အခန်း ၇၀၈
Vol. 48 Ch. 708
အခန်း ( ၇၀၈ ) အရပ်ရပ်ကို သတ်ဖြတ်ခြင်း၊ အပြစ်သားကမ္မ ကြာနီမီးလျှံများ၊ အသျှင်၏အမိန့်။
ကောင်းကင်သေခြင်းရှင်ခြင်းဘီးက အလွန်အစွမ်းထက်သည့် ကျွင်းရှောင်ယောက်၏ ဝှက်ဖဲတစ်ခု ဖြစ်သည်။
ယင်ယန် သေခြင်းရှင်ခြင်း ပန်းချီကားကလည်း ကျွင်းရှောင်ယောက်၏ မြင့်မြတ်ခန္ဓာ ရူပါရုံအသစ်ဖြစ်ကာ ထပ်တူထပ်မျှ အစွမ်းထက်၏။
ထို့ပြင် သေခြင်းရှင်ခြင်း အင်မော်တယ်စွမ်းအင်လည်း ရှိသေးသည်။
ဤဝှက်ဖဲသုံးခုစလုံးက သေခြင်းရှင်ခြင်းစွမ်းအားများနှင့် ဆက်စပ်နေသောကြောင့် တစ်ခုနှင့်တစ်ခု ထပ်တူညီစွာ ပေါင်းစပ်ထားတော့သည်။
ဤအခါ စွမ်းအးက အဆများစွာ တိုးပွားလာခဲ့ရသည်။
"ဝုန်း"
ကျွင်းရှောင်ယောက်က အင်မော်တယ်ဘုရင်တစ်ပါးကဲ့သို့ ယင်ယန်သေခြင်းရှင်ခြင်းဘီးကို လှည့်လိုက်သည်။ သူ့နောက်ကွယ်မှ ယင်ယန် သေခြင်းရှင်ခြင်း ပန်းချီကားကလည်း တပြိုင်နက်တည်း ဖိနှိပ်လာခဲ့၏။
သေခြင်းရှင်ခြင်း အင်မော်တယ်စွမ်းအင်၏ ထောက်ပံ့မှုဖြင့် ဤတိုက်ကွက်နှစ်ခု၏စွမ်းအားက ကမ္ဘာကြီးကိုပင် တုန်လှုပ်စေခဲ့သည်။
"ဝုန်း"
ကျွင်းရှောင်ယောက်က အသျှင်လက်သီးကို ထုတ်ဖော်လိုက်သော မဟာအကြီးအကဲနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
မဟာသူတော်စင်နယ်ပယ် စွမ်းအားလှိုင်းများက ရေလှိုင်းဂယက်ကဲ့သို့ အရပ်ရပ်ကို ပျံ့နှံ့သွား၏။
သူတို့နှစ်ဦးကို ဗဟိုပြုပြီး မြေပြင်တွင် ကြီးမားသော အက်ကြောင်းများက ဖွာလံကျဲသွားတော့သည်။
ဤထိပ်တိုက်ရင်ဆိုင်မှုတွင် မစန်းမိသားစု၏ မဟာအကြီးအကဲက သူ့ကို သေခြင်းရှင်ခြင်း သံသရာထဲသို့ ဆွဲထည့်ခံရသလို ခံစားလိုက်ရသည်။ သူ၏ အသက်ဓာတ်က လျင်မြန်စွာ ပျောက်ကွယ်လာခဲ့၏။
သူက အလျင်စလို ဆုတ်သွားသော်လည်း ပါးစပ်တွင်းမှ သွေးများ အန်ထွက်လာခဲ့သည်။
သို့သော်၊ ကျွင်းရှောင်ယောက်က အလွတ်မပေးဘဲ နောက်မှလိုက်သွားပြီး လှံပုဆိန်နှင့် ထပ်မံခုတ်ချလိုက်၏။
"ဗွမ်း"
မဟာသူတော်စင်သွေးများက မြေပြင်သို့ ကျရောက်သွားသောအခါ ဆူညံသောအသံများ ထွက်ပေါ်လာတော့သည်။
စန်းမိသားစုမှ မဟာအကြီးအကဲ၏ခန္ဓာမှာ တိုက်ရိုက် ထက်ပိုင်းဖြတ်ခံလိုက်ရသည်။
မဟာသူတော်စင်များသည် ပြတ်တောက်သွားသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပြန်လည်ပြုပြင်နိုင်စွမ်းရှိသော်လည်း...
