အခန်း (၂၆၈၇-၂၆၈၈)
Vol. 269 Ch. 2687-2688
အခန်း (၂၆၈၇) - ထိုခြေလှမ်းကို အရင်ဆုံး လှမ်းလိုက်သူ
ကရုဏာတောင်သည် ယခင်ကလောက် စည်ကားသိုက်မြိုက်ခြင်း မရှိတော့ပေ။ ဖန့်ကျစ်ရွှယ်၊ ဝမ်ချုံစန်း တို့မှာ အတွင်းကမ္ဘာကို ပေါင်းစပ်ရန် အတွက် ဂူပိတ်ကျင့်ကြံနေဆဲ ဖြစ်ကြောင်း ထင်ရှားသည်။ လီကုန်းကုန်း၊ ရှောင်လန်ရွှယ်၊ လူးယွမ်၊ မင်ကျင်း၊ ရှီလုံ၊ မယ်တော်စီ ၊ ယွီထင်ကျိုင်းတို့မှာလည်း အားလုံးပင် ဂူပိတ်လှောင်ကျင့်ကြံလျက် ရှိကြသည်။
“အစ်ကိုကြီး... အစ်ကိုပြောတာက လွန်ခဲ့တဲ့ တစ်ခါတုန်းက လီကုန်းကုန်းတို့လည်း လင်နယဲ့ အစောပိုင်းအဆင့် ဘွဲ့တံဆိပ်ကို ရရှိခဲ့တယ်လို့ ဆိုလိုတာလား။”
ဖန့်ချန် အနည်းငယ် အံ့အားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော် လီကုန်းကုန်းတို့၏ အခြေခံအရင်းအမြစ်မှာ ဝမ်ချုံစန်း တို့နှင့် ယှဉ်လျှင် အလွန်ပင် ကွာခြားလှသောကြောင့် ဖြစ်သည်။ အစမှအဆုံး တွက်ချက်ကြည့်လျှင်ပင် ရွှေဟွေး ကျောင်းတော်သို့ ဝင်ရောက်ခဲ့သည်မှာ နှစ်ပေါင်းတစ်ထောင်ကျော်သာ ရှိသေးသည်။
ကျန်းတောက်ယွဲ့သည် ဖန့်ချန်ကို ကြည့်ကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
“ညီလေးဖန့်... မင်းအနေနဲ့ ငါတို့ ကရုဏာတောင်ရဲ့ အခြေခံအရင်းအမြစ်ကို လျှော့တွက်လို့ မဖြစ်ဘူးနော်။ နိဗ္ဗာန်တားမြစ်နယ်မြေ ပေါ်ပေါက်လာပြီးကတည်းက ငါတို့ကလည်း ဘာကိုမှ ထိမ်ချန်ထားစရာ မလိုတော့ဘူးလေ။ ညီလေးလီတို့ ကျောင်းဝင်ပြီးတဲ့နောက်မှာ ဝမ်ညီလေးတို့ အသုံးမလိုတဲ့ အတွင်းကမ္ဘာရတနာ တွေ အများကြီးရှိတယ်။ ဒါကြောင့် သူတို့ကိုပဲ အကုန်ပေးလိုက်တာ။ မင်း ဂူပိတ်ကျင့်ကြံနေတဲ့ ကာလအတွင်းမှာလည်း ငါ သူတို့ကို ကရုဏာတောင်မှာပဲ သီးသန့်ရှိတဲ့ အတွင်းကမ္ဘာ တားမြစ်နယ်မြေ အချို့ကို ခေါ်သွားပြီး နတ်ဘုရားစွမ်းအား အချို့ကို လေ့လာဆည်းပူးစေခဲ့တယ်။
နောက်ဆုံးမှာတော့ သူတို့က အဆင့် ၅၀၀ အတွင်းကို ရောက်အောင် တိုက်ခိုက်နိုင်ခဲ့တာ နောက်တော့ နေမင်းခုနစ်ပါးကျောင်းသား ဖြစ်လာပြီး လင်နယဲ့အစောပိုင်းအဆင့် ဘွဲ့တံဆိပ်ကို ရရှိခဲ့တာပဲ။”
သူသည် ခဏရပ်လိုက်ပြီးနောက်
“အဲဒီအပြင် ‘ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးနယ်မြေ’ နဲ့ ‘စစ်ဆေးရေးဌာန’ ဘက်ကိုလည်း သူတို့ကို တစ်ခေါက် ခေါ်သွားခဲ့သေးတယ်။”
ဟု ဆက်ပြောသည်။
“အားလုံး နားလည်အောင် လေ့ကျင့်နိုင်ခဲ့ကြလား။”
“အားလုံး နားလည်အောင် လေ့ကျင့်နိုင်ခဲ့ကြပါတယ်။”
ကျန်းတောက်ယွဲ့သည် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
ဖန့်ချန်၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုတို့ ပေါ်လာသည်။ ထို ‘ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံး’ ဆိုသည်မှာ အချို့သော အခြေအနေများတွင် တကယ်ပင် အသုံးဝင်လှသည်။ မည်သို့ဆိုစေကာမူ ၎င်းမှာ ‘မျက်လုံးကိုးမျိုး’ ထဲမှ တစ်မျိုး မဟုတ်ပါလော။ ယခုအခါတွင်မူ ကရုဏာတောင်၏ နောက်ကွယ်မှ ထောက်ခံသူမှာ မည်သူဖြစ်သည်ကို သူ သိရှိသွားပြီဖြစ်သည်။ ထိုသူမှာ ဖမ်းစီးရေးဌာန မှ အကြီးအကဲ ဒွမ်ချင်းရှန်း ဖြစ်သည်။
