← Chapters

အခန်း ၇၀၁

Vol. 47 Ch. 701

အခန်း ၇၀၁

Vol. 47 Ch. 701

အခန်း ( ၇၀၁ ) ပျက်စီးခြင်းလှံပုဆိန်နှင့် အရပ်ရပ်ကို သတ်ဖြတ်သည်၊ မြင့်မြတ်ခန္ဓာ ရူပါရုံများ၏ စွမ်းအား။

ယခင်က ကျွင်းရှောင်ယောက်သည် သန်မာသော်လည်း မျိုးဆက်သစ်လူငယ်များကြား၌သာ ပြိုင်ဘက်ကင်းသည်။

ယခုမူ၊ ကျွင်းရှောင်ယောက်၏ အရှိန်အဝါက စန်းမိသားစု၏ ပဉ္စမအကြီးအကဲနှင့် အခြားသူများကိုပင် တုန်လှုပ်စေခဲ့ပြီ။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မျိုးဆက်သစ်လူငယ်တစ်ယောက်က ဘယ်လိုများ ဒီလောက်သန်မာနိုင်တာလဲ"

စန်းမိသားစု၏ ပဉ္စမအကြီးအကဲက မယုံနိုင်စွာ အော်လိုက်သည်။

ကျွင်းရှောင်ယောက်နှင့်ယှဉ်လျှင် သူတို့ စန်းမိသားစု၏ တားမြစ်ပါရမီရှင်ဖြစ်သော စန်းယွမ်က လုံးဝ အမှိုက်တစ်စပင်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်၊ မင်း တကယ်ပဲ ငါ့စန်းမိသားစုနဲ့ ရန်သူဖြစ်ချင်နေတာလား။ မင်း အခုထွက်သွားရင် အရင်ကိစ္စတွေကို မေ့ထားလိုက်မယ်"

စန်းမိသားစု၏ ပဉ္စမအကြီးအကဲက တုန်လှုပ်သောလေသံဖြင့် ပြောလိုက်သည်။

ယခင်ကတော့ သူသည် ကျွင်းရှောင်ယောက်၏ နောက်ခံကြောင့် အနည်းငယ် ကြောက်ရွံ့နေခဲ့သည်။

ယခုမူကား၊ ကျွင်းရှောင်ယောက်ကိုပင် သူ ကြောက်နေမိပြီ။

ကျွင်းရှောင်ယောက်က ဘာမျှမပြောဘဲ ရေခဲတမျှ အေးစက်နေသောမျက်နှာနှင့် ရပ်ခဲ့သည်။

သူက ရွှေနက်ရောင် ပျက်စီးခြင်းနတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထား၏။

မဟာသူတော်စင်နယ်ပယ် ကျွင်းရှောင်ယောက်၏ လက်ရှိအင်အားအရ ဧကရာဇ်လက်နက်တစ်ခု၏ စစ်မှန်သောစွမ်းအားကို မထုတ်ပြနိုင်သေးပေ။

သို့ရာတွင် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် လုံလောက်တာထက် ပိုသည်။

သူတော်စင်သခင် ရောက်လာခဲ့လျှင်ပင် သူ့ကို ဘာမျှလုပ်နိုင်မည် မဟုတ်ပေ။

သူ့လက်ထဲမှာတော့ ခုနစ်ပေရှည်သော ပျက်စီးခြင်းလှံပုဆိန်ကို ကိုင်ဆောင်ထားသည်။ သူ့ထံမှ သတ်ဖြတ်မှု အငွေ့အသက်များလည်း ထွက်ပေါ်လာခဲ့၏။

မဟာပျက်စီးခြင်းလှံပုဆိန်သည် တိုက်ခိုက်ရေးကို အထူးပြုသည့် ဧကရာဇ်တစ်ပိုင်းအဆင့် သတ်ဖြတ်ရေးလက်နက်တစ်ခု ဖြစ်သည်။ ယခုအချိန်တွင်၊ ၎င်းက ကျွင်းရှောင်ယောက်၏လက်ထဲတွင် အစွမ်းထက်စွမ်းအားကို ပြသရန် လုံလောက်သည်။

ကျွင်းရှောင်ယောက်က စန်းမိသားစုနှင့် စကားပြောရန် စိတ်မဝင်စားပေ။ သူက လှံပုဆိန်ကို လှုပ်ရှားလိုက်သည်နှင့် တောက်ပသောအလင်းများ ဖြာထွက်လာခဲ့သည်။

"ရွှပ်"

