← Chapters

အခန်း ၂၇၀

Vol. 18 Ch. 270

အခန်း ၂၇၀

Vol. 18 Ch. 270

အခန်း (၂၇၀) ငါ၏နာမတော်သည် ခေတ်အဆက်ဆက်ကို တုန်လှုပ်စေမည်၊ သင်တို့၏ နတ်ဘုရားလမ်းစဉ်သည် မတည်ရှိသင့်တော့ချေ

"ငါ ဤနေရာကို နောက်တစ်ကြိမ် ပြန်ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

"အတိတ်ကာလက နတ်ဘုရားတွေရဲ့ စစ်ပွဲ ဖြစ်ပွားခဲ့တဲ့ အချိန်၏ လျှို့ဝှက်နယ်မြေ ဟုတ်လား..."

လီယွဲ့သည် မိမိရှေ့မှောက်ရှိ ကျယ်ပြောလှသော မြင်ကွင်းကြီးကို ငေးမောကြည့်ရှုလိုက်၏။

သူသည် ဤနေရာသို့ တစ်ကြိမ် ရောက်ရှိဖူးပေသည်။

မြေပြင်သည် မီးခိုးရောင် သန်းနေ၏။ ၎င်း၏အပေါ်၌ နတ်ဘုရားတစ်ပါး၏ အငွေ့အသက်များ ပါရှိသော နီရဲသော သွေးစက်များ စွန်းထင်နေပေသည်။

လေထဲတွင် လွင့်ပျံနေသော အနက်နှင့် ရွှေရောင်စပ် အလံတော်ကြီးပေါ်၌ မရေမတွက်နိုင်သော နတ်ဘုရားစာလုံးများနှင့် တစ်ချက်ကြည့်ရုံမျှဖြင့် ထိတ်လန့်တုန်လှုပ်စေရန် လုံလောက်သော စာလုံးနှစ်လုံး ရှိနေပေသည်။

ကျန့်ရှန်း...။

"ကျန့်ရှန်းခံတပ် ဟုတ်လား..."

"အဲ့ကာလမှာ ငါ့ရဲ့ နတ်ဘုရားနယ်မြေက ငါ့ကို ဆန်းကြယ်တဲ့ နေရာတစ်ခုဆီ ခေါ်ဆောင်သွားခဲ့ပြီး ကျန့်ရှန်းခံတပ်မှာ ခေတ္တမျှ နေထိုင်ခဲ့ဖူးတယ်..."

"အဲဒီနေရာမှာ အဆုံးအစမဲ့တဲ့ သွေးပင်လယ်ကြီးလည်း ရှိပြီး သွေးပင်လယ်ပေါ်မှာ အစွမ်းအထက်ဆုံး တည်ရှိမှုတွေ နေထိုင်ကြတာ..."

"ဒါ့အပြင် မြို့တံခါးရဲ့ အတွင်းထဲမှာ မိမိကိုယ်ကိုယ် ရှန်း လို့ ခေါ်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ တည်ရှိမှုတစ်ခုလည်း ပုန်းအောင်းနေသေးတယ်..."

လီယွဲ့သည် ကျန့်ရှန်းခံတပ်ပေါ်တွင် မတ်တပ်ရပ်ရင်း မိမိကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်လိုက်သည်။

ဝေးလံသော နေရာဆီမှ... သူသည် ထိုခန့်ညားထည်ဝါလှသော မြို့တံခါးကြီးကို လှမ်းမြင်နေရ၏။ မြို့တံခါးမျှော်စင်သည် ပေပေါင်းသောင်းချီ မြင့်မားလှပြီး ရှုပ်ထွေးဆန်းကြယ်သော နတ်ဘုရားပုံစံများဖြင့် ဖုံးလွှမ်းနေကာ ခန့်ညားလှသော နတ်ဘုရားမှန်ချပ်ကြီးတစ်ခု ချိတ်ဆွဲထားပေသည်။

ဤနတ်ဘုရားမှန်ချပ်ထံမှ ထွက်ပေါ်နေသော အငွေ့အသက်သည် ဝင်စားခြင်းလမ်းစဉ်ပေါ်၌ သူ မြင်တွေ့ခဲ့ရသော ပျက်စီးနေသည့် မဟာသူတော်စင်အရှင်၏ ရတနာထက် များစွာ ပိုမိုအစွမ်းထက်လှပေသည်။

