အခန်း ၆၉၃
Vol. 47 Ch. 693
အခန်း ( ၆၉၃ ) လက်မှတ်ထိုးဝင်ပြီး မဟာပျက်စီးခြင်းလှံပုဆိန်ကို ရရှိခြင်း၊ ရှေးဟောင်းမြင့်မြတ်ခန္ဓာတို့၏ အံ့ဖွယ်ရတနာ၊ အကြီးမားဆုံး အခွင့်အလမ်းများထဲမှ တစ်ခု။
"ကောင်းတယ်၊ ကောင်းတယ်... သိပ်ကောင်းတယ်။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်၊ နောက်ဆုံးမှာတော့ ငါ့ရဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုးဟာ ကောင်းကိုအန်တုပြီး အနှောင်အဖွဲ့ကင်းတဲ့ပုံစံနဲ့ မွေးဖွားလာခဲ့ပြီ"
ဝူဟူဟာ အလွန်စိတ်လှုပ်ရှားနေဟန်နဲ့ 'ကောင်းတယ်'ဆိုသည့်စကားကို သုံးကြိမ် ဆင့်ပြောလိုက်သည်။
အဆုံးတွင်၊ နောက်ဆုံး ရှေးဟောင်းမြင့်မြတ်ခန္ဓာအနေဖြင့် သူ့အခြေအနေက အထီးကျန်ဆန်လွန်းလှသည်။
သူက ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုး၏ နောက်ဆုံးမီးပွားလေးကို ကာကွယ်ရန်အတွက် အရှက်တရားမျိုစုံကို သည်းခံရန်ပင် ဆန္ဒရှိခဲ့ပေသည်။
သို့သော်လည်း နှစ်ပေါင်းများစွာကြာအောင် ဤအခြေအနေများအောက်တွင် နေလာရသောအခါ အခိုင်မာဆုံး နှလုံးသားသည်ပင် ပင်ပန်းနွမ်းနယ်မှုကို ခံစားလာရမည် ဖြစ်သည်။
ဝူဟူ၏ သွေးနှင့် သွေးအနှစ်သာရများ အလွန်အကျွံ ဆုံးရှုံးသွားသည်ကို မပြောလျှင်ပင်...
ကျောက်စာချပ်ကြီး၏ ဖိနှိပ်မှု၊ သံကြိုးများနှင့် ချည်နှောင်ခံရခြင်းနှင့်အတူ သူ့သက်တမ်းက အကန်အသတ်ရှိခဲ့သည်။
သို့သော်လည်း သူ့ဘဝ၏ နောက်ဆုံးအခိုက်အတန့်တွင် ကျွင်းရှောင်ယောက်ကို တွေ့ခွင့်ရသည့်အတွက် အလွန်ကံကောင်းသည်ဟု ခံစားခဲ့ရသည်။
အကယ်၍ နင်ချန်နှင့်နင်ရွယ်တို့ မောင်နှမနှစ်ယောက်က သူကာကွယ်လိုသော မီးတောက်များဟုဆိုလျှင်...
ကျွင်းရှောင်ယောက်က အဆုံးမဲ့အလင်းရောင်တို့ ဖြာထွက်နေသော ထာဝရနေမင်းကြီး ဖြစ်သည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာတစ်ဦးဖြစ်သည့် ဝူဟူသာလျှင် အချုပ်အနှောင်ဆယ်ခုကို ချိုးဖြတ်ထားသည့် ရှေးဟောင်းမြင့်မြတ်ခန္ဓာက မည်မျှကြောက်စရာကောင်းမှန်း နားလည်နိုင်သည်။
တိုင်းတပါးမှ အင်မော်တယ်ဘုရင်သုံးပါးကို တိုက်ခိုက်ခဲ့သည့် ရှေးယခင် နန်းတော်သခင်ပင်လျှင် အချုပ်အနှောင် ခုနစ်ခုကိုသာ ချိုးဖြတ်နိုင်ခဲ့သည်။
အချုပ်အနှောင်ဆယ်ခုကို ချိုးဖျက်ခဲ့သော ရှေးဟောင်းမြင့်မြတ်ခန္ဓာအနေဖြင့် ကျွင်းရှောင်ယောက်၏ ကျင့်ကြံခြင်းက ကန့်သတ်ထားမည်မဟုတ်သလို မြင့်မြတ်ခန္ဓာ၏ခွန်အားကိုလည်း ဖိနှိပ်ထားမည် မဟုတ်ပေ။
ထို့ပြင်၊ သူက ရှေးဟောင်းမင်းမျိုးနွယ် ကျွင်းမိသားစုတွင် မွေးဖွားခဲ့သူဖြစ်၍ နောက်ခံကလည်း အပြစ်ကင်းစင်သည်။
မယုံကြည်နိုင်သော အရည်အချင်းများနှင့် နောက်ခံရှိခြင်းမျိုး...
