အခန်း ၇၁၉
Vol. 48 Ch. 719
အခန်း (၇၁၉) - မြင့်မြတ်သော နတ်ဘုရား ပုံစံကို အသက်သွင်းခြင်း၊ အကြောက်မက်ဖွယ် အကောင်းဆုံး ကာကွယ်ရေး
"ရွှစ်"
သို့သော်လည်း မြူခိုး သူတော်စင် ၏ ကိုယ်ပွားက မိမိကိုယ်ကို လောင်ကျွမ်းစေပြီးနောက် သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်အမင်း မြင့်တက်သွားခဲ့ရာ... လျူဖုန်း၏ ဓားကွန်ရက်ကို အသာအယာပင် ဆွဲဖြဲပစ်လိုက်သည်။
ဤမြင်ကွင်းကို ကြည့်ရင်း လျူဖုန်း၏ မျက်ခွံများပင် တုန်လှုပ်သွားရ၏။
အနောက်ဘက်တွင် ရှိနေသော ယဲ့ဖုန်းနှင့် ဟူဖေးဖေးတို့၏ မျက်နှာများမှာ ပို၍ပင် အကြီးအကျယ် အုံ့မှိုင်းသွားတော့သည်။
"သေလိုက်စမ်း”
မြူခိုး သူတော်စင် ၏ ကိုယ်ပွားက လက်ကို ဆန့်ထုတ်ကာ သူ၏ စွမ်းအားများကို အလင်းစက်လေး တစ်ခုအတွင်းသို့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖိသိပ်လိုက်သည်။ "အွတ်" ခနဲ မြည်သံနှင့်အတူ ထိုအလင်းစက်လေးမှာ လျူဖုန်း၏ ဘယ်ဘက်ရင်အုံကို ဖောက်ထွက်သွားပြီး နှလုံးကိုပင် ထိလုနီးပါး ဖြစ်သွားတော့၏။
"လျူဖုန်း ကျဆုံးတော့မယ်”
ယဲ့ဖုန်း၏ မျက်နှာထားမှာ လုံးဝ ပြောင်းလဲသွားသည်။ သူသည် ဝင်ရောက် တိုက်ခိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေ၏။
သို့သော် သူ၏ တိုက်ခိုက်ရေးစွမ်းအားက မလုံလောက်ဘဲ ကာကွယ်ရေး သက်သက်သာ ရှိနေသည် မဟုတ်ပါလော။ လျူဖုန်း၏ တိုက်ခိုက်ရေးစွမ်းအားကပင် မယှဉ်နိုင်သည့် အခြေအနေတွင် သူက ဘာများ လုပ်နိုင်မည်နည်း။
'မရဘူး’
'ငါ ဒီအတိုင်း ရပ်ကြည့်မနေနိုင်ဘူး’
‘ငါက မယှဉ်နိုင်ဘူး ဆိုရင်တောင်မှ... ငါ့ရဲ့ အစောင့်အရှောက် ငါ့မျက်စိရှေ့မှာတင် အသနားခံစရာ ကောင်းအောင် သေသွားတာကို ထိုင်ကြည့်မနေနိုင်ဘူး’
"ဒါ ငါ့ရဲ့ စရိုက် မဟုတ်ဘူး”
ယဲ့ဖုန်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။
‘မူလချီ အရင်းအမြစ်... အသက်သွင်းစမ်း’
သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများမှာ တစ်ဟုန်ထိုး မြင့်တက်လာပြီး သုံးဆင့်ပြောင်း တပိုင်း သူတော်စင် အဆင့်သို့ အဆုံးအစမဲ့ နီးကပ်သွားတော့၏။
"အား...”