သူ၏ လျှို့ဝှက်သော အစောင့်အရှောက်အောက်တွင် ကရုဏာတောင်မှ ကျောင်းသားများ ရရှိသည့် အရင်းအမြစ်များမှာ လူသိရှင်ကြား ကြည့်လိုက်လျှင် မများလှသော်လည်း၊ ကွယ်ရာတွင်မူ မည်သို့မျှ ညံ့ဖျင်းမည် မဟုတ်ပေ။ ယခုအခါ ‘ကောင်းကင်ငါးပါး’ အားလုံးမှာ ဆန်းနယဲ့ဘွဲ့တံဆိပ်ကို ရရှိရန် ပြိုင်ဆိုင်နေကြရာ ကရုဏာတောင်ဘက်မှလည်း ငြိမ်ခံနေမည် မဟုတ်တော့ပေ။
“ညီလေးဖန့်... မင်းကော။ မင်းရဲ့ ကျင့်စဉ်ကို ဘယ်လိုများ ကျင့်ကြံပြီးပြီလဲ။”
ကျန်းတောက်ယွဲ့က စပ်စုလိုသည့် အမူအရာဖြင့် မေးလိုက်သည်။
ဖန့်ချန်
“အတွင်းကမ္ဘာတစ်ခုကို ပေါင်းစပ်ပြီးပါပြီ။”
ကျန်းတောက်ယွဲ့၏ မျက်ဝန်းထဲတွင် အံ့ဩရိပ်တို့ လွှမ်းခြုံသွားသည်။
“ဒါကြောင့် မင်း ရောက်လာတဲ့အခါ အဲဒီအတွင်းကမ္ဘာရဲ့ အရှိန်အဝါက အရင်နဲ့ အများကြီး မထူးခြားတော့တာကိုး။ မင်းက ပထမဆုံး အတွင်းကမ္ဘာကို အောင်မြင်အောင် ပေါင်းစပ်လိုက်တာပဲ။ ခုနက အတွင်းကမ္ဘာက မင်းရဲ့ ဒုတိယမြောက် အတွင်းကမ္ဘာလား။”
သူသည် ခဏရပ်လိုက်ပြီးနောက်
“ဒီနှစ်တွေအတွင်းမှာ အဖွဲ့အစည်းတိုင်းက ကျောင်းသားတစ်ယောက်ယောက် ကျင့်စဉ်ကို အောင်မြင်စွာ စတင်နိုင်ဖို့ပဲ စောင့်မျှော်နေခဲ့ကြတာ။ အခုကြည့်ရတာတော့ မင်းကပဲ ဒီခြေလှမ်းကို အရင်ဆုံး လှမ်းလိုက်နိုင်တာပဲ။ ငါ ကြားသိရသလောက်ဆိုရင် အတွင်းကမ္ဘာရတနာတွေနဲ့ ပေါင်းစပ်ရင်တောင် ပထမဆုံး အတွင်းကမ္ဘာကို ပေါင်းစပ်ဖို့ နှစ်ပေါင်း ၂၀၀၀ လောက် အချိန်ယူရမယ်တဲ့။ ပါရမီနည်းတဲ့ သူတွေဆိုရင် နှစ်ပေါင်း ၂၀၀၀၊ ၃၀၀၀ ကြာရင်တောင် အောင်မြင်ဖို့ မလွယ်ဘူး။ မင်းကတော့ အခု နှစ်ပေါင်း ၁၅၀၀ ကျော်လေးနဲ့တင် သူတို့အားလုံးထက် ရှေ့ရောက်နေပြီ။”
ဟု ဆိုသည်။
ထိုစကားကို ပြောပြီးနောက် ကျန်းတောက်ယွဲ့သည် ရုတ်တရက် ထရပ်လိုက်ပြီး ပြုံးလျက် -
“သွားစို့၊ ဒီအသုတ်က ကျောင်းသားသစ်တွေနဲ့ သွားတွေ့ကြရအောင်။ မင်း အရင်က ငါ့ကို မှာခဲ့ဖူးတယ်လေ၊ သူတို့နဲ့ တွေ့ရင် လက်ခံထားပေးပါတဲ့။ ငါလည်း တစ်ယောက်မှ မကျန်အောင် လက်ခံထားလိုက်ပါတယ်။”
ဟု ပြောသည်။
ဖန့်ချန်၏ မျက်လုံးများမှာ တောက်ပသွားသည်။ ကျန်းတောက်ယွဲ့နောက်သို့ လိုက်ပါသွားပြီး ရှေ့ခန်းမသို့ ရောက်သောအခါ ကျောင်းသား ၂၀ ကျော်တို့ စုဝေးကာ တိုးတိုးလေး စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။ ကျန်းတောက်ယွဲ့ ဝင်လာသည်ကို မြင်သောအခါ သူတို့၏ မျက်နှာမှာ ချက်ချင်းပင် တည်ကြည်သွားသည်။ သို့သော် ခဏအကြာတွင် သူတို့၏ အမူအရာကို ထိန်းချုပ်မရတော့ပေ။
“အဲဒါ အစ်ကိုကြီးဖန့်ချန် မဟုတ်လား။”
“ဟုတ်မှာပါ၊ ငါ့အဖေက သူက ‘ဖန့် သူတော်စင်ဘိုးဘေး’ လို့ ပြောဖူးတယ်။ သူ့ကို တွေ့ရင် လေးစားသမှုရှိရှိနဲ့ ဆက်ဆံရမယ်၊ ဆရာကျန်းထက်တောင် ပိုပြီး လေးစားရမယ်လို့ မှာထားတယ်။”
“သူတော်စင်ဘိုးဘေး စီမံကိန်းလေ... အခု ကောင်းကင်ငါးပါးထဲမှာ သူ့အကြောင်း မသိတဲ့သူ ဘယ်သူရှိတော့မလဲ။ လူငယ်မျိုးဆက်ထဲမှာ ဘယ်မျိုးနွယ်စုကပဲ ဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် သူတော်စင်ဘိုးဘေး စီမံကိန်းရဲ့ အဖွဲ့ဝင်တွေ အများကြီးပဲ။”