တွေးကြည့်လိုက်ရုံဖြင့် ထိုသူဟာ အနာဂတ်မှာ အလွန်ကျော်ကြားမည့် တည်ရှိမှုမျိုး ဖြစ်လာမည်မှာ သေချာသည်။
"ကောင်းလိုက်တာ၊ ရှေးခေတ်ဟောင်းနောက်ပိုင်းမှာ ငါ့ရဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုးက နောက်ထပ် ပြည့်စုံတဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို နိုးထစေနိုင်မယ်လို့ မမျှော်လင့်ထားဘူး"
"အခုနေ ငါသေသွားရင်တောင် နောင်တရနေမှာမဟုတ်တော့ပါဘူး"
ဝူဟူ သက်ပြင်းချလိုက်သည်။
သူ့ဘဝတွင် အကြီးမားဆုံးနောင်တနှင့် အပြစ်ရှိမှုက ရှေးဟောင်းနန်းတော်ကို ပြန်လည်မရှင်သန်စေနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ယခုမူ၊ ကျွင်းရှောင်ယောက်ထံမှ မျှော်လင့်ချက်ကို သူမြင်လိုက်ရပြီ။
"အကြီးအကဲ၊ အဲဒီလိုပြောစရာမလိုပါဘူး။ ကျွန်တော် ဒီမှာရှိနေမှတော့ အကြီးအကဲ ဘာမှဖြစ်မှာ မဟုတ်ဘူး"
ကျွင်းရှောင်ယောက်က လိုက်သည်။
အမှန်အတိုင်းပြောရလျှင် ကျွင်းရှောင်ယောက်ဟာ ဤနေရာကို မရောက်ခင်က ရှေးဟောင်းမြင့်မြတ်ခန္ဓာကို အနိုင်ယူလိုစိတ်သာ ရှိခဲ့သည်။
ဤအရာက သူ့အတွက် အမှန်တကယ် အကျိုးရှိစေလိမ့်မည်။
သို့သော်လည်း ယခုအခါ၊ ဝူဟူကို မြင်ရပြီးနောက် ရိုးရိုးရှင်းရှင်း ကူညီချင်လာသည်။
ဝူဟူက ကျွင်းဧကရာဇ်ခုံရုံးသို့ မဝင်ရောက်လျှင်ပင် သူက ထိုသို့ပြုလုပ်နေဦးမည်။
ခေတ်တစ်ခုစီတွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာက အနည်းငယ်သာ ရှိခဲ့သည်။
နာမည်မတူ၊ မျိုးရိုးမတူသော်လည်း ရှေးဟောင်းမြင့်မြတ်ခန္ဓာချင်းတော့ ခွဲခြားမရပေ။
"ဒါနဲ့ ရှေးဟောင်းနန်းတော်ရဲ့ ဘိုးဘေးတွေက ငါတို့ မြင့်မြတ်ခန္ဓာမျိုးရိုးရဲ့ အမွေဆက်ခံသူအတွက် အရာတချို့ ထားခဲ့တယ်။ ငါ့နောက်ကို လိုက်ခဲ့ပါ"
ဝူဟူက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က ညင်သာစွာ ခေါင်းညိတ်လိုက်၏။
သူက ဝူဟူနှင့်အတူ အတွင်းခန်းထဲသို့ လိုက်သွားတော့သည်။
ဝူဟူသည် သူ၏ခြေလက်များကို တုပ်နှောင်ခံထားရပြီး ပခုံးတွင်လည်း သံကြိုးများနှင့် ထိုးဖောက်ခံထားရသည့်တိုင် သွားလာနိုင်စွမ်းတော့ ရှိနေဆဲပင်။
အထူးနည်းဖြင့် ဖိထားသော ကျောက်စာချပ်ကြီးကိုလည်း သူ့နောက်ကျောတွင် ထမ်းပိုးသွားခဲ့သည်။
"ဒါက..."