မဟာအကြီးအကဲ၏ ခန္ဓာထဲတွင် ဒဏ်ရာများကို မကုသနိုင်အောင် တားမြစ်ထားသော စွမ်းအားတစ်ခု ပေါ်လာသည်အား ထိတ်လန့်ဖွယ်ရာ မြင်တွေ့လိုက်ရသည်။
ယင်းက သဘာဝအတိုင်း မဟာပျက်စီးခြင်းလှံပုဆိန်၏ စွမ်းအား ဖြစ်ချေသည်။
"ကောင်လေး၊ မင်း သိပ်ပြီး မာနမကြီးနဲ့ကွ"
အခြား စန်းမိသားစု၏ အကြီးအကဲများလည်း ယင်းကိုမြင်တော့ မျက်ကွယ်မပြုနိုင်တော့ပေ။ ကျွင်းရှောင်ယောက်ကို ချက်ချင်း ဝိုင်းရံတိုက်ခိုက်လိုက်ကြသည်။
ကျွင်းရှောင်ယောက်က လက်တစ်ဖက်နှင့် ပျက်စီးခြင်းလှံပုဆိန်ကိုကိုင်ကာ ယင်ယန် သေခြင်းရှင်ခြင်း ပန်းချီကားနှင့် ဖိနှိပ်လိုက်သည်။
အခြားလက်တစ်ဖက်က ခွန်ပန်မဟာနတ်ဘုရားသိုင်းကို ထုတ်ဖော်လိုက်၏။
ကျွင်းရှောင်ယောက်၏အင်အား တိုးတက်လာသည်နှင့်အမျှ၊ မဟာနတ်ဘုရားသိုင်းများ၏ စွမ်းအားမှာလည်း ပိုပိုပြီး အားကောင်းလာခဲ့သည်။
ဧရာမခွန်ပန်ကြီးက အမြီးနှင့်ရိုက်ကာ သူတော်စင်နယ်အယ် အကြီးအကဲများကို သွေးမြူများအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
မဟာသူတော်စင်နယ်ပယ်မှ အကြီးအကဲများပင်လျှင် သွေးများ အန်ထွက်လာခဲ့၏။
ကျွင်းရှောင်ယောက် တစ်ယောက်တည်းက အကြီးအကဲအားလုံးကို မလှုပ်သာအောင် ထိန်းချုပ်ထားခဲ့သည်။
တချိန်တည်းမှာပင် အခြား နန်းတော်စောင့်သုံးရာတို့ကလည်း စန်းမိသားစု၏ ကျွမ်းကျင်သူများကို အားမာန်အပြည့်ဖြင့် တိုက်ခိုက်ခဲ့ကြသည်။
အသွင်ပြောင်းပြီးနောက် သူတို့၏ခွန်အားက ယခင်ကထက် အဆများစွာ သာလွန်ခဲ့ပေသည်။ တစ်ယောက်ချင်းစီက ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေခဲ့ကြသည်။
နှစ်ပေါင်းများစွာ စိတ်ဓာတ်ကျခဲ့ခြင်းနှင့် နာကျည်းမှုများက ယခုအခါ အဆုံးမဲ့ဒေါသများအဖြစ် ပြောင်းလဲသွားပြီး စန်းမိသားစု၏လူများအပေါ် သွန်းလောင်းလိုက်တော့သည်။
သနားစရာ အော်ညည်းသံများနှင့် သွေးများက မိုးရွာသကဲ့သို့ ဖြာကျနေခဲ့သည်။
