← Chapters

အခန်း ၇၁၄

Vol. 48 Ch. 714

အခန်း ၇၁၄

Vol. 48 Ch. 714

အခန်း (၇၁၄) - မိုးကြိုးရေကန် နန်းတော် ထွက်ပေါ်လာခြင်း၊ ရှန်ကျိုးတိုက်ကြီး လှုပ်ခတ်မှု၏ အစ

"နောက်ဆုံးတော့ အောင်မြင်သွားပြီကွ"

"ဒါက ကြယ်လေးပွင့်အဆင့် မြင့်မြတ်သော ဝိညာဉ်ရတနာ ပဲ။ ပြီးတော့ မိုးကြိုးရေကန် နန်းတော်ထဲမှာ ကောင်းကင်ဘုံကပ်ဘေးရဲ့ မူလအမြစ်တစ်ခု ပါဝင်နေတဲ့အတွက် တာအို မှော်စာလုံးတွေရဲ့ စွမ်းအားတစ်စိတ်တစ်ပိုင်းကို သုံးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိတယ်။ သူတော်စင်အဆင့် စွမ်းအားရှင်တွေတောင်မှ ဒါကို ဖျက်ဆီးဖို့ ခက်ခဲလိမ့်မယ်"

"ဟားဟားဟား.. ငါတို့ အဆင့်ပိတ်ဆို့နေတာကို ချိုးဖြတ်နိုင်ပြီဟေ့"

ယွီလော့ တပိုင်း သူတော်စင်နှင့် အခြားသူများက မိုးကြိုးရေကန် နန်းတော်ကြီးကို ငေးကြည့်ရင်း ကောင်းကင်ကို မော့ကာ အားရပါးရ ရယ်မောလိုက်ကြသည်။ သူတို့၏ ရင်ထဲတွင် ဝမ်းသာပီတိများဖြင့် ပြည့်လျှံနေပြီး လွတ်လပ်ပေါ့ပါးသွားသကဲ့သို့ ခံစားနေရ၏။

လွင့်မျော တောင်တန်းဝယ်..

မြူခိုးများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုမှာ မိုးကြိုးရေကန် နန်းတော်သို့ ရောက်ရှိလာခဲ့သည်။ နန်းတော်အတွင်းရှိ ကောင်းကင်ဘုံကပ်ဘေး စွမ်းအားများမှာ ပြင်းထန်စွာ ဆူပွက်နေပြီး ချိပ်ပိတ်မှုကို ဖျက်ဆီးကာ လွင့်မျော တောင်တန်းမှ ထွက်ခွာသွားချင်နေသကဲ့သို့ ဖြစ်နေသည်ကို သူ သတိပြုမိလိုက်၏။

"ဟွန်း... ကောင်းကင်ဘုံကပ်ဘေးရဲ့ မူလအမြစ်လောက်နဲ့များ မြင့်မြတ်သောအရှင် ကိုယ်တိုင် ချထားတဲ့ ချိပ်ပိတ်မှုကို ဖျက်ဆီးချင်နေတာလား။ အိပ်မက်မက်နေလိုက်စမ်း... ဟင်"

ထိုသူ၏ စကားသံမှာ ရုတ်တရက် ရပ်တန့်သွားတော့သည်။

အံ့ဩစရာကောင်းသည်မှာ မိုးကြိုးရေကန်အတွင်းရှိ မိုးကြိုးစွမ်းအင် မူလအမြစ်များမှာ တဖြည်းဖြည်း လျော့နည်းလာနေပြီး မည်သည့်နေရာသို့ ထွက်ပြေးသွားမှန်း မသိရချေ။

"ဘာတွေ ဖြစ်ကုန်တာလဲ"

လျှို့ဝှက်ဆန်းကြယ်လှသော ထိုစွမ်းအားရှင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ချက်ချင်းပင် စစ်ဆေးကြည့်လိုက်သည်။ သို့သော် ချိပ်ပိတ်မှုများမှာ အကောင်းပကတိအတိုင်း ရှိနေဆဲ ဖြစ်ရာ သူ၏ စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်သွားတော့၏။

မြူခိုးဂိုဏ်း၏ အထက်ကောင်းကင်ယံတွင်..