အသားတစ်ခုကို လှီးဖြတ်လိုက်သံ ထွက်ပေါ်လာခဲ့သည်။

ကျွင်းရှောင်ယောက်က လှံပုဆိန်ကို ပေါ့ပေါ့တန်တန် ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်အက်ကြောင်းများ ပြည့်နှက်သွား၏။ စန်းမိသားစုမှ တပ်သားတချို့မှာ တုံ့ပြန်ရန်ပင် အချိန်မရှိဘဲ ၎င်းတို့၏အောက်ပိုင်းများ တိတိရိရိ ပြတ်ကျသွားတော့သည်။

ကျွင်းရှောင်ယောက်က စန်းမိသားစုမှ တပ်သားငါးထောင်ကို တစ်ချက်တည်းဖြင့် သတ်ခဲ့သည်။

"မဟုတ်ဘူး၊ မကောင်းဆိုးရွား... သူက မကောင်းဆိုးရွားပဲ"

"ပြေးကြဟေ့"

စန်းမိသားစု၏ စိတ်ဓာတ်က လုံးဝ ပြိုပျက်သွားခဲ့သည်။ တိုက်ခိုက်ရန်ပင် မလိုအပ်တော့ပေ။

"ဟွမ်ကျေးရွာကလူတွေကို သတ်လိုက်တုန်းက မင်းတို့လည်း ဒီလောက်စိတ်ပျက်စရာ အခိုက်အတန့်တွေ ကြုံဖူးမယ်လို့ မတွေးမိဘူးလား"

ကျွင်းရှောင်ယောက်က အနည်းငယ်မျှ မသနားဘဲ လျစ်လျူရှုစွာ ပြောလိုက်သည်။

သူက အစစအရာရာ ကြင်နာတတ်သူ မဟုတ်ပေ။ စန်းမိသားစုကို လုံးဝ ဖျက်ဆီးချင်ရုံသာ ဖြစ်သည်။

"ကျွင်းရှောင်ယောက်၊ သိပ်ပြီး မလွန်လာနဲ့"

ယင်းကိုမြင်တော့ စန်းမိသားစု၏ ဆဋ္ဌမမြောက် အကြီးအကဲက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ မဟာသူတော်စင်နယ်ပယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ကျွင်းရှောင်ယောက်ဆီကို ပြေးလာခဲ့၏။

တာအိုအမှတ်အသားများနှင့် မဟာသူတော်စင်နယ်ပယ် အရှိန်အဝါများက လေထဲတွင် ပြည့်နှက်သွားကာ ကမ္ဘာတစ်ခုလုံး ကမောက်ကမ ဖြစ်နေတော့သည်။

မဟာသူတော်စင်တစ်ပါး၏ ဒေါသက ကောင်းကင်ကိုဖောက်ခွဲပြီး တိုက်ကြီးတစ်ခုကိုပင် ဖျက်ဆီးပစ်နိုင်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ မျက်လုံးများက ဘာမျှမထူးခြားပေ။

သူက ပျက်စီးခြင်းလှံပုဆိန်နှင့် တစ်ချက် ပစ်ထိုးလိုက်သည်။

"ဝှစ်"

ပျက်စီးခြင်းလှံပုဆိန်က ရှေးဦးကာမှ ဆင်းသက်လာသကဲ့သို့ အဆုံးမဲ့ ကြီးကျယ်ခမ်းနားသော ပျက်စီးခြင်းအငွေ့အသက်များကို သယ်ဆောင်လာခဲ့၏။ လှံပုဆိန်က စန်းမိသားစု၏ ဆဋ္ဌမအကြီးမကဲကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားတော့သည်။

စန်းမိသားစု၏ ဆဋ္ဌမအကြီးအကဲက လက်ဝါးရိုက်ချက်များထုတ်ဖော်လိုက်သည်။ တာအိုအမှတ်အသားများက သူ့ရှေ့တွင် လိပ်ခုံးတစ်ဒိုင်းတစ်ခုအသွင် ပေါ်လာခဲ့ခဲ့သည်။

"ဝုန်း"

လှံပုဆိန်က နတ်ဘုရားသိုင်းများကိုဖျက်ဆီးပြီး တာအိုနိယာများကို ချေဖျက်လိုက်၏။ လှံပုဆိန်က ဆဋ္ဌမအကြီးအကဲ၏ရင်ဝကို ထိုးဖောက်ကာ အဝေးမှတောင်တွင် သံမှိုကဲ့သို့ စိုက်ဝင်သွားတော့သည်။

