အခန်း ၃၈၈
Vol. 39 Ch. 388
အခန်း (၃၈၈) ယောင်ယွဲ့၏ အကြံအစည် နှင့် ထောင်ချောက်အတွင်း သက်ဆင်းသွားသော ကျန်းချဲ့
လုကျဲ့ယွင် ရှိနေခြင်းက ကျန်းချဲ့အတွက် ရေစမ်းပေးရန် သက်သက်ဖြစ်သည်ဟု ဆိုရပေမည်။ သေချာသည်ကတော့ လုကျဲ့ယွင် အနိုင်ရသွားနိုင်သည်ဟု မည်သူကမျှ မတွေးတောခဲ့ခြင်းတော့ မဟုတ်ပေ။
အကယ်၍ ထိုသို့သာ ဖြစ်လာခဲ့ပါက တော်ဝင်နန်းတော်အတွက်တော့ အကြီးမားဆုံးသော အံ့အားသင့် ဝမ်းသာစရာကိစ္စ တစ်ရပ်ပင် ဖြစ်လာပေလိမ့်မည်။
ကျန်းချဲ့ကဲ့သို့သော နောက်ဆုံးပိတ် ဖဲချပ်ကြီးကို ထုတ်သုံးစရာပင် မလိုဘဲ မြောက်ပိုင်းလူရိုင်း မင်းသားလေးကို အနိုင်ယူနိုင်ခဲ့ပြီ မဟုတ်ပါလော။
ကြီးမြတ်သော နိုင်ငံတော်ကြီး၏ ဂုဏ်ကျက်သရေဆိုသည်မှာ ဤသို့ပင် ဖြစ်လေသည်။
ကျန်းချဲ့နှင့် လုကျဲ့ယွင်တို့ နဂါးမွေးမြူရေးကန်သို့ အတူတကွ ရောက်ရှိလာချိန်တွင် ဘေးပတ်ဝန်းကျင်၌ မရေမတွက်နိုင်သော လူအုပ်ကြီး စုရုံးရောက်ရှိနေပြီ ဖြစ်သည်။ သူတို့၏ ရောက်ရှိလာမှုက လူအများအပြား၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားစေခဲ့သည်။
မည်သို့ပင်ဖြစ်စေ ယနေ့ပွဲ၏ ဇာတ်လိုက်များမှာ သူတို့နှစ်ယောက်သာ ဖြစ်ကြောင်း လူတိုင်း ကောင်းစွာ သိရှိထားကြလေသည်။
"လူပေါင်း သိန်းချီက ကြည့်ရှု အားပေးနေကြတာ ဆိုတော့ လုအစ်ကိုကြီး အနေနဲ့ ဒီတစ်ကြိမ်မှာ သေသေချာချာ လက်စွမ်းပြရတော့မယ်..."
ကျန်းချဲ့က ရယ်မောကာ ပြောလိုက်လေသည်။ လုကျဲ့ယွင် အနည်းငယ် သက်ပြင်းချလိုက်သည်။
"တကယ်တော့ ကျန်းညီလေးလည်း သိပါတယ် ကျုပ်က အမြဲတမ်း အေးအေးဆေးဆေး နေတတ်တဲ့သူပါ ဒါပေမဲ့ တာဝန်အရ မလွှဲသာ မရှောင်သာ ဖြစ်လာတော့လည်း တခြား နည်းလမ်း မရှိတော့ဘူးလေ ထားလိုက်ပါတော့ ဒီနေ့က ကျုပ် လုကျဲ့ယွင်ရဲ့ နာမည်ကို လောက တစ်ခွင်လုံး သိအောင် လုပ်ရမယ့် နေ့ပဲ..."
ထိုသို့ပြောရင်း သူ၏ အင်္ကျီလက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ ကြီးကျယ်ခမ်းနားသော အရှိန်အဝါကြီးတစ်ခု အလိုအလျောက် ပေါ်ထွက်လာလေသည်။
"ကျုပ်ကလည်း ဒီအတွက် အရမ်းကို မျှော်လင့် စောင့်စားနေတာပါ..."
သူတို့ စကားစမြည် ပြောဆိုနေစဉ်မှာပင် လူအုပ်ကြီးကြားမှ ရုတ်တရက် ဆူညံပွက်လောရိုက်သွားလေသည်။ သူတို့နှစ်ယောက် ခေါင်းမော့ကြည့်လိုက်ရာ ဧရာမ တော်ဝင်ရထားလုံးကြီးတစ်စင်း နဂါးမွေးမြူရေးကန်ဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
အရှေ့တွင် သံချပ်ကာဝတ် စစ်သည်တော်များက လမ်းရှင်းပေးနေပြီး အလယ်တွင်တော့ သားရဲကြီး ကိုးကောင်က ရထားလုံးကြီးကို ဆွဲလာကြလေသည်။
ထိုသားရဲများမှာ ဦးချိုနှစ်ချောင်းရှိပြီး နဂါးခေါင်းနှင့် တူညီလေသည်။ တိတိကျကျ ပြောရမည်ဆိုလျှင် နဂါးခေါင်းနှင့် နွားကိုယ်လုံးရှိကာ ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းထားလေသည်။
၎င်းတို့မှာ တော်ဝင်မိသားစုက အထူး မွေးမြူထားသော နဂါးသွေးဆက် ပါဝင်သည့် သားရဲများပင် ဖြစ်လေသည်။ အပြင်ပန်းအသွင်အပြင်က အလွန် ကြောက်မက်ဖွယ်ကောင်းလှသော်လည်း တကယ်တမ်းတွင် ထိုသားရဲများ၏ စွမ်းအားမှာ အလွန် အားနည်းလှပေသည်။
အသိဉာဏ်လည်း လုံးဝပွင့်လာမည် မဟုတ်ဘဲ ရထားလုံးဆွဲရန် သက်သက်သာ အသုံးပြုနိုင်လေသည်။
ယွမ်ခန်းဧကရာဇ်၏ တော်ဝင်ရထားလုံးကြီးမှာ အလွန် ခမ်းနားထည်ဝါလှပြီး သာမန် ရထားလုံးများနှင့် လုံးဝ မတူညီဘဲ ရွေ့လျားနေသော နန်းတော်ကြီးတစ်ခုနှင့်သာ ပို၍ တူညီနေလေသည်။
ရထားလုံးပေါ်တွင် ထိုင်နေသော ဧကရာဇ်မင်းကြောင့် ဘေးပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော လူအုပ်ကြီးမှာ အသီးသီး ခေါင်းငုံ့ကာ အရိုအသေ ပေးကြရလေသည်။ ဧကရာဇ်မင်း ခရီးထွက်လာလျှင် လူတစ်သောင်း ဦးညွှတ်ရသည်မှာ ဓမ္မတာပင် ဖြစ်လေသည်။
ယွမ်ခန်းဧကရာဇ်နှင့်အတူ တော်ဝင်ရထားလုံးပေါ်တွင် ထိုင်နေသူမှာ ယခင်က ကျန်းချဲ့၏ ရိုင်းစိုင်းစွာ တုံ့ပြန်ခြင်းကို ခံခဲ့ရသော မိဖုရားကြီး ရွှီပိုင်ဟယ် ပင်ဖြစ်သည်။
ဤအချိန်တွင် သူတို့နှစ်ယောက်၏ အကြည့်များ အချင်းချင်း ဆုံတွေ့သွားခဲ့လေသည်။ မိဖုရားကြီး ရွှီ၏ မျက်ဝန်းများထဲတွင် ပုန်းကွယ်နေသော ဒေါသအရိပ်အယောင်များကို ကျန်းချဲ့ ကောင်းစွာ ခံစားသိရှိနိုင်သော်လည်း သူကတော့ လုံးဝ ဂရုမစိုက်ခဲ့ချေ။
"ဘာဖြစ်လို့လဲ..."
