← Chapters

ရေပန်းစားမှု တိုးလာခြင်း

Vol. 15 Ch. 211

ရေပန်းစားမှု တိုးလာခြင်း

Vol. 15 Ch. 211

လေပူလက္ခဏာ တုပ်ကွေးသည် ယခုနှစ် ဆောင်းဦးရာသီတွင် ကြောက်စရာ အကောင်းဆုံးသော အရာ ဖြစ်ပြီး သတင်းတွင်လည်း ၎င်းအကြောင်းသာ ပြည့်နေသောကြောင့် လူအများက ရောဂါထံ၌ အရှုံးပေးရပြီဟု ထင်မြင်မိစေသည်။

“ကုသဆေး ရှိတာလား”

ထိုသတင်းက အများပြည်သူ၏ ဖုန်းထဲ၌ ပေါ်လာသောအခါ လူတိုင်း ရင်တဒိတ်ဒိတ် ခုန်သွားကြသည်။

*မဟုတ်မှလွဲရော ရုတ်ရုတ်သဲသဲ ဖြစ်အောင် သတင်းလွှင့်တာလား ဒါမှမဟုတ် ဆေးဝါး ကြော်ညာတာလား*

စိတ်ထဲ၌ သံသယဝင်လာသောကြောင့် သူတို့ သတင်းလင့်ခ်ကို နှိပ်ကြည့်လိုက်ကြသည်။

သူတို့၏ အာရုံကို ဖမ်းစားသွားသည်က ကြီးမားသော ဓာတ်ပုံတစ်ခု ဖြစ်သည်။ ယင်းမှာ မြို့တော် ဆေးရုံ၏ ကုသခန်းနေရာ ဖြစ်လေသည်။ လေပူလက္ခဏာ တုပ်ကွေးကြောင့် သီးသန့်ခွဲထားသည့် ဧရိယာကိုလည်း ထိုပုံဘေး၌ ဖော်ပြထားသည်။

ဓာတ်ပုံထဲ၌ ဆောက်တည်ရာမရ ဖြစ်နေခဲ့သော လူအများက မျှော်လင့်ချက် အပြည့်နှင့် ပြုံးနေကြသည်ကို လူတိုင်း မြင်တွေ့နေရသည်။

အောက်သို့ ပွတ်၍ ကြည့်လိုက်သောအခါ ဓာတ်ပုံတစ်ပုံကို ယှဉ်တွဲ၍ ဖော်ပြထားသည်။

တစ်ပုံမှာ နေမကောင်း ဖြစ်နေသော ကလေးတစ်ယောက်၏ ဓာတ်ပုံဖြစ်ပြီး နောက်တစ်ပုံမှာ ထိုကလေး အစာ စားနေသောပုံ ဖြစ်လေသည်။ ကလေး၏ အမူအရာက ဒုတိယပုံ၌ ပိုမိုကောင်းမွန်နေ၏။

နောက်ဆုံးတွင် သတင်းအား စာကြောင်းတစ်ကြောင်းဖြင့် အဆုံးသတ်ထားသည်။

“ကြောက်စရာကောင်းတဲ့ လေပူလက္ခဏာ တုပ်ကွေးက ပြင်းပြင်းထန်ထန် ဝင်ရောက်လာပြီးတော့ လူတွေရဲ့ အဖိုးတန်တဲ့ အသက်တွေကို နင်းချေခဲ့တယ်၊ ဒါပေမဲ့ အဲ့ဒါကို ကျော်ဖြတ်နိုင်တဲ့ နေ့ကို ရောက်လာခဲ့ပြီ၊ ငါတို့အားလုံး ဒီနေ့ကို အမှတ်ရကြရအောင်”

ထို့အပြင် အစိုးရသတင်းစာများ ဖြစ်သော ရှင်းဟွာ နေ့စဉ်သတင်းနှင့် အများပြည်သူ နေ့စဉ်သတင်းတို့ကလည်း မြို့တော် ဆေးရုံကို တွဲ၍ သတင်းတင်ထားသည်။ သူတို့ ဆေးကို မြန်နိုင်သမျှ မြန်မြန် ထုတ်လုပ်နိုင်ပြီး အများပြည်သူကို မြန်မြန်ကယ်နိုင်ပါစေဟု ရေးသားထားလေသည်။