သူ၏ လှံပုဆိန်က မဟာသူတော်စင်ကို တစ်ချက်တည်းဖြင့် ချေမှုန်းပစ်ခဲ့သည်။

"ဆဋ္ဌမ၊ ချီးပဲကွာ"

စန်းမိသားစု၏ ပဉ္စမအကြီးအကဲက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

ကျန်သောအကြီးအကဲများလည်း မျက်လုံးများ နီရဲသွား၏။

မဟာသူတော်စင်များနှင့် သူတော်စင်ဘုရင်များ တစ်ဒါဇင်ကျော်က ကျွင်းရှောင်ယောက်ကို ပူးပေါင်းကာ တိုက်ခိုက်လိုက်ကြသည်။

ယင်းကိုမြင်သော်လည်း ကျွင်းရှောင်ယောက်၏ မျက်လုံးများက ထူးခြားမှုမရှိပါ။

သူ့ခန္ဓာကိုယ်က တုန်ခါသွားပြီး ရှေးဦးပျက်စီးခြင်း အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ မိုးပြာရောင်ကြာပန်းနှင့် အင်မော်တယ်တာအိုတို့ ထွက်ပေါ်လာခဲ့၏။

ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံ၊ ရှေးဦးပျက်စီးခြင်း မိုးပြာရောင်ကြာပန်းက အားလုံးကို ဖိနှိပ်ခဲ့သည်။

ပျက်စီးခြင်းအလင်းတိုင်းက ဟင်းလင်းပြင်ကို ဖြိုချပစ်ရန် လုံလောက်၏။

ပွင့်လန်းနေသော ကြာပန်းများက အဆုံးမဲ့တာအို အခြေခံမူများကိုပင် ထုတ်လွှတ်ကာ စန်းမိသားစု၏ အကြီးအကဲများကို ဖိနှိပ်လိုက်သည်။

ကျွင်းရှောင်ယောက်၏ခွန်အားက တူညီသောအဆင့်တွင် ပြိုင်ဘက်မရှိပေ။

ထို့ကြောင့် ယခုအချိန်တွင် စန်းမိသားစု၏ မဟာသူတော်စင်နှင့် သူတော်စင်ဘုရင်များက သူ့အမြင်တွင် ဝက်များ ခွေးများနှင့် မခြားတော့ပေ။

"ဝုန်း"

စန်းမိသားစု၏ အကြီးအကဲများပါးစပ်မှ သွေးများအန်ထွက်လာခဲ့သည်။ သူတို့မျက်လုံးများကတော့ ထိတ်လန့်တုန်လှုပ်မှုတို့ ပြည့်နေတော့သည်။

သူတို့က ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံကို လုံးဝ မရပ်တန့်နိုင်ခဲ့ပေ။

"ယင်ယန်သေခြင်းရှင်ခြင်းမြေပုံ"

ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ နောက်ထပ်ရူပါရုံကို ဆက်လက်ထုတ်ဖော်လိုက်သည်။

ကောင်းကင်ယံတွင်၊ ကြီးမားသော အဖြူအနက် ပုံကြမ်းတစ်ခုက တဖြည်းဖြည်း လည်ပတ်လာသည်။

အနီးနား ဟင်းလင်းပြင်က ပြိုကွဲပြီး အနက်ရောင် အက်ကွဲကြောင်းများ ပေါ်လွင်လာခဲ့၏။

ယင်ယန်သေခြင်းရှင်ခြင်းမြေပုံတွင်း၌ လည်ပတ်နေသော လမ်းကြောင်းခြောက်ခုရှိပြီး သေဆုံးခြင်းနှင့် ရှင်သန်ခြင်း၊ ယင်နှင့်ယန်အဖြစ်သို့ မပြတ် လည်ပတ်နေပုံရပေသည်။

အမျိုးမျိုးသော သေခြင်းရှင်ခြင်းကမ္ပည်းများအပြင် နိယာမအခြေခံများက ၎င်း၏ပတ်ဝန်းကျင်တွင် ပေါ်ထွက်လာခဲ့သည်။

၎င်းက ဧရာမထီးကြီးကဲ့သို့ စန်းမိသားစု၏ ပဉ္စမအကြီးအကဲနှင့် အခြားသူများကို ဖိနှိပ်ထားတော့သည်။

"ပြိုင်ဘက်ကင်းတဲ့ အသျှင်သွေး"

စန်းမိသားစု၏ ပဉ္စမအကြီးအကဲနှင့် အခြားသူများက ၎င်းတို့၏အသျှင်သွေးကို လှုံ့ဆော်ရင်း ဟိန်းဟောက်လိုက်သည်။