ထိုမြင်ကွင်းကြောင့် ကြည့်ရှုသူအများအပြား တံတွေးကို အသီးသီးမြိုချလိုက်မိသည်။
ရက်စက်သည်။
ယင်းက တစ်ဖက်သတ် သတ်ဖြတ်နေခြင်းပင်။
နန်းတော်စောင့်များက သုံးရာသာရှိသော်လည်း ဝံပုလွေများနှင့် သိုးများကဲ့သို့ ကွာခြားသည်။
စန်းမိသားစုမှ ကျင့်ကြံသူများမှ လုံးဝ မခုခံနိုင်တော့ပေ။
ကောင်းကင်ယံမှ အဓိပဓိတိုက်ပွဲမှာလည်း ဝူဟူ တစ်ယောက်တည်းက စန်းမိသားစု၏ ဘိုးဘေးသုံးယောက်ကို အသာစီးရယူထားခဲ့သည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာအပြင် အနှိုင်းမဲ့ခုခံနိုင်စွမ်းနှင့် ပျက်စီးခြင်းနတ်ဘုရားချပ်ဝတ်ကြောင့် ဘိုးဘေးသုံးဦး တိုက်ခိုက်မှုက သူ့ကိုထိခိုက်စေရန် ခက်ခဲခဲ့ပေသည်။
ဝူဟူ၏ လက်သီးနှင့် လက်ဝါးများကတော့ ကမ္ဘာကြီးကို ဖြိုဖျက်နိုင်သလို ကြောက်စရာကောင်းလွန်းသည်။ သာမန် အဓိပဓိများအတွက် သူ၏ လက်သီးအနည်းငယ်ကိုပင် ခုခံရန်မလွယ်ပေ။
မကြာမီ၊ စန်းမိသားစု၏ အဓိပဓိတစ်ပိုင်း ဘိုးဘေးတစ်ဦး ဝူဟူ၏ လက်သီးချက်ကြောင့် အပိုင်းပိုင်း ပေါက်ကွဲသွားခဲ့သည်။ သူ၏ ရှေးဦးဝိညာဉ်လည်း မလွတ်မြောက်ဘဲ ပျက်သုဉ်းသွားခဲ့ရပေသည်။
စန်းမိသားစု၏ အဓိပဓိဘိုးဘေးလည်း အလွန်ဒေါသထွက်ပြီး ခေါင်းကိုမော့ကာ ကြယ်ကောင်းကင်မှ အဓိပဓိအရှိန်အဝါကို ခံစားလိုက်သည်။
"ထိုပါ့ကျန်း၊ အရင်ကတော့ ငါ ပျက်စီးခြင်းကြယ်ကိုမသွားအောင် မင်း တားဆီးထားခဲ့တယ်။ အခု သူတို့က ကိုယ်တိုင်ရောက်လာကြပြီလေ၊ အခု မင်း ဘာမှမလုပ်တော့ဘူးလား"
သူ အော်ဟစ်လိုက်၏။
သို့သော်လည်း တုံ့ပြန်မှုတို့ မရှိပေ။
ခဏကြာမှ စန်းမိသားစု အဓိပဓိဘိုးဘေး၏ စိတ်ထဲတွင် လျစ်လျူရှုထားသော နတ်ဘုရားစိတ်အာရုံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဒါက မင်းတို့ စန်းမိသားစုကိစ္စပဲ၊ ဒီတရားစီရင်သူနဲ့ ဘာဆိုင်လို့လဲ"
"အား..."