ထိုသတင်းမီဒီယာများက အစိုးရဌာနကို ကိုယ်စားပြုပေသည်။

ထိုအခါ မရေတွက်နိုင်သော လူများစွာက မြို့တော်ဆေးရုံသို့ အသည်းအသန် ပြေးသွားကြသည်။ ထိုသူများထဲတွင် ဖျားနာနေသူများ၊ သတင်းမီဒီယာများနှင့် တစ်ကမ္ဘာလုံးမှာ နာမည်ကျော် ဆရာဝန်များလည်း ပါလေ၏။

ဆေးဝါးက ရုတ်တရက်ဆန်ဆန် ပေါ်လာသဖြင့် တရုတ်တစ်နိုင်ငံလုံးကို ထိတ်လန့်စေခဲ့ပြီး မသိလျင် ဘုရားက သူတို့အား အကူအညီ ပေးလိုက်သလိုပင်။

မြို့တော်ဆေးရုံမှာ နာမည်အကြီးဆုံး ပါမောက္ခငါးယောက်က လူအများ၏ အာရုံစိုက်စရာ ဖြစ်လာလေသည်။

ရွေးချယ်စရာ မရှိသဖြင့် သူတို့သည် အတူတူ ရှေ့တက်လာပြီး အများပြည်သူနှင့် တွေ့ဆုံကြသည်။

“ဒီဆေးကို ဘယ်လို ဖော်စပ်ခဲ့သလဲ မေးလို့ရမလား”

သတင်းထောက်တစ်ယောက်က မေးလာသည်။ ယင်းက လူတိုင်း၏ စိတ်ထဲ၌ ရှိနေသော မေးခွန်းပင်။

“ဒါကို ပြိုင်ဘက်ကင်းတဲ့‌ ဆေးပညာနဲ့ ဆေးပညာ ကျင့်ဝတ်ရှိတဲ့ နတ်ဆေးဆရာတစ်ယောက်က ဖန်တီးခဲ့တာပါ၊ ဟွာထို့က သေဆုံးသွားပြီဆိုပင်မယ့် ဒီနတ်ဆေးဆရာကတော့ ကျုပ်တို့ကြားထဲမှာ ရှင်သန်နေတယ်၊ သူ့ကို ကျုပ် လေးစားမိတယ်”

ပါမောက္ခယု၏ မျက်နှာက တည်ငြိမ်လေးနက်နေပြီး စကားပြောနေချိန်တွင် သူ့မျက်လုံး၌ လေးစားအားကျစိတ်တို့ ပေါ်လွင်နေ၏။

“သူ့ရဲ့ ပေါ်ထွက်လာမှုက ကျုပ်ကို တရုတ် ဆေးပညာနဲ့ အရေးပါပုံကို သိမြင်စေခဲ့တယ်၊ သူက ကျုပ်တို့နိုင်ငံရဲ့ ရွက်ပုန်းသီး ပါရမီရှင်ပဲ၊ တရုတ် ဆေးပညာက ကျုပ်တို့ရဲ့ ဂုဏ်ယူစရာပဲ”

ပါမောက္ခချန်ကလည်း မှတ်ချက်ပြုသည်။

ထိုဆရာဝန်ငါးယောက်သည် တရုတ်နိုင်ငံ၏ ဆေးလောကတွင် ဩဇာအရှိဆုံးသူများ ဖြစ်လေသည်။ သို့သော် ယခုအခါ၌ သူတို့က လူတစ်ယောက်ကို စိတ်လိုလက်ရ ချီးကျူးနေသဖြင့် လူတိုင်း၏ စိတ်ဝင်စားမှုကို ပို၍ တိုးမြင့်လာစေသည်။

“သူက ဘယ်သူလဲ သိလို့ရမလား”

သတင်းထောက်က မေးလာသည်။

“နတ်ဆေးဆရာက သိုသိုသိပ်သိပ် နေရတာကို သဘောကျတယ်၊ သူက တိတ်ဆိတ်မှုကို နှစ်ခြိုက်ပြီးတော့ အာရုံစိုက်ခံရတာကို မကြိုက်ဘူး”

