← Chapters

အခန်း ၇၁၇

Vol. 48 Ch. 717

အခန်း ၇၁၇

Vol. 48 Ch. 717

အခန်း (၇၁၇) - ကျွန်ုပ်နာမည် လျူဖုန်း၊ လမ်းစဉ်ကို ကာကွယ်ရန် လာရောက်ခြင်းနှင့် ပြင်းထန်သော အကျပ်အတည်း

"ငါ့ကို သတ်ချင်နေတဲ့ လူတစ်ယောက် ရှိနေတယ် ဟုတ်လား”

ယဲ့ဖုန်း၏ မျက်နှာထားမှာ အကြီးအကျယ် ပြောင်းလဲသွားတော့၏။

သူ့စိတ်ထဲတွင် ပထမဆုံး ပေါ်လာသူများမှာ နတ်ဘုရားမျိုးနွယ်စုဝင်များပင်။ သူနှင့် အခြားစွမ်းအားရှင်များ ပူးပေါင်းကာ မိုးကြိုးရေကန် နန်းတော်ကို ဖန်တီးခဲ့သည့် ကိစ္စမှာ လုံးဝ ဖုံးကွယ်ထား၍ မရနိုင်သော ကိစ္စရပ်တစ်ခု ဖြစ်၏။ အထူးသဖြင့် မိုးကြိုးရေကန် နန်းတော်က ကုသိုလ်မှတ်တမ်း စာရင်းကို ထုတ်ပြန်ကြေညာထားသဖြင့် ကောင်းကင်ဘုံကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်သူတိုင်း ဤကိစ္စကို သိရှိသွားကြမည်မှာ သေချာလှပေသည်။

လောကတွင် လေမလုံသော နံရံဆိုသည်မှာ မရှိချေ။

ဤကိစ္စကို နတ်ဘုရားမျိုးနွယ်စု၏ အထက်လူကြီးများ သိရှိသွားမည့် အချိန်မှာ အနှေးနှင့် အမြန်သာ ဖြစ်သော်လည်း ဤမျှ မြန်ဆန်စွာ သိရှိသွားလိမ့်မည်ဟု ယဲ့ဖုန်း ထင်မထားခဲ့ပေ။

လနီတံခါး၏ အနောက်ဘက်တွင်..

မြူခိုးများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခု ဤနေရာသို့ ရောက်ရှိလာ၏။ ထိုသူကို မြင်လိုက်ရသောအခါ ယဇ်ပလ္လင်ပေါ်ရှိ နတ်ဘုရားမျိုးနွယ်စု စွမ်းအားရှင် အားလုံး၏ မျက်နှာများမှာ ဖြူရော်သွားပြီး ချက်ချင်းပင် ဒူးထောက် ချလိုက်ကြသည်။

"ကျွန်တော်မျိုးတို့.. မြူခိုး သူတော်စင် ကို အရိုအသေ ပေးပါတယ်”

သူတို့သည် တစ်ပြိုင်နက်တည်း ကြွေးကြော်လိုက်ကြပြီး အနည်းငယ်မျှပင် မလေးမစား မလုပ်ရဲကြချေ။

သူတို့၏ ရှေ့မှောက်ရှိ "မြူခိုး သူတော်စင်" ဆိုသူမှာ နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင် ၏ ကိုးယောက်မြောက် တပည့် ဖြစ်သည်။ သူသည် သူတော်စင်အဝင်အဆင့် တွင်သာ ရှိသေးသော်လည်း စစ်မှန်သော သူတော်စင်တစ်ပါး ဖြစ်ရာ လေးဆင့်ပြောင်း တပိုင်း သူတော်စင် တစ်ဦးကို လက်တစ်ဖျစ်စာဖြင့်ပင် အမှုန့်ခြေနိုင်စွမ်း ရှိပေသည်။

"ယဇ်ပလ္လင်ကို ဖွင့်စမ်း။ အသန်မာဆုံး နတ်ဘုရားသူရဲကောင်းကို ဖန်တီးမယ်။ ဒီနေ့... ငါ သူတော်စင် ကိုယ်တိုင် မြူခိုးဂိုဏ်းက ယဲ့ဖုန်းကို သတ်ပစ်မယ်”

မြူခိုး သူတော်စင် က အေးစက်သော အသံဖြင့် အမိန့်ပေးလိုက်၏။

"ဟုတ်ကဲ့ပါ အရှင်”

