← Chapters

အခန်း ၃၇၄

Vol. 38 Ch. 374

အခန်း ၃၇၄

Vol. 38 Ch. 374

အခန်း (၃၇၄) ချင်းယန်မြို့နယ် ပုဆိန်ဂိုဏ်း

ချင်းယန်မြို့နယ်၊ ပုဆိန်ဂိုဏ်း။

ပုဆိန်ဂိုဏ်း၏ ခေါင်းဆောင်လျူသည် သူ၏ဆူဖြိုးနေသော ဗိုက်ကြီးကို ဖော်ထားပြီး လက်တစ်ဖက်က ငန်းကင်ပေါင်ကို ကိုင်ထားကာ အခြားလက်တစ်ဖက်တွင်မူ ပြင်းထန်သော အရက်ပုလင်းတစ်လုံးကို ကိုင်ထားလေသည်။

သူသည် ငန်းပေါင်ကင်ကို တစ်ကိုက်ကိုက်လိုက်ပြီး အရက်တစ်ငုံကို သောက်လိုက်ရာ သူ၏ ပါးစပ်တစ်ခုလုံး ဆီများ ပေပွနေတော့သည်။

သူ အစားစားနေရင်း တစ်ဝက်ခန့်အရောက်တွင် သူ၏ရှေ့၌ ရပ်နေသော တပည့်ဖြစ်သူကို မော့ကြည့်လိုက်လေသည်။

"ရှောင်မာ... မင်းမျက်နှာက ဘာဖြစ်လာတာလဲ... တစ်ယောက်ယောက်က ရိုက်လိုက်တာလား..."

သူ၏ရှေ့တွင် ရပ်နေသော လူမိုက်လေး ရှောင်မာဆိုသူမှာ လွန်ခဲ့သော ရက်အနည်းငယ်က လီလန် အကြွေးသွားတောင်းခဲ့သည့် မာလင်းကျီပင် ဖြစ်လေသည်။

ထိုနေ့က မာလင်းကျီသည် သူ့ကိုယ်သူ ပြင်းထန်စွာ ပါးရိုက်ခဲ့သောကြောင့် ရက်အနည်းငယ် ကြာသည်အထိ မျက်နှာမှာ မကျသေးဘဲ ဖူးရောင်နေဆဲဖြစ်သည်။

သူ၏ မျက်နှာတစ်ဖက်မှာ အခြားတစ်ဖက်ထက် ပိုကြီးနေပြီး တောင်ပေါ်ပျားများ တုပ်ခံထားရသကဲ့သို့ ဖြစ်နေသဖြင့် ကြည့်ရသည်မှာ ရယ်စရာကောင်းလှသည်။

ခေါင်းဆောင်ဖြစ်သူက မေးမြန်းလိုက်သောအခါ မာလင်းကျီ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး အမြန်ပင် ရှင်းပြလိုက်လေသည်။

"ကျွန်တော် အိမ်ပြန်လာတဲ့လမ်းမှာ တောပျားအုံနဲ့ တိုးသွားလို့ပါ... တောရိုင်းပျားရည်ကို လောဘတက်မိလို့ ပျားတုပ်ခံလိုက်ရတာပါ..."

မာလင်းကျီသည် လီလန်အား ပြစ်မှားမိခဲ့သည့် အကြောင်းကို ပုဆိန်ဂိုဏ်း ခေါင်းဆောင်အား မပြောပြလိုပေ။

အကယ်၍ သူသာ ပြောပြလိုက်ပါက ဂိုဏ်းအတွက် ဒုက္ခရောက်စေမည်ဖြစ်သည်။

လီလန်၏ လက်ထဲတွင် ချင်းလုံဂိုဏ်း၏ အမှတ်အသားပြားနှင့် ပိုင်ဟူဂိုဏ်း၏ အမှတ်အသားပြား နှစ်ခုလုံး ရှိနေသဖြင့် ထိုဂိုဏ်းနှစ်ခု၏ ကိုယ်စားလှယ်တစ်ဦးဖြစ်ကြောင်း ထင်ရှားလှသည်။ ပုဆိန်ဂိုဏ်းမှ ခေါင်းဆောင်ငယ်လေးသာဖြစ်သော မာလင်းကျီအနေဖြင့် သူ့ကို မရန်စရဲပေ။

သူသည် သူ၏ကိုယ်ပိုင်အမှားများအတွက် ခါးသီးသော အကျိုးဆက်များကို ကိုယ်တိုင်သာ ခံစားရမည်ဖြစ်လေသည်။

သို့သော် ခေါင်းဆောင်လျူက မာလင်းကျီ၏ ဤအကြံအစည်လေးကို မသိဘဲ မနေနိုင်ပေ။

"ရှောင်မာ... ငါ့ကိုပြောစမ်း... ဘယ်ကောင်က ခုလိုလုပ်လိုက်တာလဲ... စိတ်မပူနဲ့... မင်းရဲ့ ခေါင်းဆောင်က မင်းဘက်က ရပ်တည်ပေးမယ်..."