ထိုစဉ် ပါမောက္ခကျန်းက ရှေ့တိုးလာပြီး ရဲ့လင်းချန် ရေးထားသော စာရွက်ကို ထုတ်ပြသည်။

“ဒါက နတ်ဆေးဆရာ ချန်ထားခဲ့တဲ့ စာရွက်ပါ၊ ဒါကို ကုသခန်းထဲမှာ ထာဝရ ဖော်ပြထားပါမယ်၊ ဒါ ကျုပ်တို့ ဆေးပညာ အသိုင်းအဝိုင်းရဲ့ ဂုဏ်အယူရဆုံး သာဓကပါ”

“ချလပ် ချလပ် ချလပ်”

ကင်မရာများက စာရွက်ကို ချိန်၍ ဆက်တိုက် ဓာတ်ပုံရိုက်ကြသည်။

ထိုစာရွက်လေးပေါ်တွင် တရုတ်နိုင်ငံအနှံ့မှ မရေတွက်နိုင်သော လူအများ၏ အသက်များ မှီခိုနေ၏။ ပထမဆုံးအကြိမ်အဖြစ် အများအမြင်သို့ ဆေးစာရွက်ကို ထုတ်ပြခြင်းပင်။

၎င်းမှာ လေပူလက္ခဏာ တုပ်ကွေးကို ရင်ဆိုင်နိုင်သည့် ဆေးညွှန်းဖြစ်ပြီး အသက်ပေါင်း၊ မိသားစုပေါင်းများစွာကို ကယ်နိုင်သည့် ဆေးညွှန်းပင်တည်း။

လူတိုင်း တစ်လုံးချင်း ဖတ်ကြည့်ပြီးနောက် မျက်ရည်ကို မထိန်းနိုင်တော့ချေ။

ထိုနေ့တွင် ထိုဆေးညွှန်းပါသည့် ဗွီဒီယိုက tik tok တွင် ပလူပျံလာသည်။ ဆေးအမယ်များ ပါဝင်သည့် ရိုးစင်းသော ဆေးညွှန်းဖြစ်ပြီး လူအများ နားမလည်ကြသော်လည်း နှစ်သက်သူ ဆယ်သန်းအထိ ရှိလာလေသည်။

Tik tok တွင် ထိုဗွီဒီယိုက like ဆယ်သန်း ရရှိသည့် ပထမဆုံးဗွီဒီယိုပင်။

သို့သော် ဆေးညွှန်း၏ အောက်ဆုံးကို မြင်သောအခါ လူတိုင်း ဆူညံလာလေသည်။ ရေးသားသူက - ဝိုင်ပင်။

[ဝိုင်လား ဟုတ်သားပဲ၊ ငါ သိခဲ့သင့်တာ၊ ဒါ ဝိုင်ပဲ ဖြစ်သင့်တာပေါ့]

[ဟူးဟူးဟူး … ဘာလို့လဲ မသိပင်မယ့် ငါ ဝိုင်ဆိုတာကို မြင်တော့ မငိုဘဲ မနေနိုင်ဘူး၊ တစ်ယောက်ယောက် ငါ့ကို ဘာလို့လဲဆိုတာ ပြောနိုင်မလား]

[အင်း … ဘာလို့လဲဆိုတော့ ဝိုင်က အခု မျှော်လင့်ချက်ရဲ့ သင်္ကေတ ဖြစ်နေလို့လေ၊ မင်း သတိမထားမိဘူးလား၊ ဝိုင် ရှိသရွေ့ ဆန်းကြယ်မှုက အမြဲ ဖြစ်လာတယ်၊ မျှော်လင့်ချက်ကိုလည်း ယူဆောင်လာတယ်]

[ဟုတ်တယ်၊ ဝိုင်တွေ ဒီလောက်များတာ၊ သူတို့ထဲက ဘယ်သူက ငါတို့ကို စိတ်ဘဝင်ခိုက်ပြီး ကြည်နူးအောင် မလုပ်နိုင်တဲ့သူဆိုတာ ရှိလို့လား၊ ငါ ဝိုင်ဆိုတဲ့စကားကို အလိုလို သဘောကျနေတာ၊ ငါ မြင်လိုက်တာနဲ့ ငါ ချစ်ရတဲ့လူကို ခံစားလိုက်ရတယ်]