“အခုချိန်မှာတော့ ‘ကျန်းထန်းဝမ်ခန်းမ’ လောက်ပဲ ငါတို့ စီမံကိန်းနဲ့ ယှဉ်နိုင်တော့မယ် ထင်တယ်။”
ထိုကျောင်းသားများ၏ ဖန့်ချန်ကို ကြည့်သည့်အကြည့်မှာ စိတ်လှုပ်ရှားမှုနှင့် တက်ကြွမှုတို့ဖြင့် ပြည့်နှက်နေသည်။
ကျန်းတောက်ယွဲ့သည် ထိုအခြေအနေကို မြင်သောအခါ -
“မင်းတို့က အစ်ကိုကြီးဖန့်ချန်ကို တွေ့ချင်တယ် ဆိုပြီးတော့။ အခု သူ ရောက်လာပြီ၊ ဘာရပ်လုပ်နေကြတာလဲ။”
ဟု ရယ်မောလျက် ပြောလိုက်သည်။
ကျောင်းသားများလည်း အလောတကြီးပင် ဖန့်ချန်ကို အရိုအသေပေးကာ အစ်ကိုကြီးဟု ခေါ်ဆိုကြသည်။ ဖန့်ချန်သည် မျက်ဝန်း၌ အပြုံးနှင့်အတူ ထိုကျောင်းသားအုပ်စုကို တစ်ချက်ကြည့်လိုက်ရာ မျက်လုံးအောက်နက်နက်တွင် စိတ်ခံစားမှုတို့ ပေါ်လာသည်။ သူတို့ထဲမှ အများစုမှာ သူ၏ ရင်းနှီးသူများဖြစ်သည်။ ကာလအသီးသီးတွင် အတူတူ လှုပ်ရှားခဲ့ကြသူများ၊ သူငယ်ချင်းများ၊ တစ်ခါတစ်ရံတွင် ရန်ငြိုးထားခဲ့ဖူးသူများလည်း ပါဝင်သည်။ သို့သော် သူတို့မှာ ရှန်းဟုန် မျိုးနွယ်စုမှ ဖြစ်သည်ဟူသောအချက်ကို ပြောင်းလဲ၍ မရပေ။
“တုယွင်ရှု၊ လီပါတောက်၊ တုန်းဖန်းဟောက်ကျဲ့...”
“ဟွမ်စစ်ဟိုင်၊ ရွှီဂီ ၊ ထျဲမ၊ ကျန်းရှောင်ခဲ...”
“ကျူးယွဲ့ သီလရှင်လည်း ရှိနေပါလား။”
ဖန့်ချန်သည် ရုပ်ရည်အေးစက်စက်နှင့် ထိုညီမငယ်ကို တစ်ချက်ပို၍ ကြည့်လိုက်သည်။ အရင်က ရေခဲတမျှ အေးစက်သော သူမ၏ မျက်နှာမှာ ယခုအခါ အလိုလိုပင် ရှက်သွေးဖြာလာပြီး ဖန့်ချန်ကို တည့်တည့်မကြည့်ရဲတော့ဘဲ ခေါင်းငုံ့သွားသည်။
“ညီလေး၊ ညီမလေးတို့... ငါ ဒီနှစ်တွေအတွင်းမှာ ဂူပိတ်ကျင့်ကြံနေရလို့ မင်းတို့နဲ့ မတွေ့ဖြစ်ခဲ့တာ။ ဒီ စင်ကြယ်သော ဗောဓီသီး တွေကို ယူထားလိုက်ကြပါ။”
ဖန့်ချန် လက်ရုံးကို ခါယမ်းလိုက်သောအခါ စင်ကြယ်သော ဗောဓ်သီး ဒါဇင်ပေါင်းများစွာသည် ကျောင်းသားများ၏ ရှေ့သို့ ပျံသန်းသွားသည်။ တစ်ယောက်စီလျှင် နှစ်ခုစီ ဖြစ်သည်။
စင်ကြယ်သော ဗောဓိသီး တုယွင်ရှုတို့မှာ အစ်ကိုကြီးဖန့်ချန်သည် အောက်ခြေမှ ညီငယ်ညီမငယ်များကို ကူညီရန် ဤအရာများကို ပေးတတ်သည်ဟူသော သတင်းစကားကို ကြားဖူးသော်လည်း ယခုမှပင် ကိုယ်တိုင်မြင်တွေ့ရမှ ယုံကြည်တော့သည်။
“အို... ငါ့အဖေတောင် ဒီအရာကို မစားဖူးဘူး။”
တုန်းဖန်းဟောက်ကျဲ့မှာ မယုံနိုင်စွာဖြင့် လက်နှင့် အသာလေး ထိကြည့်လိုက်သည်။ တကယ့်ကို အစစ်အမှန်ပင်။
ကျန်းတောက်ယွဲ့သည် ထိုမြင်ကွင်းကို မြင်သောအခါ -
“မင်းတို့ရဲ့ အစ်ကိုကြီးဖန့်ချန်က ဒီနှစ်တွေအတွင်းမှာ ဒီပစ္စည်းတွေကို အများကြီး ရထားပုံရတယ်။ သူ့အဆင့်နဲ့ဆိုရင် ဒါတွေကို စားလည်း အကျိုးမရှိတော့ဘူး။ မင်းတို့ အကုန်ယူထားလိုက်ကြ၊ နောင်အခါမှာ ဆန်းနယဲ့ ဘွဲ့တံဆိပ်ကို ရအောင်ယူနိုင်ဖို့ ကြိုးစားကြ။”
ဟု ပြုံးလျက် ပြောလိုက်သည်။
