အခန်း ၃၇၁
Vol. 38 Ch. 371
အခန်း (၃၇၁) ချင်းယန် စက်ဘီးပြင်ဆိုင်
"လီလန်... နင် အဲ့ရဲဘော်ကို သိလို့လား..."
စက်ဘီးပြင်ဆိုင်သို့ သွားရာလမ်းတွင် ပိုင်ကျဲ့သည် အလုပ်သမားဝတ်စုံ ဝတ်ဆင်ထားသော ထိုလူကို နောက်လှည့်၍ သိချင်စိတ်ပြင်းပြစွာ ကြည့်လိုက်သည်။
"မသိဘူး..."
"ကျွန်တော် သူ့ကို တစ်ခါလောက်တော့ မြင်ဖူးသလိုပဲ... ဒါပေမဲ့ ဘယ်နေရာမှာလဲဆိုတာတော့ မမှတ်မိတော့ဘူး..."
လီလန်က ခေါင်းယမ်းလိုက်၏။
"ဒါဆိုလည်း မဆန်းပါဘူး... သူက နင့်ကို နည်းနည်း ကြောက်နေသလိုမျိုး ငါ ဘာလို့ ခံစားနေရတာလဲ..."
"ကျွန်တော့်ကို ကြောက်နေတယ်..."
"အစ်မ ပြောလိုက်မှပဲ ကျွန်တော် မှတ်မိသွားပြီ..."
လီလန်က ပြုံး၍ ပြောလိုက်လေသည်။
"ဟိုနေ့က ချင်းယန်မြို့နယ် အပြင်ဘက်က လမ်းဆုံမှာ သူလည်း ရှိနေခဲ့တာ..."
လီလန် ရည်ညွှန်းလိုက်သည်မှာ နှစ်သစ်ကူးမတိုင်မီက ရှုံ့ထျဲ့နှင့် သူ၏လူများ သူ့ကို ချုံခိုတိုက်ခိုက်၍ လုယက်ခဲ့သည့် အချိန်ကို ဖြစ်သည်။
"အာ... ဒါဆို သူက ဘာလို့ နင့်ကို ကြောက်နေရတာလဲ... နင့်ကို မြင်တာနဲ့ ကြွက်က ကြောင်ကို မြင်သလိုပဲနော်..."
"ကျွန်တော် တစ်ယောက်တည်းနဲ့ ခုနစ်ယောက်ကို လက်သီးနည်းနည်း ပစ်ပေါက်ပြလိုက်တာ မြင်တော့ သူ ကြောက်သွားတာ နေမှာပေါ့..."
လီလန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ဟွန့်... အရမ်းကြွားနေတာပဲ... နင်က တကယ့်ကို အရှက်မရှိတာပဲ..."
ပိုင်ကျဲ့သည် တခစ်ခစ် ရယ်မောလိုက်ပြီး လီလန်၏ လက်မောင်းကို ချိတ်ဆွဲရန် လက်လှမ်းလိုက်လေသည်။
မိန်းမတစ်ယောက် ဘာပြောသည်ကို မကြည့်ဘဲ သူမ ဘာလုပ်သည်ကိုသာ ကြည့်ရမည်ဟူသော စကားအတိုင်းပင် ဖြစ်တော့သည်။
သူတို့နှစ်ယောက် စကားပြောရင်း ထောင့်တစ်ခုကို ကွေ့လိုက်ရာ လမ်းကြားငယ်တစ်ခုကို တွေ့လိုက်ရ၏။
ထိုလမ်းကြားမှာ မရှည်လျားဘဲ ဆိုင်ခန်းအနည်းငယ် ရှိလေသည်။
၎င်းတို့ထဲမှ တစ်ခုမှာ ချင်းယန် စက်ဘီးပြင်ဆိုင်ဖြစ်သည်။
"ချင်းယန် စက်ဘီးပြင်ဆိုင်... ချင်းယန်... တာ့ချင်းယန်..."
