ကြယ်လေးပွင့်အဆင့် မြင့်မြတ်သော ဝိညာဉ်ရတနာ တစ်ခုတော့ သေချာပေါက် ဖြစ်လာမည်ဟု သူ ခံစားနေရ၏။

အားလုံး၏ အကူအညီများ မပါဝင်ခဲ့လျှင်သော်လည်းကောင်း၊ ကောင်းကင်တာအို၏ အကြွင်းအကျန်က ကောင်းကင်ဘုံကပ်ဘေး၏ မူလအမြစ်ကို လက်ဆောင်အဖြစ် မပေးခဲ့လျှင်သော်လည်းကောင်း ... ဤမျှလောက် အထွတ်အထိပ် ရတနာကြီးကို ဖန်တီးနိုင်ရန် သူ လုံးဝ ယုံကြည်မှု ရှိမည် မဟုတ်ချေ။

စာလုံးသုံးလုံးကို ရေးထွင်းပြီးနောက် ယဲ့ဖုန်းသည် ဆက်လက် ရေးထွင်းနေတော့သည်။

သူသည် ဟင်းလင်းပြင်အတွင်း မှော်စာလုံး တစ်လုံးကို ရေးဆွဲလိုက်ပြီးနောက် ... အရည်ပျော်နေသော ကုန်ကြမ်းပစ္စည်းများကို လှမ်းဆွဲကာ ထိုမှော်စာလုံးနှင့် ပေါင်းစပ်လိုက်သည်။

"ဝုန်း"

မျက်တောင်တစ်ခတ်အတွင်း လျှပ်စီးများ ဝင်းလက်သွားရာ လူတိုင်း၏ မျက်နှာများ ပြောင်းလဲသွားကြရသည်။

“မိုးကြိုးရေကန် နန်းတော် ဆိုတဲ့ နာမည်နဲ့ တကယ်ကို လိုက်ဖက်တာပဲ။ အဆင့်နိမ့် ကောင်းကင်ဘုံ ရတနာတစ်ခု ဖြစ်ပေမဲ့ မှော်စာလုံး တစ်လုံးတည်းမှာတင် ကြီးမားလှတဲ့ မိုးကြိုးစွမ်းအင်တွေ ပါဝင်နေတယ်”

နတ်ဘုရားမြေပုံ တောင်တန်းမှ ရှေးဟောင်း လက်နက်သွန်းလုပ်သူ ဆရာကြီးက တီးတိုး ရေရွတ်လိုက်သည်။

ယဲ့ဖုန်းသည် ဆက်လက် ရေးထွင်းနေ၏။ သူသည် မိမိကိုယ်တိုင်အပေါ် အချိန် ဆယ်ဆ အရှိန်မြှင့်ထားသော ဝင်္ကပါကို အသုံးပြုထားသဖြင့် ... တစ်ရက်အတွင်းမှာတင် အထူး မှော်စာလုံးပေါင်း လေးသောင်းကျော်ကို ရေးထွင်းနိုင်ခဲ့သည်။

နှစ်ရက် ကုန်လွန်သွားသောအခါ..

အထူး မှော်စာလုံးပေါင်း (၉၀၀၀၀) စလုံးကို အပြည့်အဝ ရေးထွင်းပြီးစီးသွားခဲ့ပြီး၊ စာလုံးတစ်လုံးစီတိုင်းမှာ မတူညီသော ကုန်ကြမ်းပစ္စည်း တစ်မျိုးစီနှင့် ပေါင်းစပ်သွားခဲ့၏။

“စုစည်းစေ”

အရေးကြီးဆုံး အခိုက်အတန့် ရောက်ရှိလာခဲ့၏။ ယဲ့ဖုန်းသည် သူ၏ လက်ကို ခမ်းနားစွာ ဝှေ့ယမ်းလိုက်ရာ ... ကုန်ကြမ်းအမျိုးမျိုးဖြင့် ဖန်တီးထားသော မှော်စာလုံး (၉၀၀၀၀) မှာ အချင်းချင်း ပေါင်းစပ်သွားကြပြီး အလျားနှင့် အနံ ဆယ်မီတာခန့်စီ ရှိကာ အမြင့် ငါးမီတာခန့်ရှိသော နန်းတော်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