ခေါင်းဆောင်လျူသည် သူ၏ တပည့်များအပေါ် အကာအကွယ်ပေးတတ်ပြီး သစ္စာရှိလှသောကြောင့် နာမည်ကြီးလေသည်။ သို့မဟုတ်ပါက သူ၏နောက်တွင် ဤမျှ သစ္စာရှိသော နောက်လိုက်များ ရှိလာမည် မဟုတ်ပေ။

"ငါ့ကို ပြောစမ်း... ဘယ်သူက မင်းကို ခုလိုပုံစံဖြစ်အောင် ရိုက်လိုက်တာလဲ..."

မာလင်းကျီသည် ဝမ်းနည်းပူဆွေးစွာဖြင့် ငိုကြွေးလိုက်ပြီး

"ဝူး... ခေါင်းဆောင်... ခေါင်းဆောင်... ကျွန်တော် အမှန်အတိုင်း မပြောချင်တာ မဟုတ်ပါဘူး... ဒီကိစ္စက အရမ်း ရှက်စရာကောင်းလွန်းလို့ပါ..."

သို့သော် သူသည် သူ၏ ခေါင်းဆောင် အကျင့်စရိုက်ကို ကောင်းစွာ သိထားလေသည်။ အကယ်၍ သူသာ တကယ် မပြောပါက သူ့ကို ခေါင်းဆောင်တစ်ယောက်အဖြစ် သဘောမထားရာ ရောက်ပေမည်။

မာလင်းကျီက သက်ပြင်းချလိုက်ပြီး

"ခေါင်းဆောင်... ကျွန်တော့်မျက်နှာက ဒဏ်ရာတွေက ကိုယ့်ကိုယ်ကိုယ် ပြန်လုပ်ထားတာပါ..."

ခေါင်းဆောင်လျူ အံ့အားသင့်သွားပြီး

"မင်းဘာသာမင်းလုပ်တာ ဟုတ်လား..."

အခန်းထဲရှိ ပုဆိန်ဂိုဏ်း ခေါင်းဆောင်အချို့မှာလည်း အံ့အားသင့်သွားကြလေသည်။ ဖတ်တီးတစ်ယောက်က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။

"အစ်ကိုမာ... ဘာအကြောင်းမှမရှိဘဲ ကိုယ့်ကိုယ်ကိုယ် ဘာလို့ ခုလိုနာကျင်အောင် လုပ်ရတာလဲ... ဘာတွေဖြစ်ခဲ့လို့လဲ..."

မာလင်းကျီ ဆက်လက်ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ လူတစ်ယောက်က ထိတ်လန့်တကြား ပြေးဝင်လာလေသည်။

ထိုလူသည် ဝင်လာသည်နှင့် တစ်ပြိုင်နက် ဒူးထောက်ချလိုက်တော့သည်။

"ခေါင်းဆောင်... ကယ်ပါဦး..."

ခေါင်းဆောင်လျူက မျက်မှောင်ကြုတ်လိုက်ပြီး

"လျူလိုင်ဇီ... မင်းက ပိုင်ရှန်းမြို့နယ်က မင်းရဲ့ ပြင်ဆိုင်ကို သေချာမစီမံဘဲ ဘာလို့ ပြန်ရောက်လာတာလဲ..."

အခန်းထဲရှိ အခြားသူများကလည်း လျူလိုင်ဇီကို ကြည့်လိုက်ကြလေသည်။

"လျူလိုင်ဇီ... ဘာတွေဖြစ်နေတာလဲ..."

မာလင်းကျီက လှည့်၍ ပြတ်သားစွာ မေးလိုက်သည်။

လျူလိုင်ဇီသည် ဒေါသထွက်နေသော ခေါင်းဆောင်လျူကို မော့ကြည့်ကာ ကြောက်လန့်တကြားဖြင့် ပြောလိုက်၏။

"ကျွန်တော်တို့ ဆိုင်ကို ပြဿနာလာရှာတဲ့သူ ရှိနေလို့ပါ... အဲ့လူက နောက်ခံအင်အားကြီးတော့ ကျွန်တော်တို့ သူ့ကို မရန်စရဲဘူး... သူ... သူပြောတာက..."