နတ်ဘုရားသိုင်းအမျိုးမျိုးက ကျွင်းရှောင်ယောက်၏ရူပါရုံကို ဖြတ်ကျော်ရန် ထွက်ပေါ်လာခဲ့၏။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ အမူအရာက မပြောင်းလဲသေးပေ။

အကယ်၍ သူ၏နယ်ပယ်သာ သူတော်စင် သို့မဟုတ် သူတော်စင်ဘုရင်သာ ဖြစ်သေးပါက ၎င်းတို့ကြောင့် အမှန်တကယ် ပြိုကွဲသွားနိုင်သည်။

သို့ရာတွင် ပြဿနာက သူ၏ လက်ရှိကျင့်ကြံခြင်းအခြေခံက မဟာသူတော်စင်နယ်ပယ်တွင် ရှိနေခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ စွမ်းရည်အရ မဟာသူတော်စင်နယ်ပယ်ကို ဝင်ရောက်ခါစဖြစ်သော်လည်း မဟာသူတော်စင်နယ်ပယ် ကြီးမားသောပြီးပြည့်စုံခြင်းနယ်ပယ်မှ လူများပင်လျှင် သူ့ကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

ထို့ပြင် စန်းမိသားစု၏ ပဉ္စမအကြီးအကဲနှင့် အခြားသူများက မဟာသူတော်စင်နယ်ပယ် အလယ်လတ်အဆင့်တွင်သာ ဖြစ်သည်။

"ဝုန်း"

ပျက်စီးခြင်းဖရိုဖရဲ မြင့်တက်လာပြီး မိုးပြာရောင်ကြာပန်းများ လှုပ်ရှားသွားသည်။

ယင်နှင့်ယန်က လည်ပတ်ပြီး ဖိနှိပ်သတ်ဖြတ်လိုက်၏။

တားမြစ်အင်မော်တယ် စတုတ္ထတံဆိပ်၏ ဟင်းလင်းပြင်ကို ချုပ်နှောင်မှုအား ပေါင်းလိုက်သောအခါ စန်းမိသားစု၏ ပဉ္စမအကြီးအကဲနှင့် အခြားသူများ မလွတ်မြောက်နိုင်တော့ပေ။

"ကျွင်းမိသားစုရဲ နတ်ဘုရားသားတော်၊ အေးအေးဆေးဆေး ပြောကြရအောင်ပါ၊ ငါတို့ ဆွေးနွေးလို့ရသေးတယ်"

စန်းမိသားစု၏ ပဉ္စမအကြီးအကဲက ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။

မဟာသူတော်စင်နယ်ပယ် မျိုးဆက်ဟောင်းများဖြစ်သည့် သူတို့က ကျွင်းရှောင်ယောက်ကဲ့သို့ မျိုးဆက်သစ်လူငယ်လေးရှေ့တွင် ခုခံနိုင်စွမ်းမရှိဖြစ်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပေ။

နောက်ဆုံးတွင်၊ သူက မဟာသူတော်စင်နယ်ပယ်သို့ ချိုးဖြတ်ရုံမျှသာ ရှိသည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများကတော့ တည်ငြိမ်နေဆဲပင်။ စန်းမိသားစုမှ ပဉ္စမအကြီးအကဲ၏ စကားကြောင့် သူ့အမူအရာက ပြောင်းလဲခြင်းအလျဉ်းမရှိပေ။

အမှားလုပ်မိလျှင် အပြစ်ပေးခံရမည် ဖြစ်သည်။

စန်းမိသားစုဝင်များအတွက်တော့ အမှားလုပ်မိလျှင် သူတို့၏အသက်နှင့် ပြန်ပေးဆပ်ရလိမ့်မည်။

"ဝုန်း"

နောက်ဆုံးတွင်၊ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြင့်မြတ်ခန္ဓာ ရူပါရုံနှစ်ခုက လုံးဝ ကျရောက်လာခဲ့သည်။ မြေပြင်တွင် နက်ရှိုင်းသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး အက်ကြောင်းများ ပြည့်နှက်သွား၏။

စန်းမိသားစု၏ အကြီးအကဲများ လုံးလုံးလျားလျား ချေမှုန်းခံရကာ ရှေးဦးဝိဉာဉ်များပင် မလွတ်မြောက်နိုင်ပေ။

