အခန်း ၇၀၇
Vol. 48 Ch. 707
အခန်း ( ၇၀၇ ) အသျှင်ကြယ်ကို ခြေချခြင်း၊ စန်းမိသားစုကို ဖျက်ဆီးမယ်၊ ကွဲလွဲနေသော သမိုင်းအမှန်တရားကို ထုတ်ပြန်ကြေညာခြင်း။
ကျယ်လောင်သော အသံတစ်ခုက ကြယ်ကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။
ပြပွဲကိုကြည့်ရန် လိုက်လာကြသော ပါရမီရှင် ကျင့်ကြံသူများလည်း ကမ္ဘာပေါ်တွင် မယုံနိုင်စရာအကောင်းဆုံး အရာတစ်ခုကို မြင်လိုက်ရသလို လျှာကိုကိုက်မိသွားကြ၏။
လူတစ်ယောက်၊ လှံပုဆိန်တစ်လက်နှင့် ကြီးမားသော ရှေးဟောင်းသက်ရှိကြယ်တစ်လုံးကို ထက်ပိုင်းဖြတ်လိုက်သည်။
ဤမြင်ကွင်းက လွန်စွာ တုန်လှုပ်ဖွယ်ကောင်းလွန်းလှပေသည်။ လူတိုင်း၏ နှလုံးသားများ တုန်ခါသွားကာ တိတ်ဆိတ်သွားကြသည်။
"ဒါ ကျွင်းမိသားစုက နတ်ဘုရားသားတော်ရဲ့ စစ်မှန်တဲ့ ခွန်အားပဲလား"
ပါရမီရှင် တော်တော်များများလည်း တံတွေးကို မျိုချလိုက်မိသည်။
ကျိချင်းရီ၊ ရူယင်း၊ ရှန့်ရွယ်ရီနှင့် ကျွင်းရှောင်ယောက်ကို အလွန်တရာ ပိုတွက်ထားကြသော အခြားသူများပင်လျှင် ယခုအချိန်တွင် တိတ်တဆိတ် တုန်လှုပ်သွားမိသည်။
ကျွင်းရှောင်ယောက်၏ စစ်မှန်သောစွမ်းအားကို သူတို့ လုံးဝ မသိနိုင်တော့ကြောင်း တွေ့လိုက်ရလေသည်။
"ကျွင်းသခင်လေး၊ နင် ဘယ်လောက်တောင်မှ နက်နက်နဲနဲ ဖုံးကွယ်ထားမှာလဲ"
ကျိချင်းရီလည်း သက်ပြင်းချလိုက်မိသည်။
သူသည် အလွန်နက်နဲပြီး လျှို့ဝှက်သူဖြစ်သော်လည်း ကျွင်းရှောင်ယောက်နှင့် ရင်ဆိုင်ရတိုင်း နက်ရှိုင်းသော ရေကန်ကြီးကို ရင်ဆိုင်ရသလို အမြဲခံစားခဲ့ရပေသည်။
ရေကန်အောက်ခြေကို သူ လုံးဝ မမြင်နိုင်ပေ။
အသျှင်ကြယ်မှ ကျင့်ကြံသူများလည်း အံ့အားသင့်စွာဖြင့် တုန်လှုပ်ချောက်ချားသွားကြသည်။
သူတို့ကို ပို၍ ကြောက်ရွံ့စေသည်ကတော့ သူတို့၏ဦးခေါင်းထက်မှ ကောင်းကင်ကြီးက အမှန်တကယ် ထက်ခြမ်းကွဲသွားခဲ့ခြင်းပင်။
ဤမြင်ကွင်းက ကမ္ဘာအဆုံးသတ် ရောက်လာခဲ့သလို တုန်လှုပ်စရာကောင်းလွန်းသည်။
"အတင့်ရဲလိုက်တာ"
စန်းမိသားစု၏ ဘိုးဘွားမြေတွင် စန်းမိသားစုဘိုးဘေးက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
ကျွင်းရှောင်ယောက်က လှုပ်ရှားလာမည်မှန်း သိထားသော်လည်း အသျှင်ကြယ်ကို တိုက်ရိုက်ပိုင်းဖြတ်မည်ဟု မထင်ထားခဲ့ပေ။
ကျွင်းရှောင်ယောက်တွင် ဤအင်အားမျိုး ရှိမယ်လို့လည်း သူတို့ စိတ်ကူးပင်မယဉ်ခဲ့ဖူးပါ။
ဒေါသထွက်နေသော စန်းမိသားစုနှင့် နှိုင်းယှဉ်လျှင်...