[ဒါ နတ်ဆေးဆရာရဲ့ အကျင့်စရိုက်ပဲ၊ သူက လုပ်စရာ ကိစ္စ ပြီးတာနဲ့ အားလုံးကို အစဖျောက်သွားပြီး သူ့အောင်မြင်မှုကို ဖုံးကွယ်ချင်တယ်]

[ဟူးဟူးဟူး နတ်ဆေးဆရာဝိုင်၊ ခင်ဗျား ဘယ်မှာလဲ ငါ မေးလို့ရမလား၊ ငါ မင်းကို ကုသစရိတ် မပေးရသေးဘူး၊ တန်ဖိုးကိုသာ ပြောလိုက်ပါ၊ ပြောပေးပါဗျာ]

[ဟုတ်တယ် နတ်ဆေးဆရာဝိုင်၊ ကျွန်တော်တို့ ခင်ဗျားကို ဆေးကုသစရိတ် ပေးချင်ပါတယ်၊ ကျွန်တော်တို့ ခင်ဗျားအပေါ်မှာ အသက် အကြွေး တင်နေပါပြီ]

[နတ်ဆေးဆရာ ဝိုင်ကို ကြည့်ပါဦး၊ အခု ဈေးကြီးနေတဲ့ ဆေးတွေကိုလည်း ပြန်ကြည့်လိုက်ဦး၊ ဘယ်လိုလုပ် လူ့စိတ်က အဲ့လောက် ကွာရတာလဲ]

…

တစ်စုံတစ်ရာကို လူအများ လက်ခံလိုက်သောအခါ ရေပန်းစားမှု ဖြစ်လာလေသည်။ ဝိုင်သည်လည်း ခေတ်တစ်ခေတ်၏ ကျော်ကြားမှု ဖြစ်လာပြီး မြင့်မြတ်သောသူ ဖြစ်လာလေသည်။

ဤကိစ္စက တစ်နိုင်ငံလုံး စိတ်ဝင်စားလာခဲ့ပြီး လူတိုင်း ကြည်နူးမိသည်။ ကလေးအစ လူကြီးအဆုံး အားလုံးက နတ်ဆေးဆရာဝိုင်ဟူသော ထိုနာမည်ကို သူတို့စိတ်ထဲ၌ စွဲနေအောင် မှတ်ထားကြသည်။

ရှင်းဟွာ နေ့စဉ်သတင်းကလည်း နတ်ဆေးဆရာ ဝိုင်ကို နာမည်တပ်၍ ချီးကျူးလေသည်။

မြို့တော်ဆေးရုံကလည်း နတ်ဆေးဆရာဝိုင်က သူတို့၏ ဧည့်ဆရာဝန် ဖြစ်လာမည်ဟု အများပြည်သူကို ထုတ်ကြေညာသည်။ သူ့အား ယာယီသာ အလုပ်ခန့်ထားသော်လည်း အမြင့်ဆုံး အကျိုးအမြတ် စံချိန်စံနှုန်းများ ပေးအပ်လေသည်။

ရဲ့လင်းချန်သည်လည်း ထိုနေ့တွင် ထပ်တူထပ်မျှ စိတ်လှုပ်ရှားနေသည်။ သူသည် အခန်းထဲ၌ နေနေပြီး လုံးဝ အပြင်မထွက်ချေ။

သူသည် စနစ် ဖန်သားပြင်ကိုသာ စိုက်ကြည့်နေသည်။ အတိအကျ ပြောရမည်ဆိုလျင် သူ၏ တိုးမြင့်လာနေသော ရေပန်းစားမှုကို ကြည့်နေခြင်း ဖြစ်သည်။

သူ၏ ရေပန်းစားမှုအမှတ်က ညသန်းခေါင်ကတည်းက တက်လာပြီး ရပ်မသွားချေ။ အလွန် လျင်မြန်သော နှုန်းဖြင့် ဆက်တိုက် တိုးမြင့်လာပြီး လည်နေသော ဘီးမှ နံပတ်များလိုပင်။ လျင်မြန်သော ပြောင်းလဲမှုက မျက်စိကျိန်း စရာပင်။