သူ၏ ဘေးရှိ ဟူဖေးဖေးမှာလည်း ဒေါသထွက်လာသည်။ သူမသည် ဟွမ်ယွမ်တုတ်ကို မြင့်မားစွာ မြှောက်လိုက်ရာ သူမ၏ အရှိန်အဝါများမှာလည်း အဆင့်ဆင့် မြင့်တက်လာပြီး ဒုတိယ တိုက်ခိုက်ရေးပုံစံ သို့ ဝင်ရောက်သွားကာ ယဲ့ဖုန်းနှင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်တော့၏။
"နေမင်း နတ်ဘုရားလက်သီး”
"စွမ်းအားဖြင့် အရာရာကို ချေမှုန်းခြင်း”
သူတို့ နှစ်ဦးစလုံးသည် အထွတ်အထိပ် တိုက်ခိုက်မှုများကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြသည်။
သုံးဆင့်ပြောင်း တပိုင်း သူတော်စင် အဆင့်ရှိသော ယဲ့ဖုန်းက မိမိကိုယ်တိုင် ဖန်တီးထားသည့် "နေမင်း နတ်ဘုရားလက်သီး" ကို ထုတ်ဖော်လိုက်သောအခါ... သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ လေးဆင့်ပြောင်း တပိုင်း သူတော်စင် အဆင့်သို့ နီးကပ်သွားခဲ့၏။
ယခုအခါ ကြယ်နှစ်ပွင့်အဆင့် မြင့်မြတ်သော ဝိညာဉ်ရတနာ ဖြစ်နေသော ဟူဖေးဖေးသည် ဒုတိယ တိုက်ခိုက်ရေးပုံစံ သို့ ဝင်ရောက်ကာ "စွမ်းအားဖြင့် အရာရာကို ချေမှုန်းခြင်း" ဟူသော အစွမ်းထက် နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်သောအခါ... သူမ၏ တိုက်ခိုက်ရေးစွမ်းအားမှာလည်း သုံးဆင့်ပြောင်း တပိုင်း သူတော်စင် အဆင့်သို့ မြင့်တက်သွားခဲ့၏။
သူတို့ နှစ်ဦး ပေါင်းစပ်လိုက်ပါက... လေးဆင့်ပြောင်း တပိုင်း သူတော်စင်ကိုပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။
"အုန်း"
မြူခိုး သူတော်စင် ၏ ကိုယ်ပွားမှာ လျူဖုန်း၏ နဖူးရှိ ဝိညာဉ်ပင်လယ်ကို အမှုန့်ခြေရန် သေစေနိုင်သော တိုက်ခိုက်မှုကို ထုတ်ဖော်တော့မည့် ဆဲဆဲတွင်... မမျှော်လင့်ဘဲ ယဲ့ဖုန်းနှင့် ဟူဖေးဖေးတို့ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ပြင်းထန်သော ခွန်အားများကို ထုတ်ပြလာကြသည်။
အငိုက်မိသွားသဖြင့် ထိုကိုယ်ပွားမှာ အဝေးသို့ လွင့်စင်သွားရတော့၏။ သူ၏ ရင်ဘတ် နေရာတွင်လည်း ဧရာမ အပေါက်ကြီး တစ်ခု ဖြစ်ပေါ်သွားသည်။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ တိုက်ခိုက်မှုလဲ”
ယဲ့ဖုန်းနှင့် ဟူဖေးဖေးတို့၏ ပူးပေါင်း တိုက်ခိုက်မှုမှာ ဤမျှလောက်အထိ ကြောက်စရာ ကောင်းလိမ့်မည်ဟု မြူခိုး သူတော်စင် ၏ ကိုယ်ပွားကော၊ လျူဖုန်းပါ ထင်မထားခဲ့ကြချေ။
‘ကောင်းကင်ဘုံရေ’
‘မင်းတို့ရဲ့ ခွန်အားတွေက ဒီလောက်အထိ တက်လာတာလား။ မင်းတို့ကို ဆက်ပြီး ကြီးထွားခွင့် ပေးထားလိုက်ရင်... ငါတို့ ဘယ်လို လုပ်ကြမလဲ’