လျူလိုင်ဇီမှာ စကားပြောရန် တုံ့ဆိုင်းနေပြီး ပြောမည်ပြုကာမှ ပြန်မျိုချလိုက်လေသည်။

"သူက ဘာပြောတာလဲ..."

ခေါင်းဆောင်လျူက အတင်းအကျပ် မေးလိုက်သည်။

"သူက ခေါင်းဆောင်ကိုယ်တိုင် လာပြီးတော့ သူ့စက်ဘီးကို ပြင်ပေးရမယ်လို့ ပြောပါတယ်..."

"ဘာ..."

"အဲ့ကောင်က တော်တော် သတ္တိကောင်းနေပါလား... ညီအစ်ကိုတို့... ပိုင်ရှန်းမြို့နယ်ကို သွားကြစို့..."

ခေါင်းဆောင်လျူသည် ချက်ချင်းပင် ဒေါသထွက်သွားပြီး သူ၏လက်ထဲမှ ငန်းပေါင်ကင်ကို ပစ်ချလိုက်ကာ လက်ကို ကြုံသလို သုတ်လိုက်ပြီး လက်နက်ကို ကိုင်ဆွဲ၍ အခန်းထဲမှ ဒေါသတကြီး ထွက်သွားတော့သည်။

ခေါင်းဆောင်အုပ်စုတစ်စုကလည်း သူ့နောက်မှလိုက်ကာ ပိုင်ရှန်းမြို့နယ်သို့ ဦးတည်သွားကြလေသည်။

မာလင်းကျီသည် နောက်ဆုံးမှ ကျန်ရစ်ခဲ့ပြီး လျူလိုင်ဇီ၏ မျက်လုံးများ ကလည်ကလည် ဖြစ်နေသည်ကို သတိပြုမိလိုက်ရာ ဤကိစ္စမှာ ရိုးရှင်းမည်မဟုတ်ကြောင်း ခန့်မှန်းမိလိုက်လေသည်။

"လျူလိုင်ဇီ... မင်းလည်း လိုက်ခဲ့..."

မာလင်းကျီက အသံဩဩဖြင့် ပြောလိုက်၏။

"အာ... ကျွန်တော်လည်း လိုက်ရမှာလား..."

"ဘာတွေ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ... လာ သွားမယ်..."

မာလင်းကျီသည် လျူလိုင်ဇီ၏ လည်ပင်းကို ဆွဲကိုင်၍ အခန်းထဲမှ ဆွဲထုတ်သွားတော့သည်။

ပိုင်ရှန်းမြို့နယ်၊ ချင်းယန် စက်ဘီးပြင်ဆိုင်။

"မင်းတို့က ဒီလက်ဖက်ရည်ထဲကို အဆိပ်ခတ်ထားတာတော့ မဟုတ်ပါဘူးနော်..."

ဆိုင်အဝင်ဝတွင် လီလန်သည် လက်ရန်းပါသော ထိုင်ခုံကြီးပေါ်တွင် ခြေချိတ်ထိုင်နေပြီး စက်ဘီးပြင်ဆိုင်မှ တပည့်ဖြစ်သူ ငှဲ့ပေးလာသော လက်ဖက်ရည်ကို ပေါ့ပေါ့ပါးပါးပင် ယူလိုက်လေသည်။

ရှေးဟောင်း အဖြူရောင် ကြွေရည်သုတ်ခွက်၏ အရှေ့ဘက်တွင် 'ပြည်သူကိုအလုပ်အကျွေးပြုပါ' ဟူသော အနီရောင်စာလုံးများကို ရိုက်နှိပ်ထားလေသည်။

"မဟုတ်ပါဘူး... မဟုတ်ပါဘူး... ကျွန်တော်တို့ မဝံ့ရဲပါဘူး..."

စက်ဘီးပြင်ဆိုင်မှ တပည့်ဖြစ်သူမှာ အနေခက်သွားပုံရပြီး ခေါင်းကို ပန်ကာကဲ့သို့ ခါရမ်းပြလိုက်သည်။

"မင်းတို့ မဝံ့ရဲဘူးလို့ပဲ မျှော်လင့်ပါတယ်..."