ကျွင်းရှောင်ယောက် မျက်မှောင်ကြုတ်လိုက်၏။
"ဒါကို ငါ့ရဲ့ခေတ်က အသျှင်ခန္ဓာတစ်ဦး ပြုလုပ်ခဲ့တာပါ။ ဒီမှာ အထူးဖိနှိပ်ရေး ကမ္ပည်းတွေရှိတယ်"
ဝူဟူက ပုံမှန်အတိုင်း ပြောလိုက်သည်။
ဤသို့သော အရှက်ခွဲမှုများကို ကြုံခဲ့ရသော်လည်း ယခုအခါမှာတော့ သူ့စိတ်အခြေအနေဟာ ထူးခြားမှုမရှိသလို ရှိနေခဲ့ချေပြီ။
ကျွင်းရှောင်ယောက်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
အတွင်းခန်းထဲတွင် အက်ကွဲကြောင်းများဖြင့် ဖုံးအုပ်ထားသော ရုပ်တုတစ်ခု ရှိ၏။
ထိုရုပ်တုက ခန့်ညားပြီး အင်အားကြီးသူဖြစ်ကြောင်း ယောင်ဝါးဝါး ခံစားရနိုင်သည်။
"ဒါက အင်မော်တယ်ဘုရင်သုံးပါးကို ရင်ဆိုင်ခဲ့တဲ့ နန်းတော်ရှင် ဘိုးဘေးပါ"
ဝူဟူက ခပ်တိုးတိုး ပြောလိုက်သည်။
ကျွင်းရှောင်ယောက်လည်း လေးစားမှုကို ပြသခဲ့ပေသည်။
သူကိုယ်တိုင်က ကိုယ်ကျိုးမဖက်သည့် သူရဲကောင်းမျိုးမဟုတ်သော်လည်း ထိုလူမျိုးကို လေးစားသည်။
ကျွင်းရှောင်ယောက်လည်း အတွင်းခန်းထဲသို့ ၀င်သွားခဲ့လေသည်။
ထိုအချိန်တွင် သူ့စိတ်ထဲမှ စနစ်၏အသံ ထွက်ပေါ်လာခဲ့သည်။
"ဒင်၊ ဂုဏ်ယူပါတယ်ပိုင်ရှင်၊ လက်မှတ်ထိုးဝင်ဖို့ ရှေးဟောင်းဘုရားကျောင်းကို ရောက်ပါပြီ။ လက်မှတ်ထိုးဝင်ချင်ပါသလား"
'ဝင်လိုက်ပါ'
ကျွင်းရှောင်ယောက်က စိတ်ထဲမှ တိတ်တဆိတ် ပြောလိုက်၏။
"ဒင်၊ ဂုဏ်ယူပါတယ်ပိုင်ရှင်၊ ကြယ်ခုနစ်ပွင့်ဆုလာဘ်၊ ဧကရာဇ်တစ်ပိုင်းလက်နက်... မဟာပျက်စီးခြင်းလှံပုဆိန်ကို ရရှိခဲ့ပါပြီ"
စနစ်၏ စကားသံအဆုံးတွင်၊ သူ၏ သိုလှောင်ခြင်းမှော်ရတနာအတွင်းမှ ခုနစ်မီတာခန့်ရှည်သော လှံပုဆိန်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ရှည်လျားသော လှံပုဆိန်က ကြီးစိုးပြီး အလွန်အစွမ်းထက်ပုံရ၏။ လှံပုဆိန်၏ဓားသွားက အလွန်ထက်ပြီး သမိုင်းမတင်မှ မဟာပျက်စီးခြင်းကမ္ဘာမှ ဆင်းသက်လာပုံရသည်။
ကြောက်မက်ဖွယ်ကောင်းသော သုတ်သင်ခြင်းနှင့် ပျက်စီးခြင်း၏ စွမ်းအားကို သယ်ဆောင်လာသော လေထုက တဟုန်ထိုး မြင့်တက်လာခဲ့၏။