ထိုစကားကြောင့် စန်းမိသား၏ အဓိပဓိဘိုးဘေးမှာ သွေးအန်မတတ် ဖြစ်သွားသည်။
အကယ်၍ ထိုပါ့ကျန်းသာ ဤနေရာတွင် ရှိနေပါက သူ ချက်ချင်းခုန်ရိုက်မိမှာကို ကြောက်ရသည်။
"မင်းက ငရဲပြည်ကို ရောက်ခါနီးတာတောင် တခြားအရာတွေကို တွေးနိုင်သေးတာလား"
ဝူဟူ၏ သတ်ဖြတ်လိုစိတ်အပြည့်နှင့် လျစ်လျူရှုထားသောအသံ ထွက်ပေါ်လာသည်။
"ဘယ်သူအနိုင်ရပြီး ဘယ်သူရှုံးမလဲ မသိရသေးဘူးကွ"
စန်းမိသားစု၏ အဓိပဓိဘိုးဘေးလည်း အံကြိတ်ပြီး ဧကရာဇ်လက်နက်နှင့် ထပ်မံတိုက်ခိုက်လိုက်၏။
ကျွင်းရှောင်ယောက်ဘက်မှာတော့ သူတစ်ယောက်တည်းက အကြီးအကဲတစ်စုကို အနိုင်ယူလုနီး ဖြစ်နေပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ ပျက်စီးခြင်းလှံပုဆိန်က စန်းမိသားစုမှ အကြီးအကဲတစ်ယောက်၏အသက်ကို ထပ်မံ ချွေယူသွားပြန်တော့သည်။
"အသုံးမဝင်တဲ့ ရုန်းကန်မှုတွေ ဘာကြောင့်လုပ်နေရတာလဲ။ မင်းတို့ရဲ့အပြစ်တွေက ငရဲကိုသွားဖို့ လုံလောက်နေခဲ့ပြီ"
ကျွင်းရှောင်ယောက်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ မြင့်မြတ်ခန္ဓာ ရူပါရုံတစ်ခုဖြစ်သော အင်မော်တယ်ဘုရင် လင်းကျိုးထျန်းက တစ်ဖန် ထွက်ပေါ်လာခဲ့၏။
တစ်ချိန်တည်းမှာပင် သူ၏ရင်ဘတ်က တောက်ပနေပြီး၊ အပြစ်သား ကံစွမ်းအားများ ထွက်ပေါ်လာတော့သည်။
ကြောက်စရာကောင်းသော အမှောင်နီရောင်အလင်းက ကြာနီကမ္မမီးလျှံနှင့်အတူ တောက်လောင်ကာ အပြစ်ဒုစရိုက်အမျိုးမျိုးကို သယ်ဆောင်လာခဲ့သည်။
၎င်းက အနှိုင်းမဲ့အရိုး၏ တတိယမြောက် နတ်ဘုရားစွမ်းရည်၊ အပြစ်သားကမ္မ နတ်ဆိုးအလင်း ဖြစ်သည်။
နတ်ဆိုးအလင်းက စန်းမိသားစု၏ အကြီးအကဲအားလုံးအပေါ် ကျရောက်လာခဲ့၏။ ရုတ်ချည်းဆိုသလို အနီရောင် အပြစ်သားကြိုးများက သူတို့ကို တင်းတင်းကျပ်ကျပ် ချည်နှောင်ရစ်ပတ်သွားတော့သည်။
“မဟုတ်ဘူး"
စန်းမိသာစု၏ မဟာအကြီးအကဲနှင့် အခြားသူများလည်း အသည်းအသန် ရုန်းကန်လိုက်ကြသည်။
သို့သော်... ကျွင်းရှောင်ယောက်က အနှိုင်းမဲ့အရိုး၏ နတ်ဘုရားစွမ်းရည်ကို ထပ်မံအသက်သွင်းလိုက်ရာ အပြစ်သားစွမ်းအားက ပို၍ပင် အားကောင်းလာတော့သည်။
ယောင်ဝါးဝါးဖြင့် ဤအပြစ်စွမ်းအားများက အနီရောင်ကြာပွင့်များအဖြစ်သို့ ပေါင်းစပ်သွားခဲ့သည်။
ကြီးကျယ်ခမ်းနားမှုအလယ်တွင် အပြစ်နှင့်သေခြင်း အငွေ့အသက်တို့လည်း ရှိပေသည်။