ကြယ်ကောင်းကင်မှ နန်းတော်စောင့်သုံးရာတို့မှာ ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် အလွန်စိတ်လှုပ်ရှားသွားပြီး သွေးများ ဆူပွက်လာခဲ့သည်။
နင်ချန်နှင့် ရှောင်ရွယ်ရွယ်တို့နှစ်ယောက်၏ မျက်လုံးများမှာလည်း ဖော်မပြနိုင်သော လေးစားမှုတစ်ခု ပေါ်လာတော့သည်။
သူတို့အပေါ်မှ ဖိနှိပ်မှုစွမ်းအားများလည်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်ကို သူတို့ ခံစားခဲ့ရသည်။
ကျွင်းရှောင်ယောက်၏ လှံပုဆိန်ချက်ကြောင့် အသျှင်ကြယ်၏ မူလအရင်းမြစ်တောင်မှ ပျက်စီးသွားကာ စွမ်းအင်အားလုံး ပျောက်ကွယ်သွားကြောင်း ထင်ရှားသည်။
"သွားကြမယ်"
ကျွင်းရှောင်ယောက်က မဟာပျက်စီးခြင်းလှံပုဆိန်ကို ပြန်ဆွဲယူကာ ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က ရှေးဟောင်းသက်ရှိကြယ်တစ်ခုကို ခွဲထုတ်သည်မှာ ဒါပထမဆုံးအကြိမ် မဟုတ်ပေ။ ယခင်ကလည်း ငရဲကြယ်ကို သူ ဖောက်ခွဲပစ်ဖူးသည်။
တကယ်တမ်းတွင်၊ ငရဲကြယ်နှင့်ယှဉ်လျှင် အသျှင်ကြယ်က အလွန်ကြီးမားသော ရှေးဟောင်းကြယ်တစ်ခု ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ အင်အားက ယခင်ကနှင့်ယှဉ်လျှင် အလွန်တရာ ကြီးမားလာခဲ့ပြီ။ သူ့နယ်ပယ်က မဟာသူတော်စင်နယ်ပယ်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် အသျှင်ကြယ်က ထက်ခြမ်းကွဲသွား၍ ကျင့်ကြံသူအများအပြား ထိတ်လန့်တကြားဖြင့် ပျံတက်လာခဲ့သည်။
ဟုတ်ပေသည်၊ အသျှင်ကြယ်မှ မထွက်ခွာနိုင်သူ သို့မဟုတ် ကျင့်ကြံခြင်းအခြေခံနိမ့်ကျသော လူများစွာတို့လည်း ရှိသည်။
ကျွင်းရှောင်ယောက်ကတော့ သူတို့ကို ဂရုမစိုက်ပေ။
သူ့ခြေထောက်အောက်မှ ပုရွက်ဆိတ်များ၏ သေခြင်းရှင်ခြင်းကို မည်သူက ဂရုစိုက်မှာလဲ။
အသျှင်ကြယ်တွင် နေထိုင်သူအများစုက အသျှင်ခန္ဓာ၊ စန်းမိသားစုတို့နှင့် အနည်းနှင့်အများ ဆက်စပ်မှုရှိသည်။
သူတို့က သေမျိုး သားစဉ်မြေးဆက်များပင် ဖြစ်နိုင်ပေသည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်သည် သူတို့အပေါ်မှာ သဘာဝအတိုင်း စာနာစိတ်တို့မရှိပေ။
ခဏအကြာတွင်၊ ကျွင်းရှောင်ယောက်နှင့် အခြားသူများက ပါ့ရှင်း စန်းမိသားစု၏ မျိုးနွယ်စုနယ်မြေသို့ ရောက်လာခဲ့ကြသည်။