တော်ဝင်ရထားလုံးပေါ်ရှိ ယွမ်ခန်းဧကရာဇ်သည် မိဖုရားကြီး၏ ပုံမှန်မဟုတ်သော အမူအရာကို သတိထားမိသွားပြီး ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။
"ဘာမှ မဖြစ်ပါဘူး ကျွန်တော်မျိုးမ ခုနလေးတင် အတွေးလွန် သွားလို့ပါ..."
မိဖုရားကြီး ရွှီက တိုးညှင်းစွာ ပြန်ဖြေလိုက်လေသည်။ ကျန်းချဲ့က သူမကို စော်ကားခဲ့ပြီး သူတို့ သားအမိ၏ နာမည်ဂုဏ်သတင်းကို အကြီးအကျယ် ထိခိုက်စေခဲ့သည် မှန်သော်လည်း ယခုကဲ့သို့သော အချိန်မျိုးတွင် သူမသာ ကျန်းချဲ့အကြောင်းကို အပြစ်တင်ပြောဆိုမည်ဆိုပါက ဧကရာဇ်မင်းကို ပို၍ပင် မကျေမနပ် ဖြစ်သွားစေမည်ကို သူမ သိထားလေသည်။
"အင်း..."
ယွမ်ခန်းဧကရာဇ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။
"ကျန်းညီလေး မင်း အခု ကြည့်နေတာက..."
ဘေးနားရှိ လုကျဲ့ယွင်သည်လည်း ကျန်းချဲ့၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိထားမိသွားပြီး သူ၏ မျက်ဝန်းများထဲတွင် တောက်ပနေသော အလင်းတန်းများကို မြင်လိုက်ရသဖြင့် ရင်ထဲတွင် အကြီးအကျယ် ထိတ်လန့်သွားရလေသည်။
အကြောင်းမူကား တော်ဝင်ရထားလုံးပေါ်တွင် ရှိနေသူ တစ်ဦးမှာ ဧကရာဇ်မင်း ဖြစ်ပြီး နောက်တစ်ဦးမှာ မိဖုရားကြီး ဖြစ်ကာ လောကတွင် အမြင့်မြတ်ဆုံးသော သူများ ဖြစ်ကြလေသည်။
သို့သော် ကျန်းချဲ့၏ အကြည့်များထဲတွင်တော့ အထင်အမြင်သေးမှုများ ပါဝင်နေလေသည်။
"ဘာမှ မဟုတ်ပါဘူး..."
ကျန်းချဲ့က ခေါင်းကို ဖြည်းညင်းစွာ ရမ်းလိုက်လေသည်။
"တတိယ မင်းသားရဲ့ ကိစ္စကြောင့် မဟုတ်လား..."
လုကျဲ့ယွင် အလျင်အမြန်ပင် သတိပြန်ဝင်လာပြီး မကြာသေးမီက မြို့တော်အတွင်း ပွက်လောညံနေသော ကိစ္စရပ်များကို ပြန်လည် စဉ်းစားမိသွားလေသည်။ ကျန်းချဲ့၏ ခုနက အကြည့်များနှင့် ပေါင်းစပ်စဉ်းစားကြည့်လိုက်ရာ ဤကိစ္စကို မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။
"သူတို့ သားအမိက ကျုပ်ကို အလျှော့ပေး စေချင်နေတာ ကျုပ်က ငြင်းလိုက်တယ်..."
ရိုးရှင်းလှသော စကားတစ်ခွန်းတည်းဖြစ်သော်လည်း လုကျဲ့ယွင်သည် ကျန်းချဲ့၏ ရင်ထဲတွင် ရှိနေသော မာနထောင်လွှားမှုများကို ကောင်းစွာ ခံစားသိရှိလိုက်ရလေသည်။ သူ၏ အကြည့်များ လှုပ်ရှားသွားပြီး တိုးညှင်းစွာ ပြောလိုက်လေသည်။
"ဘယ်လိုပဲ ဖြစ်ဖြစ် သူက မိဖုရားကြီးလေ အရမ်းကြီး လွန်လွန်ကျူးကျူး လုပ်လိုက်မယ် ဆိုရင် အရှင်မင်းကြီး ဒေါသထွက် လာလိမ့်မယ်..."
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လုအစ်ကိုကြီး..."