မိုးကြိုးရေကန် နန်းတော်ကြီးမှာ ဟင်းလင်းပြင်မှနေ၍ ရုတ်တရက် ပေါ်ထွက်လာခဲ့၏။

၎င်းသည် ရှန်ကျိုးတိုက်ကြီး၏ ကောင်းကင်နှင့် မြေကြီး မူလစွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေပြီး အရည်ပုံစံ ကောင်းကင်ဘုံကပ်ဘေး မူလအမြစ်များအဖြစ် ပြောင်းလဲကာ မိုးကြိုးရေကန်အတွင်း၌ သိမ်းဆည်းထားလိုက်၏။ ထိုမူလအမြစ်များထဲမှ တစ်စိတ်တစ်ပိုင်းမှာ လွင့်မျော တောင်တန်းရှိ မိုးကြိုးရေကန်ထံမှ လာခြင်းပင်။

သို့သော် ဤအချက်ကို မည်သူကမျှ မသိရှိကြချေ။

ဝိညာဉ်ရေကန်၏ ကမ်းစပ်တွင်..

မိုယင်သည် ရုတ်တရက် ကြက်သီးထသွားရပြီး အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သူမ၏ ကိုယ်ပေါ်တွင် လျှပ်စီးတန်း အားနည်းနည်းလေးများ ရစ်ပတ်နေသည်ကို တွေ့လိုက်ရ၏။

ဒါက ကောင်းကင်ဘုံကပ်ဘေး၏ ပစ်မှတ်ထားခြင်းကို ခံရသည့် လက္ခဏာပင်။

"ကောင်းကင်ဘုံကပ်ဘေး ပေါ်လာပြီ"

မိုယင်သည် အလွန် လျင်မြန်စွာပင် ဖူယွင် တောအုပ်နက်ကြီး၏ အထက် ကောင်းကင်ယံသို့ ပျံတက်သွားလိုက်သည်။ သူမသည် လက်နှစ်ဖက်ကို ဆန့်တန်းကာ သူမ၏ ကိုယ်ပိုင် အရှိန်အဝါများကို လွတ်လပ်စွာ ထုတ်လွှတ်လိုက်တော့၏။

ကောင်းကင်ယံ အထက်တွင်..

မိုးကြိုးရေကန် နန်းတော်ကြီးက သူမ၏ တည်ရှိမှုကို အာရုံခံမိသွားပြီး တောက်ပလှသော အလင်းရောင်များကို ထုတ်လွှတ်လိုက်သည်။

နောက်တစ်စက္ကန့်တွင်..

မိုယင်၏ အထက်တွင် မိုးကြိုးရေကန် နန်းတော်၏ ပုံရိပ်ယောင် တစ်ခု ပေါ်ထွက်လာခဲ့၏။ ၎င်းအတွင်း၌ ကောင်းကင်ဘုံကပ်ဘေး မူလအမြစ် တစ်စွန်းတစ်စ ပါဝင်နေပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ရူးသွပ်စွာ စုပ်ယူကာ အဆုံးအစမဲ့သော ကပ်ဘေးတိမ်တိုက်များကို အနီးပတ်ဝန်းကျင်တွင် ဆက်တိုက် ဖန်တီးနေတော့သည်။

"ငါ ကပ်ဘေးကျော်ဖြတ်ရတော့မယ်"

မိုယင်မှာ အလွန် ဝမ်းသာသွားသည်။

သူမ ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီး အထက်ရှိ မိုးကြိုးရေကန် နန်းတော်၏ အောက်တွင် ပြင်းထန်သော ထိပ်တန်း စွမ်းအားရှင် တစ်ထောင်ကျော် ရပ်နေကြသည်ကို မြင်တွေ့လိုက်ရ၏။ သူတို့၏ အရှိန်အဝါများမှာ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိပုံရသည်။

သူတို့ကို ဦးဆောင်နေသူမှာ ယဲ့ဖုန်း ပင်။

'ဂိုဏ်းချုပ်ယဲ့ က ဒီဝိညာဉ်ရတနာကို ဖန်တီးလိုက်လို့ ငါတို့တွေ ကပ်ဘေးကျော်ဖြတ်ခွင့် ရသွားတာလား' ဟု မိုယင် ခန့်မှန်းလိုက်မိသည်။

ဝိညာဉ်ရေကန်၏ ကမ်းစပ်တွင်..