ကျောင်းသားများမှာ အလွန်ပင် စိတ်လှုပ်ရှားကာ အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုကြသည်။ ရွှေဟွေး ကျောင်းတော်သို့ ဝင်နိုင်သည်မှာပင် ပါရမီရှိကြောင်း သက်သေပြနေပြီဖြစ်သည်။ ဤ စင်ကြယ်သော ဗောဓိသီး နှစ်ခု၏ အကူအညီဖြင့်ဆိုလျှင် နောင်နှစ်အနည်းငယ်အကြာတွင် သူတို့မှာလည်း ကောင်းကင်ငါးပါး၏ ထိပ်တန်း ၅၀၀ အတွင်းကို ဝင်ရောက်ပြီး ‘နေမင်းခုနစ်ပါးကျောင်းသား’ ဖြစ်လာနိုင်ခြေ များလှသည်။ ထိုအခါမှသာလျှင် ‘နိဗ္ဗာန်တားမြစ်နယ်မြေ’ သို့ သွားရောက်ရန် အရည်အချင်း ပြည့်မီတော့မည် ဖြစ်သည်။
“ညီလေးဖန့်... မင်း ညီငယ်၊ ညီမငယ်တွေကိုလည်း တွေ့ပြီးပြီဆိုတော့ ကျောင်းအုပ် ဇောက်ဟွေ ဆီကို အရင်ဆုံး သွားလိုက်ပါဦး။ အထက်က ပေးလိုက်တဲ့ မင်းရဲ့ အတွင်းကမ္ဘာရတနာတွေကို သူမဆီမှာ အပ်ထားပေးတယ်။
ဒါ့အပြင် အခုချိန်မှာ ဆန်းနယဲ့ဘွဲ့တံဆိပ်ကို မရသေးတဲ့ နေမင်းခုနစ်ပါးကျောင်းသားတွေ အများကြီးက ကောင်းကင်ငါးပါး စစ်မြေပြင် မှာ တစ်နေ့ကုန် အပြန်အလှန် လေ့ကျင့်နေကြတယ်။ မင်း အချိန်ရရင် သွားကြည့်ကြည့်ဦး။”
ကျန်းတောက်ယွဲ့က ပြောသည်။
ဖန့်ချန် စိတ်ဝင်စားသွားကာ -
“နိဗ္ဗာန်တားမြစ်နယ်မြေကရော ဖွင့်လှစ်ပြီးပြီလား။” ဟု မေးလိုက်သည်။
ကျန်းတောက်ယွဲ့ -
“မင်းသာ လွန်ခဲ့တဲ့ နှစ်ဆယ်လောက်ကတည်းက ထွက်လာရင် သွားလို့ရသေးတယ်။”
ဟု ရယ်မောလျက် ပြောသည်။
ဖန့်ချန်လည်း စိတ်မပျက်ပါ။ သူသည် အဓိကအားဖြင့် ခန္ဓာကိုယ်ထဲရှိ အတွင်းကမ္ဘာကြယ်တာရာများကို အစာကြေစေရန်အတွက် လူများနှင့် တိုက်ခိုက်လိုခြင်းသာ ဖြစ်သည်။ ကောင်းကင်ငါးပါး စစ်မြေပြင်သို့ သွားသည်ဖြစ်စေ၊ ထိုနယ်မြေသို့ သွားသည်ဖြစ်စေ အတူတူပင် ဖြစ်သည်။
ကရုဏာတောင်မှ ထွက်ခွာလာပြီးနောက် ဖန့်ချန်သည် ဇောင်ဟွေဆီသို့ သွားကာ သူမလက်ထဲမှ အတွင်းကမ္ဘာရတနာ ခြောက်စုံကို ရယူလိုက်သည်။ သူ၏ မူလလက်ကျန် ၂၄ စုံနှင့်ဆိုလျှင် စုစုပေါင်း ၃၀ ဖြစ်သွားပြီ။ လက်ရှိအခြေအနေအရဆိုလျှင် သူ အချိန်အတော်ကြာ အသုံးခံဦးမည် ဖြစ်သည်။
လူသားကျောင်းဆောင်၊ ကောင်းကင်ငါးပါးခန်းမအပြင်ဘက်တွင် -
“ဒီတစ်ခေါက် နိဗ္ဗာန်တားမြစ်နယ်မြေမှာ ဆန်းနယဲ့ဘွဲ့တံဆိပ် မရလိုက်တာ တကယ့်ကို ရှက်ဖို့ကောင်းတာပဲ။”
“တော်ပြီ၊ နောက်ထပ် အချိန်တွေမှာတော့ ငါ ‘နေမင်းခုနစ်ပါး အပိုင်း’ ထဲမှာပဲ နေပြီး တိုက်ခိုက်နည်းတွေကို လေ့ကျင့်တော့မယ်။ ငါ့မှာ အဲဒီအပိုင်းမှာ လိုအပ်ချက် ရှိနေလို့သာ စစ်ဆေးသူတွေရဲ့ အနိုင်ကျင့်ခြင်းကို ခံလိုက်ရတာ၊ တကယ့်ကို ဒေါသထွက်စရာပဲ။”
ကောင်းကင်ငါးပါးခန်းမမှ စည်းမျဉ်းကို ပြောင်းလဲလိုက်သည့်အတွက် နေမင်းခုနစ်ပါးကျောင်းသားများသည် နှစ်ပေါင်းတစ်ရာ စောင့်စရာမလိုတော့ဘဲ အချိန်မရွေး ဝင်ရောက်နိုင်ပြီဖြစ်သည်။ ထို့ကြောင့် ယခုအခါတွင် ကျောင်းသားများမှာ အားလပ်ချိန်ရတိုင်း စစ်မြေပြင်သို့ သွားရောက်ကာ လေ့ကျင့်နေကြသည်။
ဖန့်ချန် ရောက်လာသောအခါ အခန်းထဲသို့ ဝင်ရောက်ရန် ပြင်ဆင်နေသည့် သူစိမ်းမျက်နှာ သုံးဦးကို တွေ့လိုက်ရသည်။ ထိုသုံးဦးမှာ ဖန့်ချန်ကို သတိပြုမိသွားပြီး ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူတို့၏ မျက်ဝန်းထဲတွင် ပြင်းထန်သော စိုးရိမ်မှုနှင့် ရန်လိုမှုတို့ ပေါ်လာတော့သည်။