လီလန်က ရယ်မောလိုက်လေသည်။

သူသည် အငွေ့တထောင်းထောင်းထနေသော ကြွေအဖုံးကို ဖယ်ရှားလိုက်ပြီး လက်ဖက်ရည်ကို မှုတ်ကာ တစ်ငုံမျှ သောက်လိုက်၏။

အရသာမှာ ဖန်ဖန်ခါးခါးပင် ဖြစ်လေသည်။

"ဒီလက်ဖက်ရည်က တကယ့်ကို ဆိုးရွားတာပဲ... ငါ့အိမ်က အနောက်ကန် လုံကျင်းလက်ဖက်ခြောက်လောက်တောင် မကောင်းပါလား..."

လီလန်က မျက်မှောင်ကြုတ်လိုက်ပြီး ကြွေရည်သုတ်ခွက်ကို လေထဲသို့ ပေါ့ပေါ့ပါးပါး ကမ်းပေးလိုက်ရာ တပည့်ဖြစ်သူက အလျင်အမြန်ပင် ညင်သာစွာ လှမ်းယူလိုက်ရသည်။

လီလန်သည် အခြားခြေတစ်ဖက်ကိုပါ ချိတ်လိုက်ပြီး လက်ရန်းပါသော ထိုင်ခုံကြီးပေါ်တွင် ပို၍ သက်သောင့်သက်သာ ဖြစ်စေရန် ထိုင်လိုက်လေသည်။

ဤမြင်ကွင်းကြောင့် ဘေးတွင် ရပ်နေသော ပိုင်ကျဲ့မှာ အံ့အားသင့်သွားတော့သည်။

ရှောင်နျူးမှာမူ ပို၍ပင် လေးစားအားကျမှုများဖြင့် ပြည့်နှက်သွားလေသည်။

ကြည့်စမ်း... ဤသည်မှာ တတိယခေါင်းဆောင်၏ အသွင်အပြင်ပင်... ခွန်အားကြီးမားပြီး ဩဇာတိက္ကမ ရှိလှပေသည်။

"မင်းတို့နှစ်ယောက် ပင်ပန်းနေပြီလား... မင်းတို့အတွက်ပါ ထိုင်ခုံ ယူပေးရမလား..."

လီလန်သည် ပိုင်ကျဲ့နှင့် ရှောင်နျူးကို ကြည့်ကာ မေးလိုက်သည်။

သူတို့နှစ်ဦးစလုံးက အမြန်ခေါင်းခါပြလိုက်ပြီး "မလိုပါဘူး... မလိုပါဘူး..." ဟု ပြိုင်တူ ပြောလိုက်ကြသည်။

သို့သော် လီလန်က တပည့်များကို ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည်။

"မင်းတို့က အကင်းမပါးလိုက်တာ... မြန်မြန် ထိုင်ခုံနှစ်လုံး သွားယူလာခဲ့စမ်း..."

တပည့်များမှာ ငိုလုမတတ် ဖြစ်သွားကြသည်။ ထိုဧည့်သည်နှစ်ဦးက မလိုဘူးဟု ရှင်းရှင်းလင်းလင်း ငြင်းထားသည် မဟုတ်ပါလား။

သို့သော်လည်း တပည့်များက နာခံစွာဖြင့်ပင် နောက်ထပ် ထိုင်ခုံနှစ်လုံးကို ရိုးသားစွာ သွားယူလာပေးကြလေသည်။

သို့ရာတွင် ထိုခုံများမှာ လက်ရန်းပါသော ထိုင်ခုံကြီးများ မဟုတ်ဘဲ သာမန်ခုံပုလေးများသာဖြစ်ကြ၏။

လီလန် ထိုင်နေသော လက်ရန်းပါသည့် ထိုင်ခုံကြီးမှာ ဘေးဆိုင်မှ အထူးတလည် သွားငှားလာခဲ့ရခြင်း ဖြစ်လေသည်။

ဤတပည့်များမှာ ဆွံ့အသူက ခါးသက်သော ဆေးဖက်ဝင်အပင်များကို စားနေရသကဲ့သို့ သူတို့၏ ဆင်းရဲဒုက္ခများကို ထုတ်မပြောနိုင်ကြသော်လည်း ဘာမှ မတတ်နိုင်ကြပေ။

သူတို့၏ ဆရာဖြစ်သူမှာ လီလန်၏ရှေ့တွင် ပါးအကြိမ်အနည်းငယ် ရိုက်ခံခဲ့ရပြီး မြေးတစ်ယောက်လို ဆက်ဆံခံခဲ့ရသဖြင့် ပြန်လည်မခုခံရဲခဲ့ပေ။

သူတို့ကဲ့သို့သော တပည့်အနည်းငယ်မှာမူ ဆိုဖွယ်ရာပင် မရှိတော့ဘဲ တိတ်ဆိတ်စွာဖြင့်သာ သည်းခံနေကြရတော့သည်။

"မင်းတို့ ပုဆိန်ဂိုဏ်းက လူတွေက အလုပ်လုပ်တာ တော်တော်ညံ့တာပဲ... အရမ်းနှေးလွန်းတယ်..."