'အနာဂတ်မှာ မင်းတို့က ငါတို့ နတ်ဘုရားမျိုးနွယ်စုရဲ့ ရန်သူကြီးတွေ ဖြစ်လာမှာ သေချာတယ်’
မြူခိုး သူတော်စင် ၏ ကိုယ်ပွားက တစ်ခုခုကို တွေးမိသွားပြီး သူ၏ မျက်နှာမှာ အလွန်အမင်း ထိတ်လန့်သွားတော့၏။
အကယ်၍သာ မြင့်မြတ်သောအရှင် က မိုးကြိုးရေကန် နန်းတော်ကြီးကို ချိပ်ပိတ်ရန်အတွက် အိပ်မောကျသွားရသည့် ကြီးမားလှသော ပေးဆပ်မှုကို မပြုလုပ်ခဲ့လျှင်... နှစ်အနည်းငယ် အတွင်းမှာပင် ယဲ့ဖုန်းသည် သူတော်စင်တက်လှမ်းခြင်း ကပ်ဘေး ကို သေချာပေါက် ကျော်ဖြတ်နိုင်မည် မဟုတ်ပါလော။
‘အဲဒီအချိန်ကျရင်... ရှန်ကျိုးတိုက်ကြီးမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ သူတော်စင်အဆင့် စွမ်းအားရှင် တစ်ယောက် ထပ်တိုးလာပြီး နတ်ဘုရားမျိုးနွယ်စုအတွက် ကြီးမားလှတဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်လာတော့မှာပဲ’
ဤသို့ တွေးမိသည်နှင့် မြူခိုး သူတော်စင် ၏ ကိုယ်ပွားမှာ ယဲ့ဖုန်းအပေါ် အလွန်အမင်း သတိထားသွားတော့သည်။ အကယ်၍ အဆင့်တူ အခြေအနေမျိုးတွင်သာ တိုက်ခိုက်ရမည်ဆိုပါက... သူသည် ယဲ့ဖုန်း၏ လက်ချက်ဖြင့် မျက်တောင်တစ်ခတ်အတွင်း အမှုန့်ဖြစ်သွားမည်မှာ သေချာလှကြောင်း သူ ယုံကြည်နေမိ၏။
ဤကဲ့သို့သော လူမျိုးကို ကံကြမ္မာ၏ သားတော် ဟုပင် ခေါ်ဆိုနိုင်ပေသည်။ အကယ်၍သာ အထွတ်အထိပ်အထိ ကြီးထွားခွင့် ရသွားမည်ဆိုပါက... ကောင်းကင်ဘုံကိုပင် ယှဉ်ပြိုင်နိုင်ပြီး အမြင့်မြတ်ဆုံး စွမ်းအားပိုင်ရှင် မြင့်မြတ်သောအရှင် တစ်ပါး ဖြစ်လာနိုင်ချေ ရှိသည်။
"မင်းတို့ နှစ်ယောက် ဘာလို့ ဝင်ပါရတာလဲ"
နောက်ဆုံးတွင် လျူဖုန်းက စကားပြောလာသည်။ သူ၏ အသံမှာ အက်ကွဲနေပြီး ဘဝ၏ အနိမ့်အမြင့် ဒဏ်များကို ခံစားခဲ့ရသည့် အငွေ့အသက်များ ပါဝင်နေ၏။
"ခင်ဗျား သေသွားတာကို ကျွန်တော်တို့ ထိုင်ကြည့်မနေနိုင်ဘူး" ဟု ယဲ့ဖုန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြန်ဖြေလိုက်သည်။
သူ၏ တစ်ကိုယ်လုံးကို နေမင်း၏ စွမ်းအားများက ဖုံးလွှမ်းထားပြီး သူ၏ ဆံပင်မည်းများမှာ ရွှေရောင် အလင်းတန်းများဖြင့် တောက်ပနေရာ... ရုတ်တရက် ကြည့်လိုက်လျှင် ရွှေရောင် ဆံပင်များနှင့်ပင် တူနေတော့၏။ သူ၏ မျက်လုံးတစ်စုံမှာလည်း နေမင်းနှစ်စင်းပမာ အေးစက် စူးရှနေသည်။
သူသည် လက်သီးကို ဆုပ်လိုက်ရာ သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများမှာ တဖြည်းဖြည်း မြင့်တက်လာပြီး လှုပ်ခါ၍ မရနိုင်သော ခန့်ညားမှုကို ထုတ်လွှတ်နေတော့သည်။