ကျန်သောလူများကလည်း အနောက်မှ လိုက်လာခဲ့၏။
ခုနစ်ဆယ်မြောက်လမ်းမှ ပါရမီရှင်များ၊ ကျင့်ကြံသူများလည်း အနောက်မှ လိုက်လာကြတော့သည်။
လူအတော်များများက လွန်စွာ သိချင်မိကြသည်။ ရှေးဟောင်းလမ်းတွင် နာမည်ကျော်ကြားသော ပါ့ရှင်း စန်းမိသားစုက ယနေ့တွင် အမှန်တကယ် ဖျက်ဆီးခံရတော့မည်လော။
ပါ့ရှင်း စန်းမိသားစု၏ အငွေ့အသက်က ယခုအချိန်တွင် အေးစက်နေခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ယံ၌ နေသုံးစင်းကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် ပုံရိပ်သုံးခု ပေါ်လာခဲ့၏။ သေချာကြည့်လျှင်တော့ သူတို့က စန်းမိသားစု၏ ဘိုးဘေးသုံးယောက်မှန်း သိရပေလိမ့်မည်။
အလယ်တွင် ရပ်နေသူက စန်းမိသားစု၏ တစ်ဦးတည်းသော အဓိပဓိဘိုးဘေး ဖြစ်သည်။
ကျန်နှစ်ယောက်ကတော့ အဓိပဓိတစ်ပိုင်းအဆင့်များ ဖြစ်ချေသည်။
သူတို့အပြင် အကြီးအကဲများနှင့် မျိုးဆက်သစ်ပါရမီရှင် လူငယ်များလည်း ရှိသည်။
သူတို့အားလုံး ခေါင်းမော့ကြည့်လိုက်တော့ ကောင်းကင်ယံမှ ဆင်းသက်လာသော လွှမ်းမိုးချုပ်ကိုင်သည့် ပုံရိပ်သွင်ကို မြင်လိုက်ရ၏။
ထိုလူထံမှ အေးစက်သော စကားတစ်ခွန်း ထွက်ပေါ်လာတော့သည်။
"ဒီနေ့တော့ အဝါရောင်မြစ်မှာ နည်းနည်း စည်ကားတော့မဲ့ပုံပဲ"
ဤစကားများက စန်းမိသားစုဘိုးဘေး၏ မျက်နှာကို မှောင်သွားစေခဲ့သည်။
"ကျွင်းရှောင်ယောက်၊ မင်းရဲ့ အထောက်အထားနဲ့ နောက်ခံအားကိုးပြီး ထင်ရာစိုင်းဖို့ မကြိုးစားနဲ့။ အခု နောက်ဆုတ်လိုက်မယ်ဆိုရင် ညှိနှိုင်းဖို့နေရာရှိဦးမယ်"
စန်းမိသားစု၏ဘိုးဘေးက လျစ်လျူရှုစွာဖြင့် ပြောသည်။
ဆင်းသက်လာသူကတော့ သဘာဝအတိုင်း ကျွင်းရှောင်ယောက်သည်ပင်။
သူ့အနားမှာတော့ အေးစက် ခက်ထန်သော မျက်လုံးအကြည့်နှင့် ဝူဟူ ရှိနေသည်။ သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်များလည်း ပြည့်နှက်နေသေးသည်။
သူတို့၏ အနောက်ဘက်မှာတော့ သောင်းနှင့်ချီသော ပွဲကြည့်သူများ ရှိခဲ့သည်။
အဝေးမှ ကောင်းကင်ယံတွင် ထိုပါ့ကျန်းက လက်နှစ်ဖက်ကိုနောက်ပစ်ပြီး တိုက်ပွဲအခြေအနေတစ်ခုလုံးကို စောင့်ကြည့်နေခဲ့ပေသည်။