လီလန်သည် လက်ရန်းပါသော ထိုင်ခုံကြီးပေါ်တွင် ထိုင်လျက် ကောင်းကင်ကို မော့ကြည့်ကာ ခေါင်းခါလိုက်မိလေသည်။

ဤနေရာရှိ ဆူညံသံများက ဖြတ်သွားဖြတ်လာ အများအပြား၏ အာရုံကို ဆွဲဆောင်သွားလေသည်။ ယခုအခါတွင်မူ စက်ဘီးပြင်ဆိုင် အဝင်ဝ၌ လူအုပ်ကြီး စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။

လီလန်က ထိုအထဲမှ လူအနည်းငယ်ကို မှတ်မိနေလေသည်။ သူတို့မှာ ချင်းယန် စက်ဘီးပြင်ဆိုင်သို့ ပြင်ဆင်ရန် ရောက်ရှိလာကြသည့် ဖောက်သည်များ ဖြစ်ကြပြီး လက်ကိုင်သံမှိုများကြောင့် တာယာပေါက်သွားခဲ့ရသည့် ကံဆိုးသူများပင် ဖြစ်ကြ၏။

"သူတို့ ရောက်လာကြပြီလား..."

လမ်းထောင့်တွင် အမည်းရောင် အရိပ်တစ်ခု ပေါ်လာပြီး လီလန်၏ မျက်လုံးများ ပြောင်းလဲသွားလေသည်။

"ပုဆိန်ဂိုဏ်းကလူတွေ ရောက်လာပြီ... ခဏနေရင် ကျွန်တော့်အနောက်မှာပဲ ရပ်နေ... ဘယ်မှမသွားနဲ့..."

လီလန်က ပိုင်ကျဲ့ကို သတိပေးလိုက်သည်။

ပိုင်ကျဲ့မှာ ယနေ့တွင် တစ်ကြိမ်ထက်တစ်ကြိမ် ပို၍ အံ့အားသင့်နေခဲ့ပြီး အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေတော့သည်။ သူမသည် သစ်သားရုပ်ကြီးလို ခေါင်းညိတ်လိုက်ပြီး လီလန်၏ အနောက်တွင် နာခံစွာဖြင့် ရပ်နေလိုက်လေသည်။

ပုဆိန်ဂိုဏ်းမှ အဖွဲ့ဝင် အများအပြားကို မြင်လိုက်ရသောအခါ ရှောင်နျူးက ပြောလိုက်၏။

“တတိယခေါင်းဆောင်... ကျွန်တော် ဂိုဏ်းကို ပြန်သွားပြီး အကူအညီ ခေါ်လာခဲ့ရမလား..."

"ဒါပေမဲ့ ကျွန်တော်တို့ ဟေးရွှေမြို့နယ်က ပိုင်ရှန်းမြို့နယ်နဲ့ နည်းနည်းဝေးတော့ အချိန်မီ ရောက်လာနိုင်မှာ မဟုတ်ဘူးထင်တယ်..."

"ရပါတယ်... ချင်းလုံဂိုဏ်းကို သွားပြီး အကူအညီ ခေါ်လိုက်လည်း အတူတူပါပဲ..."

လီလန်က အမည်းရောင် သံပြားတစ်ခုကို လှမ်းပစ်ပေးလိုက်လေသည်။

ရှောင်နျူးက ဂရုတစိုက် လှမ်းဖမ်းလိုက်ပြီး ငုံ့ကြည့်လိုက်ရာ ထိုအမှတ်အသားပြားပေါ်တွင် ရိုက်နှိပ်ထားသော နဂါးခေါင်းကြီးတစ်ခုကို မြင်လိုက်ရတော့သည်။

သူသည် အံ့အားသင့်သွားပုံရလေသည်။ ဤသည်မှာ ချင်းလုံဂိုဏ်း၏ ခေါင်းဆောင်သာ ပိုင်ဆိုင်သော အမှတ်အသားပြားပင် ဖြစ်နေတော့သည်။

All Chapters