လီလန်သည် ဆိုင်းဘုတ်ကို လှမ်းကြည့်ရင်း လှောင်ပြုံး ပြုံးလိုက်၏။
ဤစက်ဘီးပြင်ဆိုင်၏ အမည်မှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေပြီး ပုဆိန်ဂိုဏ်း တည်ရှိရာ ချင်းယန်မြို့နယ်နှင့် အမည်တူနေလေသည်။
ဤအရာက တိုက်ဆိုင်လွန်းနေသည် မဟုတ်ပေလော။
"ရဲဘော်... ကျွန်တော့်စက်ဘီး သံမှိုစူးလို့ ဘီးပေါက်သွားတယ်... ဒီနေ့ ပြင်လို့ရမလား... ခဏနေ ခရီးထွက်စရာရှိလို့ အရမ်း အရေးကြီးနေတယ်..."
"ရပါတယ်... ပြင်လို့ရတယ်... စိတ်မပူနဲ့... ပိုက်ဆံ နည်းနည်း ပိုပေးရင် ခင်ဗျားစက်ဘီးကို အရင်ပြင်ပေးမယ်... မိုးမချုပ်ခင် ဘီးဖာပြီးသား ဖြစ်စေရမယ်လို့ အာမခံတယ်..."
"ဘယ်လောက် ပိုပေးရမလဲ..."
"မဈေးကြီးပါဘူး... သုံးယွမ်ပါ..."
"ခင်ဗျား ရူးနေလား... ဘီးဖာတာက တစ်ယွမ်ပဲရှိတာကို အရေးပေါ် ပြင်ခဆိုပြီး သုံးယွမ်တောင် တောင်းနေတာလား..."
"ဒါဆိုလည်း တခြားဆိုင် သွားပြင်လိုက်လေ..."
"..."
စက်ဘီးပြင်ဆိုင်အတွင်း၌ မျက်မှန်တပ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် စက်ဘီးပြင်ဆရာနှင့် ဈေးဆစ်နေလေသည်။
"ဆရာ... နည်းနည်း လျှော့ပေးလို့ မရဘူးလား... သုံးယွမ်က အရမ်း ဈေးကြီးလွန်းတယ်..."
"လျှော့လို့ မရဘူး... ငါ့ဆိုင်မှာ တပည့်ဘယ်နှယောက် ရှိလဲဆိုတာကြည့်ဦး... သူတို့အားလုံးက ပြင်ခလေးကို အားကိုးပြီး စားသောက်နေရတာ..."
"ကောင်းပြီလေ... သုံးယွမ်ဆိုလည်း သုံးယွမ်ပေါ့... နေ့လယ်ကျရင် စက်ဘီး လာယူမယ်..."
မျက်မှန်တပ်ထားသော လူလတ်ပိုင်းအမျိုးသားသည် သူ၏ ပိုက်ဆံအိတ်ကို မလိုလားစွာ ထုတ်လိုက်ပြီး တစ်ယွမ်တန် လေးရွက်ကို ဆွဲထုတ်ကာ စက်ဘီးပြင်ဆရာထံ ကမ်းပေးလိုက်ပြီးနောက် ဆိုင်ထဲမှ ထွက်သွားတော့သည်။
လီလန်သည် သူ ထွက်သွားသော ကျောပြင်ကို ကြည့်နေရင်း သူ၏ အကြည့်များမှာ အဟောင်းစား ထာဝရတံဆိပ် ၂၈-လက်မ စက်ဘီးပေါ်သို့ ကျရောက်သွားလေသည်။
"နောက်ထပ် ကံဆိုးတဲ့ကောင်လား..."
သို့သော် သူသည် ခေါင်းယမ်းလိုက်ပြီး ကံဆိုးသူဟု ပြောခြင်းမှာ မိမိကိုယ်ကို ကံဆိုးသူဟု ခေါ်လိုက်ခြင်းနှင့် တူမနေပေလော။
မည်သူက မိမိကိုယ်ကို ကျိန်ဆဲမည်နည်း။
မျက်မှန်တပ်ထားသော လူလတ်ပိုင်းအမျိုးသားအပြင် စက်ဘီးပြင်ဆိုင် အပြင်ဘက်တွင် စက်ဘီးတွန်းလာသော အခြားလူ သုံးလေးယောက် ရှိနေသေးပြီး အားလုံးမှာ ချွင်းချက်မရှိ ဘီးပေါက်နေကြသည်။
"ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ အခု ငါ့လက်ထဲမှာ အလုပ်တွေ အရမ်းများနေတယ်... ပိုက်ဆံ နည်းနည်း ပိုမပေးရင် ခင်ဗျားတို့အတွက် အလုပ်လုပ်ပေးဖို့ ခက်တယ်..."