ဟူဖေးဖေးမှာလည်း လျှော့မပေးချေ။ သူမသည် ဟွမ်ယွမ်တုတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး သူမ၏ ပန်းရောင် အမြီးကိုးချောင်းမှာ ဒေါင်းမြီးကဲ့သို့ ယပ်တောင်ပုံသဏ္ဌာန် ဖြန့်ကျက်ထား၏။... ပတ်ဝန်းကျင်မှ စွမ်းအားများကို အဆက်မပြတ် စုပ်ယူနေသဖြင့် သူမ၏ အရှိန်အဝါများမှာလည်း ပိုပိုပြီး အားကောင်းလာနေသည်။
ဒါက ကြယ်နှစ်ပွင့်အဆင့် မြင့်မြတ်သော ဝိညာဉ်ရတနာ အဖြစ် အသွင်ပြောင်းပြီးနောက် သူမ ရရှိလာသော ပါရမီသစ် ပင်။ သူမသည် ကောင်းကင်နှင့် မြေကြီးကြားရှိ တိုက်ခိုက်ရေးစွမ်းအင်များကို အမြီးများဖြင့် စုပ်ယူနိုင်ပြီး တတိယ တိုက်ခိုက်ရေးပုံစံ သို့ လျင်မြန်စွာ ဝင်ရောက်နိုင်စွမ်း ရှိသည်။
ယဲ့ဖုန်း၏ စကားများကြောင့် လျူဖုန်း၏ ကျောက်တုံးပမာ မာကြောသော နှလုံးသားမှာ အနည်းငယ် လှုပ်ခတ်သွားရပြီး ယဲ့ဖုန်းကို အံ့ဩတကြီး ပြန်ကြည့်လိုက်မိ၏။
ယဲ့ဖုန်း ဘာကြောင့် ဤသို့ လုပ်ရသနည်းဆိုတာကို သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။ လျူဖုန်း၏ အမြင်တွင် မိမိသည် အစောင့်အရှောက် တစ်ဦးမျှသာ ဖြစ်ပြီး မိမိ သေသွားလျှင်တောင်မှ ယဲ့ဖုန်းအတွက် ဘာဆုံးရှုံးမှုမှ ရှိမည် မဟုတ်ချေ။
ယခုအချိန်တွင် ဝင်ရောက် တိုက်ခိုက်နေမည့်အစား ထွက်ပြေးသွားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။ သေချာသည်ကတော့... ယဲ့ဖုန်း ထွက်ပြေးနိုင်ခဲ့လျှင် ပေါ့လေ။
"ယဲ့ဖုန်း... မင်းက တကယ်ကို ပုံမှန်မဟုတ်တဲ့ လူ ဆိုတာ ငါ ဝန်ခံပါတယ်။ ပါရမီရော၊ ခွန်အားပါ အထွတ်အထိပ်မှာ ရှိနေတယ်။ လူငယ် မြင့်မြတ်သောအရှင် ကိုတောင် ကျော်လွန်သွားနိုင်လောက်တယ်။ ဒါပေမဲ့... ဒီနေ့တော့ မင်း သေဖို့ ကံပါလာပြီ”
"မကြီးထွားနိုင်သေးတဲ့ ပါရမီရှင်တွေဟာ ပုရွက်ဆိတ်တွေလိုပဲ ဘာမှ မဟုတ်ဘူး”
"လောင်ကျွမ်းလိုက်စမ်း”
မြူခိုး သူတော်စင် ၏ ကိုယ်ပွားက စကားပြောပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ခေါင်းမော့၍ ဟိန်းဟောက်လိုက်ရာ... သူ၏ ကိုယ်ပေါ်ရှိ မီးတောက်များမှာ ပိုမို ပြင်းထန်စွာ လောင်ကျွမ်းလာတော့၏။
သူ၏ အရှိန်အဝါများမှာ ပိုမို ကြောက်မက်ဖွယ် ကောင်းလာ၏။
"သူ့ကို မြန်မြန် တား”
လျူဖုန်းက အော်ဟစ်လိုက်ပြီး ညာဘက်လက်ဖြင့် ဓားကို ဆုပ်ကိုင်ကာ ဘယ်ဘက် လက်ညှိုးနှင့် လက်ခလယ်ကို ပူး၍ ဓားသွားပေါ်တွင် ပွတ်ဆွဲလိုက်သည်။ ကြီးမားလှသော စွမ်းအားများကို သွင်းပေးလိုက်သဖြင့် ဓားမှာ မျက်စိကျိန်းမတတ် တောက်ပသွားတော့၏။
“ဖျောက်..”