ဤသည်မှာ အနှိုင်းမဲ့အရိုးမှ တတိယမြောက် နတ်ဘုရားစွမ်းရည်၏ ပြည့်စုံသောပုံစံ အပြစ်သားကမ္မ ကြာပန်းနီ ဖြစ်သည်။
ယခုအချိန်အထိ၊ ကျွင်းရှောင်ယောက်၏ အနှိုင်းမဲ့အရိုးတွင် နတ်ဘုရားစွမ်းရည် ခြောက်ခုရှိသည်။
ပထမ နတ်ဘုရားစွမ်းရည်မှာ ကနဦးပုံစံ ကောင်းကင် နတ်ဘုရားအလင်းနှင့် နတ်ဘုရားလက်ဝါး ပြီးပြည့်စုံသောပုံစံ ဖြစ်သည်။
ဒုတိယ နတ်ဘုရားစွမ်းရည်ကတော့ ကနဦးပုံစံ ဆမ်ဆာရာနီဗားနားနှင့် ဆမ်ဆာရာတာအိုချပ်ပြား ပြီးပြည့်စုံသောပုံစံ ဖြစ်၏။
တတိယ မဟာနတ်ဘုရားစွမ်းရည်သည်ကား ကနဦးပုံစံ အပြစ်သားကမ္မနတ်ဆိုးအလင်းနှင့် အပြစ်သားကမ္မကြာပန်းနီ ပြီးပြည့်စုံသော ပုံစံတို့ပင် ဖြစ်တော့သည်။
စန်းမိသားစု၏ အကြီးအကဲများကို အပြစ်သားကမ္မ ကြာပန်းနီးများက ဝန်းရံထားခဲ့သည်။
ကမ္မမီးလောင်ကျွမ်းမှုက သူတို့ ခံနိုင်ရည်ရှိသည်ထက် များစွာ သာလွန်သွား၏။
သူတို့က အော်ဟစ် ရုန်းကန်နေသော်လည်း မလွတ်မြောက်နိုင်တော့ပေ။
ဆယ့်ငါးမိနစ်အတွင်းမှာပင် သူတို့အားလုံး သေဆုံးသွားကြသည်။
ထိုအခါ ကြာပန်းနီများက ရှေးဦးဝိညာဉ်ကို ပြာသာ ကြွင်းကျန်သည်အိ ဆက်လက် လောင်ကျွမ်းခဲ့ပေသည်။
ဤမြင်ကွင်းက ကြည့်ရှုသူတိုင်းကို အေးစက်သွားစေခဲ့သည်။
ဤလှုပ်ရှားမှုက ဆန်းကျယ်ပြီး ကြောက်စရာကောင်းလွန်း၏။
ထိုအပြစ်မီးလျှံများကို အဘယ်သူက တားဆီးနိုင်မည်နည်း။
"အိုး၊ ငါမေ့နေတာ။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်မှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာအပြင် အနှိုင်းမဲ့အရိုးလည်း ရှိသေးတာပဲ"
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရဲ့ အနှိုင်းမဲ့အရိုးက ဒီလောက်ထိ ပြောင်းလဲသွားမယ်လို့ မမျှော်လင့်ထားဘူး"
ကောင်းကင်ကိုမော့ကြည့်ရင်း ပါရမီရှင်အများအပြား သက်ပြင်းချလိုက်မိသည်။
ကျွင်းရှောင်ယောက်၏ ဝှက်ဖဲတစ်ခုစီတိုင်းက အားကောင်းကာ သူတို့ နားမလည်နိုင်တော့ပေ။
သူ့မိသားစု၏ အကြီးအကဲအားလုံး သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ၊ စန်းမိသားစု၏ အဓိပဓိဘိုးဘေးမှာ မုန်းတီးမှုများ အရိုးထဲထိ စိမ့်ဝင်လာတော့သည်။
သို့သော်လည်း စန်းမိသားစု၏ အခြေအနေက ပြီးသွားပြီဆိုတာ လူတိုင်းသိကြသည်။
စန်းမိသားစု၏ အကြီးအကဲများကို သတ်ဖြတ်ပြီးနောက်မှာတော့ ကျွင်းရှောင်ယောက်ဟာ သိုးအုပ်ထဲမှ ဝံပုလွေတစ်ကောင်ကဲ့သို့ အရပ်ရပ်ကို ဖြတ်သန်းသွားတော့သည်။