ယခင်အကြိမ်က ပျက်စီးယိုယွင်းနေသော ကျန့်ရှန်းခံတပ်သို့ သူ ရောက်ရှိစဉ်က မြို့တံခါးမှာ မပျက်မစီး ရှိနေသော်လည်း ဤနတ်ဘုရားမှန်ချပ် ရှိမနေခဲ့ချေ။

ထို့အပြင် ကျန့်ရှန်းခံတပ်၏ ပတ်ဝန်းကျင် အရပ်ရပ်တွင်... မရေမတွက်နိုင်သော နတ်ဘုရားများသည် မတ်မတ်ရပ်နေကြပြီး လူအများအပြားမှာ နတ်ဘုရားလက်နက်များကို ကိုင်ဆောင်လျက် တည်ကြည်လေးနက်သော မျက်နှာအမူအရာများဖြင့် ဝေးလံသော အရပ်ဆီသို့ စူးစိုက်ကြည့်နေကြပေသည်။

ဝေးလံသော အရပ်ဆီ၌... ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးသည် ပုံပျက်ပန်းပျက် ဖြစ်နေပြီး နီရဲသော မြူခိုးများကို ထုတ်လွှတ်ကာ အဆုံးအစမဲ့သော မြေပြင်ပေါ်သို့ ပျံ့လွင့်နေ၏။ မျက်စိတစ်ဆုံး ကြည့်လိုက်သမျှ နေရာတိုင်းတွင်... ၎င်းတို့အားလုံးမှာ ပုံပျက်ပန်းပျက် ဖြစ်နေသော ဟင်းလင်းပြင်များသာ ဖြစ်ကြသည်။

"ဆဋ္ဌမအဆင့်မြင့် နတ်ဘုရားတစ်ပါးလား..."

"ဒီနေရာက မင်းအတွက် မဟုတ်ဘူး... တခြားနေရာကို သွားလိုက်ပါ..."

ရုတ်တရက် ဘေးဘက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာသည်။ လီယွဲ့ လှမ်းကြည့်လိုက်၏။

၎င်းမှာ တည်ငြိမ်အေးစက်သော မျက်နှာအမူအရာရှိသည့် အမျိုးသမီး နတ်ဘုရားတစ်ပါး ဖြစ်ပေသည်။ သူမသည် ရိုးရှင်းသော သံချပ်ကာကို ဝတ်ဆင်ထားပြီး နက်မှောင်သော ဆံပင်ရှည်များ ရှိကာ အလွန်တရာ တင့်တယ်လှပလှပေသည်။ သို့သော် သူမ၏ ခန္ဓာကိုယ်ထံမှ ဖြာထွက်နေသော အငွေ့အသက်မှာ အံ့ဩဖွယ်ကောင်းလှပြီး အဆင့်(၁၃) သို့ ရောက်ရှိနေပြီ ဖြစ်၏။

သို့သော် ၎င်းသည် အဆင့်(၁၃) သူတော်စင်အရှင်အဆင့် ၏ အထွတ်အထိပ်သို့ ရောက်ရှိခြင်း မရှိသေးချေ။ ထင်ရှားသည်မှာ တစ်ဖက်လူသည် ပဉ္စမအဆင့် နတ်ဘုရားတစ်ပါး ဖြစ်သင့်သော်လည်း သူမ၏ စွမ်းအားမှာ ပုံမှန် ပဉ္စမအဆင့် နတ်ဘုရားများ၏ အဆင့်(၁၂) ကန့်သတ်ချက်ထက် သာလွန်နေခြင်း ဖြစ်၏။

"ကျေးဇူးတင်ပါတယ်..."

လီယွဲ့က လက်သီးဆုပ်အရိုအသေပေးလိုက်ပြီး တစ်ဖက်လူ ညွှန်ပြသော နေရာဆီသို့ လျှောက်လှမ်းသွားလေသည်။

၎င်းသည် အဖြူရောင်အလင်းတန်းများ လွှမ်းခြုံထားသော နေရာတစ်ခု ဖြစ်ပြီး နတ်ဘုရားများသည် တည်ငြိမ်စွာ ရပ်နေကြပေ၏။

ဤနတ်ဘုရားများသည် ယေဘုယျအားဖြင့် နိမ့်ကျသော ဝိညာဉ်စွမ်းအင် အဆင့်အတန်းသာ ရှိကြသည်။ သို့သော် သူတို့ ဝတ်ဆင်ထားသော နတ်ဘုရားဝတ်ရုံများသည် ထူးကဲသော အငွေ့အသက်များကို ထုတ်လွှတ်နေပြီး သူတို့၏ နတ်ဘုရားအဆင့်ထက်ပင် တစ်ဆင့်မက သာလွန်နေပေသည်။

အခြားသော နတ်ဘုရား အများအပြားမှာလည်း အလွန်တရာ အစွမ်းထက်သော နတ်ဘုရားလက်နက်များကို ကိုင်ဆောင်ထားကြပြီး ၎င်းတို့သည်လည်း သူတို့၏ နတ်ဘုရားအဆင့်ထက် များစွာ ပိုမိုမြင့်မားလှပေသည်။

"ဒုတိယမျိုးဆက် နတ်ဘုရားတွေလား..."