သူက ကျွင်းရှောင်ယောက်ကို လျှို့ဝှက်ကာကွယ်ရန်အတွက် ရှိနေခြင်း ဖြစ်သည်။ စန်းမိသားစု၏ အဓိပဓိက ရူးသွပ်စွာဖြင့် ကျွင်းရှောင်ယောက်ကို တိုက်ခိုက်လာမည်အား သူ စိုးရိမ်မိပေသည်။
"သေလူတွေနဲ့ စကားပြောနေစရာ မလိုတော့ဘူး။ အကြီးအကဲဝူဟူ... စလိုက်ကြရအောင်"
ကျွင်းရှောင်ယောက်က လှောင်ပြောင်လိုက်၏။
သူက အပိုစကားများ ဆက်မပြောချင်တော့ပါ။
ပါ့ရှင်း စန်းမိသားစုကို သူ ဖျက်ဆီးရမည်။
"သေဖို့သာပြင်ထား"
ဝူဟူလည်း အများကြီးမပြောတော့ပေ။ သူ့ထံမှ အားကောင်းသောအရှိန်အဝါများ ထွက်ပေါ်လာပြီး ချက်ချင်း တိုက်ခိုက်လိုက်သည်။
ပျက်စီးခြင်းနတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ဧကရာဇ်အရှိန်အဝါများနှင့် သူ့အသွင်က စစ်နတ်ဘုရားကဲ့သို့ အရှေ့ကို ပြေးတက်သွားတော့သည်။
"သတ်"
ယင်းကိုမြင်တော့ စန်းမိသားစု၏ဘိုးဘေးလည်း ဘာမျှထပ်မပြောတော့ပါ။ အခြား စန်းမိသားစု၏ အဓိပဓိတစ်ပိုင်းနှစ်ဦးနှင့်အတူ ပူးပေါင်း တိုက်ခိုက်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် သူက နတ်ရွှေဖြင့်ပြုလုပ်ထားသည့် ဧကရာဇ်လက်နက်၊ ဧရာမတူကြီးကို ထုတ်ဖော်ခဲ့သည်။
စန်းမိသားစု၏ ဘိုးဘေးသုံးယောက်က ဝူဟူနှင့် တိုက်ခိုက်လိုက်ကြသည်။
ကျွင်းရှောင်ယောက်က ပျက်စီးခြင်းလှံပုဆိန်ကို လက်ထဲတွင်ကိုင်ဆွဲကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
"စန်းမိသားစု ဘိုးဘေးတွေက သမိုင်းကိုဖျောက်ပြီး မြင့်မြတ်ခန္ဓာ ဘိုးဘေးတွေကို ကျိန်ဆဲတယ်"
"အင်မော်တယ်နယ်မြေကြိးကို ကာကွယ်ဖို့အတွက် ရှေးဟောင်းနန်းတော်ရဲ့ နန်းတော်ရှင်ဘိုးဘေးက တိုင်းတပါးက အင်မော်တယ်ဘုရင်သုံးပါးကို တစ်ယောက်တည်း ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်။ သူတို့ထဲမှာ တစ်ယောက်ကို သတ်ပြီး နှစ်ယောက်ကို ဒဏ်ရာအပြင်းအထန်ရစေခဲ့ပေမဲ့ သူကိုယ်တိုင်လည်း ဒဏ်ရာရပြီး ပြန်လာခဲ့ရတယ်။ ဒီအချိန်ကို အခွင့်ကောင်းယူတတ်တဲ့ အသျှင်ခန္ဓာဘိုးဘေးက တကယ်ကြီး လုပ်ကြံတိုက်ခိုက်ခဲ့တာပဲ"
"ဒီနေ့တော့ မင်းတို့အားလုံးရဲ့ အပြစ်ကို အသက်နဲ့ ပြန်ပေးဆပ်ရစေမယ်"