သူ့လမ်းကြောင်းမှ စန်းမိသားစု၏ မရေတွက်နိုင်သော ကျင့်ကြံသူများမှာ ပျက်စီးခြင်းလှံပုဆိန်အောက်တွင် ကျဆုံးခဲ့ရသည်။
ယင်းက တစ်ဖတ်သတ် သတ်ဖြတ်မှုများပင်။
နောက်ဆုံးတွင်၊ စန်းမိသားစု၏ အဓိပဓိဘိုးဘေး တစ်ဦးတည်းသာ စန်းမိသားစုဘက်တွင် ကျန်ခဲ့သည်။
နောက်အဓိပဓိတစ်ပိုင်း ဘိုးဘေးမှာလည်း ဝူဟူ၏လက်တွင် ကျဆုံးသွားခဲ့ရပေသည်။
ယခုအခါ စန်းမိသားစုမှ အဓိပဓိဘိုးဘေးက ဆံပင်များ ရှုပ်ပွပြီး ဖရိုဖရဲဖြစ်နေပြီ ဖြစ်သည်။ သူက ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။
"မင်း ငါ့စန်းမိသားစုကို ဖျက်ဆီးဝံ့တယ်။ အသျှင်ဘိုးဘေးနန်းတော်က လက်စားချေမှာ မကြောက်ဘူးလား"
အသျှင်ဘိုးဘေးနန်းတော်အကြောင်းကိုကြားတော့ ဝူဟူ၏မျက်နှာမှာ ပို၍ပင် အေးစက်သွား၏။
"စိတ်မပူပါနဲ့၊ စန်းမိသားစုကို ဖျက်ဆီးပြီးရင် အသျှင်ဘိုးဘေးနန်းတော်လည်း မင်းတို့ခြေရာအတိုင်း လိုက်လာလိမ့်မယ်"
ပြောဆိုပြီးနောက် ဝူဟူက ပို၍ပင် ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။
စန်းမိသားစု၏ အဓိပဓိဘိုးဘေးတွင် ဧကရာဇ်လက်နက်ရှိသော်လည်း သွေးများ အန်ထွက်လာခဲ့၏။
သူ့နယ်ပယ်က မြင့်မားသောလည်း ခြေချင်းချောက်ခုကို ချိုးဖျက်ခဲ့သော ဝူဟူနှင့် နှိုင်းယှဥ်ကြည့်လျှင် အားနည်းနေသေးသည်။
အသျှင်ခန္ဓာမှသာ ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ပြိုင်ဘက်အစစ် ဖြစ်နိုင်သည်။
သူတို့၏ စန်းမိသားစုက အသျှင်ခန္ဓာ၏ နောက်လိုက်များထက် မပိုပေ။ သူတို့ခန္ဓာကိုယ်ထဲတွင် အသျှင်ခန္ဓာ၏ သွေးအရိပ်အမြွက်သာ ရှိသည်။ သူတို့က တကယ့်အသျှင်ခန္ဓာပင်လျှင် မဟုတ်ဘဲနှင့် ဝူဟူကို ဘယ်လိုလုပ်ပြီး ရင်ဆိုင်နိုင်မည်နည်း။
ဝူဟူက စန်းမိသားစု၏ အဓိပဓိဘိုးဘေးကို အပြီးအပိုင် သတ်ဖြတ်ရန် ဟန်ပြင်လိုက်စဉ်မှာပင်...
ကြယ်ကောင်းကင်မှ ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူ့လက်ထဲတွင် စာတစ်စောင်ကိုကိုင်ထားပြီး အသံကျယ်ကျယ်နှင့် အော်ဟစ်လိုက်၏။
"အသျှင်ရဲ့ အမိန့်ရှိတယ်၊ ချက်ခြင်းရပ်လိုက်ပါ"
ဤစကားသံ ထွက်ပေါ်လာသည်နှင့် အားလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
လူအများ၏ မျက်လုံးများလည်း ရုတ်တရက် တောက်ပလာခဲ့သည်။
စစ်မှန်သော အသျှင်ခန္ဓာက နောက်ဆုံးတွင် ထွက်ပေါ်လာတော့ပါမည်လော။