နတ်ဘုရားမျိုးနွယ်စုဝင် ရာပေါင်းများစွာသည် အစွမ်းထက်သော ရောင်စုံရွှံ့စေးများကို အလျင်အမြန် ယူဆောင်လာကြပြီး မြူခိုး သူတော်စင် ၏ ပုံစံအတိုင်း ရွှံ့ရုပ်တစ်ခုကို ဖန်တီးလိုက်ကြ၏။ ၎င်းနောက် ယဇ်ပလ္လင်၏ အလယ်ဗဟိုတွင် သတိတကြီး ချထားလိုက်ကြသည်။

မြူခိုး သူတော်စင် သည် သူ၏ နဖူးဆီသို့ လက်ကို ဆန့်ထုတ်ကာ ဝိညာဉ်အစိတ်အပိုင်း တစ်ခုကို ဆွဲဆုတ်လိုက်ပြီး ရွှံ့ရုပ်အတွင်းသို့ ထည့်သွင်းလိုက်တော့၏။

ထို့နောက် သူသည် လှည့်ထွက်သွားသည်။

ဝိညာဉ်အစိတ်အပိုင်း တစ်ခုကို အသုံးပြုလိုက်ခြင်းက သူ၏ ခွန်အားများကို သိသိသာသာ ထိခိုက်စေသဖြင့် သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိရန် အမြန်ဆုံး တရားထိုင်ပြီး ကုသရန် လိုအပ်နေသည် မဟုတ်ပါလော။

"မြန်မြန် စကြစမ်း”

နတ်ဘုရားမျိုးနွယ်စုမှ တပိုင်း သူတော်စင်အဆင့် စွမ်းအားရှင် တစ်ဦးက အမိန့်ပေးလိုက်ပြီး လက်ဟန်များကို စတင် ရေးဆွဲလိုက်သည်။ သူသည် ယဇ်ပလ္လင်အတွင်းသို့ ကြီးမားလှသော မူလစွမ်းအင်များကို လောင်းထည့်လိုက်ရာ အခြားသူများကလည်း အလျင်အမြန် လိုက်လုပ်ကြတော့၏။

တစ်ချိန်တည်းမှာပင်။

ယဇ်ပလ္လင်သည် လွင့်မျော တောင်တန်း တစ်ခုလုံးမှ စွမ်းအားများကို စုပ်ယူကာ မြူခိုး သူတော်စင် ၏ ရွှံ့ရုပ်အတွင်းသို့ လောင်းထည့်လိုက်သည်။ ရွှံ့ရုပ်မှာ ကြီးထွားလာပြီး မှေးမှိန်သော မြူခိုးများ ဖုံးလွှမ်းနေသည့် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။

"အောင်မြင်ပြီဟေ့”

လူအုပ်ကြီးမှာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

"လမ်းကြောင်းကို ဖွင့်ပေး" ဟု မြူခိုး သူတော်စင် ၏ ကိုယ်ပွားက အမိန့်ပေးလိုက်၏။

"ဟုတ်ကဲ့ပါ"

နတ်ဘုရားမျိုးနွယ်စု တပိုင်း သူတော်စင်က လနီတံခါးပေါ်ရှိ နီရဲသော အလင်းတန်း မျက်နှာပြင်ကို အလျင်အမြန် ဖွင့်ပေးလိုက်ရာ မြူခိုး သူတော်စင် ၏ ကိုယ်ပွားမှာ အပြင်သို့ ထွက်ခွာသွားတော့သည်။

"မင်းတို့ ဘယ်လိုထင်လဲ။ မြူခိုး သူတော်စင် ရဲ့ ကိုယ်ပွားက ယဲ့ဖုန်းကို သတ်နိုင်ပါ့မလား"

"သတ်နိုင်မှာပါကွာ ဟုတ်တယ်မလား"

"ယဲ့ဖုန်းက ဘယ်လောက်ပဲ သန်မာသန်မာ... သူက နှစ်ဆင့်ပြောင်း တပိုင်း သူတော်စင် အဆင့်လောက်ပဲ ရှိတာလေ။ မြူခိုး သူတော်စင် ရဲ့ ကိုယ်ပွားကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"

"မှန်တာပေါ့”