တိတ်ဆိတ်သည်။

မိုးနှင့်မြေကြားတွင် သုသာန်တစပြင်ပမာ တိတ်ဆိတ်သွား၏။

ကြည့်ရှုနေကြသော ပါရမီရှင် ကျင့်ကြံသူအားလုံး တံတွေးတစ်လုပ်ကို မြိုချလိုက်မိသည်။

ယခင်ကတော့ သူတို့သည် ကျွင်းရှောင်ယောက်၏စွမ်းရည်များအရ အစောပိုင်းမဟာသူတော်စင်နယ်ပယ်ကို ဖြတ်ကျော်ပြီးနောက် စန်းမိသားစု၏ အကြီးအကဲများနှင့် ရင်ဆိုင်နိုင်မည်ဟုသာ သူတို့ထင်ခဲ့သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်အတွက် စန်းမိသားစု၏ မဟာသူတော်စင်များကို သတ်ဖြတ်ခြင်းမှာ ခွေးတစ်ကောင်ကိုသတ်သကဲ့သို့ ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။

ယင်းကိုမြင်တော့ ကျန်မိသားစုဝင်များလည်း နေစရာမရှိအောင် ကြောက်ရွံ့သွားကြသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က အမူအရာမပြောင်းဘဲ သူ့လက်ချောင်းများကို ဓားအဖြစ်သုံးကာ ညွှန်ပြလိုက်၏။

တခဏအတွင်းမှာပင် ထောင်ချီသော အင်မော်တယ်သတ်ဓားချီက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားတော့သည်။

ကျန်သော စန်းမိသားစု၏ တပ်သားငါးသောင်းလည်း လုံးဝမခုခံနိုင်ဘဲ ၎င်းတို့၏ခန္ဓာကိုယ်များ ကွဲအက်ကာ ရှေးဦးဝိညာဉ်များ ပေါက်ကွဲသွားတော့သည်။

ခဏချင်းမှာပင်၊ သူတို့အားလုံး အော်ဟစ်သံများကြားမှ လဲကျသွားခဲ့သည်။

ကမ္ဘာကြီး ငြိမ်သက်သွားပြီး ရှုပ်ထွေးမှုများလည်း ပျောက်ပျက်သွားလေသည်။

ကျွင်းရှောင်ယောက် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် ဆယ့်ငါးမိနစ်ခန့်သာ ရှိသေးသည်။

အင်အားကြီးမားသော စန်းမိသားစု၏ တပ်မဟာတစ်ခုလုံး လုံးလုံးလျားလျား ပျက်သုဉ်းသွားခဲ့သည်။

မဟုတ်သေး...

တစ်ခုတော့ ကျန်သေးသည်။

ကျွင်းရှောင်ယောက်က လေထဲမှပင် ကျွင်းမိသားစု၏ ဆဋ္ဌမအကြီးအကဲရှိရာသို့ တဖြည်းဖြည်း လျှောက်သွားသည်။

စန်းမိသားစု၏ ဆဋ္ဌမအကြီးအကဲက လှံပုဆိန်နှင့် တောင်တွင် သံမှိုကဲ့သို့စိုက်ဝင်နေဆဲပင်။

ကျွင်းရှောင်ယောက် လျှောက်လာတာကိုမြင်တော့ သူ ရူးမတတ်ဖြစ်သွားသည်။ သူ့တာအိုနှလုံးသား ပြိုလဲသွားပြီး မကြုံစဖူးကြောက်ရွံ့မှုတို့ ပြည့်နှက်သွားလေသည်။

"မလုပ်နဲ့၊ မဟုတ်ဘူး... ဒီကိုမလာနဲ့"

စန်းမိသားစု၏ ဆဋ္ဌမအကြီးအကဲမှာ ရောက်လာစဉ်ကကဲ့သို့ မာနလုံးဝမရှိတော့ဘဲ အော်ဟစ်လိုက်မိသည်။

ကျွင်းရှောင်ယောက်က အပြောင်းအလဲမရှိသော အမူအရာဖြင့် လှံပုဆိန်ပေါ်ကို လက်ဝါးတင်လိုက်သည်။

ထို့နောက် အနည်းငယ်လှုပ်ရှားလိုက်၏။

"ဝုန်း"

တောင်ထိပ်တစ်ခုလုံး ထက်ခြမ်းကွဲကျသွားတော့သည်။

ဆဋ္ဌမအကြီးအကဲ၏ ခန္ဓာကိုယ်လည်း ပေါက်ကွဲကာ ရှေးဦးဝိညာဉ်သည်ပင် ပျက်သုဉ်းသွားတော့သည်။

ကျွင်းရှောင်ယောက်က စန်းမိသားစု၏ တပ်သားအားလုံးကို တစ်ယောက်တည်း သတ်ခဲ့သည်။

All Chapters