နန်းတော်၏ မျက်နှာစာတွင် “မိုးကြိုးရေကန် နန်းတော်” ဟူသော စာတန်းမှာ မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။ နန်းတော်ကြီးမှာ ကြီးကျယ်ခမ်းနားစွာ ရပ်တည်နေပြီး ကြီးစိုးလွှမ်းမိုးနိုင်သော အရှိန်အဝါများကို ထုတ်လွှတ်နေတော့၏။

နန်းတော်အတွင်း၌မူ ... အရှည် ငါးမီတာခန့်နှင့် အနက် တစ်မီတာခန့်ရှိသော ဘူးသီးခြောက်ပုံသဏ္ဌာန် ရေကန်ငယ် တစ်ခု ရှိနေသည်။

“အောင်မြင်သွားပြီလား”

လူတိုင်း၏ မျက်လုံးများ တောက်ပသွားကြသည်။ သို့သော် ယဲ့ဖုန်းက ခေါင်းကို တတွင်တွင် ခါယမ်းရင်း ပြောလိုက်၏။

“ဒါက ပထမ ခြေလှမ်းပဲ ရှိပါသေးတယ်။ အခု ဆက်ပြီး မိုးကြိုးရေကန် နန်းတော် ဝင်္ကပါရဲ့ ကျန်ရှိနေတဲ့ မှော်စာလုံးတွေကို နန်းတော် မျက်နှာပြင်ပေါ်မှာ ရေးထွင်းပြီး အတွင်းပိုင်းအထိ စိမ့်ဝင်သွားအောင် လုပ်ရဦးမယ်။ ဒီတာဝန်အတွက်တော့ ... မိတ်ဆွေတို့ အားလုံးကို အကူအညီ တောင်းရတော့မယ်ဗျာ”

“စိတ်မပူပါနဲ့ ... ငါတို့ တာဝန်ထားလိုက်ပါ”

“မှော်စာလုံး ရေးထွင်းရုံလောက်ကတော့ ငါတို့အတွက် ပြဿနာ မရှိပါဘူး”

လူတိုင်းက သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။ ရိုးရှင်းအောင် လုပ်ဆောင်ထားသော ဝင်္ကပါပုံစံ ဖြစ်သော်လည်း မိုးကြိုးရေကန် နန်းတော်၏ ဝင်္ကပါတွင် မှော်စာလုံးပေါင်း သန်းတစ်ရာ့နှစ်ဆယ်ကျော် ပါဝင်နေဆဲ ဖြစ်၏။ ယဲ့ဖုန်း ရေးထွင်းခဲ့သော မှော်စာလုံး (၉၀၀၀၀) မှာ ဝင်္ကပါ၏ အဓိက မျက်လုံးများကဲ့သို့သော အမာခံ မှော်စာလုံးများသာ ဖြစ်သည်။

ကျန်ရှိနေသည်များမှာ သန်းတစ်ရာ့တစ်ဆယ်ကျော်ပင် ရှိနေသေးသည် မဟုတ်ပါလား။

အကယ်၍ ယဲ့ဖုန်း တစ်ယောက်တည်းသာ ရေးထွင်းရမည်ဆိုပါက ... သူသည် ပင်ပန်းလွန်း၍ သေသွားမည် သို့မဟုတ် ခွန်အားများ အကုန်အစင် ခမ်းခြောက်သွားပေလိမ့်မည်။

"ဝုန်း"

ထိပ်တန်း စွမ်းအားရှင် တစ်ထောင်နီးပါး တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသောအခါ ... ကောင်းကင်ကျွန်း အထက်ရှိ ဟင်းလင်းပြင်တွင် တောက်ပလှသော အလင်းရောင်များ တစ်ဖန် ပေါက်ကွဲထွက်လာပြန်သည်။

မိုင်ပေါင်း သောင်းနှင့်ချီ ဝေးသော ပတ်ဝန်းကျင် တစ်ဝိုက်တွင်..