လီယွဲ့က မိမိကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်လိုက်သည်။

နတ်ဘုရားများနှင့် လူသားများ ပေါင်းစပ်ခြင်းမှ မွေးဖွားလာသော သားသမီးများကို နတ်ဘုရားသွေးနှော ဟု ခေါ်ဆိုကြ၏။ နတ်ဘုရားနှစ်ပါး ပေါင်းစပ်ခြင်းမှ မွေးဖွားလာသော သားသမီးများကိုမူ ဒုတိယမျိုးဆက် နတ်ဘုရား ဟု ခေါ်ဆိုကြသည်။

ဒုတိယမျိုးဆက် နတ်ဘုရားများသည် မွေးဖွားလာကတည်းက နတ်ဘုရားများ ဖြစ်ကြပေ၏။ သူတို့နှင့် မူလနတ်ဘုရားများအကြား တစ်ခုတည်းသော ကွာခြားချက်မှာ သူတို့၌ ကိုယ်ရေးအချက်အလက်၊ ကိုယ်ပိုင်တာဝန်၊ ဒေသတွင်းစကားပြောခန်း နှင့် ဒေသတွင်းကုန်သွယ်မှု ကဲ့သို့သော အင်တာဖေ့စ်များ မရှိခြင်းပင် ဖြစ်သည်။

သို့သော် သူတို့၌လည်း နတ်ဘုရားနယ်မြေနှင့် ပိုင်နက်နယ်ပယ်များ ရှိကြပြီး မိမိတို့၏ ကိုယ်ပိုင် နတ်ဘုရားများနှင့် ယုံကြည်သူများကို ပျိုးထောင်နိုင်စွမ်း ရှိကြပေသည်။

"ငါ့ကို ဒုတိယမျိုးဆက် နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်လိုက်ပုံရတယ်..."

သူ သက်ပြင်းချလိုက်မိ၏။

သို့သော် ဤသည်မှာ သဘာဝကျလှပေသည်။ မည်သို့ပင်ဆိုစေ သူသည် ပဉ္စမအဆင့် နတ်ဘုရားအဆင့်တွင်သာ ရှိနေသေးသည် မဟုတ်ပါလား။

ကျန့်ရှန်းခံတပ်မှနေ၍ အပြင်ဘက်သို့ လှမ်းကြည့်လိုက်လျှင်... ဤဒုတိယမျိုးဆက် နတ်ဘုရားများ ရှိရာ နေရာမှလွဲ၍... အခြားသော ဒေသများရှိ နတ်ဘုရားများသည် အနိမ့်ဆုံးအဆင့်ရှိသူများပင်လျှင် ပဉ္စမအဆင့် နတ်ဘုရားအဆင့်၌ ရှိနေကြပေသည်။

ထို့ထက်မက စနုတ္တအဆင့်၊ တတိယအဆင့် စသည့် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားများစွာပင် ရှိနေသေး၏။ ထိုအငွေ့အသက်များသည် ကောင်းကင်ယံသို့ ထိုးတက်နေပြီး ကောင်းကင်ကြီးကို ထောက်ပံ့ထားသော ခန့်ညားလှသည့် တိုင်လုံးကြီးများကဲ့သို့ပင် ဖြစ်နေသည်။

ရွှေရောင်အလင်းတန်းများသည် ကောင်းကင်ပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ကျန့်ရှန်းခံတပ်၏ အထက်ကောင်းကင်ယံ၌ ထူထပ်လှသော ရွှေရောင်တိမ်တိုက်များအဖြစ် စုစည်းနေပေ၏။ ထိုရွှေရောင်တိမ်တိုက်များ၏ အတွင်း၌ နန်းတော်ကြီးတစ်ခုကို ခပ်ဝါးဝါး မြင်တွေ့နိုင်ပေသည်။