အလင်းစက်လေး တစ်ခုပမာ ဓားအရှိန်အဝါမှာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး မြူခိုး သူတော်စင် ကိုယ်ပွား၏ ပခုံးကို ဖောက်ထွက်သွားသည်။ သို့သော် သူ၏ ရူးသွပ်နေသော အရှိန်အဝါများကိုမူ ဖိနှိပ်နိုင်စွမ်း မရှိခဲ့ချေ။
"စွမ်းအားဖြင့် အရာရာကို ချေမှုန်းခြင်း”
ဟူဖေးဖေးကလည်း ဝင်ရောက် တိုက်ခိုက်လိုက်သည်။
"အချိန်ဟင်းလင်းပြင် သတ်ဖြတ်ခြင်းဓား”
"နေမင်း နတ်ဘုရားလက်သီး”
ယဲ့ဖုန်းသည်လည်း သူ၏ တိုက်ခိုက်မှုများကို အဆက်မပြတ် ထုတ်ဖော်လိုက်၏။
အဖြူနှင့် အနက်ရောင် ဓားအရှိန်အဝါ တစ်ခု လွှမ်းခြုံသွားပြီး မြူခိုး သူတော်စင် ကိုယ်ပွား၏ ကိုယ်ခန္ဓာကို မျက်တောင်တစ်ခတ်အတွင်း အကြိမ်ပေါင်း ရာနှင့်ချီ၍ ခုတ်ပိုင်းလိုက်သည်။
သို့သော် ယဲ့ဖုန်းသည် သက်တမ်း နှစ်အနည်းငယ်ကိုသာ ဖယ်ရှားနိုင်ခဲ့၏။
'သေစမ်း'
'ဒါက ကိုယ်ပွားပဲ ရှိသေးတာဆိုတော့... သက်တမ်း အများကြီး လျှော့ချလို့ မရဘူး။ ပြီးတော့... ကိုယ်ပွားရဲ့ သက်တမ်းကို ဖယ်ရှားလိုက်ရင်တောင်မှ သူ့ကို သတ်လို့ မရဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ပွားဆိုတာ တကယ့် စစ်မှန်တဲ့ သက်ရှိ မဟုတ်လို့ပဲ'
ယဲ့ဖုန်း ဤအချက်ကို သဘောပေါက်သွား၏။
"မင်းတို့ အားလုံး သေကြတော့”
မြူခိုး သူတော်စင် ၏ ကိုယ်ပွားသည် အထွတ်အထိပ်သို့ ရောက်သည်အထိ လောင်ကျွမ်းသွားပြီး သူ၏ အရှိန်အဝါများမှာ သူတော်စင်အဆင့်သို့ အဆုံးအစမဲ့ နီးကပ်သွားခဲ့သည်။ နောက်ဆုံးတွင် သူ စတင် လှုပ်ရှားလိုက်တော့၏။
သူသည် လက်ကို ဆန့်ထုတ်ကာ မီးတောက်များ လောင်ကျွမ်းနေသော မြူလှံတံကြီး တစ်ချောင်းကို ဆွဲယူလိုက်ပြီး သူတို့ဆီသို့ မျက်တောင်တစ်ခတ်အတွင်း ပြေးဝင်လာသည်။
"ဒုက္ခပဲ”
လျူဖုန်း၏ မျက်နှာထားမှာ အကြီးအကျယ် ပြောင်းလဲသွားရ၏။ ဤတိုက်ခိုက်မှုကို သူ လုံးဝ တားဆီးနိုင်စွမ်း မရှိတော့ချေ။
ယဲ့ဖုန်းနှင့် ဟူဖေးဖေးတို့လည်း တားဆီးနိုင်မည် မဟုတ်ပေ။ သူကော၊ သူတို့ပါ အားလုံး သေရတော့မည်။
"ဟူး...”