တော်ဝင်ရထားလုံးကြီး ရှေ့သို့ ဆက်လက် ရွေ့လျားလာပြီး ကျန်းချဲ့တို့၏ အနီးသို့ ရောက်ရှိလာလေသည်။ သူသည်လည်း ဘေးပတ်ဝန်းကျင်ရှိ မှူးမတ်အရာရှိများနှင့်အတူ ဧကရာဇ်မင်းကို အရိုအသေ ပေးလိုက်ပြီး မည်သည့် ပုံမှန်မဟုတ်သော အမူအရာကိုမျှ ပြသခြင်း မရှိခဲ့ချေ။
သို့သော် မိဖုရားကြီး ရွှီကတော့ သူမ၏ မျက်လုံးထောင့်မှနေ၍ ကျန်းချဲ့ကို အမြဲတမ်း စောင့်ကြည့်နေခဲ့လေသည်။
ထိုနေ့က အစော်ကားခံခဲ့ရမှုကြောင့် လွန်ခဲ့သော နှစ်ရက်အတွင်း သူမ အမြဲတမ်း ရင်ထဲတွင် ကြိတ်ခဲနေခဲ့ပြီး ကျန်းချဲ့ကို မည်သို့ သင်ခန်းစာ ပေးရမည်နည်း ဆိုသည်ကို အဆက်မပြတ် စဉ်းစားတွေးတော နေခဲ့လေသည်။
ဤသည်မှာ အသေးအဖွဲ ကိစ္စလေးကို အကြီးအကျယ် ဖြစ်အောင် လုပ်နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သူမ တကယ်ကို သည်းမခံနိုင်တော့ပေ။
အရာရှိတစ်ယောက်က မိဖုရားကြီးကို ပြန်ပြီး အာခံဝံ့သည်တဲ့လား။
သို့သော် သူမအနေဖြင့် တစ်ဖက်လူကို ဘာမှလုပ်၍ မရနိုင်သေးသဖြင့် သူမ၏ ရင်ထဲတွင် ပို၍ပင် ခံပြင်းနေရလေသည်။
ဧကရာဇ်မင်း ရိပ်မိသွားမည်ကို စိုးရိမ်သဖြင့် ကျန်းချဲ့သည် မိဖုရားကြီး ရွှီကို အချိန်ပြည့် စိုက်ကြည့်မနေခဲ့ပေ။ အကယ်၍ နောက်ပိုင်းတွင် လက်စားချေမည်ဆိုလျှင်တောင်မှ အချိန်အခါကောင်းကို စောင့်ဆိုင်းရမည် ဖြစ်ပြီး ယခု အချိန်တော့ မဟုတ်ပေ။
ထို့ကြောင့် သူ၏ အကြည့်များကို အခြားသူများ၏ အပေါ်သို့ လွှဲပြောင်းလိုက်လေသည်။
ဤတစ်ကြိမ် ယွမ်ခန်းဧကရာဇ် ခရီးထွက်လာရာတွင် မိဖုရားကြီး ရွှီ တစ်ယောက်တည်းကိုသာ ခေါ်ဆောင်လာခြင်း လုံးဝမဟုတ်ပေ။ အမှန်တကယ်တော့ တော်ဝင်ရထားလုံး၏ နောက်ကွယ်တွင် နောက်ထပ် ရထားလုံး အများအပြား ပါဝင်လာပြီး ထိုအပေါ်တွင် ယွမ်ခန်းဧကရာဇ်၏ နန်းတွင်း ကိုယ်လုပ်တော်များ အားလုံး ပါဝင်လာကြလေသည်။
သို့သော် သူ၏ အမြင်တွင် ထိုကိုယ်လုပ်တော်များမှာ ရုပ်ရည်သွင်ပြင် မဆိုးလှသော်လည်း လောကတွင် ပြိုင်ဘက်ကင်းလောက်အောင် လှပသူများ လုံးဝ မဟုတ်ကြချေ။ နန်းဆောင်တစ်ခုလုံးတွင် အလှဆုံးမှာ မိဖုရားကြီး ရွှီပိုင်ဟယ် ပင် ဖြစ်လေသည်။
'ဒီလိုဆိုမှတော့ ဧကရာဇ်မင်းက နန်းဆောင်ထဲကို နှစ်ပေါင်းများစွာ ဝင်မလာတာ အံ့ဩစရာတော့ မဟုတ်ဘူးပဲ...'
သို့သော် မကြာမီမှာပင် ၎င်း၏ နောက်ကွယ်မှ အကြောင်းရင်းကို သူ ချက်ချင်း သဘောပေါက်သွားလေသည်။
ဧကရာဇ်တစ်ပါး၏ အဆင့်အတန်းဖြင့် မည်သို့သော အမျိုးသမီးမျိုးကိုမဆို ရှာဖွေနိုင်စွမ်း ရှိလေသည်။ သို့သော် ယွမ်ခန်းဧကရာဇ် အနေဖြင့် ကိုယ်လုပ်တော်များကို နန်းဆောင်အတွင်းသို့ သွင်းမည်ဆိုပါက ကိစ္စရပ်များစွာကို စဉ်းစားရမည် ဖြစ်လေသည်။
ကိုယ်လုပ်တော် တစ်ယောက်စီတိုင်းသည် သူမတို့၏ နောက်ကွယ်မှ မိသားစု အင်အားစုများနှင့် အပြည့်အဝ ဆက်နွှယ်နေသောကြောင့် ပင်ဖြစ်သည်။ ကိုယ်လုပ်တော် တစ်စုက ယွမ်ခန်းဧကရာဇ်ကို ခြံရံကာ စင်မြင့်ထက်သို့ တက်သွားကြပြီး နောက်ကွယ်တွင်တော့ မင်းသားအချို့ လိုက်ပါလာကြလေသည်။
တတိယမင်းသား ကျီချန်ရှန်းသည်လည်း ထိုအထဲတွင် ပါဝင်နေပြီး သူတို့နှစ်ယောက် ထပ်မံ၍ မျက်လုံးချင်း ဆုံတွေ့သွားကြပြန်လေသည်။
ကျန်းချဲ့က မျက်နှာထား လုံးဝ မပြောင်းလဲသော်လည်း ကျီချန်ရှန်းကတော့ ကျန်းချဲ့ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူ၏ မျက်နှာမှာ အလွန် မည်းမှောင်သွားရလေသည်။
"ကွမ်ကျွင်းနယ်စားကြီး နာမည် ကြားနေရတာ ကြာပါပြီ..."
ကျီချန်ရှန်း၏ မျက်နှာထား အလွန် ဆိုးရွားနေချိန်မှာပင် အလွန် နူးညံ့ပျော့ပျောင်းသော အသံတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။ ကျန်းချဲ့ လှည့်ကြည့်လိုက်ရာ မတ်မတ်မတ်မတ် ရပ်တည်နေပြီး ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးများနှင့် ကြယ်များကဲ့သို့ တောက်ပသော မျက်ဝန်းများရှိသည့် လူငယ်တစ်ယောက် ဖြည်းညင်းစွာ လျှောက်လာသည်ကို တွေ့လိုက်ရလေသည်။
သူ၏ နားထဲတွင် လုကျဲ့ယွင်၏ အသံ ခပ်ဖွဖွ ထွက်ပေါ်လာပြီးနောက် ရင်ထဲတွင် ချက်ချင်း သဘောပေါက်သွားလေသည်။
"မင်းသားကြီး ပါလား..."