"မြူခိုး သူတော်စင် ရဲ့ ကိုယ်ပွားက လေးဆင့်ပြောင်း တပိုင်း သူတော်စင်လေ။ သူတော်စင်အဆင့်နဲ့ အဆုံးအစမဲ့ နီးကပ်နေတာ။ ယဲ့ဖုန်း တစ်ယောက်ကို သတ်ဖို့ဆိုတာ အသာလေးပဲ မဟုတ်ဘူးလား"

နတ်ဘုရားမျိုးနွယ်စု စွမ်းအားရှင်များမှာ နတ်ဘုရားသူရဲကောင်း တစ်ဦးကို စေလွှတ်လိုက်ပြီးနောက် ယဲ့ဖုန်း သေပြီလား၊ မသေဘူးလား ဆိုတာကို သိရှိရန် နောက်မှ လိုက်ပါသွားကြတော့၏။

---

မြူခိုးဂိုဏ်း အတွင်း၌ ဖြစ်သည်။

ယဲ့ဖုန်းသည် အန္တရာယ်ကို အာရုံခံမိသဖြင့် ဂနာမငြိမ် ဖြစ်နေတော့၏။

'ဂိုဏ်းရဲ့ အကျပ်အတည်း အသိပေးချက်တောင် ပေါ်လာတယ်ဆိုတော့... အရမ်း အန္တရာယ်များနေပြီပဲ။ အချိန်မရွေး မြင့်မြတ်သော နတ်ဘုရား ပုံစံ အခြေအနေကို ပြောင်းလဲနိုင်အောင် အသင့်ပြင်ထားမှ ဖြစ်မယ်။ အဲဒီအခြေအနေမှာဆိုရင် ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ကန့်သတ်ချက် ရှိပေမဲ့... ကာကွယ်ရေးစွမ်းအားကတော့ အကန့်အသတ် မရှိဘူး။ နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင် တောင်မှ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်မှာ မဟုတ်ဘူး'

ယဲ့ဖုန်းသည် မြင့်မြတ်သော နတ်ဘုရား ပုံစံ ပုံစံကို သူ၏ လက်ထဲတွင် အသင့် ဆုပ်ကိုင်ထားလိုက်သည်။

လေတစ်ချက် ဝှေ့ယမ်းသံ သို့မဟုတ် မြက်ပင်လှုပ်သံလေး ကြားသည်နှင့် ချက်ချင်းပင် ထိုရုပ်ခန္ဓာ အခြေအနေသို့ ပြောင်းလဲကာ သူ၏ ကာကွယ်ရေးကို အကန့်အသတ်မဲ့ ဖြစ်သွားစေရန် အသင့်ပြင်ထားလေ၏။

အနီးအနား ကောင်းကင်ယံတွင်..

မိုယင်၊ ဟိုယွင်ကျဲ၊ ရှီလေ့၊့ကုန်းချင်းချိုး နှင့် အခြားသူများ အားလုံးမှာ ကပ်ဘေးကျော်ဖြတ်ပြီးစီးသွားကြပြီး မူလနတ်ဘုရားအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားကြ၏။

သူတို့သည် ဝိညာဉ်ရေကန် ကမ်းစပ်တွင် ရပ်ကာ ကောင်းကင်ကျွန်းကို မော့ကြည့်နေကြ၏။

ယဲ့ဖုန်းအပေါ် သူတို့၏ ကြည်ညိုလေးစားမှုများမှာ အဆုံးအစမဲ့ ကြီးမားနေသည်။ ကပ်ဘေးကျော်ဖြတ်ပြီးနောက် တပည့်များသည် မိုးကြိုးရေကန်အတွင်း၌ စိမ်၍ ကုသခဲ့ကြပြီး ကုသိုလ်မှတ်တမ်း စာရင်းပေါ်ရှိ မှတ်တမ်းများကို ဖတ်ရှုခဲ့ကြရာ... ရှန်ကျိုးတိုက်ကြီး၏ ကောင်းကင်ဘုံကပ်ဘေးများ ပြန်လည် ထွက်ပေါ်လာခြင်းမှာ ယဲ့ဖုန်း၏ ကြိုးစားအားထုတ်မှုများကြောင့် ဖြစ်ကြောင်း ကောင်းစွာ သိရှိသွားကြသည် မဟုတ်ပါလော။