ကျွင်းရှောင်ယောက်၏အသံက ကြယ်ကောင်းကင်တခွင်သို့ ပျံ့နှံ့သွားခဲ့သည်။
ဤစကားများကို ကြားလိုက်ရသော ကြည့်ရှူသူအားလုံး အံ့အားသင့်သွားကြ၏။
ဤအကြောင်းများကို သူတို့ တကယ်မသိပေ။ နောက်ဆုံးတွင် ဤသည်က ဖုံးကွယ်ခံထားရသော လျှို့ဝှက်သမိုင်း ဖြစ်သည်။
နင်သဲဖာနှင့် အခြားလူများလည်း ထိုစကားကိုကြားသောအခါ အလွန်စိတ်လှုပ်ရှားပြီး သူတို့၏ခန္ဓာကိုယ်များ အနည်းငယ်တုန်ခါသွားခဲ့သည်။
ကျွင်းရှောင်ယောက်က ဤအချိန်တွင် အမှန်တရားကိုထုတ်ဖော်ရန် တမင်တကာ ရွေးချယ်ခဲ့ကြောင်း သူတို့ သိကြသည်။
သူ့ရည်ရွယ်ချက်က အမှန်တရားကို လုံးလုံးလျားလျား ဖြန့်ကျက်ပြီး ကမ္ဘာသိအောင် လုပ်ရန်ပင်။
"အတင့်ရဲလိုက်တာ၊ ငါ့ဘိုးဘေးတွေကို မကျိန်ဆဲနဲ့"
စန်းမိသားစု၏ အကြီးအကဲများလည်း မျက်နှာပျက်သွားကာ အော်ဟစ်ကြိမ်းမောင်းလိုက်ကြသည်။
သို့သော်... သူတို့မျက်လုံးထဲတွင် စိုးရိမ်မှုတချို့ ပေါ်လာခဲ့၏။
အကယ်၍ နင်သဲဖာနှင့် အခြားသူများသာ ထိုသို့ပြောခဲ့မည်ဆိုလျှင်၊ သူတို့၏ နိမ့်ကျသောအဆင့်အတန်းကြောင့် မည်သူမျှ ယုံမည်မဟုတ်ပေ။
သို့ရာတွင် ယခုပြောလာသူက ကျွင်းမိသားစု၏ နာမည်ကြီး နတ်ဘုရားသားတော် ဖြစ်သည်။
ရှင်းရှင်းပြောရလျှင်၊ စကျွင်းရှောင်ယောက် ပေါ့ပေါ့ပါးပါးပြောသည့်စကားလုံးတိုင်းက လူအများ၏အာရုံကို ဆွဲဆောင်နိုင်သည်။
ဤမျှတုန်လှုပ်စရာကောင်းသော စကားများကို ကြားလာရချိန်မှာတော့ ပြောနေစရာပင် မလိုတော့ပေ။
"ဘယ်လို၊ မြင့်မြတ်ခန္ဓာ ကျဆုံးတာက တကယ်ပဲ ဘယ်လိုလဲ"
ကျင့်ကြံသူတချို့က အကြောင်းကြားရသောအခါ အလွန် အံ့ဩသွားကြသည်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ပြောတာ အမှန်ပဲလား"
တချို့ကတော့ မယုံနိုင်သေးဘဲ ဝေခွဲမရ ဖြစ်ကုန်ကြ၏။
"သခင်လေး နတ်ဘုရားသားတော်ကို ဘာမို့လို့မယုံရတာလဲ။ သခင်လေး နတ်ဘုရားသားတော်က ဘယ်တော့မှ လိမ်မှာ မဟုတ်ဘူး"
တချို့ကလည်း လေးစားမှုအပြည့်ဖြင့် ပြောဆိုလိုက်ကြသည်။
မည်သို့ပင်ဆိုစေ၊ ဤသတင်းက အသျှင်ခန္ဓာ၏ ဂုဏ်သတင်းအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိလာတော့မည်မှာ အသေအချာပင်။
"ကျွင်းရှောင်ယောက်... မင်းက အတော်မောက်မာတာပဲ၊ ငါတို့ မင်းကို အရင်ဖိနှိပ်မယ်"