"ဒီနေ့ ကိစ္စက တော်ဝင်နန်းတော်ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင် နေတာဆိုတော့ ကွမ်ကျွင်းနယ်စားနဲ့ လုသခင်ကြီးတို့ကိုပဲ အားကိုး ရတော့မှာပါ ဒီ မြောက်ပိုင်း လူရိုင်းတွေကို အလယ်ပိုင်း ဒေသမှာ အစွမ်း လာပြခွင့် မပေးလိုက် ပါနဲ့ တကယ်လို့များ မင်းတို့ နှစ်ယောက်သာ အနိုင် ရခဲ့မယ် ဆိုရင် ငါကိုယ်တော် ကိုယ်တိုင် မင်းတို့ အတွက် ဂုဏ်ပြု ညစာစားပွဲ ကျင်းပ ပေးပါ့မယ်..."
ကျီချန်ချန်၏ မျက်နှာထားမှာ အလွန် တည်ကြည်လေးနက်နေပြီး ဤကိစ္စကို အလွန် အလေးထားနေသည့် အလား ပင်ဖြစ်သည်။
"ကျုပ် အစွမ်းကုန် ကြိုးစားပါ့မယ် မင်းသားကြီးရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက် စေမှာ မဟုတ်ပါဘူး..."
"ကျုပ် လည်း ဒီအတိုင်း ပါပဲ..."
ကျန်းချဲ့နှင့် လုကျဲ့ယွင်တို့ ကျီချန်ချန်နှင့်အတူ ရယ်မောကာ စကားစမြည် ပြောဆိုနေကြသည်ကို ကြည့်ရင်း ကျီချန်ရှန်း၏ မျက်နှာထားမှာ ပို၍ပင် ဆိုးရွားလာခဲ့လေသည်။
အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူတို့၏ အနီးမှ တိုက်ရိုက် ဖြတ်လျှောက်သွားလေသည်။ သို့သော် သူတို့ကလည်း သူ့ကို လုံးဝ ဂရုမစိုက်ကြချေ။
လူအများက ကျီချန်ရှန်းကို လုံးဝ လျစ်လျူရှုထားသည့်အလား ပြုမူနေကြသဖြင့် ကျီချန်ရှန်းကို ပို၍ပင် ဒေါသထွက်သွားစေခဲ့လေသည်။
"ကျန်းညီလေး လုညီလေး ဒါကတော့ ငါကိုယ်တော်ရဲ့ အစ်မတော် ယွဲ့လုံ မင်းသမီးပါ မင်းတို့ နှစ်ယောက် ရှန့်ဟိုင်မြို့မှာ တိုက်ခိုက် ခဲ့ကြတဲ့ တိုက်ပွဲကို သူက အရမ်းကို အားကျ လေးစား နေခဲ့တာပါ..."
ကျီချန်ချန်သည် ကျန်းချဲ့နှင့် အချိန်အကြာကြီး စကားပြောမနေခဲ့ပေ။
ထို့အစား သူ၏ ဘေးနားရှိ မင်းသားများနှင့် မင်းသမီးများကို ကျန်းချဲ့နှင့် လုကျဲ့ယွင်တို့အား တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပေးလေသည်။
ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာပင် လူများကို နွေဦးလေနုအေးလေး တိုက်ခတ်သွားသည့်အလား သက်သောင့်သက်သာ ဖြစ်စေခဲ့လေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကျီချန်ချန်၏ လူမှုဆက်ဆံရေး စွမ်းရည်မှာ ကျီချန်ရှန်းထက် အများကြီး ပိုမို သာလွန်ကြောင်း သိသာလှပေသည်။
သို့သော် ဤအချက်က ကျန်းချဲ့၏ ရင်ထဲတွင် ကိစ္စတစ်ခုကို သတိရသွားစေခဲ့လေသည်။
'ဒီလောက် ဉာဏ်ကောင်းတဲ့ ကျီချန်ချန်က ဘာဖြစ်လို့ ငါနဲ့ ကျီချန်ရှန်း ကြားက ရန်ငြိုးတွေထဲမှာ ဝင်မပါ ခဲ့တာလဲ...'
ကျန်းချဲ့သည် မြို့တော်အတွင်း ရုတ်တရက် ပွက်လောညံသွားခဲ့သော သတင်းများနှင့် ပတ်သက်၍ ချန်ချင်းဖန်အား ယခင်က မေးမြန်းခဲ့ဖူးလေသည်။
တစ်ဖက်လူက သူ့ကို ပြောပြခဲ့သည်မှာ ဤမျှလောက်အထိ လှိုင်းဂယက်ကြီးများ ထသွားစေခဲ့ခြင်းမှာ ကျီချန်ချန်မှလွဲ၍ အခြားသော မင်းသားများ အားလုံးက ဤကိစ္စကို နောက်ကွယ်မှ တွန်းအားပေးနေကြသောကြောင့် ပင်ဖြစ်သည်။ ဤသည်မှာ အနက်ရောင်ရုံးတော်၏ လျှို့ဝှက်စုံထောက်များကို လုံးဝ ဖုံးကွယ်၍ မရနိုင်ချေ။
ထိုအချိန်တုန်းက သူ အများကြီး မတွေးတောခဲ့သော်လည်း ယခုအချိန်တွင်တော့ ဤအတွေးများကို လုံးဝ ထိန်းချုပ်၍ မရနိုင်အောင် ဖြစ်နေလေသည်။
"ကွမ်ကျွင်းနယ်စားကြီး လုသခင်ကြီး ယွဲ့လုံက ဒီရက်ပိုင်း တွေမှာ ရှင်တို့ နှစ်ယောက်ရဲ့ နာမည်တွေကို ခဏခဏ ကြားနေရတာပါ ဒီနေ့ တွေ့လိုက် ရတော့ တကယ်ကို နာမည်နဲ့ လိုက်ဖက်တဲ့ သူတွေ ပါပဲလား..."