"ဂိုဏ်းချုပ်ဦးလေး က ငါတို့ရဲ့ လမ်းစဉ်ကို ကာကွယ်ပေးပြီး ရှေ့ဆက်ရမယ့် လမ်းကို ဖောက်ပေးခဲ့တာပဲ။ ဒီအခွင့်အရေးကို အလဟဿ မဖြစ်စေရဘူး။ ငါတို့ ပိုပြီး ကြိုးစားရမယ်"

"ငါ နတ်ဘုရားဝင်စားသူ ဆယ်ယောက်ကို သတ်မယ်”

"ဒါဆို ငါက တစ်ရာ သတ်မယ်ကွာ”

"သတ်မယ်။ သတ်ကြ။ သတ်ကြမယ်”

တပည့်များမှာ မိုးကြိုးရေကန်ကို အသုံးပြုကာ သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို ခိုင်မာစေပြီးဖြစ်ရာ... တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်လာသည်နှင့် တိုက်ပွဲဝင်လိုစိတ်များ ပြည့်လျှံနေကြတော့၏။ သူတို့သည် အချိန် ဆယ်ဆ အရှိန်မြှင့်ထားသော ဝိညာဉ်စုစည်းခြင်း မျှော်စင်အတွင်းသို့ အလျင်အမြန် ဝင်ရောက်ကာ နတ်ဘုရားစွမ်းရည်များကို ဆက်လက် ကျင့်ကြံနေကြသည်။

"ဂိုဏ်းချုပ်... ကျွန်မ ပြန်ရောက်ပါပြီ”

မိုးကြိုးရေကန် နန်းတော်။

ပန်းရောင် ပုံရိပ်လေးတစ်ခုမှာ ယဲ့ဖုန်း၏ ရင်ခွင်ထဲသို့ ရုတ်တရက် တိုးဝင်လာရာ ယဲ့ဖုန်းမှာ လန့်သွားပြီး မြင့်မြတ်သော နတ်ဘုရား ပုံစံ အခြေအနေသို့ အသက်သွင်းမိမလို ဖြစ်သွားတော့၏။

"မင်းသမီးလေး... မင်းကိုး”

လူမှန်း သိသွားသောအခါမှ ယဲ့ဖုန်းမှာ သက်ပြင်းချနိုင်တော့သည်။

"ကျွန်မ မဟုတ်ရင် ဘယ်သူ ဖြစ်ရမှာလဲ"

ဟူဖေးဖေးသည် ခါးထောက်ကာ မတ်မတ်ရပ်လိုက်သည်။ သူမ၏ အနောက်ရှိ အမြီးကိုးချောင်းမှာ ညင်သာစွာ ယိမ်းနွဲ့နေပြီး ယခုအခါ ကြယ်နှစ်ပွင့်အဆင့် မြင့်မြတ်သော ဝိညာဉ်ရတနာ တစ်ခု ဖြစ်လာခဲ့၏။

(ဟူဖေးဖေး၏ အဆင့်တက်လှမ်းရန် စွမ်းအင် - ၃၀ %)

"ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မြန်မြန် တက်လာရတာလဲ"

အချက်အလက်ပြားကို ဖွင့်ကြည့်လိုက်ရာ ဤဂဏန်းကို မြင်တွေ့လိုက်ရသဖြင့် ယဲ့ဖုန်း အံ့ဩသွားရ၏။ သူ ခေတ္တမျှ စဉ်းစားကြည့်ပြီးနောက် အကြောင်းရင်းကို သဘောပေါက်သွားသည်။

ဟူဖေးဖေးသည် နတ်ဘုရားမျိုးနွယ်စု၏ နှစ်ဆင့်ပြောင်း တပိုင်း သူတော်စင်အဆင့် သူရဲကောင်းကို ဝါးမြိုခဲ့သည် မဟုတ်ပါလော။ ထိုအချိန်က စွမ်းအင်များ ပြည့်လျှံနေခဲ့သဖြင့် မူလစွမ်းအင်အဖြစ် ၁၀ ရာခိုင်နှုန်း ရရှိခဲ့လေ၏။

ကောင်းကင်ဘုံကပ်ဘေးကို စုပ်ယူလိုက်သဖြင့် နောက်ထပ် ၁၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။

နောက်ဆုံးတွင် မိုးကြိုးရေကန်အတွင်း၌ စိမ်ဝင်ကုသခဲ့သဖြင့် ၅ ရာခိုင်နှုန်း ထပ်မံ ရရှိခဲ့ရာ... စုစုပေါင်း ၃၀ ရာခိုင်နှုန်း ဖြစ်သွားခြင်းပင်။