ရှီလေ့၊ ဟိုယွင်ကျဲ၊ကုန်းချင်းချိုး နှင့် အခြားသူများ အားလုံးမှာလည်း ကောင်းကင်ဘုံကပ်ဘေး၏ အရှိန်အဝါကို အာရုံခံမိလိုက်ကြပြီး ကျယ်ကျယ်ဝန်းဝန်း နေရာ တစ်ခုကို ရှာဖွေရန် လူစုခွဲလိုက်ကြသည်။ သူတို့၏ အထက်တွင်လည်း မိုးကြိုးရေကန် နန်းတော်၏ ပုံရိပ်ယောင်များ အသီးသီး ပေါ်ထွက်လာကြသည်ကို တွေ့လိုက်ရ၏။

သူတို့အတွက်လည်း ကပ်ဘေးတိမ်တိုက်များ စတင် စုစည်းနေလေပြီ။

"အောင်မြင်ပြီဟေ့"

"မြူခိုးဂိုဏ်းက တပည့်တွေ ကပ်ဘေးကျော်ဖြတ်ဖို့ စတင်နေကြပြီ။ ရှန်ကျိုးတိုက်ကြီးရဲ့ တခြားနေရာတွေက ကပ်ဘေးကျော်ဖြတ်ဖို့ လိုအပ်နေတဲ့ ကျင့်ကြံသူတွေလည်း အခုဆိုရင် မိုးကြိုးရေကန် နန်းတော်ရဲ့ တည်ရှိမှုကို သေချာပေါက် အာရုံခံမိလောက်ပြီ"

ယွီလော့ တပိုင်း သူတော်စင်နှင့် အခြားသူများ အားလုံးမှာ အလွန်အမင်း ဝမ်းသာပျော်ရွှင်နေကြသည်။

"ဂိုဏ်းချုပ် ကျွန်မရဲ့ ကောင်းကင်ဘုံကပ်ဘေးလည်း ရောက်လာတော့မယ်" ဟူဖေးဖေးက သူမ၏ ကိုယ်ခန္ဓာကို ပြန်ကြည့်လိုက်ရာ လျှပ်စီးတန်း အများအပြား ရစ်ပတ်နေသည်ကို တွေ့လိုက်ရ၏။

ဒါက မိုးကြိုးရေကန် နန်းတော်၏ လုပ်ဆောင်ချက်ပင်။ ကပ်ဘေးကျော်ဖြတ်ရန် အခြေအနေ ပြည့်မီသူတိုင်း၏ ကိုယ်ပေါ်တွင် လျှပ်စီးများ ဖွဲ့တည်လာမည်ဖြစ်ပြီး မည်သည့်အချိန်တွင်မဆို ကပ်ဘေးကျော်ဖြတ်နိုင်ပြီ ဖြစ်ကြောင်း ပြသနေခြင်း ဖြစ်၏။

"သွားလေ သွားပြီး မင်းရဲ့ အဟန့်အတားကို ချိုးဖြတ်လိုက်တော့"

ယဲ့ဖုန်းက ဟူဖေးဖေး၏ ပခုံးကို ပုတ်ကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

"ယဲ့ဖုန်း.. မင်းကျေးဇူးကြောင့် ငါလည်း အခု စိမ်းပြာရောင် တားမြစ်နယ်မြေကို ပြန်ပြီး နှစ်ဆင့်ပြောင်း တပိုင်း သူတော်စင်အဆင့်ကို တက်လှမ်းဖို့ ပြင်ရတော့မယ်။ ငါ အဆင့်တက်လှမ်းသွားပြီဆိုတာနဲ့ မင်းကို သေချာပေါက် စိန်ခေါ်ဦးမှာပဲ"

ထိုသို့ ပြောပြီးနောက် ရှောင်ချန်းထျန်းသည် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ စိမ်းပြာရောင် ရှေးဟောင်းမြို့သို့ ပြန်သွားတော့သည်။

ကောင်းကင်စင်မြင့်ထက်တွင်..

ရှောင်ချန်းထျန်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ကောင်းကင်ဧကရာဇ်အဆင့် ရွှေရောင် မူလယွမ်ကို သူ၏ ကိုယ်ပိုင် ရွှေနဂါးကြီးအတွင်းသို့ ပေါင်းစပ်ထည့်သွင်းလိုက်သည်။

"ဝုန်း..."