ယွဲ့လုံမင်းသမီးသည် အဝါနုရောင် နန်းတွင်းဝတ်စုံရှည်ကို ဆင်မြန်းထားပြီး သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ လှပသော ကောက်ကြောင်းများကို အပြည့်အဝ ပေါ်လွင်နေစေလေသည်။
သူမ၏ အလှတရားမှာ အလွန် ထူးခြား ပြောင်မြောက်လှပြီး တိုင်းပြည်တစ်ခုကိုပင် မှောက်မိုက်သွားစေနိုင်လောက်အောင် လှပကျက်သရေ ရှိလှပေသည်။
"မင်းသမီးက အရမ်း မြှောက်ပင့် ပြောလွန်းနေပါပြီ..."
ယွမ်ခန်းဧကရာဇ် နဂါးမွေးမြူရေးကန်သို့ ရောက်ရှိလာပြီးနောက် ဤစိန်ခေါ်ပွဲကြီး မကြာမီ စတင်တော့မည် ဖြစ်ကြောင်း ကြေညာလိုက်လေသည်။ ထင်ထားသည့်အတိုင်းပင် မကြာမီမှာ မြောက်ပိုင်းလူရိုင်း သံတမန်များ အားလုံး အတွင်းဘက် ကွင်းပြင်ထဲသို့ ဝင်ရောက်လာကြလေသည်။
ဆုဖုန်းယဇ်ပုရောဟိတ်၊ ဇာကူမုနှင့် လီမူကျန်းတို့ သုံးယောက် အတူတကွ စင်မြင့်ပေါ်သို့ လျှောက်လာကြပြီး ကျန်းချဲ့၊ လုကျဲ့ယွင်တို့နှင့် မျက်လုံးချင်း ဆုံတွေ့သွားကြလေသည်။
ဇာကူမုသည် ကျန်းချဲ့၏ အဆင့်အတန်းကို ကောင်းကောင်း သိရှိထားပုံရပြီး သူ့ကိုကြည့်ကာ သွားဖြီး၍ ပြုံးပြလိုက်လေသည်။
သူ၏ မျက်ဝန်းများထဲတွင် ဖုံးကွယ်၍ မရနိုင်သော မာနထောင်လွှားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။ ဤသည်က ကျန်းချဲ့၏ ရင်ထဲတွင် ယခင်က ပထမဆုံးအကြိမ် ပွဲထွက်လာခဲ့သော ချင်းထျန်းမိစ္ဆာဂိုဏ်း၏ မြင့်မြတ်သောသားတော် ချူးဟယ်ကို အလိုအလျောက် သတိရသွားစေခဲ့သည်။
ထိုအချိန်တုန်းက တစ်ဖက်လူ၏ အပြုအမူက ဇာကူမုထက်ပင် အများကြီး ပိုမို မာနထောင်လွှားနေခဲ့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ နောက်ပိုင်းတွင် သူ့ကြောင့် သေလုမြောပါး ဖြစ်သွားခဲ့ရလေသည်။
ထိုအချိန်က တစ်ဖက်လူ၏ အလွန် အရှက်ကွဲနေသော မြင်ကွင်းကို မမြင်လိုက်ရသဖြင့် အနည်းငယ် နှမြောမိသလို ခံစားခဲ့ရလေသည်။
သို့သော် ယခုအချိန်တွင်တော့ အခွင့်အရေး ပြန်ရောက်လာပြီဟု သူ ခံစားမိလေသည်။
"နိုင်ငံခြား သံတမန် ဇာကူမု ဧကရာဇ်မင်းကို အရိုအသေ ပေးပါတယ်..."
ကျန်းချဲ့ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ဇာကူမုသည် အထက်တွင်ရှိသော ပုံရိပ်ကို မျက်နှာမူကာ ခါးညွှတ် အရိုအသေ ပေးလိုက်လေသည်။
"ထကြပါ..."
"ဧကရာဇ်မင်းကို ကျေးဇူးတင်ပါတယ်..."
"နိုင်ငံခြား သံတမန် ဆုဖုန်း ဧကရာဇ်မင်းကို အရိုအသေ ပေးပါတယ်..."
"အင်း..."
"ဧကရာဇ်မင်း နိုင်ငံခြား သံတမန်က မနေ့က လျှို့ဝှက် နည်းလမ်းကို သုံးပြီး ကျုပ်တို့ ရွှေရောင် မြင့်မြတ်သော တော်ဝင် နန်းတော်ရဲ့ ယဇ်ပုရောဟိတ် ချုပ်ကြီးနဲ့ ဆက်သွယ် ခဲ့ပါတယ် ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ကိစ္စကိုလည်း မေးမြန်း ခဲ့ပါတယ်..."
ဆုဖုန်းယဇ်ပုရောဟိတ်က ဆက်ပြောလိုက်လေသည်။
"ဪ ရလဒ်က ဘယ်လိုလဲ..."
ဤကိစ္စနှင့် ပတ်သက်၍ ယွမ်ခန်းဧကရာဇ်မှာ အလွန် ဂရုစိုက် စိတ်ဝင်စားနေဆဲ ပင်ဖြစ်သည်။
"ယဇ်ပုရောဟိတ် ချုပ်ကြီး ပြောတာ ကတော့ အလယ်ပိုင်း ဒေသနဲ့ မြက်ခင်းပြင် ဆိုတာက အပြန်အလှန် မှီခို နေရတဲ့ ဆက်ဆံရေးမျိုး ပါတဲ့ ငြိမ်းချမ်းရေး ဆွေးနွေး မယ် ဆိုတာ ကလည်း နှစ်ဖက် စလုံးရဲ့ ဆန္ဒ ပါပဲတဲ့ စည်းကမ်းချက် တွေနဲ့ ပတ်သက် ပြီးတော့ တော်ဝင် နန်းတော်နဲ့ တာ့ကျိုးတို့ အနေနဲ့ တစ်ဖက် တစ်လှမ်းစီ ဆုတ်ပေး ကြဖို့ မျှော်လင့် ပါတယ်တဲ့..."
"ဘယ်လိုမျိုး တစ်ဖက် တစ်လှမ်းစီ ဆုတ်ပေး ရမှာလဲ..."