နန်းတော်များသည် ခန့်ညားထည်ဝါလှပြီး မိုင်ပေါင်း ဘီလီယံချီသော မြေပြင်ကို လွှမ်းခြုံထား၏။ ၎င်းသည် ကြီးမားလှသော စွမ်းအားနှင့် ကျယ်ပြောလှသော အငွေ့အသက်များကို ထုတ်လွှတ်နေပြီး အချို့သော နန်းတော်များ၏ အတွင်း၌ စိတ်ကူးပင်မယဉ်နိုင်သော တည်ရှိမှုကြီးများ ထိုင်နေကြကာ ရှေ့မှောက်ဆီသို့ အေးစက်စွာ စိုက်ကြည့်နေကြသကဲ့သို့ပင် ခံရပေသည်။

"ဒီနတ်ဘုရားတွေရဲ့ စစ်မြေပြင်မှာ ငါက ဘာလုပ်နိုင်မှာလဲ..."

လီယွဲ့ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားမိသည်။ ထင်ရှားသည်မှာ... ကျန့်ရှန်းခံတပ်၏ တိုက်ပွဲသည် ယခင်နတ်ဘုရားခေတ်၏ နောက်ဆုံး တိုက်ပွဲ ဖြစ်နိုင်ချေ များပေသည်။

သူ၏ နတ်ဘုရားလက်အောက်ခံ ကျောက်ချန်ခွန်း ဖြစ်စေ၊ ရှေးဟောင်းနတ်ဘုရားမ ချီ ဖြစ်စေ ဤတိုက်ပွဲတွင် ပါဝင်ခဲ့ခြင်း မရှိချေ။ ဤတိုက်ပွဲသည် ယခင်နတ်ဘုရားခေတ် စတင်ခဲ့ပြီးနောက် နှစ်ပေါင်းများစွာ ကြာမြင့်ချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သို့မဟုတ်ပါက... ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် အမြင့်မြတ်ဆုံး နတ်ဘုရားတစ်ပါး ပေါ်ထွက်လာရန် လုံးလုံးလျားလျား မဖြစ်နိုင်ချေ။

သူသည်ပင် သံသယဝင်မိသည်မှာ... ထိုနန်းတော်များထဲ၌ ထိုင်နေကြသော ပုံရိပ်များသည် ဒုတိယအဆင့် သို့မဟုတ် အမြင့်မြတ်ဆုံး အဆင့်ရှိ နတ်ဘုရားများပင် ဖြစ်နေမလားဟူ၍ ဖြစ်၏။

ပြီးတော့ သူကမူ သေးငယ်လှသော အဆင့်(၆) နတ်ဘုရားတစ်ပါးမျှသာ ဖြစ်ပေရာ... ဤကဲ့သို့သော စစ်မြေပြင်မျိုးတွင် အမြောက်စာအဖြစ် သတ်မှတ်ခံရရန်ပင် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ချေ။

အကယ်၍များ... အချိန်၏ လျှို့ဝှက်နယ်မြေ သည် သူ့ကို စစ်မြေပြင်သတင်းထောက်တစ်ဦးအဖြစ် ပြုလုပ်ပြီး ယခင်နတ်ဘုရားခေတ်၏ ရက်စက်ကြမ်းကြုတ်မှုကို နားလည်စေရန် ရည်ရွယ်ခြင်းများ ဖြစ်နေမလား...။

သူသည် ယခင်နတ်ဘုရားခေတ်၏ ရက်စက်ကြမ်းကြုတ်မှုကို လေ့လာရန် ဤနေရာသို့ လာရောက်ရန် မလိုပါချေ။ သူသည် ၎င်းကို သိရှိပြီး ဖြစ်ပေသည်။ အကယ်၍ ရက်စက်ကြမ်းကြုတ်ခြင်း မရှိခဲ့ပါက နတ်ဘုရားပေါင်း ဘီလီယံ တစ်ဆယ်ထက်မက လုံးလုံးလျားလျား ပျက်စီးသွားရန် မဖြစ်နိုင်ချေ။

နတ်ဘုရားပေါင်း ဘီလီယံကျော် ရှိခဲ့ခြင်း ဖြစ်သည်။ ထိုနတ်ဘုရားများအနက် မည်မျှသည် လက်အောက်ခံများ ဖြစ်ကြပြီး မည်မျှသည် ယုံကြည်သူများ ဖြစ်ကြသနည်း။

"အစ်ကိုလီ..."

"အစ်ကိုလီ..."

"အစ်ကိုလီ..."