စက်ဘီးပြင်ဆရာက လက်ကို ဖြန့်ကာ မတတ်နိုင်သည့်ပုံစံဖြင့် ပြောလိုက်၏။
"ကောင်းပြီ... ကျွန်တော် သုံးယွမ် ပိုပေးမယ်... ကျွန်တော့်ဟာကို အရင်ပြင်ပေး..."
"ကျွန်တော် အလျင်လိုနေတယ်... တစ်ယွမ် ပိုပေးမယ်... နောက်နှစ်နာရီနေရင် စက်ဘီး လာယူမယ်..."
"..."
သူတို့ မလိုလားကြသော်လည်း စက်ဘီးပြင်ရန် လိုအပ်နေသော ထိုဖောက်သည်များမှာ ဤတိတ်ဆိတ်သော ဆုံးရှုံးမှုကို မြိုသိပ်ခံရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
"အရူးတွေ..."
လီလန်က ခေါင်းယမ်းလိုက်သည်။
ပိုင်ကျဲ့သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အာမေဍိတ်သံ ပြုလိုက်၏။
"လီလန်... ဒီစက်ဘီးပြင်ဆိုင်က အရောင်းအဝယ်ကောင်းတယ်နော်... စက်ဘီး လာပြင်တဲ့လူတွေ အများကြီးပဲ..."
လီလန်သည် လှောင်ပြုံး ပြုံးလိုက်ရင်း "ဒါက တိုက်ဆိုင်လွန်းနေတယ်လို့ မထင်ဘူးလား..." ဟု ပြောလိုက်သည်။
"အမ်... နင် ဘာကိုဆိုလိုတာလဲ..."
ပိုင်ကျဲ့က သူ၏စကားကြောင့် လန့်သွားလေသည်။
"ဟိုစက်ဘီးတွေကို ကြည့်လိုက်... ဘာတွေ ပျက်နေတာလဲ..."
လီလန်၏ အမြင်အာရုံမှာ အလွန်ကောင်းမွန်ပြီး ဤစက်ဘီးများ အားလုံးတွင် တူညီသော ချို့ယွင်းချက် ရှိနေသည်ကို သတိပြုမိလိုက်သည်။
တစ်နည်းဆိုရသော် ပျက်စီးမှုမှာ တစ်ထပ်တည်း တူညီနေသည်။
ထို့နောက် ပိုင်ကျဲ့သည် စက်ဘီးများကို ကြည့်လိုက်ရာ မိနစ်ဝက်ခန့်အကြာတွင် သူမ ရုတ်တရက် သဘောပေါက်သွားတော့သည်။
"အကုန်လုံး ဘီးပေါက်နေကြတာလား..."
"တစ်ယောက်ယောက်က ဘီးပေါက်အောင် လမ်းပေါ်မှာ သံမှိုတွေ တမင်ကြဲထားတာပဲ..."
လီလန်က တင်းမာသော မျက်နှာအမူအရာဖြင့် ပြောလိုက်လေသည်။
သူတို့နှစ်ဦး စကားပြောနေစဉ် အခြားဖောက်သည်များ ထွက်သွားပြီးနောက် စက်ဘီးပြင်ဆရာသည် အပေါက်ဝတွင် ရပ်နေသော သူတို့နှစ်ဦးကို သတိပြုမိသွားသည်။
"ရဲဘော်တို့... စက်ဘီးလာပြင်တာလား..."