"ယဇ်ပုရောဟိတ် ချုပ်ကြီး ပြောတာ ကတော့ ဒီ တိုက်ပွဲကို လောင်းကြေး အဖြစ် သတ်မှတ် လိုက်ရအောင်တဲ့ တကယ်လို့များ အလယ်ပိုင်း ဒေသရဲ့ တော်ဝင်နန်းတော်က အဆင့်တူ သိုင်းပညာရှင် တွေကို စေလွှတ်ပြီး ကျုပ်တို့ ကောင်းကင် ဧကရာဇ်ရဲ့ သားတော် ဇာကူမုကို အနိုင်ယူ နိုင်ခဲ့မယ် ဆိုရင် နယ်စပ် မြို့ကြီးတွေကို လွှဲပြောင်း ပေးရမယ် ဆိုတဲ့ အချက်ကို ကင်းလွတ်ခွင့် ပြုပေး ပါ့မယ်တဲ့ သေချာတာပေါ့ ဇာကူမုက ကျင့်ကြံ ခဲ့တာ နှစ်ပေါင်း များစွာ ကြာနေပြီ ဆိုတော့ ဧကရာဇ်မင်း ရွေးချယ် ထားတဲ့ အလယ်ပိုင်း ဒေသက ပါရမီရှင် နှစ်ယောက်ထက် အများကြီး သာလွန် နေမှာပါ အဲ့ဒါကြောင့် ယဇ်ပုရောဟိတ် ချုပ်ကြီး ပြောတာက သူတို့ နှစ်ယောက်ကို တစ်လှည့်စီ ဇာကူမုနဲ့ တိုက်ခိုက်ခွင့် ပြုပေး ပါ့မယ်တဲ့ ဒါပေမဲ့ တကယ်လို့ အနိုင် မယူနိုင်ဘူး ဆိုရင်တော့ ဧကရာဇ်မင်း ဘက်ကလည်း နောက် တစ်လှမ်း ဆုတ်ပေးဖို့ မျှော်လင့် ပါတယ်တဲ့ စေတနာ မှန်ကန် ကြောင်းကို ပြသတဲ့ အနေနဲ့ နယ်စပ် မြို့ကြီး တစ်မြို့ကို လွှဲပြောင်း ပေးရပါမယ်တဲ့..."
ယွမ်ခန်းဧကရာဇ် မျက်လုံးများကို ချက်ချင်း မှေးကျဉ်းလိုက်လေသည်။
ဤသည်မှာ သူ့အတွက်တော့ သေချာပေါက် သတင်းကောင်း တစ်ခု ပင်ဖြစ်သည်။
အမှန်တကယ်တော့ ငြိမ်းချမ်းရေး ဆွေးနွေးမည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ အခြားအချက်များကို သူ အလျှော့ပေး နိုင်သော်လည်း နယ်စပ်မြို့ကြီးများကို စွန့်လွှတ်ရမည့် ကိစ္စမှာတော့ လုံးဝ မဖြစ်နိုင်ပေ။ မှူးမတ်အရာရှိများက သဘောတူမည် မဟုတ်သလို ကျီချန်တောက်ကလည်း သဘောတူမည် မဟုတ်ပေ။
သို့သော် မြောက်ပိုင်းလူရိုင်း တော်ဝင်နန်းတော်က နောက်ဆုတ်ပေးမည် ဆိုလျှင်တော့ သေသေချာချာ ဆွေးနွေးကြည့်၍ ရနိုင်လေပြီ။
ဤတိုက်ပွဲ၏ အနိုင်အရှုံးနှင့် ပတ်သက်၍ သူ အနည်းငယ် စိုးရိမ်နေသော်လည်း လောက၏ နံပါတ်တစ် ပါရမီရှင်ဟု တင်စားခေါ်ဝေါ်ခြင်း ခံရသော ကျန်းချဲ့အပေါ်တွင်တော့ ယုံကြည်ချက် အပြည့်အဝ ရှိနေလေသည်။ အဆိုးဆုံး အခြေအနေ ရောက်သွားလျှင်တောင်မှ သူတို့ နှစ်ယောက် တစ်လှည့်စီ ဝင်ရောက် တိုက်ခိုက်မည် ဆိုပါက သရေကျအောင်တော့ လုပ်နိုင်မည်မှာ သေချာသည်။
ထိုအချိန်ကျလျှင်လည်း စည်းကမ်းချက်များကို ဆက်လက် ဆွေးနွေး၍ ရနိုင်သေးလေသည်။
သို့သော် အပြင်ပန်းတွင်တော့ သူသည် အလွန် တည်ငြိမ်နေဆဲ ပင်ဖြစ်သည်။
"ဒီလို ဆိုမှတော့ ရလဒ်ကိုပဲ စောင့်ကြည့် ကြတာပေါ့..."
"ကောင်းပါပြီ..."
ဆုဖုန်းယဇ်ပုရောဟိတ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။ ဇာကူမုအပေါ် အလွန်အမင်း ယုံကြည်ချက် ရှိနေပုံရလေသည်။
ထိုလောင်းကြေး ကိစ္စကို အများပြည်သူသိအောင် တရားဝင် ကြေညာခြင်း မပြုခဲ့ပေ။ စင်မြင့်ထက်တွင် ရှိနေသော လူအနည်းငယ်သာ သိရှိကြလေသည်။ လုကျဲ့ယွင်၏ မျက်နှာထားမှာ ချက်ချင်း မည်းမှောင်သွားရလေသည်။
ဤတစ်ကြိမ် တိုက်ပွဲတွင် သူ အင်အားများကို ဖုံးကွယ်ထားရန် ရည်ရွယ်မထားခဲ့သော်လည်း ဤမျှလောက် ကြီးမားသော တာဝန်ကြီးကိုတော့ လုံးဝ မထမ်းဆောင်လိုချေ။ သို့သော် ကိစ္စများက ဤအခြေအနေအထိ ရောက်ရှိလာပြီ ဖြစ်ရာ သူ နောက်ဆုတ်၍ မရနိုင်တော့ပေ။
ဇာကူမုက အရင်ဆုံး လှုပ်ရှားလိုက်လေသည်။ တစ်လှမ်းတည်းနှင့် သူ၏ ခန္ဓာကိုယ်မှာ နဂါးမွေးမြူရေးကန်၏ အလယ်ဗဟိုသို့ ရောက်ရှိသွားလေသည်။ သူ၏ ကိုယ်ပေါ်မှ ကြီးမားလှသော ဖိအားကြီးတစ်ခု အရပ်မျက်နှာ အသီးသီးသို့ လွှမ်းခြုံသွားပြီး ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး မူလစွမ်းအင်များမှာလည်း တုန်ခါသွားရလေသည်။
မျက်ဝန်း နှစ်ဖက်ထဲတွင် တောက်ပသော ရွှေရောင် အလင်းတန်းများ ဖြာထွက်နေပြီး လူများ၏ မျက်စိကို ကျိန်းစပ်သွားစေလေသည်။
အကြည့်များဖြင့် ဘေးပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် ကြွေးကြော်လိုက်လေသည်။
"ရွှေရောင် မြင့်မြတ်သော တော်ဝင် နန်းတော် ကောင်းကင် ဧကရာဇ်ရဲ့ သားတော် ဇာကူမု ဒီမှာ ရှိတယ် ဘယ်သူကများ ငါကိုယ်တော်နဲ့ ထွက်တိုက် ရဲသလဲ..."