အစက ရေပန်းစားမှု နှစ်သိန်း ရှိနေရာမှ မျက်တောင်တစ်ခတ်အတွင်း သုံးသိန်း ကျော်သွားသည်။ ထို့နောက် လေးသိန်း၊ ငါးသိန်း၊ ခြောက်သိန်း …

၈၉၃,၇၈၉ သို့ ရောက်မှသာ ရပ်သွားလေသည်။

မထင်မှတ်ထားစရာပင်။ တကယ်ပင် မထင်ထားမိပါ။

တိုးလာသည့်နှုန်းက ရဲ့လင်းချန်ကို ထိတ်လန့်သွားစေပြီး သူ့မျက်နှာအား စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာ စေသည်။

ထိတ်လန့်စရာပဲ၊ တကယ်ကို ကြောက်ဖို့ကောင်းတယ်။

ထိုအဖြစ်က သူ၏ ရေပန်းစားမှုအမှတ်အား ခြောက်သိန်းကျော် တိုးလာစေသည်။

ဤသည်က ဘယ်လိုဖြစ်ရသနည်း. ရဲ့လင်းချန်သည် အစကတည်း စုစုပေါင်း အမှတ်ခြောက်သိန်းသာ ရရှိဖူးသည်။ တစ်နည်းအားဖြင့် ယခုအဖြစ်က ရဲ့လင်းချန်၏ ယခင်က ရခဲ့ဖူးသော စုစုပေါင်းအမှတ်ကို ရလိုက်သည်နှင့် အတူတူပင်။

ရေပန်းစားမှုအမှတ် အမြန်ဆုံး ရရှိနိုင်သည့်နည်းက နိုင်ငံနှင့် လူအများကို စိတ်ဝင်စားအောင် လုပ်နိုင်သည့် နည်းပင်။

ဤသည်က လေပူလက္ခဏာ တုပ်ကွေးမျှသာ ရှိသေးသည်။ အကယ်၍ သူသာ ကမ္ဘာကို ကယ်တင်နိုင်လျင် သူ၏ ရေပန်းစားမှုက ပေါက်ကွဲမတတ် တိုးနိုင်လာလောက်လေသလား။

ရဲ့လင်းချန်သည် စိတ်ကူးယဉ်ရုံမျှသာ ယဉ်လိုက်ခြင်း ဖြစ်သည်။ ကမ္ဘာကို ကယ်တင်ခြင်းက … ပင်ပန်းလွန်းလှသည်။ ယခုအချိန်က သူ့အနေဖြင့် ကမ္ဘာကို ကယ်တင်ရန် အချိန်မကျသေးပေ။

ရဲ့လင်းချန်သည် တစ်သန်းနားသို့ နီးကပ်လာသည့် အမှတ်များကို ကြည့်နေသည်။ ထိုအမှတ်ကို ရပါက အဆင့်မြှင့်တင်လိုက်လျင် သူ၏ အလယ်အလတ်အဆင် စွမ်းရည်က မည်မျှ အံ့ဩစရာကောင်းမလဲ သူ သိချင်မိသည်။

သူ အဆက်မပြတ် ကြိုးစား အားထုတ်နေသင့်သည်။

ရဲ့လင်းချန်က ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်ပြီး ကွန်ပျူတာကိုဖွင့်၍ အရူးသဖွယ် စာစရေးလေတော့သည်။

ထိုအချိန်သည်လည်း နတ်ဘုရားများကို သုတ်သင်ခြင်းအတွက် အမှတ်ရစရာကောင်းသော အချိန်အခါပင်။

စာလုံးရေ တိုးလာခြင်းနှင့်အတူ နတ်ဘုရားများကို သုတ်သင်ခြင်း၏ သက်ရောက်မှုကလည်း ကြီးမားလာသည်။ ပရိသတ်များကလည်း တစ်နေ့တခြား တိုးမြင့်လာ၏။

အစကတည်းက ထင်ပေါ်နေသော ဝတ္ထုသည် ယခုအခါတွင် အင်တာနက်ပေါ်၌ ဖတ်ရှုသူ အများဆုံး စာအုပ် ဖြစ်လာလေသည်။

All Chapters