အခန်း (၂၆၈၈) - ငါနဲ့အတူ လက်ရည်စမ်းပေးပါ
“မင်းတို့ကို ငါတစ်ခါမှ မမြင်ဖူးပါဘူး၊ ဘယ်ဆရာရဲ့ လက်အောက်ခံတွေလဲ။”
ဖန့်ချန်သည် ပေါ့ပေါ့ပါးပါးပင် မေးခွန်းထုတ်လိုက်သည်။
သို့သော် သူ၏စိတ်ထဲတွင်မူ ဇောင်ဟွေထံမှ ထွက်ခွာလာစဉ်က သူမ ပြောခဲ့သော စကားများကို ပြန်တွေးနေမိသည်။
ဇောင်ဟွေ၏ ပြောပြချက်အရ ထိုနှစ်ပေါင်းတစ်ထောင်အတွင်း လူသားကျောင်းတော်မှ ခေါ်ယူခဲ့သော တပည့်များထဲတွင် ဟော်ဆွေ့ မျိုးနွယ်စုမှ တပည့်များမှာ ၇၀ ရာခိုင်နှုန်းကျော် ရှိနေခဲ့သည်။
ယခင်ကဆိုလျှင် ဤသည်မှာ လုံးဝ ဖြစ်နိုင်ခြေမရှိသော အခြေအနေမျိုးဖြစ်သည်။
ယခင်ကာလများက ဟော်ဆွေ့မျိုးနွယ်စုမှ တပည့်များမှာ အများအားဖြင့် တန်လင် ကျောင်းတော်ဘက်သို့သာ သွားရောက်ကြလေ့ရှိသည်။
ထိုနေရာရှိ လူသားကျောင်းတော်က နှစ်ငါးရာတစ်ကြိမ် တပည့်သစ် ခေါ်ယူရာတွင် အနည်းဆုံး ၆၀ မှ ၇၀ ရာခိုင်နှုန်းမှာ ဟော်ဆွေ့မျိုးနွယ်စုမှပင် ဖြစ်သည်။
ယခုအချိန်တွင်မူ တန်လင်ကျောင်းတော်ဘက်ရှိ ဟော်ဆွေ့မျိုးနွယ်စု တပည့်များမှာ သိသိသာသာ လျော့နည်းသွားပြီး ရွှေဟွေး ကျောင်းတော်ဘက်တွင် အများအပြား ရောက်ရှိလာကြသည်။
ထို့အပြင် လူသားကျောင်းဆောင်တွင် တာဝန်ထမ်းဆောင်နေသော ကာကွယ်ရေးဆရာ သုံးဦးမှာလည်း အစားထိုး ပြောင်းလဲခြင်း ခံလိုက်ရသည်။
သူတို့၏နေရာတွင် ဟော်ဆွေ့မျိုးနွယ်စုမှ ပေါက်ဖွားလာသော ကာကွယ်ရေးဆရာ သုံးဦးကို အစားထိုး ခန့်အပ်လိုက်သည်။
ရှေးဦးပိုင်းက ချင်ဂွေ့ နှင့် မတူညီသည်မှာ ထိုကာကွယ်ရေးဆရာ သုံးဦးမှာ တိုက်ရိုက်မျိုးဆက်များဖြစ်ကြပြီး ဘေးထွက်မျိုးနွယ်စုခွဲမှ မဟုတ်ကြပေ။
သာ၍သာ ဇောင်ဟွမ်နှင့် ဇောင်ဟွေတို့သာ ‘ကရုဏာတောင်’ မှ မဟုတ်ခဲ့လျှင်၊ အထက်ပိုင်း၏ အားပေးထောက်ခံမှု မရှိခဲ့လျှင် သူတို့၏ ရာထူးများမှာလည်း ပြောင်းလဲသွားဖွယ် ရှိနေသည်။
သို့သော် ထို ကာကွယ်ရေးဆရာ သုံးဦးမှာ ရာထူးနေရာသို့ လာရောက်ရန် ခရီးလမ်းတွင်သာ ရှိသေးပြီး လူသားကျောင်းဆောင်သို့ မရောက်ရှိသေးပေ။
“မင်း ငါတို့ကို မမြင်ဖူးတာကတော့ အဆန်းမဟုတ်ဘူး၊ ငါတို့ လူသားကျောင်းဆောင်ကို ဝင်ရောက်လာတဲ့အချိန်မှာ မင်းက ဂူပိတ်ကျင့်ကြံနေပြီလေ။”
သူတို့ထဲမှ ကျောင်းသားတစ်ဦးက အေးစက်သော လေသံဖြင့် ပြောသည်။
ကျန်နှစ်ဦးကလည်း ဖန့်ချန်ကို အေးစက်စက် အကြည့်များဖြင့် ကြည့်နေကြပြီး သူတို့၏မျက်လုံးထဲမှ ရန်လိုမှုကို လုံးဝ ဖုံးကွယ်မထားကြပေ။
သူတို့ရှေ့တွင် ရှိနေသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို သူတို့ ကောင်းကောင်းသိသည်။
ထို့ပြင် သူတို့မှာလည်း စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်မျှသာ ရှိသေးသည်။
သို့သော်လည်း ဤနေရာမှာ လူသားကျောင်းဆောင်ဖြစ်သည့်အတွက် သူတို့မှာ ဖန့်ချန်ကို မကြောက်ရွံ့ကြပေ။
“မင်းတို့မျိုးနွယ်က ချင်မျိုးနွယ် ဖြစ်ရမယ်မဟုတ်လား။”
ဖန့်ချန်က ပြုံးလျက် ပြောသည်။
တစ်ဖက်လူမှာ အေးစက်စက်ဖြင့် မျက်ခွံကိုသာ ပင့်ကြည့်လိုက်သည်။
“သိလျက်နဲ့ လာမေးနေတာပဲ။”