"ဂျိန်း... ဂျိန်း... ဂျိန်း..."
ရုတ်တရက် လေဟာနယ်အတွင်း၌ ဓားမြည်သံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။ လေဟာနယ်အထက်တွင် မရေမတွက်နိုင်သော ဓားချီများ စုစည်းလာပြီး အစိမ်းရောင် ဝတ်ရုံကို ဆင်မြန်းထားသော လုကျဲ့ယွင်သည် ဓားပျံကို စီးနင်းကာ ထွက်ပေါ်လာလေသည်။
လက်နောက်ပစ်ကာ မတ်မတ်ရပ်နေပြီး ဇာကူမုကို တိုက်ရိုက် စိုက်ကြည့်လျက် ပြောလိုက်လေသည်။
"ဖိတ်ခေါ် ပါတယ်..."
"လုကျဲ့ယွင် သိုင်းစာရင်းရဲ့ နံပါတ်ခြောက် နေရာ ငါကိုယ်တော် မင်းအကြောင်းကို လေ့လာ ပြီးပြီ ဒါပေမဲ့ မင်းက ငါကိုယ်တော်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး အချိန်တွေ ဖြုန်း မနေပါနဲ့တော့ ကျန်းချဲ့ကိုပဲ ထွက်လာ ခိုင်းလိုက်ပါ ငါကိုယ်တော် ဒီနေ့ လာတာက အဓိက လာကြည့် ချင်တာပဲ နှစ်တစ်ရာ အတွင်း နံပါတ်တစ် ဆိုပြီး ကြွားဝါ နေတဲ့ ကျန်းချဲ့မှာ ဘယ်လို စွမ်းရည်တွေ ရှိလဲ ဆိုတာ ကိုလေ..."
ဇာကူမုသည် အလွန်အမင်း မာနထောင်လွှားနေပြီး လူစားထိုးရန် တိုက်ရိုက်ပင် တောင်းဆိုလိုက်လေသည်။ ဤသည်မှာ လုကျဲ့ယွင်အတွက်တော့ အကြီးအကျယ် စော်ကားခံလိုက်ရခြင်း ပင်ဖြစ်သည်။ သို့သော် သူ၏ မျက်နှာထားကတော့ လုံးဝ ပြောင်းလဲသွားခြင်း မရှိချေ။
"ကျန်းညီလေးက ငါတို့ အလယ်ပိုင်း ဒေသရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ မင်းက သူ့ကို ကိုယ်တိုင် ဝင်တိုက် ရလောက်အောင် အရည်အချင်း မရှိသေးဘူး ကျန်းညီလေးကို စိန်ခေါ် ချင်ရင် အရင်ဆုံး ကျုပ်ကို နိုင်အောင် လုပ်ပြ လိုက်ဦး..."
"ကောင်းပြီလေ မင်းက အတင်း ရှုံးချင် နေမှတော့ ငါကိုယ်တော်က မင်း ဆန္ဒကို ဖြည့်ဆည်း ပေးရတာပေါ့..."
ဘေးပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော အကြည့်များက လေဟာနယ်ထဲရှိ ပုံရိပ်နှစ်ခုအပေါ်သို့ အသီးသီး ကျရောက်သွားကြလေသည်။ သူတို့၏ မျက်ဝန်းများထဲတွင် မျိုးစုံသော အရိပ်အယောင်များ ပြည့်နှက်နေပြီး လုကျဲ့ယွင်က ဇာကူမုကို အပြတ်အသတ် အနိုင်ယူနိုင်ရန် မျှော်လင့်နေကြလေသည်။
ထို မြောက်ပိုင်း လူရိုင်းများကို လူရိုင်းဆိုသည်မှာ အချိန်တန်လျှင် လူရိုင်းသာ ဖြစ်ကြောင်း သိသွားစေရန် ပင်ဖြစ်သည်။
ထိုအချိန်တွင် နဂါးမွေးမြူရေးကန်၏ အပြင်ဘက် ဆယ်မိုင်ကျော်ခန့် အကွာရှိ လေဟာနယ်ထက်တွင် ပုံရိပ်နှစ်ခုက တင်ပျဉ်ခွေ ထိုင်နေကြလေသည်။
တစ်ယောက်က အနက်ရောင်နှင့် ရွှေရောင် ရောစပ်နေသော နဂါးဝတ်ရုံကို ဆင်မြန်းထားပြီး ခါးတွင် ကျောက်စိမ်းခါးပတ်ကို ပတ်ထားကာ အလွန် ကြီးကျယ်ခမ်းနားသော အရှိန်အဝါများကို ထုတ်လွှတ်နေလေသည်။
ထိုသူမှာ တာ့ကျိုး နိုင်ငံတော်၏ ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက် ပင်ဖြစ်သည်။
နောက်တစ်ယောက်ကတော့ အပြာနုရောင် တာအိုဝတ်စုံကို ဆင်မြန်းထားပြီး လှပကျက်သရေရှိသော ကိုယ်ဟန်အချိုးအစားနှင့် တိုင်းပြည်ကိုပင် ပျက်သုဉ်းသွားစေနိုင်လောက်သော အလှတရားမျိုးကို ပိုင်ဆိုင်ထားလေသည်။
သူမ၏ အဆင့်အတန်းမှာ သေချာပေါက် နိုင်ငံတော်ဆရာကြီး ယောင်ယွဲ့ ပင်ဖြစ်သည်။
"တပည့်တော်မက ဒီ တိုက်ပွဲကို ကြည့်ဖို့ လုံးဝ စိတ်မဝင်စား ပါဘူး နတ်မင်းကြီးက ဘာဖြစ်လို့ အတင်းအကျပ် ခေါ်လာ ရတာလဲ..."