ရေပေါ်ဖြူမြို့၊ မီးရှူးတိုင်မြို့၊ စန်းယွမ်မြို့ နှင့် အခြားမြို့များမှ ကျင့်ကြံသူများမှာ ခေါင်းမော့ကြည့်လိုက်ရာ ... ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီး အထက်ရှိ ကျွန်းပေါ်မှ ထွက်ပေါ်လာသော ထူးခြားဆန်းကြယ်လှသည့် အရှိန်အဝါများကို မြင်တွေ့လိုက်ရပြီး အလွန် စိတ်ဝင်စားသွားကြသည်။

“ဂိုဏ်းချုပ်ယဲ့ က နတ်ဘုရားစွမ်းရည် အသစ်တစ်ခုခုကို သုတေသန လုပ်နေတာများလား”

“ဖြစ်နိုင်တယ်”

“ဟူး ... ကောင်းကင်ဘုံကပ်ဘေးက ပိတ်ဆို့ခံထားရတယ်လို့ ကြားတယ်။ တစ်လကျော်လောက် ရှိနေပြီ ... ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ်က ကျင့်ကြံသူတွေ အများကြီး အဆင့်တက်လှမ်းလို့ မရဘဲ ပိတ်မိနေကြတယ်တဲ့”

“ငါလည်း ကြားတယ်”

“ငါတို့တော့ သွားပါပြီကွာ”

“ဒီအတိုင်းသာ ဆက်သွားရင် ... ငါတို့ ရှန်ကျိုးတိုက်ကြီးမှာ မူလနတ်ဘုရားအဆင့် အသစ်တွေ ပေါ်လာတော့မှာ မဟုတ်ဘူး။ မူလနတ်ဘုရားအဆင့် အထက်က လူတွေလည်း ကောင်းကင်ဘုံကပ်ဘေး မရှိဘဲနဲ့ ဆက်ပြီး အဆင့်တက်လှမ်းလို့ ရမှာ မဟုတ်တော့ဘူး”

“ဒါတွေ အကုန်လုံး နတ်ဘုရားမျိုးနွယ်စု ကြောင့်ပဲ”

“ဒါ သူတို့ရဲ့ ပူးပေါင်းကြံစည်မှုတွေပဲ”

ကျင့်ကြံသူများမှာ ဒေါသတကြီးဖြင့် ညည်းတွားနေကြသည်။

သူတို့ အားလုံးသည် မြူခိုးဂိုဏ်း တည်ရှိရာ အရပ်မျက်နှာဆီသို့ လှမ်းကြည့်ရင်း ... ယဲ့ဖုန်းက ဤအခြေအနေကို နောက်တစ်ကြိမ် ပြောင်းလဲပေးနိုင်ပြီး ရှန်ကျိုးတိုက်ကြီး၏ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်ရန် မျှော်လင့်နေကြတော့၏။

*

လွင့်မျော တောင်တန်း။

လနီတံခါး မျက်နှာပြင် အနောက်ရှိ ယဇ်ပလ္လင်တွင်..