ထိုခဏ၌ ဆူလီမန်၊ ချန်ကျင်ပေ၊ ယွန်ဝူချီ၊ ချန်မင်ယောင်၊ ယွန်ချင်းဟွာနှင့် ခုန်းဖူဟွာတို့သည် လျှောက်လှမ်းလာကြပြီး စိတ်လှုပ်ရှားစွာဖြင့် တိုးတိုးလေး ခေါ်ဆိုလိုက်ကြသည်။ သူတို့သည် သဘာဝကျကျပင် စိတ်လှုပ်ရှားနေကြပေ၏။

လီယွဲ့နှင့်အတူ ဤအချိန်၏ လျှို့ဝှက်နယ်မြေထဲသို့ လာရောက်ခွင့်ရခြင်းကြောင့် ဤတစ်ကြိမ်တွင် သူတို့၏ ရမှတ်များသည် ပိုမိုမြင့်မားလာနိုင်ချေ ရှိပေသည်။ သူတို့သည် ယခင်က နှစ်ကြိမ်တိုင်တိုင် လာရောက်ဖူးကြပေသည်။ သို့သော် ရရှိခဲ့သော အဆင့်သတ်မှတ်ချက်များမှာ သူတို့အတွက် စိတ်ကျေနပ်မှု မရှိခဲ့ချေ။

ထို့ကြောင့် သူတို့သည် ပိုမိုမြင့်မားသော အဆင့်သတ်မှတ်ချက်ကို ရရှိရန် မျှော်လင့်ချက်ဖြင့် ထပ်မံ ဝင်ရောက်လာကြခြင်း ဖြစ်၏။ အဆင့်သတ်မှတ်ချက် ပိုမိုမြင့်မားလေလေ... ဆုလာဘ်သည် ပိုမိုကောင်းမွန်လေလေ ဖြစ်ပေသည်။

"ငါတို့ ဘာလုပ်ဖို့ လိုအပ်လဲဆိုတာ ပြောပြပါဦး..."

လီယွဲ့က ခေါင်းညိတ်ကာ မေးမြန်းလိုက်သည်။

လူစုသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ချန်ကျင်ပေက ခါးသီးစွာ ပြုံးရင်း ပြောလိုက်၏။

"အစ်ကိုလီ... မပြောချင်လို့ မဟုတ်ပါဘူး… ပြောလို့မရတာပါ..."

"ဒီနေရာမှာ ဖြစ်စေ၊ အပြင်ဘက်မှာ ဖြစ်စေ ပြောပြဖို့ လုံးဝ မဖြစ်နိုင်ပါဘူး..."

လီယွဲ့က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်မိသည်။

အချိန်၏ လျှို့ဝက်နယ်မြေထဲတွင် ကန့်သတ်ချက်များ ရှိနေခြင်းလား။

ဤအမြင်အရဆိုလျှင် သူသည် သတင်းအချက်အလက်အတွက် ဤလူခြောက်ဦးအပေါ် အားကိုး၍ မရနိုင်ချေ။ အကယ်၍ သူတို့ကို အားကိုး၍ မရပါက သူ့ရှေ့မှောက်ရှိ လူခြောက်ဦးသည် သူ့အတွက် လုံးလုံးလျားလျား အသုံးမဝင် ဖြစ်မသွားပေလော။

"အစ်ကိုလီ... ဒီမှာ ယခင်နတ်ဘုရားခေတ်က လျှို့ဝှက်နည်းစနစ်တစ်ခု ရှိတယ်... အစ်ကို အဲဒါကို သေချာပေါက် သင်ယူရမယ်..."

"ဒီလျှို့ဝှက်နည်းစနစ်က ဤအချိန်၏ လျှို့ဝှက်နယ်မြေထဲကနေ ရရှိနိုင်တဲ့ အဖိုးတန်ဆုံးအရာ ဖြစ်လိမ့်မလဲလို့တောင် ကျွန်မ ထင်မိတယ်..."

"ဒါ့အပြင် ဒီလျှို့ဝှက်နည်းစနစ်ကို သင်ယူဖို့ သတ်မှတ်ချက်က မမြင့်မားပါဘူး... အစ်ကိုသာ မည်သည့် ရှေးဟောင်းနတ်ဘုရားရဲ့ အသိအမှတ်ပြုမှုကိုမဆို ရရှိရင် သူတို့က အစ်ကို့ဆီ လွှဲပြောင်းပေးအပ်နိုင်ခြေ ရှိတယ်..."