ပေပေါင်း ထောင်နှင့်ချီ ရှည်လျားသော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာတော့၏။ ရွှေနဂါးကြီးမှာ အလွန် ကြီးမားလာပြီး ၎င်း၏ အကြေးခွံများမှာ သွေးစွန်းနေသော ကျောက်မျက်ရတနာများအလား တောက်ပနေသည်။ ၎င်း၏ အရှိန်အဝါများမှာလည်း ပိုမို နက်ရှိုင်း ကျယ်ပြန့်လာတော့၏။

“ဂျိန်း... ဂျိန်း... ဂျိန်း…”

ကောင်းကင်ယံတွင် မိုးကြိုးရေကန် နန်းတော်၏ ပုံရိပ်ယောင် တစ်ခု ပေါ်ထွက်လာခဲ့၏။

အဆုံးအစမဲ့သော ကောင်းကင်နှင့် မြေကြီး မူလစွမ်းအင် လှိုင်းတံပိုးများက မိုးကြိုးရေကန် နန်းတော်၏ အရိပ်ကို ဝန်းရံသွားပြီး မိုင်ပေါင်း သောင်းနှင့်ချီ ကျယ်ပြန့်သော ကပ်ဘေးတိမ်တိုက်ကြီးကို ဖန်တီးလိုက်တော့သည်။ ဤမြင်ကွင်းကြောင့် စိမ်းပြာရောင် တားမြစ်နယ်မြေ တစ်ခုလုံး ထိတ်လန့်သွားကြရ၏။

"နောက်ထပ် ကောင်းကင်ဘုံကပ်ဘေး တစ်ခုလား"

"နေပါဦး ဒါ မမှန်သေးဘူးလေ။ ဘာလို့ ကောင်းကင်မှာ ရှေးဟောင်း နန်းတော်ကြီး တစ်ခု ပေါ်လာရတာလဲ။ အဲဒီအပေါ်မှာ 'မိုးကြိုးရေကန် နန်းတော်' လို့ ရေးထားသလိုပဲ"

ပိုင်ကျီနှင့် တပိုင်း သူတော်စင် အစောင့်အရှောက်တို့မှာ ကောင်းကင်ကို မော့ကြည့်ရင်း ရှောင်ချန်းထျန်းအတွက် ဝမ်းသာနေကြသော်လည်း သူတို့၏ စိတ်ထဲတွင်မူ ဇဝေဇဝါ ဖြစ်နေကြသည်။

---

လူသူကင်းမဲ့သော တောင်ကြီးတစ်လုံးပေါ်တွင်..

တာအိုကျောင်းတော် တစ်ခု၏ အရှေ့တွင် အဘိုးအို တစ်ဦး ရပ်နေသည်။ သူသည် သူ၏ ကိုယ်ပေါ်တွင် ပေါ်လာသော လျှပ်စီးတန်းများကို ငုံ့ကြည့်လိုက်ပြီးနောက် ခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်ယံ၌ ပေါ်ထွက်လာသော မိုးကြိုးရေကန် နန်းတော်၏ ပုံရိပ်ယောင်ကို တွေ့လိုက်ရသဖြင့် အလွန်အမင်း အံ့ဩသွားရတော့၏။

"နောက်ထပ် ကောင်းကင်ဘုံကပ်ဘေး လား"

သူသည် အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း မကြာမီ ဝမ်းသာပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားပြီး ကပ်ဘေးကျော်ဖြတ်ရန် ကောင်းကင်ယံသို့ ပျံတက်သွားသည်။

ဂိုဏ်းတစ်ခု၌ ဖြစ်သည်။

ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာသည် ကောင်းကင်သို့ ပျံတက်သွားကြပြီး သူတို့၏ အထက်တွင် လွင့်မျောနေသော မိုးကြိုးရေကန် နန်းတော်၏ ပုံရိပ်ယောင်ကို ကြည့်ကာ အံ့ဩဝမ်းသာ ဖြစ်နေကြသည်။

ယနေ့တွင်..

ရှန်ကျိုးတိုက်ကြီး တစ်ခုလုံး၌ အဆင့်ပိတ်ဆို့နေသော ကျင့်ကြံသူပေါင်း မရေမတွက်နိုင်အောင် ကပ်ဘေးကျော်ဖြတ်ရန် စတင်ကြ၏။ မျက်တောင်တစ်ခတ်အတွင်း အရပ်မျက်နှာ အနှံ့အပြားမှ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ကမ္ဘာကြီး တစ်ခုလုံး သာမက ပြင်ပလောကကိုပါ လှုပ်ခါသွားစေတော့သည်။

*

လနီတံခါး အနောက်ဘက်တွင်..