တစ်လခန့် ကုန်လွန်သွားခဲ့၏။

ယဲ့ဖုန်းကြောင့် ထိတ်လန့်ထွက်ပြေးသွားခဲ့သော နတ်ဘုရားမျိုးနွယ်စု သူရဲကောင်းများမှာ ယဇ်ပလ္လင်ပေါ်သို့ ပြန်လည် ရောက်ရှိလာကြပြီး၊ နီရဲသော အလင်းတန်း မျက်နှာပြင်ကို ထိုးဖောက်၍ အပြင်ဘက်ကို ခိုးကြည့်လိုက်ကြသည်။ သို့သော် ထိုနေရာတွင် လူသူအရိပ်အယောင် တစ်ခုမျှ မရှိသည်ကို တွေ့လိုက်ရ၏။

“ထူးဆန်းလိုက်တာ ... လူတွေ ဘယ်ရောက်ကုန်တာလဲ”

“သူတို့ ကြောက်ပြီး ထွက်ပြေးသွားတာတော့ မဖြစ်နိုင်ပါဘူးနော်”

“မဖြစ်နိုင်ဘူး။ ယဲ့ဖုန်းက တော်တော် ခေါင်းမာတဲ့ကောင်ပဲ။ သူက ငါတို့ကို ကြောက်စရာ အကြောင်းမရှိဘူး။ တစ်ခုခုတော့ ကြံစည်နေတာ သေချာတယ်”

“ဒါဆို ငါတို့ ဘာလုပ်ကြမလဲ”

“ငါတို့ မျိုးနွယ်စုရဲ့ အထက်လူကြီးတွေက ထိုးဖောက်ဝင်ရောက်ရေး အစီအစဉ်ကို ဦးဆောင်နေကြတယ်။ အခုဆိုရင် ဝင်စားသူ တွေ ပိုပိုပြီး ရှန်ကျိုးတိုက်ကြီးထဲကို အောင်မြင်စွာ ခိုးဝင်နိုင်ခဲ့ပြီ။ ဂိုဏ်းကြီး အသီးသီးထဲကိုလည်း ဝင်ရောက်နိုင်နေပြီ”

“အခုဆိုရင် ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးမှာ ငါတို့ရဲ့ မျက်စိတွေ နားတွေ ပြည့်နှက်နေပြီ။ ရှန်ကျိုးတိုက်ကြီးကို သိမ်းပိုက်ဖို့ဆိုတာ အချိန်ပြဿနာပဲ ရှိတော့တယ်”

“အဲဒီအချိန်ကျရင် မြင့်မြတ်သောအရှင် လည်း ဘုရင် တစ်ပါးအဖြစ် ပြန်လည် နိုးထလာလိမ့်မယ်”

“ဒါနဲ့ ... မြင့်မြတ်သောအရှင် က ထပ်ပြီး အိပ်မောကျသွားပြန်ပြီလား”

“ဟုတ်ပုံရတယ်။ လနီနဲ့ နေမင်းကို ပေါင်းစပ်ဖို့အတွက် ... မြင့်မြတ်သောအရှင် က မိုးကြိုးရေကန် နန်းတော်ကြီးကို ထပ်ပြီး ချိပ်ပိတ်ခဲ့ရတာဆိုတော့ စွမ်းအင်တွေ အရမ်း ကုန်ခမ်းသွားလို့ ခဏ အနားယူနေတာ နေမှာပါ”

“ဘာမှ စိတ်ပူစရာ မလိုပါဘူး။ ငါတို့ရဲ့ ထိုးဖောက်ဝင်ရောက်ရေး အစီအစဉ်က တော်တော်လေး အောင်မြင်နေပြီ။ မြင့်မြတ်သောအရှင် ပြန်မနိုးလာရင်တောင် ... ငါတို့ချည်းပဲနဲ့ ရှန်ကျိုးတိုက်ကြီးကို အသာလေး သိမ်းပိုက်လို့ ရနေပါပြီ”

“ဟဲဟဲဟဲဟဲ ... ”

ထိုလူများမှာ ရူးသွပ်စွာ ရယ်လိုက်ကြသည်။

ယဲ့ဖုန်းက အဝေးမှနေ၍ ကျိန်စာဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိသဖြင့် ... သူတို့သည် ယဇ်ပလ္လင်ကို အသုံးပြုကာ နတ်ဘုရားသူရဲကောင်းများကို ဆက်လက် မဖန်တီးရဲကြတော့ချေ။ အလင်းတန်း မျက်နှာပြင် အနောက်တွင်သာ ပုန်းအောင်းနေပြီး လနီတံခါးမှတဆင့် စိမ်းပြာရောင် တားမြစ်နယ်မြေ အတွင်းပိုင်းကို ခိုးကြည့်နေကြလေသည်။