"ဟန်ဝူချန်က သာမန် ပဉ္စမအဆင့် ရှေးဟောင်းနတ်ဘုရားတစ်ပါးဆီကနေ ရရှိခဲ့တာလေ..."

"ဒါပေမဲ့ နှမြောစရာကောင်းတာက..."

"ကျွန်မတို့ ခြောက်ယောက်က နှစ်ကြိမ်တိုင်တိုင် လာခဲ့ပေမဲ့ ဘာမှ သင်ယူနိုင်ခြင်း မရှိသေးဘူး..."

ယွန်ချင်းဟွာက ရုတ်တရက် စကားဆိုလာ၏။

"အို..."

အချိန်၏ လျှို့ဝှက်နယ်မြေထံမှ ရရှိနိုင်သော အဖိုးတန်ဆုံးအရာ ဟုတ်လား။

"လျှို့ဝှက်နည်းစနစ်တစ်ခုပေါ့..."

လီယွဲ့က ခေါင်းညိတ်လိုက်သည်။

သူသည် ဤအချက်ကို စိတ်ထဲ၌ မှတ်သားထားလိုက်၏။

တစ်ဖက်လူသည် မည်သို့ပင်ဆိုစေ ခြောက်ထပ်အဆောက်အအုံကို သိမ်းပိုက်ထားသော နတ်ဘုရားတစ်ပါး ဖြစ်ပြီး နတ်ဘုရားခေတ်၏ ထိပ်တန်း တည်ရှိမှုများအနက် တစ်ပါး ဖြစ်ပေသည်။ တစ်ဖက်လူက သီးသန့် ဖော်ပြပြောဆိုလာသည် ဖြစ်ရာ ၎င်းသည် မဆိုးရွားနိုင်ကြောင်း ရှင်းလင်းလှပေသည်။

အကယ်၍ ၎င်းသည် ဤအချိန်၏ လျှို့ဝှက်နယ်မြေထဲက အဖိုးတန်ဆုံးအရာ မဟုတ်ခဲ့လျှင်တောင် သေချာပေါက် ထိပ်တန်း ရတနာများအနက် တစ်ခု ဖြစ်ပေလိမ့်မည်။

ဘုံး...။

ရုတ်တရက်... ကျန့်ရှန်းခံတပ်၏ အပြင်ဘက်၌ အဆုံးအစမဲ့သော နီရဲသော မိုးကြိုးများ အဆက်မပြတ် မြည်ဟီးလာပေသည်။ နီရဲသော မိုးကြိုးများသည် မိုင်ပေါင်း ဘီလီယံချီသော မြေပြင်ကို လွှမ်းခြုံထားပြီး ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်စွမ်းရှိသော အရှိန်အဝါဖြင့် လိမ့်တက်လာ၏။

"ငါ၏နာမတော်ဟာ ခေတ်အဆက်ဆက်ကို တုန်လှုပ်စေမယ်..."

"ငါသည် ရှေးဟောင်းတာအိုမြို့တော်ရဲ့ ထိပ်ထက်မှာ ရပ်တည်ပြီး ရှေးဟောင်းတာအိုကို ထမ်းဆောင်ထားသူ ဖြစ်တယ်..."

"အရပ်ရှစ်မျက်နှာနဲ့ လောကခြောက်ပါးမှာ ဘယ်သူက အမြင့်မြတ်ဆုံး ဖြစ်သလဲ... လက်ချောင်းတစ်ချက် တောက်လိုက်ရုံဖြင့် ဖုန်မှုန့်သုံးထောင် ပျောက်ကွယ်သွားရမယ်..."

"နတ်ဘုရားများနဲ့ မိစ္ဆာများအားလုံး ငါ့ရှေ့မှာ ဒူးထောက်ရမယ်... ငါဟာ ကြယ်တာရာများကို ချေမှုန်းပြီး ကောင်းကင်ဘုံကို မြှုပ်နှံမှာ ဖြစ်တယ်..."

"သင်တို့ရဲ့ နတ်ဘုရားလမ်းစဉ်ဟာ မတည်ရှိသင့်တော့..."

"ဒီတိုက်ပွဲမှာ အဲ့ဒါတွေ အားလုံးကို အမြစ်ပြတ် သုတ်သင်ကြစို့..."

အဆုံးအစမဲ့သော နီရဲသော မိုးကြိုးများ၏ အတွင်းမှ လွှမ်းမိုးနိုင်စွမ်းရှိပြီး အေးစက်လှသော အသံတစ်သံ ထွက်ပေါ်လာပေတော့သည်။

All Chapters