ဘေးနားရှိ လေဟာနယ် စစ်တုရင်ခုံကို ကြည့်ရင်း ယောင်ယွဲ့က အေးစက်စက် လေသံဖြင့် မေးလိုက်လေသည်။
ရှန်ရှန်းအဆင့် မဟာသိုင်းသခင် နှစ်ယောက်၏ စိန်ခေါ်ပွဲအပေါ် သူမ နည်းနည်းလေးမျှ စိတ်မဝင်စားချေ။ သို့သော် ကျီချန်တောက် ကိုယ်တိုင်ကိုယ်ကျ လာရောက် ဖိတ်ခေါ်သောကြောင့် နိုင်ငံတော်ဆရာကြီး တစ်ပါးဖြစ်လင့်ကစား သူမ အနေဖြင့် ငြင်းဆန်ရန် ခက်ခဲနေခဲ့လေသည်။
ထို့ကြောင့် ဤကဲ့သို့သော နည်းလမ်းဖြင့်သာ သူမ၏ မကျေနပ်မှုများကို ဖော်ပြရလေသည်။
"ဒီနေ့ နိုင်ငံတော် ဆရာကြီးကို ဖိတ်ခေါ် လိုက်ရတာက နိုင်ငံတော် ဆရာကြီး အတွက် ကံကြမ္မာ အခွင့်အရေး တစ်ခု လက်ဆောင် ပေးချင်လို့ပါ..."
ကျီချန်တောက် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး လက်ကို မြှောက်ကာ စစ်တုရင်ရုပ် တစ်ရုပ်ကို ချလိုက်လေသည်။
"ကံကြမ္မာ အခွင့်အရေး ဟုတ်လား..."
ယောင်ယွဲ့ မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး နားမလည်နိုင်အောင် ဖြစ်သွားရလေသည်။
"နိုင်ငံတော် ဆရာကြီးက ဧကရာဇ်မင်းကို လမ်းညွှန်ပြီး တာအို တရား ကျင့်ကြံ စေခဲ့တာ အနှစ် နှစ်ဆယ် တောင် ရှိနေပြီလေ ဘာတွေ လိုချင် နေလဲ ဆိုတာကို အမှန်တကယ်တော့ ငါကိုယ်တော် ကောင်းကောင်း သိပြီးသားပါ ဒါပေမဲ့ ဒီ ကိစ္စက တာ့ကျိုး နိုင်ငံတော်ရဲ့ အနာဂတ် မျိုးဆက် တွေနဲ့ သက်ဆိုင် နေတာမို့ ငါကိုယ်တော်က လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး..."
"နတ်မင်းကြီး ဘာတွေ ပြောနေလဲ ဆိုတာကို တပည့်တော်မ နားမလည် ပါဘူး..."
ယောင်ယွဲ့၏ မျက်ခုံးများ အနည်းငယ် လှုပ်ရှားသွားပြီး မျက်နှာထား လုံးဝ မပြောင်းလဲဘဲ ပြန်လည် ဖြေကြားလိုက်လေသည်။
"မင်း သိတာ မသိတာက အရေးမကြီး ပါဘူး ငါကိုယ်တော်က မင်းကို ဖျောင်းဖျ နေတာ မဟုတ်ဘူး အသိပေး နေတာပါ..."
ကျီချန်တောက်သည် မျက်နှာထား လုံးဝ မပြောင်းလဲဘဲ စစ်တုရင်ရုပ်များကို ဆက်လက် ချနေလေသည်။ အကယ်၍ သူတို့ ပြောဆိုနေသော စကားများကိုသာ မကြားရပါက သူတို့ နှစ်ယောက်သည် မိတ်ဆွေဟောင်းကြီးများ ဖြစ်နေကြသည်ဟု မည်သူမဆို ထင်မှတ်သွားကြမည်မှာ အသေအချာ ပင်ဖြစ်သည်။
"နတ်မင်းကြီးရဲ့ အာဏာတွေက တကယ်ကို ကြီးမားလွန်းလှပါလား..."
"အဲ့ဒီလို မှတ်ယူ ထားလိုက်ရင် လည်း ရပါတယ်..."
ကျီချန်တောက် ခေါင်းမော့လာလေသည်။ သူ၏ မျက်ဝန်း နှစ်ဖက်ထဲတွင် အဆုံးအစ မရှိသော တာအို သဘောတရားများ ကိန်းအောင်းနေသည့်အလား ပင်ဖြစ်သည်။
"နတ်မင်းကြီးက စကား တစ်ခွန်းတည်းနဲ့ တပည့်တော်မကို အလျှော့ပေး အောင် လုပ်နိုင်မယ် လို့ ထင်နေတာလား..."
ယောင်ယွဲ့၏ အေးစက်စက် မျက်ဝန်းများထဲတွင် နောက်ဆုံး၌ ဒေါသအရိပ်အယောင် အချို့ ဖြစ်ပေါ်လာခဲ့လေသည်။
"မင်းလောက် တင် ဘယ်ကမလဲ သာမန် လူ့လောက ထဲမှာ ရောနှော နေတဲ့ အဲ့ဒီ အဘိုးကြီး ဆိုရင်တောင်မှ သူ့ကို အလျှော့ပေး လာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ငါကိုယ်တော်မှာ ရှိတယ်..."
"ဟွန့်..."
"ကျီဝမ်ဟောက်ရဲ့ ကိစ္စကိုတော့ ငါကိုယ်တော် လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး ဒါပေမဲ့ ငါကိုယ်တော်က မင်း အတွက် ပိုပြီး ကောင်းမွန်တဲ့ လူတစ်ယောက်ကို ရှာထား ပေးပြီးပြီ သူသာ ရှိနေမယ် ဆိုရင် မင်း အတွက် ပိုပြီး ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခု ရှိလာလိမ့်မယ် တကယ်တမ်းတော့ မင်း ကိုယ်တိုင် လည်း စောင့်နေ ခဲ့တာပဲ မဟုတ်လား အဲ့ဒီလိုမှ မဟုတ်ရင် မင်းရဲ့ အခု လောလောဆယ် အခြေအနေနဲ့ ဆိုရင် နဂါး စွမ်းအင်တွေကို ချေဖျက် စုပ်ယူ နိုင်နေပြီလေ..."
"နတ်မင်းကြီးက တပည့်တော်မ အတွက် ရွေးချယ် ပေးထားတဲ့ သူက သူလား..."
ယောင်ယွဲ့ လက်ကို မြှောက်ကာ လေဟာနယ်ကို ဖြတ်ကျော်ပြီး လုကျဲ့ယွင်၏ အပေါ်သို့ လက်ညှိုးထိုး ပြလိုက်လေသည်။
ကျီချန်တောက်က ခေါင်းရမ်းလိုက်လေသည်။
"သူ မဟုတ်ဘူး ကျန်းချဲ့ကို ပြောတာ…”