သို့သော် ...ဤနေရာမှာ လူသူကင်းမဲ့သော ကျင်းနက်ကြီး တစ်ခုသာ ဖြစ်ရာ သူတို့၏ စောင့်ကြည့်မှုမှာ အထီးကျန်ဆန်သော အလုပ်တစ်ခုသာ ဖြစ်နေတော့သည်။

---

မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် လဝက်ခန့် ကုန်လွန်သွားပြန်၏။

မြူခိုးဂိုဏ်း အတွင်း၌ ..မိုယင်သည် ဝိညာဉ်စုစည်းခြင်း မျှော်စင်အတွင်းမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ ဟေးလိုရှာ အဖွဲ့ဝင်များကို ဦးဆောင်ကာ လနီနတ်ဆိုးများကို လိုက်လံ နှိမ်နင်းသည့် တာဝန်ကို ပြီးစီးပြီးနောက် ... သူမသည် မူလနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ရန် ဤနေရာတွင် အပြင်းအထန် ကျင့်ကြံနေခဲ့လေ၏။ ၎င်းနောက် နတ်ဘုရားဝင်စားသူများကို ဆက်လက် အမဲလိုက်ရန် ပြင်ဆင်ထားသည်။

“ညီမလေး မိုယင် ... မင်းလည်း တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာပြီလား”

ဟိုယွင်ကျဲက ဘေးမှ လျှောက်လာရင်း မေးလိုက်၏။

“ကောင်းကင်ဘုံကပ်ဘေးက ပျောက်ကွယ်သွားပြီလေ” မိုယင်က ပြောလိုက်သည်။ “ငါ အဆင့်ပိတ်ဆို့နေတာကို ဖောက်ထွက်နိုင်ခဲ့ပေမဲ့ ... ဘယ်လောက် စောင့်စောင့် ကောင်းကင်ဘုံကပ်ဘေးက ရောက်မလာဘူး။ သတင်းတွေ ကြားရသလိုပဲ ... ကောင်းကင်ဘုံကပ်ဘေးက တကယ်ကို လုံးဝ ပျောက်ကွယ်သွားပြီ ထင်တယ်”

ဟိုယွင်ကျဲကလည်း သက်ပြင်းချလိုက်ရင်း ... “ဟုတ်တယ် ... ကောင်းကင်ဘုံကပ်ဘေး ပျောက်သွားပြီ။ ငါလည်း အာရုံခံလို့ မရတော့ဘူး”

သူသည်လည်း မူလနတ်ဘုရားအဆင့်၏ အဆင့်ပိတ်ဆို့မှုကို ချိုးဖြတ်နိုင်ခဲ့၏။ သို့သော် မိုးကြိုးများကို မဆင့်ခေါ်နိုင်ချေ။ အစပိုင်းတွင်မူ သူ၏ ပြဿနာဟုသာ ထင်ခဲ့သော်လည်း ... မကြာမီမှာပင်ကုန်းချင်းချိုး၊ လီဇီလုံ နှင့် အခြား အကြီးအကဲများ အားလုံးမှာလည်း ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ်တွင် ပိတ်မိနေကြောင်း သိလိုက်ရ၏။

ပြင်ပလောကမှ ကောလဟာလများနှင့် ပေါင်းစပ် စဉ်းစားကြည့်လိုက်သောအခါ ကောင်းကင်ဘုံကပ်ဘေး တကယ်ပင် ပျောက်ကွယ်သွားကြောင်း သူတို့ သဘောပေါက်လိုက်ကြပြီး အလွန်အမင်း စိုးရိမ်ပူပန်သွားကြသည်။