"ငါက သမိုင်းမှာ သက်တမ်းအမြန်ဆုံး အစောင့်အရှောက် ဖြစ်သွားတော့မှာလား"
လျူဖုန်းက သက်ပြင်းချလိုက်၏။
"ဘယ်သူမှ နောက်ဆုံး အချိန်ထိ အရှုံးမပေးသင့်ဘူး”
အသက်လုရမည့် အချိန်လေးတွင် ယဲ့ဖုန်းသည် ရှေ့သို့ ထွက်လာခဲ့သည်။ ဤအခိုက်အတန့်၌... ယဲ့ဖုန်း၏ တစ်ကိုယ်လုံးတွင် နတ်ဘုရားဆန်ပြီး မြင့်မြတ်လှသော အရှိန်အဝါများ ပြည့်နှက်နေပြီး သူ၏ အဝတ်အစားများမှာ လွင့်လူးနေ၏။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ထားကာ အထွတ်အထိပ် နတ်ဘုရား တစ်ပါးကို ရင်ဆိုင်နေရသည့် အငွေ့အသက်မျိုးကို ပေးစွမ်းနေတော့သည်။
"မင်း..."
လျူဖုန်း မှင်သက်သွားရသည်။
‘ယဲ့ဖုန်းက ဘယ်လို နတ်ဘုရားစွမ်းရည်မျိုးကို အသုံးပြုလိုက်လို့ ဒီလို ပုံစံမျိုး ဖြစ်သွားရတာလဲ။ သူတော်စင်အဆင့် စွမ်းအားရှင် တစ်ယောက်ထက်တောင် ပိုပြီး ခမ်းနားထည်ဝါနေသေးတယ်’
"မင်း ဘယ်လို နတ်ဘုရားစွမ်းရည်မျိုးကို သုံးသုံး... မင်း သေရမှာပဲ”
မြူခိုး သူတော်စင် ၏ ကိုယ်ပွားက ဟိန်းဟောက်လိုက်သည်။
သူသည် မီးတောက်များ လောင်ကျွမ်းနေသော မြူလှံတံကြီးကို ကိုင်ဆောင်ကာ ဦးတည်ချက်ကို ပြောင်းလိုက်ပြီး ယဲ့ဖုန်း၏ မျက်ခုံးနှစ်ခုကြားသို့ ထိုးစိုက်ချလိုက်တော့၏။
သို့သော်...
ယဲ့ဖုန်းသည် လက်ကို မြှောက်ကာ ထိုမြူလှံတံကြီးကို အသာတကြည်ပင် ဆင်းသက်ခွင့် ပြုလိုက်သည်။
ဘေးမှ ကြည့်နေသူများ အံ့ဩတုန်လှုပ်သွားရသည်မှာ... ထိုလှံတံကြီးသည် ယဲ့ဖုန်း၏ လက်ဝါးနှင့် မထိတွေ့ရသေးမီမှာပင် စတင် ပြိုကွဲသွားပြီး ဘာမှ မရှိသော ဟင်းလင်းပြင်အဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။
"မဖြစ်နိုင်တာ”
"ဒါက ဘယ်လို နည်းလမ်းမျိုးလဲ"
"ငါ သိပြီ။ ဒါက ပြိုင်ဘက်ကင်း ကာကွယ်ရေး နယ်ပယ်ပဲ။ တပိုင်း သူတော်စင် အဆင့်လောက်ပဲ ရှိတဲ့ မင်းက ဒါကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားနိုင်တာလဲ"
မြူခိုး သူတော်စင် ကိုယ်ပွား၏ အစစ်အမှန် ကိုယ်ခန္ဓာမှာ သူတော်စင်အဆင့် ဖြစ်သဖြင့် အမှန်တရားကို အချိန်တိုအတွင်းမှာပင် ရိပ်မိသွားလေသည်။
ကောင်းကင်ယံ မြင့်မားသော နေရာတွင်..