နတ်ဘုရားမျိုးနွယ်စု စွမ်းအားရှင် ရာပေါင်းများစွာမှာ ရှောင်ချန်းထျန်း ဆင့်ခေါ်လိုက်သော ဧရာမ ကပ်ဘေးတိမ်တိုက်ကြီးကို ကြည့်ကာ အားလုံး မှင်သက်သွားကြရသည်။

"မဖြစ်နိုင်ဘူး..ဒါ.. လုံးဝ မဖြစ်နိုင်ဘူး"

"လွင့်မျော တောင်တန်း က မိုးကြိုးရေကန် နန်းတော်ကို မြင့်မြတ်သောအရှင် က ချိပ်ပိတ်ထားပြီးပြီလေ။ ဘယ်လိုလုပ် ကောင်းကင်ဘုံကပ်ဘေး က ရှိနေသေးတာလဲ"

"ဒီသတင်းကို အခုချက်ချင်း သတင်းပို့ကြစမ်း"

ဤနတ်ဘုရားမျိုးနွယ်စု ကျင့်ကြံသူများ အားလုံးမှာ အလွန်အမင်း ထိတ်လန့်နေကြပြီး ဘာလုပ်ရမှန်း မသိတော့ဘဲ သူတို့၏ အထက်လူကြီးများထံသို့ အလျင်အမြန် သတင်းပို့ရန် ပြင်ဆင်ကြတော့သည်။

ကြယ်လေးပွင့်အဆင့် ဂိုဏ်းတစ်ခု၌ ဖြစ်သည်။

ရိုးသားဟန်ဆောင်ထားသော လူသန်ကြီး တစ်ဦးမှာ လူသူကင်းမဲ့သော နေရာတစ်ခုတွင် ပုန်းအောင်းနေပြီး သူ၏ ဂိုဏ်းသားများ ကပ်ဘေးကျော်ဖြတ်နေကြသည်ကို ကြည့်ကာ မျက်နှာမှာ ပြာနှမ်းနေတော့၏။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"မိုးကြိုးရေကန် နန်းတော်ကို မြင့်မြတ်သောအရှင် က ချိပ်ပိတ်ထားလို့ ရှန်ကျိုးတိုက်ကြီးက ကျင့်ကြံသူတွေ ဘယ်တော့မှ ကပ်ဘေးကျော်ဖြတ်လို့ မရတော့ဘူးလို့ ပြောထားတာ မဟုတ်ဘူးလား"

"ဒါဆို အခု ဘာလို့ ကောင်းကင်ဘုံကပ်ဘေး တွေ ပေါ်လာရတာလဲ"

သူသည် အကြောင်းရင်းကို ဘယ်လိုမှ တွေး၍ မရနိုင်အောင် ဖြစ်နေရသည်။

“ရွှီး…”

တောက်ပလှသော ဓားအလင်းတန်း တစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး ထိုလူသန်ကြီးကို သတ်ဖြတ်လိုက်ရာ သူ၏ နဖူးမှနေ၍ နီရဲသော ဝိညာဉ်တစ်ခု ထွက်ပေါ်လာတော့၏။ ၎င်းနောက် အနီရောင် ဘူးသီးခြောက်အတွင်းသို့ စုပ်ယူခံလိုက်ရသည်။

အစိမ်းရောင် ဝတ်ရုံ ဓားဘိုးဘေးက အေးစက်သော မျက်နှာထားဖြင့် ဘူးသီးခြောက်၏ အဖုံးကို ပိတ်လိုက်သည်။ သူသည် မြူခိုးဂိုဏ်း ရှိရာ အရပ်မျက်နှာသို့ လှမ်းကြည့်လိုက်၏။

"ဘာကြောင့် ကောင်းကင်ဘုံကပ်ဘေး တွေ ပြန်ပေါ်လာလဲဆိုတာ ငါ မသိပေမဲ့ ဒါက ဂိုဏ်းချုပ် နဲ့ တစ်ခုခု ပတ်သက်နေတယ်လို့ ခံစားရတယ်"