“မင်းတို့ သိထားသင့်တယ်၊ ‘ကောင်းကင်ငါးပါးနယ်မြေ’ မှာ ကျောက်ခဲတစ်လုံး ပစ်ပေါက်လိုက်ရင်တောင် ‘သူတော်စင်ဘိုးဘေး စီမံကိန်း’ အဖွဲ့ဝင်တစ်ယောက်ယောက်ကို ထိခတ်နိုင်တယ်ဆိုတာကို။”
ဖန့်ချန်က စိတ်ဝင်တစားဖြင့် -
“မင်းတို့ မကြောက်ဘူးလား၊ အထဲမှာပဲ သေသွားပြီး ပြန်မထွက်နိုင်မှာကိုလေ။”
ထိုစကားကို ကြားလိုက်ရမှ ထိုသုံးဦးမှာ အမှတ်တမဲ့ ဖြစ်သွားကာ သူတို့၏ မျက်နှာများမှာ ချက်ချင်းပင် စိမ်းဖန့်သွားသည်။
သူတို့ ပြန်မပြောခင်မှာပင် ဖန့်ချန်မှာ ရယ်မောလျက် ကောင်းကင်ငါးပါးခန်းမထဲသို့ ဝင်သွားလေပြီ။
“ဘယ်လိုလုပ်ကြမလဲ။ ငါတို့ အထဲဝင်မှာလား။”
“မဝင်တာ အကောင်းဆုံးပဲ၊ တကယ်လို့ သူတော်စင်ဘိုးဘေး စီမံကိန်းအဖွဲ့ဝင်တွေက ဝိုင်းမိသွားရင် ငါတို့ သေဖို့ပဲ ရှိတော့တယ်။”
“ဒီလိုမှန်းသိရင် ရွှေဟွေးကျောင်းတော်ကို လာမိမှာ မဟုတ်ဘူး၊ အထက်က လူကြီးတွေကလည်း ဘာရည်ရွယ်ချက်နဲ့ ငါတို့ကို ဒီကို လွှတ်လိုက်တာလဲ မသိဘူး။ ငါတို့ရဲ့ စွမ်းဆောင်ရည်နဲ့ ခုနက လူကို ဘယ်လိုများ တားဆီးနိုင်မှာတဲ့လဲ။”
သုံးဦးသား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ နောက်ဆုံးတွင် သွားကိုကြိတ်၍ ကောင်းကင်ငါးပါးစစ်မြေပြင်ထဲသို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ကြသည်။
သူတို့၏ အထင်တွင်မူ အထဲတွင် ကျောင်းသားများ များပြားလှသည့်အတွက် ငြိမ်ငြိမ်လေးနေမည်ဆိုလျှင် ဖန့်ချန်အနေဖြင့် သူတို့၏ အသက်ကို အရင်းပြု၍ နောက်ပြောင်နေလိမ့်မည် မဟုတ်ဟု ယူဆထားကြသည်။
နေမင်းခုနစ်ပါးနယ်မြေ
ထိုနေရာရှိ ကျောင်းသားအရေအတွက်မှာ ကောင်းကင်ငါးပါးခန်းမရှိ နေမင်းခုနစ်ပါး ကျောင်းသားများ၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။
ထိုနေရာတွင် ပေါ်လာနိုင်သူများမှာ အခြေခံအားဖြင့် နိဗ္ဗာန်တားမြစ်နယ်မြေ တွင် ဆန်းနယဲ့ ဘွဲ့တံဆိပ်ကို မရရှိခဲ့ကြသူများ ဖြစ်ကြသည်။
အကယ်၍သာ ရရှိခဲ့လျှင် ဝမ်ချုံစန်းတို့ကဲ့သို့ ဂူပိတ်ကျင့်ကြံနေကြမည်ဖြစ်ရာ၊ ထိုနေရာတွင် တိုက်ခိုက်နည်းများကို လေ့ကျင့်ရန် အချိန်မည်သို့ ရှိနိုင်ပါမည်နည်း။
နေမင်းခုနစ်ပါး ကျောင်းသားများဖြစ်ကြသောအသက်စွမ်းအင် အလယ်အဆင့် ကျောင်းသားအုပ်စုတစ်ခုမှာ တိုးတိုးလေး ဆွေးနွေးနေကြစဉ်၊ ရုတ်တရက် အနီးအနားတွင် အလင်းရောင်တောက်ပသွားပြီး လူရိပ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
ထို အသက်စွမ်းအင်အလတ်အဆင့် ကျောင်းသားမှာ အံ့ဩသွားကာ -
“ဖန့်ချန်လား။”
“ဖန့်သူတော်စင်ဘိုးဘေးလား။ ဘယ်မှာလဲ။”
ချက်ချင်းပင် ထိုကျောင်းသားအုပ်စုမှာ ဖန့်ချန်ကို မြင်လိုက်ရသည်။
အချို့သော ကျောင်းသားများမှာ ချက်ချင်းပင် ရှေ့သို့တိုးကာ အရိုအသေပေးကြသည်။
ကျန်အချို့မှာမူ မယုံကြည်နိုင်သည့် အရိပ်အယောင်များဖြင့် ရှုပ်ထွေးနေကြသည်။
“မင်းတို့ ပြောကြည့်စမ်း၊ သူ ဘာလို့ ရုတ်တရက် ဂူပိတ်ကျင့်ကြံရာကနေ ထွက်လာတာလဲ။”
“ဒါမှမဟုတ်ရင်…”
“မဖြစ်နိုင်ပါဘူး၊ အကြီးကဲငါးပါးတောင် ဂူပိတ်ကျင့်ကြံနေတုန်းပဲ။ သူက အတွင်းကမ္ဘာတစ်ခုကို အောင်မြင်စွာ ပေါင်းစပ်ပြီးသွားပြီလား။”