"ကောင်းတယ်။ နောက်တစ်ဆင့် တက်ဖို့ ၇၀ ရာခိုင်နှုန်းပဲ လိုတော့တယ်"

ယဲ့ဖုန်း ကျေနပ်သွားသည်။

ဟူဖေးဖေးကို လနီတံခါးအား ဆက်လက် တိုက်ခိုက်စေပြီး ဤအားနည်းချက် (Bug) ကို အသုံးပြုကာ ကြယ်လေးပွင့်အဆင့် မြင့်မြတ်သော ဝိညာဉ်ရတနာ ဖြစ်လာသည်အထိ စွမ်းအင်များကို အဆက်မပြတ် ရှာဖွေစေလို၏။ ထိုအခါမှသာ အစောပိုင်းအဆင့် အစောင့်အရှောက် နတ်ဘုရား တစ်ပါး စစ်စစ် ဖြစ်လာမည် မဟုတ်ပါလော။

"ရွှစ်"

ထိုအခိုက်အတန့်၌ ဟင်းလင်းပြင်ကြီး ပြဲဟသွားသည်။

ပုံရိပ်သုံးခု မိုးကြိုးရေကန် နန်းတော်အတွင်းသို့ ဝင်ရောက်လာ၏။

ယဲ့ဖုန်း လန့်သွားပြီး အန္တရာယ် ကျရောက်လာပြီဟု ထင်မှတ်လိုက်သော်လည်း သေချာ ကြည့်လိုက်သောအခါ နှစ်ဦးမှာ မင်းသမီးယွီကျူးနှင့် ကျောင်းယန် ရှေးဟောင်းသူတော်စင် တို့၏ ကိုယ်ပွားများ ဖြစ်နေကြောင်း သိလိုက်ရသည်။

တတိယ လူမှာမူ အဘိုးအို တစ်ဦး ဖြစ်၏။

"ဂိုဏ်းချုပ်ယဲ့... ဒါက ကျောင်းယန် မြင့်မြတ်သောနယ်မြေရဲ့ အဓိက အကြီးအကဲ လျူဖုန်း ပါ။ သူက လေးဆင့်ပြောင်း တပိုင်း သူတော်စင် တစ်ယောက်ပါ" ကျောင်းယန် ရှေးဟောင်းသူတော်စင်၏ ကိုယ်ပွားက သူ၏ ဘေးရှိ အဘိုးအိုကို မိတ်ဆက်ပေးလိုက်သည်။

ထိုသူမှာ အရပ် နှစ်မီတာကျော် မြင့်မားပြီး မီးခိုးရောင် ဆံပင်များနှင့် မုတ်ဆိတ်မွေးများမှာ ဖရိုဖရဲ ကျဆင်းနေ၏။ ပခုံးကျယ်ပြန့်ကာ လက်မောင်းများ ရှည်လျားပြီး လက်ဆစ်များ အထင်းသား ပေါ်လွင်နေသည်။ သူ၏ ကျောပြင်တွင် သံဓားတစ်လက်ကို လွယ်ထားပြီး သူ၏ အရှိန်အဝါများမှာ သာမန်မျှသာ ဖြစ်ပုံရ၏။

သာမန်လူများ၏ အမြင်တွင်မူ သူသည် အရပ်ရှည်ရှည် အဘိုးအို တစ်ဦးသာ ဖြစ်ပြီး အစွမ်းထက် စွမ်းအားရှင် တစ်ဦးနှင့် မတူချေ။

သို့သော် ယဲ့ဖုန်း၏ မျက်နှာမှာမူ လေးနက်နေသည်။

အဘယ်ကြောင့်ဆိုသော် အဓိက အကြီးအကဲ လျူဖုန်းမှာ လေးဆင့်ပြောင်း တပိုင်း သူတော်စင် တစ်ဦး ဖြစ်နေသောကြောင့်ပင်။

"ဪ... လေးစားရတဲ့ အဓိက အကြီးအကဲ လျူဖုန်း ကိုး။ ကျွန်တော် သတိမထားမိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ" ယဲ့ဖုန်းက လျူဖုန်းကို ဦးညွှတ် နှုတ်ဆက်လိုက်သည်။