စက်ဘီးပြင်ဆရာသည် မြှောက်ပင့်သော အပြုံး၊ နွေးထွေးသော အမူအရာတို့ဖြင့် ပြောလိုက်၏။
ထိုသို့ပြောနေစဉ် သူ၏ မျက်လုံးများက လီလန်၏ဘေးတွင် ရပ်နေသော ပိုင်ကျဲ့ဆီသို့ တိတ်တဆိတ် ရောက်သွားလေသည်။
ဆိုင်ရှိ တပည့်များသည် တံခါးဝသို့ ဖောက်သည်အသစ်များ ရောက်လာသည်ကို ကြားလိုက်ရသဖြင့် အားလုံး ခေါင်းမော့ကြည့်လိုက်ရာ သူတို့၏ အကြည့်များမှာ ပိုင်ကျဲ့အပေါ်သို့ ကျရောက်သွားကြသည်။
အသက်ငယ်ရွယ်သူ အနည်းငယ်မှာ ပိုင်ကျဲ့၏ ရှည်လျားသော ခြေတံများကို ပြူးကျယ်သောအကြည့်များဖြင့် စိုက်ကြည့်နေကြပြီး ပြုပြင်ရေးကိရိယာများကို ကိုင်ဆွဲလျက် နေရာမှာပင် မှင်သက်နေကြတော့သည်။
"စက်ဘီးပြင်ဆိုင်မှာ စက်ဘီးပြင်တာကလွဲပြီး ဘာလုပ်လို့ရဦးမှာလဲ…”
လီလန်သည် မျက်မှောင်ကြုတ်၍ သူ့အသံကို တမင်မြှင့်လိုက်သည်။
သူ့အသံမှာ မိုးကြိုးကဲ့သို့ စက်ဘီးပြင်ဆရာနှင့် တပည့်များ၏ နားထဲတွင် ဟိန်းထွက်သွားလေသည်။
စက်ဘီးပြင်ဆရာသည် ဤဖောက်သည်မှာ ကိုင်တွယ်ရ မလွယ်ကူကြောင်း သိရှိသဖြင့် တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်၏။
သူသည် သူ၏ စိတ်အားထက်သန်သော အမူအရာကို ဖယ်ရှားလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ဘီးဖာရင် တစ်ယွမ် အရေးပေါ် ပြင်ရင် သုံးယွမ်... ဈေးကြီးတယ်လို့ ထင်ရင် တခြားဆိုင်သွားပြင်..."
လီလန်က လှောင်ပြုံး ပြုံးလိုက်ပြီး "ကျွန်တော့်စက်ဘီး ဘာဖြစ်နေတယ်ဆိုတာကိုတောင် မပြောရသေးဘဲနဲ့ ဘီးဖာဖို့ လိုတယ်ဆိုတာကို ခင်ဗျားက ဘယ်လိုသိနေတာလဲ..." ဟု ပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရသောအခါ စက်ဘီးပြင်ဆရာ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် မူမမှန်ဖြစ်သွားပြီး "အရင်ဖောက်သည်တွေ အကုန်လုံး ဘီးပေါက်နေကြလို့ ရဲဘော်လည်း ဘီးပေါက်တာနေမှာပဲလို့ ငါက ခန့်မှန်းလိုက်တာပါ..." ဟု ပြောလိုက်၏။
"အဲ့လိုလား..."
လီလန်က သူ့ကို ခပ်ပြုံးပြုံးဖြင့် ကြည့်လိုက်လေသည်။
စက်ဘီးပြင်ဆရာ၏ မျက်နှာမှာ မည်းမှောင်သွားပြီး "ဟေ့... မင်း ပြင်မှာလား၊ မပြင်ဘူးလား... မပြင်ဘူးဆိုလည်း မြန်မြန် ထွက်သွားစမ်း... ငါ့အရောင်းအဝယ်ကို လာမနှောင့်ယှက်နဲ့... ယနေ့ ငါ့မှာ အလုပ်တွေ အရမ်းများတယ်... အချိန်မရှိဘူး..." ဟု ပြောလိုက်သည်။
စက်ဘီးပြင်ဆရာက လက်ကို ဝှေ့ယမ်းကာ သူတို့ကို နှင်ထုတ်လိုက်သည်။
"ပြင်မှာပေါ့... ဘာလို့ မပြင်ရမှာလဲ..."
"ကျွန်တော့်ရဲ့ ဒီထာဝရတံဆိပ် စက်ဘီးက မနှစ်က အထူးထုတ်ထားတဲ့ ဗားရှင်းပဲ... အခု ဘီးပေါက်သွားပြီ... အတွင်းကျွတ်အသစ် တစ်ခုထည့်ပေးပြီး အပြင်တာယာကိုပါ လဲပေး..."