ဤလှံပုဆိန်က အဆုံးမဲ့ ရှေးခေတ်ဟောင်းအထိ ခွဲထုတ်ပစ်နိုင်ပုံရသည်။
ဧကရာဇ်တစ်ပိုင်းလက်နက်၊ မဟာပျက်စီးခြင်းလှံပုဆိန်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပသွားခဲ့သည်။ အခြား မှော်ရတနာတစ်ခုကို လက်မှတ်ရေးထိုးရန် သူ မမျှော်လင့်ခဲ့ပေ။
ဤလှံပုဆိန်က အရာအားလုံး၏မိခင်ချီဒယ်စောက်အိုးလောက် အဆင့်မမြင့်နိုင်သော်လည်း အနာဂတ်တွင် ဧကရာဇ်လက်နက်အဖြစ် ပြောင်းလဲသွားနိုင်ပါသေးသည်။
ထို့ပြင်၊ ယခုအခါ ကျွင်းရှောင်ယောက်၏ လက်ထဲတွင် တိုက်ခိုက်ရေးလက်နက်မရှိပေ
အတိအကျပြောရလျှင် အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးက သတ်ဖြတ်ခြင်းအတွက်မဟုတ်ဘဲ တာအိုကို သက်သေပြရန် ရတနာတစ်ခု ဖြစ်သင့်သည်။
မဟာပျက်စီးခြင်းလှံပုဆိန်က ဤအားနည်းချက်ကို ဖြည့်စွတ်ခဲ့ပေသည်။
ကျွင်းရှောင်ယောက်၏ ခွန်အားဖြင့် သာမာန်လူများကို ကိုင်တွယ်ရန် မည်သည့်လက်နက်မျှ မလိုအပ်သည်မှာ မှန်သည်။
သို့သော်လည်း လက်နက်ကို သုံးမလား၊ မသုံးဘူးလား ဆိုသည်ကတော့ နောက်တစ်ခုပင်။
ဥပမာအားဖြင့် ရွှေကျီးကန်းဒသမမင်းသားသည် မရေမတွက်နိုင်သောအခက်အခဲများကို ဖြတ်သန်းပြီးမှ ဧကရာဇ်တစ်ပိုင်းလက်နက်ကို ရရှိခဲ့သည်။ ၎င်းကိုလည်း ယနေ့ထိတိုင် သန့်စင်နေရဆဲပင်။
ရလဒ်အနေဖြင့်၊ ကျွင်းရှောင်ယောက်ကတော့ ဧကရာဇ်လက်နက်အဖြစ် ပြောင်းလဲနိုင်သည့် အလားအလာရှိသော ဧကရာဇ်တစ်ပိုင်းလက်နက်ကို လက်မှတ်ရေးထိုးပြီး ရခဲ့သည်။
၎င်းက ရွှေကျီးကန်းဒသမမင်းသား ရရှိထားသော ဧကရာဇ်တစ်ပိုင်းလက်နက်ထက်လည်း များစွာ အရည်အသွေး မြင့်မားမည်မှာ သေချာလှပေသည်။
"ဘာဖြစ်လို့လဲ"
ကျွင်းရှောင်ယောက် အံ့အားသင့်သွားတာကိုမြင်တော့ ဝူဟူက မေးလိုက်သည်။
"ဘာမှမဟုတ်ဘူး"
ဤတော့မှ ကျွင်းရှောင်ယောက် သတိပြန်ဝင်လာခဲ့၏။
သူ့တွင် နောက်ထပ် ဝှက်ဖဲတစ်ခု ရှိလာပြီ။
ထို့နောက် ဝူဟူသည် ရုပ်တုရှိရာသို့ လျှောက်သွားပြီး ရုပ်တုကို တွန်းဖယ်လိုက်သည်။
"ဝုန်း"
ရုပ်တု၏အောက်တွင် အလုံပိတ်ယန္တရားတစ်ခု ပေါ်လာခဲ့၏။ အလယ်မှာတော့ အပေါက်ငယ်တစ်ခုရှိသော အကွက်တစ်ခု ရှိနေသည်။