စန်းမိသားစုမှ အကြီးအကဲများက ကျွင်းရှောင်ယောက်ကို စကားအများကြီး ပြောခွင့်မပြုနိုင်တော့ဘဲ ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။
"ငါ နတ်ဘုရားသားတော်ကို ဖိနှိပ်ရအောင် မင်းက ထိုက်တန်လို့လား"
ကျွင်းရှောင်ယောက်က အေးစက်စက်ဖြင့် လှောင်ပြောင်လိုက်၏။ သူ့ထံမှ အားကောင်းပြီး ကြီးစိုးသော အရှိန်အဝါများ ဖြာထွက်လာတော့သည်။
ကျွင်းရှောင်ယောက်က မဟာသူတော်စင်နယ်ပယ်အင်အားကို ထုတ်ဖော်ပြီး လှံပုဆိန်ကို မြှောက်လိုက်သည်။ သူက စန်းမိသားစု၏ သူတော်စင်ဘုရင်နယ်ပယ် အကြီးအကဲများစွာကို ခဏချင်း သတ်ဖြတ်လိုက်၏။
"အသျှင်လက်သီး"
စန်းမိသားစုမှ မဟာသူတော်စင်နယ်ပယ် ကြီးမားသော ပြီးပြည့်စုံခြင်းမှ မဟာအကြီးအကဲက ဟိန်းဟောက်လိုက်သည်။ သူ့အင်အားက သူတော်စင်သခင်နယ်ပယ်နှင့်ပင် အလွန် နီးကပ်နေခဲ့ပြီ။
သူက အသျှင်လက်သီးဖြင့် ထုတ်ဖော်လိုက်သောအခါ ဟင်းလင်းပြင်က ရေလှိုင်းကဲ့သို့ တွန့်ခေါက်သွားခဲ့သည်။
ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က လှံပုဆိန်ကို နဂါးတစ်ကောင်ကဲ့သို့ ပစ်လွှတ်လိုက်၏။
တစ်ချိန်တည်းမှာပင် သေဆုံးခြင်းနှင့် ရှင်သန်ခြင်း စွမ်းအားက သူ့လက်ထဲတွင် တိုးမြင့်လာတော့သည်။
သေခြင်းရှင်ခြင်း အင်မော်တယ်စွမ်းအင်က သူ့ကိုယ်ပေါ်တွင် သူ့ခန္ဓာပေါ်တွင် ထွက်ပေါ်လာခဲ့သည်။
သူ့အနောက်မှ ဟင်းလင်းပြင်မှာတော့ ယင်နှင့်ယန်၏ သေခြင်းရှင်ခြင်းစွမ်းအားများက စုစည်းလာခဲ့၏။ ထို့နောက်မှာတော့ မိုးကောင်းကင်နှင့် နေမင်းကို ဖုံးအုပ်ထားသော အဖြူအမည်း ယင်ယန်သဏ္ဍာန်အဖြစ် ပြောင်းလဲသွားတော့သည်။
"ကောင်းကင် သေခြင်းရှင်ခြင်းဘီး၊ ယင်နဲ့ယန် သေခြင်းရှင်ခြင်း ပန်းချီကား"
သေခြင်းရှင်ခြင်း အင်မော်တယ်စွမ်းအင်နှင့် အကြွင်းမဲ့နည်းလမ်းနှစ်ခုကို ပေါင်းစပ်ထားသော စွမ်းအားက ကမ္ဘာကြီးကို ခဏချင်း ဖရိုဖရဲဖြစ်စေခဲ့သည်။
သက်ရှိအားလုံးကို သေဆုံးခြင်းနှင့် ရှင်သန်ခြင်း သံသရာထဲသို့ ဆွဲငင်တော့မည်ကဲ့သို့ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အပြောင်းအလဲများ ဖြစ်ပေါ်လာတော့သည်။