လီလန်သည် စက်ဘီးပြင်ဆိုင် အပေါက်ဝတွင် ရပ်ထားသော ထာဝရတံဆိပ် ၂၈-လက်မ စက်ဘီးဆီသို့ မျက်လုံးများဖြင့် အချက်ပြလိုက်၏။
“အတွင်းကျွတ် လဲမလို့လား... အပြင်တာယာကိုရော…”
စက်ဘီးပြင်ဆရာ၏ ပါးစပ်မှာ အပြုံးတစ်ခုအဖြစ် ပြောင်းလဲလုနီးပါး ဖြစ်သွားတော့သည်။ အရောင်းအဝယ် အကြီးစားကြီး ဝင်လာလေပြီ။
သူသည် စက်ဘီး၏ အခြေအနေကို စစ်ဆေးရန် အမြန်ပြေးသွားလိုက်သည်။
စစ်ဆေးပြီးနောက် သူ ချက်ချင်း မတ်တတ်ရပ်လိုက်၏။
"ရဲဘော်... မင်းရဲ့ နောက်ဘီးက သုံးမရတော့ဘူး... လဲမှ ရမယ်..."
"အပြင်တာယာလည်း ပေါက်နေတယ်... အဲ့ဒါလည်း လဲရမယ်..."
"ဒါဆိုလည်း လဲလိုက်လေ..."
လီလန်က ခေါင်းညိတ်လိုက်သည်။
"ဒီစက်ဘီးက အထူးထုတ် ထာဝရတံဆိပ်ဆိုတော့ မူရင်းအတွင်းကျွတ်နဲ့ အပြင်တာယာကိုပဲလဲပေး..."
မူရင်းစက်ဘီးအပိုပစ္စည်းများမှာ အသစ်ကဲ့သို့ အမြဲတမ်း ပိုကောင်းမွန်လေသည်။
စက်ဘီးပြင်ဆရာမှာ အလွန်ဝမ်းသာသွားပြီး နှုတ်ခမ်းပေါ်ရှိ အပြုံးကို ဖုံးကွယ်မထားနိုင်တော့ပေ။
"ဒီအရူးက ဘယ်ကရောက်လာတာလဲ... ဟီးဟီး... တကယ့် ငါးကြီးကြီး တစ်ကောင်ပဲ..."
သူသည် သူ၏ စိတ်လှုပ်ရှားမှုကို အတင်း ဖိနှိပ်ထားလိုက်ပြီး ပုံမှန်အသွင်အပြင်ကို ထိန်းသိမ်းကာ မေးစေ့ကို ပွတ်သပ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
"ရဲဘော်... မူရင်းအတွင်းကျွတ်နဲ့ အပြင်တာယာက ရဖို့မလွယ်ဘူးနော်..."
"ဘာဖြစ်လို့လဲ... ခင်ဗျားဆိုင်က မပြင်နိုင်ဘူးလား..."
"မပြင်နိုင်ရင်လည်း ထားလိုက်တော့... တခြားဆိုင် သွားပြင်လိုက်မယ်..."
"မဟုတ်ဘူး... မဟုတ်ဘူး... ရဲဘော်... မင်း နားလည်မှု လွဲနေပြီ... ငါဆိုလိုတာက အပိုပစ္စည်းတွေက ဝယ်ရခက်တယ်... ရဖို့ မလွယ်ဘူးလို့ ပြောတာ..."
"အိုး..."
"ရဲဘော်... မင်းကို ရိုးရိုးသားသားပဲ ပြောရရင် မူရင်းအတွင်းကျွတ်နဲ့ အပြင်တာယာကို လဲချင်တယ်ဆိုရင်တော့ မင်း ပိုက်ဆံပိုပေးရမယ်..."
ဤစကားကို ကြားလိုက်ရသောအခါ လီလန်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်၏။
"ဒါဆိုလည်း ပိုပေးမယ်... ကျွန်တော့်မှာ ပိုက်ဆံ မရှားဘူး..."
လီလန်သည် သူ၏ အိတ်ကပ်ထဲမှ ငွေစက္ကူအကြွေ တစ်ထပ်ကို ဆွဲထုတ်လိုက်ပြီး စက်ဘီးပြင်ဆရာ၏ မျက်စိရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။
ထူထဲသော ငွေစက္ကူအထပ်ကို မြင်လိုက်ရသောအခါ စက်ဘီးပြင်ဆရာ၏ မျက်လုံးများ ပြူးကျယ်သွားပြီး လောဘများဖြင့် ပြည့်နှက်သွားတော့သည်။