ဝူဟူက ပြောသည်။
"သွေးတစ်စက်ထည့်လိုက်ပါ။ တကယ်လို့ မင်းသာ ကံကြမ္မာရဲ့လူဖြစ်ရင် နန်းတော်ရဲ့ လျှို့ဝှက်နေရာ ပွင့်လာလိမ့်မယ်"
ကျွင်းရှောင်ယောက်လည်း မတုံ့ဆိုင်းဘဲ လက်ချောင်းထိပ်မှ သွေးတစ်စက်ကို ချပေးလိုက်၏။
ခဏချင်ပင်၊ ရွှေရောင်အလင်းတန်းများ လင်းလက်ပြီး မြေပြင်တစ်ခုလုံး ပွင့်ထွက်သွားကာ ဥမင်တစ်ခု ပေါ်လာတော့သည်။
"အမှန်ပဲ"
ဝူဟူ အသက်ပြင်းပြင်းရှူလိုက်သည်။
အရာအားလုံးနီးပါးကို မှန်းဆထားပြီးသားဖြစ်သော်လည်း အတည်ပြုပြီးနောက် သက်ပြင်းချလိုက်မိဆဲပင်။
အကြောင်းမှာ၊ ကံကြမ္မာလူသား ရောက်လာပါက ရှေးဟောင်းမြင့်မြတ်ခန္ဓာ အမျိုးအနွယ်တို့ ၎င်းတို့၏ ဘုန်းအသရေကို ပြန်လည် ပေါ်ထွန်းလာမည့် အချိန်ဖြစ်သည်ဟု ရှေးနန်းတော်တွင် အမှာစကား အမြဲထားရစ်ခဲ့သောကြောင့်ပင်။
ကျွင်းရှောင်ယောက်နှင့် ဝူဟူတို့လည်း ဝင်ရောက်သွားကြသည်။
အောက်တွင် ကြီးမားကျယ်ပြန့်သော ဟင်းလင်းပြင်တစ်ခုရှိပြီး မြင့်မြတ်ခန္ဓာ၏ အရှိန်အဝါကြီးသော လှိုင်းလုံးများ စိမ့်ဝင်နေသည်။
ကျွင်းရှောင်ယောက်နှင့် ဝူဟူတို့ နှစ်ဦးစလုံး ထိုပြောင်းလဲမှုမျိုးကို ခံစားခဲ့ကြရ၏။
နောက်ဆုံးတော့ သူတို့ဟာ မြေအောက် ဟင်းလင်းပြင်ထဲသို့ တိုးဝင်သွားတော့သည်။
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။
အလယ်တွင် အချင်း ခြောက်ပေခန့်သာရှိသော သွေးအိုင်တစ်ခု ရှိ၏။
သို့ရာတွင်၊ ထိုသွေးအိုင်ထဲရှိ အရာများအားလုံးက ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ သွေးအနှစ်သာရများပင် ဖြစ်သည်။
ပတ္တမြားကဲ့သို့ အနီရောင်တဖိတ်ဖိတ်တောက်နေသော သွေးအိုင်က အလွန်အစွမ်းထက်ပြီး အားကောင်းသော သွေးစွမ်းအင် အတက်အကျများကို ထုတ်လွှတ်နေလေသည်။
သွေးစွမ်းအင်များ တိုးလာသည်နှင့်အမျှ ၎င်းသည် သွေးချီလင်များ၊ သွေးနဂါးများ၊ သွေးဖီးနစ်များနှင့် အခြား အံ့ဖွယ်ကောင်းသော မြင်ကွင်းများအဖြစ် ပေါင်းစပ်သွားကြသည်။
"ဒါက..."