“ငါလည်း အဆင့်ပိတ်ဆို့နေပြီ” ကျီဇီလင်းသည်လည်း ဝိညာဉ်စုစည်းခြင်း မျှော်စင်အတွင်းမှ ထွက်လာရင်း ပြောလိုက်သည်။

သူမ တစ်ယောက်တည်း မဟုတ်ပေ။ ရှီလေ့၊ လီကျောက်ကျောက်၊ ကျားယွီလန်၊ လျန်ဝမ်ရူ၊ လျန်ဝမ်ယွီ၊ ယန်ရူယွီနှင့် အခြားသူများ အားလုံးမှာလည်း အဆင့်ပိတ်ဆို့နေကြ၏။

သူတို့ အားလုံးနီးပါးမှာ အလားအလာ ဆေးလုံးများကို အသုံးပြုကာ အထောက်အကူပြု ကျင့်စဉ်ဖြစ်သော ‘အခြေခံအုတ်မြစ် အလားအလာ လက်ရေးမူ’ ကို တတိယအဆင့် ပြီးပြည့်စုံခြင်းအထိ ကျင့်ကြံနိုင်ခဲ့ကြပြီး၊ မိမိတို့၏ ကျင့်ကြံခြင်း အမြစ် အလားအလာများကို တစ်ဆင့် သို့မဟုတ် နှစ်ဆင့်အထိ မြှင့်တင်နိုင်ခဲ့ကြသည်။

ရှီလေ့ကို ဥပမာ ပေးရလျှင် ... သူ၏ မူလ ကျင့်ကြံခြင်း အမြစ်မှာ အဆင့်နိမ့်သာ ဖြစ်သော်လည်း ထိုကျင့်စဉ်ကို တတိယအဆင့် ပြီးပြည့်စုံခြင်းအထိ ကျင့်ကြံပြီးနောက် ... သူ၏ ကျင့်ကြံခြင်း အမြစ်မှာ အဆင့်မြင့်အထိ တစ်ဟုန်ထိုး ခုန်တက်သွားခဲ့သည်။ အထွတ်အထိပ်အဆင့် မဟုတ်သော်လည်း ကျင့်ကြံခြင်း နည်းစနစ်များ၏ အကူအညီဖြင့် အထွတ်အထိပ်အဆင့်များနှင့် မခြားနားတော့ပေ။

ဤကာလအတွင်း သူတို့သည် ဝိညာဉ်စုစည်းခြင်း မျှော်စင်နှင့် ကျင့်ကြံခြင်း မျှော်စင်တို့တွင်သာ အချိန်ပြည့် ကျင့်ကြံနေခဲ့ကြရာ ... အချိန် ဆယ်ဆ အရှိန်မြှင့်ထားမှုကြောင့် တစ်နှစ်ခန့် အပြင်းအထန် ကျင့်ကြံခဲ့သည်နှင့် ညီမျှနေသည်။ ထို့ပြင် အလွန် ကြီးမားလှသော ဝိညာဉ်သွေးကြောကြီး တစ်ခု၏ အတွင်း၌ တစ်နှစ်လုံး ကျင့်ကြံခဲ့ရသည် မဟုတ်ပါလား။

ပြင်ပလောကနှင့် ယှဉ်လျှင် ... သာမန် ကြယ်သုံးပွင့် အင်အားစုများမှ ပါရမီရှင်များ ဆယ်နှစ် သို့မဟုတ် နှစ်ဒါဇင်ခန့် အပြင်းအထန် ကျင့်ကြံရသည်နှင့် ညီမျှနေပေသည်။ တပည့် အမှတ်စာရင်း ကဲ့သို့သော အကျိုးကျေးဇူးများ၏ ပံ့ပိုးမှုဖြင့် သူတို့၏ တိုးတက်မှုမှာ ကောင်းကင်သို့တိုင် ထိုးတက်နေတော့၏။