“အချိန်ကို တွက်ကြည့်ရင်လည်း နှစ်ပေါင်း ၁၅၀၀ ကျော်သွားပြီ။ ယွမ်ရွှီရေစင်တွေ ၊ ကောင်းကင်မီးတောက် အသီးတွေ၊ မရဏာသားရဲ သွေးတွေနဲ့ဆိုရင် ဖြစ်နိုင်ချေ ရှိကောင်းရှိနိုင်တယ်။ သူက ကျဲနယဲ့ အဆင့်ပဲကိုး…”
ထိုစဉ် သူတို့သည် ဖန့်ချန်က သူတို့ဘက်ကို တစ်ချက် လှည့်ကြည့်လိုက်သည်ကို ခံစားမိသဖြင့် ချက်ချင်းပင် အသံလွှင့်ဆက်သွယ်မှုကို ရပ်လိုက်ကြသည်။
“ရင်းနှီးတဲ့ မျက်နှာတွေ မတွေ့ရဘူး၊ အကုန်လုံးက လူစိမ်းတွေပဲ။ ကျန်းထန်းဝမ် ခန်းမက ရှေးဟောင်းဘိုးဘေးတွေ ဆိုရင်လည်း တစ်ယောက်မှ မမြင်ရဘူး၊ အကုန်လုံး ဂူပိတ်ကျင့်ကြံပြီး အတွင်းကမ္ဘာကို ပေါင်းစပ်နေကြတာပဲ ဖြစ်ရမယ်။”
ဖန့်ချန်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ရှိ နေမင်းခုနစ်ပါးနယ်မြေ ၏ အခြေအနေကို အနည်းငယ် နားလည်သွားသည်။
ယခင်က အဆင့်မြင့်ခဲ့သော ကျောင်းသားအများစုမှာ ဂူပိတ်ကျင့်ကြံနေကြပြီး၊ ရှေးဟောင်းဘိုးဘေးများမှာလည်း ပေါ်မလာကြပေ။
ယခုနေရာတွင် ကျောင်းသားများမှာ နောက်ပိုင်းမှ ဝင်ရောက်လာသူများဖြစ်ပြီး ကောင်းကင်ငါးပါးတွင် အဆင့် ၅၀၀ အတွင်း ဝင်နိုင်သော်လည်း ဆန်းနယဲ့ ဘွဲ့တံဆိပ် မရရှိကြသူများသာ ဖြစ်သည်။
ထို့ကြောင့် သူတို့တွင် ကျင့်ကြံစရာ ကျင့်စဉ်လည်း မရှိကြဘဲ၊ ဤနေရာတွင် တိုက်ခိုက်နည်းကို လေ့ကျင့်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိကြပေ။
“ဖန့်သူတော်စင်ဘိုးဘေး၊ အခုတစ်ကြိမ် ဂူပိတ်ကျင့်ကြံတာ ကျင့်စဉ်မှာ တိုးတက်မှု တစ်စုံတစ်ရာ ရှိခဲ့လို့လား။”
သူတော်စင်ဘိုးဘေး စီမံကိန်းအဖွဲ့ဝင်တစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။
အသက်စွမ်းအင်အလယ်အလတ်အဆင့် တူညီကြသော်လည်း သူသည် ဖန့်ချန်နှင့် ဤမျှ နီးကပ်စွာ ရပ်တည်ဖူးခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
နိဗ္ဗာန်တားမြစ်နယ်မြေ မပေါ်ပေါက်ခင်က သူသည် ပါရမီကောင်းသော အမျိုးအစားမျှသာ ဖြစ်ခဲ့ပြီး နေမင်းခုနစ်ပါးခန်းမတွင် လူခေါ်ယူမှု တိုးမြှင့်လိုက်မှသာ ထိုနေရာကို ရောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
“ဟုတ်တယ်၊ တိုးတက်မှု အနည်းငယ် ရှိခဲ့လို့ ဒီနေရာမှာ တိုက်ခိုက်တာ နည်််််းနည်း လေ့ကျင့်ဖို့ လာခဲ့တာ။”
ဖန့်ချန်က ပြုံးလျက် -
“မင်းတို့လည်း တိုက်ခိုက်နည်း လေ့ကျင့်ဖို့ လာတာမဟုတ်လား။ အတော်ပဲ၊ ငါတို့ တိုက်ပွဲဧရိယာဘက် သွားကြရအောင်၊ ငါ့ကို လက်ရည်စမ်းပေးကြပါ။”
ရှေ့ရှိ သူတော်စင်ဘိုးဘေး စီမံကိန်းအဖွဲ့ဝင်များမှာ အလွန်ပင် ပျော်ရွှင်သွားကြသည်။
ဖန့်ချန်နှင့် တိုက်ခိုက်ရမည့် အခွင့်အရေးကို သူတို့ တစ်ခါမျှ မတွေးခဲ့မိကြပေ။
တစ်ဦးချင်း တိုက်ခိုက်သည်ဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ဖန့်ချန်နှင့် ယှဉ်ပြိုင်ရခြင်းမှာ စိတ်ကူးမယဉ်နိုင်သော အကျိုးကျေးဇူးများကို ရရှိလိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။