ကျွင်းရှောင်ယောက်ပင်လျှင် အနည်းငယ် အံ့သြသွား၏။
"ဒါဟာ အတိတ်က နန်းတော်ရှင်နဲ့ မြင့်မြတ်ခန္ဓာတွေ ချန်ထားခဲ့တဲ့ သွေးအနှစ်သာရတွေပါပဲ"
ဝူဟူက အနည်းငယ် တုန်ယင်နေသော လေသံဖြင့် ပြောသည်။
အနာဂတ်တွင် ရှေဟောင်းနန်းတော် ကျဆင်းလာမည်ကို ထိုနန်းတော်ရှင်များက ကြိုတင် မျှော်လင့်ထားပုံရပေသည်။
ထို့ကြောင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ သွေးအနှစ်သာရတို့ကို နောင်လာနောင်သားများအတွက် ထိန်းသိမ်းပေးထားခဲ့ခြင်း ဖြစ်မည်။
ကျွင်းရှောင်ယောက်သည် သွေးကန်ဘေးတွင် ပေါက်နေသော အပင်တစ်ပင်ကို မြင်လိုက်ရ၏။ သစ်ပင်၏ အရွက်များက ချီနှင့် သွေးအနှစ်သာရတို့ကို ဝါးမျိုနေသော သွေးနဂါးများနှင့်တူသည်။ ချီနှင့်သွေးမှ သွေးနဂါးများအဖြစ် ပြောင်းလဲသွားသည့် မြင်ကွင်းများလည်း ရှိသေးသည်။
"ဒါ အစစ်အမှန်နဂါး နတ်ဆေးပင်ပဲ"
ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။
အင်မော်တယ်ဆေးပင်များကြားတွင် အစစ်အမှန်နဂါး နတ်ဆေးက ထိပ်တန်းဖြစ်ပြီး သူ၏အာနိသင်ကလည်း ကောင်းကင်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။
ထို့ပြင် ဧကရာဇ်အရှိန်အဝါနှင့် ဖင်းဂေါ့ခန္ဓာကဲ့သို့ အမှောင်နှင့်ရွှေရောင် ချပ်ဝတ်တန်ဆာတစ်ခုလည်း ရှိသေးသည်။
"ဒါက ငါတို့ ရှေးဟောင်းနန်းတော်ရဲ့ ဧကရာဇ်လက်နက်၊ ပျက်စီးခြင်းနတ်ဘုရားချပ်ဝတ်ပဲ"
ဝူဟူ၏ မျက်လုံးများက တောက်ပလာသည်။
ရှေးဟောင်းနန်းတော်၏ ဧကရာဇ်လက်နက် ပျက်စီးခြင်းနတ်ဘုရားချပ်ဝတ်သည် ခေတ်ကာလတစ်ခုတွင် ပျောက်ဆုံးသွားခဲ့သည်။
ထိုအချိန်က၊ ဝူဟူပင်လျှင် ရှေးဟောင်းနန်းတော်၏ ဧကရာဇ်လက်နက် ပျောက်ဆုံးမှုကြောင့် စဉ်းစားမရဘဲ သံသယဖြစ်မိခဲ့သေးသည်။
ယခုမူ၊ ၎င်းက ရှေးဟောင်းနန်းတော်၏ ကျဆင်းမှု ဖြစ်နိုင်ချေကို မျှော်လင့်ထားခဲ့သော ယခင် နန်းတော်ရှင်၏အကြံ ဖြစ်ပုံရသည်။
ထို့ကြောင့် ပျက်စီးခြင်းနတ်ဘုရားချပ်ဝတ်ကို နန်းတော်၏ လျှို့ဝှက်နေရာတွင် ကြိုတင်ဝှက်ထားခဲ့ပြီး ကံကြမ္မာလူသား ရောက်ရှိလာမှ နေ့အလင်းရောင်ကို ပြန်လည်မြင်တွေ့နိုင်စေရန် စီစဉ်ထားခဲ့သည်။
ထိုသို့မဟုတ်လျှင်လည်း ကျဆင်းလာသော ရှေးဟောင်းနန်းတော်က ဤသို့သော ရတနာမျိုးကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။ အခြားအင်အားစုများက သိမ်းပိုက်သွားကြမည် ဖြစ်သည်။
ထို့အပြင်၊ ကျွင်းရှောင်ယောက်က စာအုပ်ဟောင်းများစွာကို ခင်းကျင်းပြသထားသည့် စာအုပ်စင်အချို့ကိုလည်း တွေ့ခဲ့ရသည်။