ယခုအခါ မြူခိုးဂိုဏ်းတွင် တပည့်ပေါင်း သောင်းနှင့်ချီ၍ ရှိနေ၏။

သူတို့ထဲမှ ထက်ဝက်ခန့်မှာ ဓာတ်ကြီးငါးပါး စုစည်းမှုအဆင့် အထက်တွင် ရှိနေကြ၏။ ဝိညာဉ်ပင်လယ်အဆင့် အထက်တွင် ရှိသူများမှာလည်း တစ်ထောင်ကျော်သွားခဲ့၏။ မိုယင်၊ ဟိုယွင်ကျဲ နှင့် ရှီလေ့ ကဲ့သို့သော ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် အမာခံ တပည့်များမှာလည်း အယောက် နှစ်ဆယ်ကျော် ရှိနေပြီ ဖြစ်သည်။

နှမြောစရာ ကောင်းသည်မှာ ...

ကောင်းကင်ဘုံကပ်ဘေး ပိတ်ဆို့ခံထားရသဖြင့် သူတို့သည် လက်ရှိ ကျင့်ကြံခြင်းအဆင့်များကို ဖောက်ထွက်နိုင်စွမ်း လုံးဝ မရှိတော့ဘဲ၊ တံခါးပိတ် ကျင့်ကြံနေခြင်းမှ ထွက်ခွာကာ မိမိတို့၏ တာဝန်များကို ဆက်လက် ထမ်းဆောင်ရန်သာ ရွေးချယ်နိုင်တော့၏။

သို့သော် ထိုအခိုက်အတန့်၌ ... မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်သွားသည်။

ကောင်းကင်ကျွန်းပေါ်ရှိ ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီး၏ အထက်တွင် အဆုံးအစမဲ့သော မိုးကြိုးများ ပေါက်ကွဲထွက်လာပြီး၊ စက်လုံးပုံသဏ္ဌာန် လျှပ်စီးများနှင့် သစ်ကိုင်းပုံသဏ္ဌာန် လျှပ်စီးများမှာ ပတ်ဝန်းကျင် တစ်ဝိုက်သို့ အဆက်မပြတ် ရိုက်ခတ်နေတော့၏။

"ဂျိန်း"

ကောင်းကင်ကြီးမှာ ဆွဲဖြဲခံလိုက်ရပြီး မရေမတွက်နိုင်သော ဟင်းလင်းပြင် အက်ကွဲကြောင်းများ ပေါ်ထွက်လာသည်။ ထိုမိုးကြိုးများ ပေါက်ကွဲထွက်ပြီးနောက် ... ထူးခြားသော စွမ်းအင်လှိုင်း တစ်ခု ဖြစ်ပေါ်လာပြီး၊ ကောင်းကင်မျက်လုံးကို ဖွင့်ထားသော ကျင့်ကြံသူတိုင်း မြူခိုးဂိုဏ်းမှ ထွက်ပေါ်လာသည့် နတ်ဘုရားဆန်သော ဖြစ်ရပ်ကြီးကို မြင်တွေ့နိုင်သွားကြသည်။

ကောင်းကင်ကျွန်းပေါ်တွင်..

အလျားနှင့် အနံ မီတာ တစ်ရာခန့်စီ ရှိပြီး အမြင့် မီတာ ငါးဆယ်ခန့်အထိ ကြီးကျယ်ခမ်းနားစွာ ကျယ်ပြန့်လာသော နန်းတော်ကြီးကို ကြည့်ရင်း ... ယဲ့ဖုန်းနှင့် အခြားသူများ အားလုံး၏ နှလုံးသားများမှာ ပြင်းထန်စွာ တုန်လှုပ်သွားကြရသည်။

ဒါက ... သူတော်စင်လက်နက် အဆင့်သို့ အဆုံးအစမဲ့ နီးကပ်နေသော ရတနာကြီး တစ်ခု ဖြစ်နေသည် မဟုတ်ပါလား။

--

All Chapters