"ထားလိုက်ပါတော့လေ"

"ဘာပဲဖြစ်ဖြစ် ဒီကောင်တွေ နောက်ထပ် အကြံအစည်တွေ မလုပ်နိုင်အောင် နတ်ဘုရားဝင်စားသူ တွေကို ငါ မြန်မြန် လိုက်သတ်မှ ဖြစ်မယ်"

---

ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးမှာ လှုပ်လှုပ်ရွရွ ဖြစ်နေလေတော့၏။

တချို့က ဝမ်းသာနေကြသလို တချို့ကလည်း စိုးရိမ်နေကြသည်။

ဝမ်းသာနေသူများမှာ ရှန်ကျိုးတိုက်ကြီး၏ မူလသက်ရှိများပင်။ သူတို့သည် အဆင့်တက်လှမ်းရန် အဆင်သင့် ဖြစ်နေသော်လည်း ကောင်းကင်ဘုံကပ်ဘေးကို ဆင့်ခေါ်နိုင်ခြင်း မရှိခဲ့သဖြင့် အလွန် စိတ်ပျက်နေခဲ့ကြရသည် မဟုတ်ပါလော။ ယခု ကပ်ဘေးကျော်ဖြတ်နိုင်ပြီ ဖြစ်ရာ အလွန်အမင်း ဝမ်းသာပျော်ရွှင်နေကြသည်မှာ သဘာဝပင်။

စိုးရိမ်နေသော မျက်နှာထားများ ရှိနေသူများမှာ သေချာပေါက် နတ်ဘုရားဝင်စားသူ များပင်။

ယနေ့အထိဆိုလျှင် လနီခေတ်ကာလ စတင်ခဲ့သည်မှာ လပေါင်းအတော်ကြာခဲ့ပြီ ဖြစ်၏။ ရှန်ကျိုးတိုက်ကြီး၏ အရပ်မျက်နှာ အနှံ့အပြားတွင် ပင်လယ်ပြင်မှ ဝင်စားလာသော နတ်ဘုရားမျိုးနွယ်စုဝင်များ ရှိနေကြသည်။

သူတို့သည် လမ်းမများနှင့် လမ်းကြားလေးများတွင်လည်းကောင်း၊ ဂိုဏ်းအသီးသီး၊ မိသားစုများနှင့် အင်ပါယာများ အတွင်းတွင်လည်းကောင်း ရောနှောနေထိုင်ကြပြီး လှုပ်ရှားရန် အခွင့်အရေးကို စောင့်ဆိုင်းနေကြလေ၏။

ယခု ကောင်းကင်ဘုံကပ်ဘေးများ တစ်ဖန် ပြန်လည် ကျဆင်းလာသည်ကို မြင်လိုက်ရသောအခါ သူတို့မှာ စိတ်ပျက်သွားကြပြီး အတိအကျ ဘာတွေ ဖြစ်နေမှန်း နားမလည်နိုင်အောင် ဖြစ်နေရတော့သည်။

မြူခိုးဂိုဏ်းတွင်..

မိုယင်သည် ကပ်ဘေးကျော်ဖြတ်နေ၏။ သူမသည် နုနယ်လှသော လက်ကလေးဖြင့် ဓားကို ကိုင်ဆောင်ကာ အဆက်မပြတ် ခုတ်ပိုင်းနေပြီး သူမ၏ ကိုယ်ပိုင် စွမ်းအားများကို အသုံးပြုကာ ကောင်းကင်ဘုံကပ်ဘေးကို ခုခံနေသည်။ သို့သော် ကပ်ဘေး၏ စွမ်းအားမှာ ဒဏ္ဍာရီများထဲတွင် ဖော်ပြထားသည်ထက် အနည်းငယ် ပို၍ အားကောင်းနေသကဲ့သို့ ခံစားနေရပြီး သူမ အထင်မှားနေခြင်းလား ဟုပင် တွေးလိုက်မိ၏။

ဟိုယွင်ကျဲ၊ ရှီလေ့၊ကုန်းချင်းချိုး နှင့် အခြားသူများ အားလုံးမှာလည်း ကပ်ဘေးကျော်ဖြတ်နေကြသည်။