အဓိက အကြီးအကဲ လျူဖုန်းက ဘာမှ မပြောဘဲ ယဲ့ဖုန်းကို ခေါင်းသာ ညိတ်ပြလိုက်၏။ သူ၏ ရှည်လျားသော မီးခိုးရောင် ဆံပင်များမှာ ဖရိုဖရဲ ကျဆင်းနေပြီး သပ်ရပ်မှု မရှိလှပေ။

ကျောင်းယန် ရှေးဟောင်းသူတော်စင်၏ ကိုယ်ပွားက ပြောလိုက်သည်။

"ဂိုဏ်းချုပ်ယဲ့... မိုးကြိုးရေကန် နန်းတော် ကိစ္စကို ငါ ကြားပြီးပြီ။ မင်း တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ မင်းက ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးရဲ့ သူရဲကောင်းပါပဲ"

"ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ မင်း သတိထားဖို့လည်း လိုတယ်"

"နတ်ဘုရားမျိုးနွယ်စုက မင်းရဲ့ လုပ်ရပ်တွေကို သေချာပေါက် သိသွားလောက်ပြီ။ မင်းကို လုပ်ကြံဖို့ ထိပ်တန်း တိုက်ခိုက်ရေးသမားတွေကိုတောင် လွှတ်လိုက်လောက်ပြီ။ အဓိက အကြီးအကဲ လျူဖုန်းက ပုံမှန်ဆိုရင် ငါတို့ ကျောင်းယန် မြင့်မြတ်သောနယ်မြေမှာပဲ တာဝန်ထမ်းဆောင်တာပါ။ ဒါပေမဲ့ မင်းရဲ့ လုပ်ရပ်တွေကို ကြားပြီးတော့ မင်းရဲ့ အစောင့်အရှောက်အဖြစ် လာလုပ်ပေးဖို့ ကိုယ်တိုင် ဆန္ဒပြုခဲ့တာပဲ"

"ငါတို့ ရှေးဟောင်းသူတော်စင် အများစုက ကိုယ်ပွားတွေ ချန်ထားခဲ့ကြပေမဲ့... အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်အားဖြင့် လှုပ်ရှားလို့ မရကြဘူးလေ"

"အခုကစပြီး မင်းရဲ့ ဘေးကင်းရေးကို အဓိက အကြီးအကဲ လျူဖုန်းက တာဝန်ယူပေးလိမ့်မယ်"

"အသက်ရှင်အောင် နေပါ။ မင်းရဲ့ အနာဂတ်က ကောင်းကင်ဘုံအထိ မြင့်မားမယ်လို့ ငါ ယုံကြည်တယ်”

ယဲ့ဖုန်း၏ ပခုံးကို ပုတ်ကာ "ဂရုစိုက်ပါ" ဟု ဆိုလိုသည့်အလား စိုးရိမ်တကြီး ကြည့်လိုက်ပြီးနောက်... ကျောင်းယန် ရှေးဟောင်းသူတော်စင်၏ ကိုယ်ပွားသည် လက်ဝှေ့ယမ်းကာ မင်းသမီးယွီကျူးနှင့်အတူ ဟင်းလင်းပြင်ကို ဆွဲဖြဲ၍ ထွက်ခွာသွားတော့သည်။

မိုးကြိုးရေကန် နန်းတော်အတွင်း လူသုံးဦးသာ ကျန်ရစ်ခဲ့၏။

ယဲ့ဖုန်း၊ လျူဖုန်း နှင့် ဟူဖေးဖေး တို့ ဖြစ်ကြ၏။

လျူဖုန်းသည် ယဲ့ဖုန်းကို ဘာစကားမှ မပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။ သူ၏ စကားများကို တန်ဖိုးထားနေသကဲ့သို့ပင်။ သူသည် မိုးကြိုးရေကန် နန်းတော်၏ အဝင်ဝသို့ လျှောက်သွားကာ ဟင်းလင်းပြင်အတွင်း တင်ပျဉ်ခွေ ထိုင်လိုက်ပြီး လက်များကို ဒူးပေါ်တွင် တင်ကာ တရားထိုင်နေတော့၏။

"ဂိုဏ်းချုပ်... ဒီလူကြီးက တော်တော် ထူးဆန်းတာပဲနော်။ စကားတစ်ခွန်းမှတောင် မပြောဘူး"