မကြာမီပင် ထို အသက်စွမ်းအင် အလယ်အလတ်အဆင့် ကျောင်းသားများနှင့် ဖန့်ချန်တို့သည် နေမင်းခုနစ်ပါး နယ်မြေ မှ ထွက်ခွာကာ တိုက်ပွဲ ဧရိယာသို့ သွားရောက်ကြသည်။
သူတို့ ထွက်သွားသည်ကို မြင်သောအခါ ကျန်ရှိနေသော ကျောင်းသားများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မနာလိုခြင်း၊ စိတ်တိုခြင်းတို့ ဖြစ်ပေါ်လာကြသည်။
“ငါတို့လည်း လိုက်ကြည့်ရင်ကောင်းမလား။ တိုက်ပွဲကို ကြည့်ရုံနဲ့တင် အကျိုးရလဒ်တွေ ရနိုင်တာပဲလေ။”
ကျောင်းသားတစ်ဦးက အကြံပြုသည်။ ထိုအကြံပြုချက်ကို အများစုက သဘောတူကြသည်။
အနီးအနားရှိ အခြားသော အဆင့်မြင့် ကျောင်းသားများကလည်း သတိပြုမိသွားကြသည်။
“ငါတို့လည်း လိုက်ကြည့်ကြမလား။”
ကမ္ဘာတည်ဆောက်ခြင်း အစောပိုင်းအဆင့် ကျောင်းသားတစ်ဦးက စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။
တစ်ဦးကမူ တွေးတောလျက် -
“ဖန့်သူတော်စင်ဘိုးဘေး ဘယ်လောက်ပဲ ထူးချွန်ပါစေ၊ သူက အသက်စွမ်းအင်အဆင့်ပဲ ရှိသေးတယ်။ ငါတို့က ကမ္ဘာတည်ဆောက်ခြင်း အဆင့် ဖြစ်နေပြီ၊ အသက်စွမ်းအင် အဆင့် တိုက်ပွဲကို ကြည့်တာ အကျိုးမရှိတဲ့အပြင် အချိန်ကုန်တာပဲ အဖတ်တင်မယ်။ တကယ်လို့ သူသာ ကမ္ဘာတည်ဆောက်ခြင်း အဆင့် ဖြစ်နေရင်တော့ ငါ သေချာပေါက် ကြည့်မှာပဲ။”
ထိုသို့ပြောပြီးနောက် သူသည် ခေါင်းခါကာ အခြားသူတစ်ဦးနှင့် တိုက်ပွဲဝင်ရန် ပြင်ဆင်သွားသည်။
နောက်ဆုံးတွင် ကမ္ဘာတည်ဆောက်ခြင်း အစောပိုင်းအဆင့် ကျောင်းသားအနည်းငယ်သာ တိုက်ပွဲ ဧရိယာသို့ လိုက်သွားကြသည်။
ယခုအချိန်မှာ ကောင်းကင်ငါးပါးခန်းမ၏ တရားဝင်ဖွင့်လှစ်သောနေ့ မဟုတ်သည့်အတွက်၊ ဖန့်ချန်တို့ တိုက်ခိုက်သောအချိန်တွင် ကြည့်ရှုသူမှာ အတွင်းကမ္ဘာ ထောင်ပေါင်းအနည်းငယ်မျှသာ ရှိသည်။
သူတို့မှာ နေမင်းခုနစ်ပါး နယ်မြေ မှ လိုက်လာကြသူများဖြစ်ပြီး အဆင့်အမျိုးမျိုးမှ ဖြစ်ကြသည်။
မိုးကုပ်စက်ဝိုင်းအထက်တွင် ရုတ်တရက် လူရိပ်နှစ်ခု ပေါ်လာသည်။
“ပေမိန်လျူရှန်း၊ အဲဒါ မင်းတို့ လူသားမျိုးနွယ်စုရဲ့ ဖန့်သူတော်စင်ဘိုးဘေးပဲ။”
လင်ယောင် မဟာမိတ်မှ ကောင်းကင်ငါးပါးကြီးကြပ်ရေးမှူး လော့ထျန်းက အောက်ဘက်ကို ကြည့်ကာ ပြုံးစစဖြင့် -
“သူက တစ်ယောက်တည်းနဲ့ အယောက်တစ်ရာကို ယှဉ်ပြိုင်တော့မလို့လား။”
ဖန့်ချန်နှင့် တိုက်ခိုက်ရန် ရွေးချယ်လိုက်သော အသက်စွမ်းအင် အလယ်အလတ်အဆင့် ကျောင်းသားမှာ အယောက်တစ်ရာကျော် ရှိနေသည်။
ပေ့မိန်လျူရှန်းသည် ထိုမြင်ကွင်းကို မြင်သောအခါ မျက်နှာအနည်းငယ် ပြောင်းလဲသွားသည်။
“တိုက်ပွဲ ဧရိယာရဲ့ စည်းကမ်းအတိုင်းပဲလေ၊ သူ ဘယ်နှစ်ယောက်နဲ့ တိုက်မလဲဆိုတာ သူ့သဘောပဲ။”
“ဟုတ်ပါပြီ၊ ဒါပေမဲ့ ပေ့မိန်လျူရှန်း၊ မင်းရဲ့ နောက်ခံက ဟော်ဆွေ့မျိုးနွယ်စုနဲ့ နီးစပ်တယ်လို့ ငါကြားဖူးတယ်။ ပြီးတော့ ဖန့်ချန်ရှိနေတဲ့ ကရုဏာတောင်ကလည်း ဟော်ဆွေ့မျိုးနွယ်စုနဲ့ မတည့်ဘူးလေ။ မင်း အရင်က ဒီကောင်လေးကို သဘောကျနေတာ အခု ဘယ်လို သဘောထားမျိုး ရှိလဲ။”
လော့ထျန်းက စိတ်ဝင်တစား မေးလိုက်သော်လည်း သူ၏မျက်လုံးအောက်တွင်မူ လှောင်ပြောင်သည့် အရိပ်အယောင်များ ပေါ်နေခဲ့သည်။