"ထူးဆန်းလိုက်တာ ..ဘာလို့ ကောင်းကင်ဘုံကပ်ဘေး ရဲ့ စွမ်းအားက ရှေးဟောင်းစာအုပ်တွေထဲမှာ ရေးထားတာထက် ပိုသန်မာနေတယ်လို့ ခံစားရတာလဲ။ ငါ့တစ်ကိုယ်လုံး နာကျင်လွန်းလို့ သေတော့မတတ်ပဲ"

လုံထျန်းရှင်းသည် သူ၏ စစ်မှန်သော နဂါးပုံစံ ဒုတိယအဆင့်သို့ ဝင်ရောက်ထားသော်လည်း ကပ်ဘေး၏ စွမ်းအားကြောင့် သူ၏ နဂါးအကြေးခွံများပင် ကျွတ်ထွက်မတတ် ဖြစ်နေရသည်။

ကောင်းကင်ကျွန်းပေါ်တွင်..

ယွီလော့ တပိုင်း သူတော်စင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ယဲ့ဖုန်း၏ ဘေးတွင် ရပ်နေရင်း ထူးခြားမှုများကို သတိပြုမိသွားသည်။

"မိုးကြိုးရေကန် နန်းတော်က လာတဲ့ ကောင်းကင်ဘုံကပ်ဘေး က ပိုပြီး ကြမ်းတမ်းတယ်။ ကျင့်ကြံသူတွေ အဆင့်တက်လှမ်းသွားပြီးရင် သူတို့ရဲ့ အခြေခံက ပိုခိုင်မာလာပြီး အလားအလာ ပိုကြီးမားလာလိမ့်မယ်"

"တကယ်ကို မှန်ပါတယ်။ ဒါက သတင်းကောင်းပဲ"

လက်နက်သွန်းလုပ်သည့် နတ်ဘုရားမြေပုံ တောင်တန်းမှ ရှေးဟောင်း သခင်ကြီးကလည်း သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။

"ဒါတွေ အကုန်လုံးက ဂိုဏ်းချုပ်ယဲ့ ရဲ့ ကျေးဇူးတွေချည်းပါပဲဗျာ" ဟု ကြံ့ကောင်းကင်ဧကရာဇ်က ဝင်ရောက် ပြောဆိုလိုက်၏။

"ဒီနေရာမှာရှိတဲ့ မိတ်ဆွေတွေ အားလုံးကိုလည်း ကျေးဇူးတင်ရမှာပါ။ အားလုံးရဲ့ အကူအညီသာ မပါရင် မိုးကြိုးရေကန် နန်းတော်က ဒီလောက် မြန်မြန် ပေါ်ထွက်လာနိုင်မှာ မဟုတ်ဘူးလေ"

ယဲ့ဖုန်းက မာနထောင်လွှားမှု အလျဉ်းမရှိဘဲ နှိမ့်ချစွာ ပြန်လည် ပြောဆိုလိုက်သည်။

ယွီလော့ တပိုင်း သူတော်စင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရင်း …ပြောလာ၏။

"အခု ငါတို့ဆီမှာ မိုးကြိုးရေကန် နန်းတော် ရှိနေပြီဆိုတော့ ရှန်ကျိုးတိုက်ကြီးမှာ လောလောဆယ် သူတော်စင်အဆင့် စွမ်းအားရှင်တွေ မပေါ်ထွက်နိုင်သေးရင်တောင် လေးဆင့်ပြောင်း တပိုင်း သူတော်စင်တွေ ပေါ်ထွက်လာဖို့တော့ လုံလောက်သွားပြီ။ ဒါဟာ ပြဿနာ ဖြေရှင်းရေးရဲ့ အစပျိုးမှုပါပဲ"

"အခု ဆက်လုပ်ရမှာကတော့ တန်ပြန်တိုက်ခိုက်မှု စတင်ဖို့နဲ့ နတ်ဘုရားဝင်စားသူ တွေကို လိုက်လံ အမဲလိုက်ဖို့ပဲ"

ထိုစကားကို ကြားသောအခါ ရောက်ရှိနေသူ အားလုံးမှာ သိသိသာသာ စိတ်လှုပ်ရှားသွားကြသည်။

ရှန်ကျိုးတိုက်ကြီး၏ အလှည့်အပြောင်း ကာလကြီး စတင်ပြီ ဖြစ်ကြောင်း သူတို့ အားလုံး ကောင်းစွာ သိရှိလိုက်ကြပြီ ဖြစ်လေ၏။

--

All Chapters