ယဲ့ဖုန်းသည် သူ၏ လက်ဝါးထဲရှိ မြူခိုးများကို မှုတ်ထုတ်လိုက်ပြီး ပြောလိုက်၏။
"မှန်တယ်။ ဒါက လောကမှာ အကြောက်မက်ဖွယ် အကောင်းဆုံး ကာကွယ်ရေးပဲ။ မင်း ဒါကို ဘယ်လို ခွဲဖြာနိုင်မလဲ ဆိုတာကို ဂိုဏ်းချုပ်ဖြစ်တဲ့ ငါက ကြည့်ချင်သေးတယ်”
ဟန်ရေးပြရမည့် အချိန်ရောက်လျှင် ယဲ့ဖုန်းသည် ဘယ်သောအခါမျှ အားနည်းမနေခဲ့ချေ။ လောလောဆယ်တွင် ဂိုဏ်း၏ ဂုဏ်သတင်းရမှတ်များမှာ နှစ်ဘီလီယံ ကျော်လွန်နေပြီပင်။ မြင့်မြတ်သော နတ်ဘုရား ပုံစံ အခြေအနေ၏ ကြာချိန်မှာလည်း သုံးမိနစ်ကျော်လွန်ကာ လေးမိနစ်အထိပင် နီးကပ်နေပြီ ဖြစ်သည်။
"ရိုင်းစိုင်းလှချေလား”
"မင်းရဲ့ ပြိုင်ဘက်ကင်း ကာကွယ်ရေး နယ်ပယ် ဆိုတာက အဆင့်တူတွေ ကြားမှာပဲ ပြိုင်ဘက်ကင်းတာပါ။ ငါ့ရဲ့ အစစ်အမှန် ကိုယ်ခန္ဓာသာ ဆင်းလာရင်... လက်တစ်ဖက် မြှောက်လိုက်ရုံနဲ့တင် မင်းကို ဖိနှိပ်ပစ်လို့ ရတယ်”
မြူခိုး သူတော်စင် ၏ ကိုယ်ပွားက အေးစက်စွာ ပြောဆိုလိုက်သည်။
သူသည် မြူလှံတံ အသစ်တစ်ချောင်းကို ထပ်မံ ဆွဲယူကာ ယဲ့ဖုန်းကို ထိုးစိုက်လိုက်ပြန်၏။ သို့သော် ယဲ့ဖုန်းက လက်ကို ဆန့်ထုတ်လိုက်ရုံဖြင့် ထိုလှံတံကြီးမှာ ပြိုကွဲသွားပြီး သူ့ကို အန္တရာယ် မပြုနိုင်ခဲ့ချေ။
"မင်းက ငါတို့ မြူခိုးဂိုဏ်း အထိ လာပြီး ငါ့ကို သတ်ရဲတယ်ပေါ့။ ငါ ဂိုဏ်းချုပ် ဒီလို အရှက်ခွဲတာမျိုး တစ်သက်နဲ့တစ်ကိုယ် မခံခဲ့ရဖူးဘူး”
"ဒီနေ့... ငါ မင်းကို သေချာပေါက် သတ်ရမယ်”
ယဲ့ဖုန်းသည် လက်ကို ဝှေ့ယမ်းကာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး... သူ၏ တိုက်ခိုက်ရေးစွမ်းအားကို ယာယီ တစ်ဟုန်ထိုး မြင့်တက်သွားစေနိုင်မည့် အန္တရာယ်များသော နည်းလမ်းတစ်ခုကို စဉ်းစားလိုက်တော့၏။
--