ဟူဖေးဖေးက လျူဖုန်း၏ ကျောပြင်ကို ဟွမ်ယွမ်တုတ်ဖြင့် ညွှန်ပြကာ ယဲ့ဖုန်းကို တိုးတိုးလေး ပြောလိုက်သည်။

"အသံတိုးတိုး ပြောနေလည်း ဘာထူးမှာလဲ။ သူက လေးဆင့်ပြောင်း တပိုင်း သူတော်စင်လေ။ မင်းပြောတာကို သူ ကြားနေရတာပေါ့" ယဲ့ဖုန်းက သူမကို မျက်စောင်းထိုးရင်း ပြောလိုက်၏။

"ဟင်?" ဟူဖေးဖေးသည် သူမ၏ ပါးစပ်ကို အမြန် ပိတ်ထားလိုက်သည်။

ဟင်းလင်းပြင်အတွင်း၌ ဖြစ်သည်။

လျူဖုန်းသည် မျက်လုံးများကို မှိတ်ကာ တရားဆက်ထိုင်နေပြီး သူ၏ မျက်နှာထားမှာ အပြောင်းအလဲ မရှိပေ။ သူ၏ ရှည်လျားသော မီးခိုးရောင် ဆံပင်များနှင့် မုတ်ဆိတ်မွေးများမှာ အထက်ကောင်းကင်ယံမှ လေပြင်းများကြောင့် လွင့်လူးနေတော့၏။

‘သူက တကယ်ကို ထူးဆန်းတဲ့ လူတစ်ယောက်ပဲ’

ယဲ့ဖုန်းက လျူဖုန်း၏ ကျောပြင်ကို ကြည့်ရင်း စဉ်းစားနေမိသည်။

"စနစ်... လျူဖုန်းကို ငါတို့ ယုံလို့ ရပါ့မလား"

'လျူဖုန်းဆီကနေ ဂိုဏ်းချုပ်အပေါ် ရန်လိုတဲ့ ရည်ရွယ်ချက် မတွေ့ရပါဘူး... တီ။ သတိထားပါ။ အန္တရာယ် ကျရောက်လာပါပြီ'

စနစ်၏ အသိပေးသံမှာ အရှိန်မြန်လာပြီးနောက် ရုတ်တရက် ပြတ်တောက်သွားတော့သည်။

ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း၏ နှလုံးသားမှာ လေးလံသွားရ၏။

ဟင်းလင်းပြင်အတွင်း၌ ဖြစ်သည်။

လုံးဝ လှုပ်ရှားမှု မရှိသော လျူဖုန်းသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်၏။ ရှေးဟောင်း ရေတွင်းတစ်တွင်းပမာ တည်ငြိမ်နေသော ထိုမျက်လုံးများဖြင့် သူသည် ညာဘက်လက်ကို ဖြည်းညှင်းစွာ မြှောက်ကာ လက်ညှိုးနှင့် လက်ခလယ်ကို ပူး၍ ဓားတစ်လက်ပမာ ညွှန်ပြလိုက်သည်။

“ချလွင်”

သူ၏ ကျောပြင်ရှိ သံဓားမှာ စိတ်လှုပ်ရှားနေသကဲ့သို့ အနည်းငယ် တုန်ခါသွားတော့၏။

"ရွှစ်"ဟင်းလင်းပြင်ကြီး ရုတ်တရက် ကွဲကြေသွားသည်။

မြူခိုးများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး မြူခိုးများကြားမှ အေးစက်သော မျက်လုံးများက ယဲ့ဖုန်းကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ ထိုအကြည့်များတွင် သတ်ဖြတ်လိုစိတ်များ အပြည့်အဝ ပါဝင်နေတော့၏။

"ယဲ့ဖုန်း... ငါ မင်းကို သတ်မယ်”

ထိုအသံကြီး ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များ ဆွဲဖြဲခံလိုက်ရပြီး၊ မုန်တိုင်းများ ထန်လာကာ အရိုးထဲထိ စိမ့်ဝင်သွားမတတ် အေးစက်လှသော အငွေ့အသက်များ လွှမ်းခြုံသွားတော့သည်။

ယဲ့ဖုန်း၏ မျက်နှာမှာ အကြီးအကျယ် သုန်မှုန်သွားပြီး ပြင်းထန်သော ရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်သွားတော့၏။

--

All Chapters