သူက ၎င်းတို့ထဲမှအချို့ကို ချက်ခြင်း လှန်ကြည့်လိုက်၏။ ၎င်းတို့တွင် မှတ်တမ်းတင်ထားသည့် အရာအားလုံးက ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ လေ့ကျင့်နည်းများဖြစ်ကြောင်း တွေ့လိုက်ရ၍ သူ အံသြသွားပြန်တော့သည်။
ဤအထဲတွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ သဘာဝရူပါရုံများကို နိုးထစေသည့် အတွေ့အကြုံတစ်ခုပင် ရှိသည်။
"ဒါတွေက အရင် နန်းတော်ရှင်တွေ ချန်ထားခဲ့တဲ့ ကျမ်းစာအုပ်တွေ ဖြစ်သင့်တယ်"
၎င်းတို့ကို လှန်လှောကြည့်ပြီးနောက် ဝူဟူလည်း အံ့သြသွားခဲ့သည်။
ရှေးဟောင်းနန်းတော်၏ လျှို့ဝှက်နေရာတွင် ဤမျှအရာများစွာကို အမှန်တကယ် ဖုံးကွယ်ထားမည်ဟု သူဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
ကျွင်းရှောင်ယောက်လည်း သက်ပြင်းချလိုက်မိသည်။
"အရင်နန်းတော်ရှင်တွေနဲ့ အခြား မြင့်မြတ်ခန္ဓာတွေက ရှေးဟောင်းမြင့်မြတ်ခန္ဓာ ပြန်လည်နိုးထစေရေးအတွက် အမှန်တကယ် ကြိုးစားအားထုတ်ခဲ့ကြတာပဲ"
ရှေးဟောင်းမြင့်မြတ်ခန္ဓာ သွေးအနှစ်သာရ၊ အစစ်အမှန်နဂါး နတ်ဆေးပင်၊ ဧကရာဇ်လက်နက် ပျက်စီးခြင်းနတ်ဘုရားချပ်ဝတ်နှင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာအတွက် လေ့ကျင့်နည်း ပညာရပ်များ...
ဤအရာများအားလုံးက ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုး ထွန်းကားရေးအတွက် ကြိုတင်ပြင်ဆင်မှုများဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။
ထို့ပြင် ကံကြမ္မာရှင်ဖြစ်သော ကျွင်းရှောင်ယောက်ကို အရာအားလုံး ပေးအပ်ထားခဲ့သည်။
"ကျွင်းရှောင်ယောက်၊ ဒါတွေအားလုံး မင်းပိုင်ဆိုင်ပါတယ်။ မင်းဟာ ရှေးခေတ်ဟောင်းနောက်ပိုင်း အချုပ်အနှောင်အားလုံးကို ချိုးဖျက်ခဲ့တဲ့ တစ်ခုတည်းသော မြင့်မြတ်ခန္ဓာပဲ"
"မင်းက ငါတို့ ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုးရဲ့ မျှော်လင့်ချက်ပါပဲ"
ဝူဟူက လေးလေးနက်နက်ပြောပြီး ကျွင်းရှောင်ယောက်ကို လက်ယှက်ပြလိုက်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက မီးတောက်တဖျတ်ဖျတ်လက်သွားသည်။
ဤအခွင့်အရေးများကို ချေဖျက်လိုက်မည်ဆိုပါက သူ မည်မျှ ကြီးပျင်းလာမလဲဆိုတာ တွေးကြည့်ရန်ပင် မလွယ်ပေ။
ဤသည်မှာ ရှေးဟောင်းလမ်းကို ကျွင်းရှောင်ယောက် လျှောက်လှမ်းခဲ့ချိန်မှစ၍ ယခုအချိန်အထိ ရရှိခဲ့သော အကြီးမားဆုံးအခွင့်အလမ်းများထဲမှ တစ်ခုဖြစ်သည်မှာ သေချာသည်။