အခန်း ၇၁၀
Vol. 48 Ch. 710
အခန်း ( ၇၁၀ ) အသျှင်ခန္ဓာ ရောက်လာပြီ၊ ထိပ်သီး တာအိုခန္ဓာနှစ်ခု၏ တိုက်ပွဲ။
ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် ကောင်းကင်အသျှင်ခန္ဓာ နှစ်ခုစလုံးက တာအိုခန္ဓာ သုံးထောင်တွင် ထိပ်တန်းဆယ်ခု စာရင်းဝင်သည်။
သို့သော်လည်း ထိုနှစ်ခုသည် သေခြင်းရန်သူတော်များ ဖြစ်ကြ၏။
ခေတ်အဆက်ဆက်၊ ဤတာအိုခန္ဓာနှစ်ခုကြားမှ ပြိုင်ဆိုင်မှုမှာ အရပ်ရပ်ကို ဆွဲဆောင်နိုင်ခဲ့သည်။
ထို့ပြင် ဤခေတ်၏ တာအိုခန္ဓာနှစ်ခုကြားမှတိုက်ပွဲက ယခင်ကနှင့် မတူပေ။
ဤလူနှစ်ယောက်တွင်၊ တစ်ယောက်က ကျွင်းမိသားစုစ နတ်ဘုရားသားတော် ကျွင်းရှောင်ယောက် ဖြစ်သည်။ သူဟာ ရှေးဟောင်းလမ်းတွင် နာမည်ကျော်ကြားပြီး မျိုးဆက်သစ်ကြားမှ ပြိုင်ဘက်ကင်းဟု သိရှိကြပေသည်။
ကျန်တစ်ဦးကတော့ ခေတ်အဆက်ဆက် ပေါ်လာခဲသော ကောင်းကင်အသျှင်ခန္ဓာ မျိုးဆက်သစ်တစ်ဦး ဖြစ်သည်။
ဤလူနှစ်ဦးစလုံးက သက်ဆိုင်ရာ တာအိုခန္ဓာများတွင် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဟု ဆိုနိုင်သည်။
ယခင်ခေတ်များမှ ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် ကောင်းကင်အသျှင်ခန္ဓာပင်လျှင် ဤမျှ မတောက်ပခဲ့ပေ။
အတိအကျပြောရရင် ဤတိုက်ပွဲက ပို၍ပင် ကြီးကျယ်မည်မှာ သေချာသည်။
အထူးသဖြင့်၊ အသျှင်ခန္ဓာက ၎င်း၏အရှိန်အဝါကို မဖုံးကွယ်ဘဲ ဖြတ်သန်းသွားပေရာ...
ကြီးစိုးသော သူ့အရှိန်အဝါကြောင့် လူအများ သတိပြုမိပြီး အလျင်စလို လိုက်ပါသွားတော့သည်။
"ဒါက တကယ်ကို အသျှင်ခန္ဓာပဲ၊ သူက ရှေးဟောင်းလမ်းရဲ့ အဆင့်ခုနစ်ဆယ်ကို သွားနေတာ"
"အဲဒါက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကြောင့်ပေါ့။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဆင့် ခုနစ်ဆယ့်က သတင်းတွေကို ငါကြားလိုက်ရတယ်။ အသျှင်ကြယ်က စန်းမိသားစုကို ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ဖျက်ဆီးပစ်လိုက်ပြီတဲ့"
ရှေးဟောင်းလမ်း၏ ခုနစ်ဆယ်အဆင့်မှ သတင်းများက တဖြည်းဖြည်း ပျံ့နှံ့လာနေပြီ ဖြစ်သည်။
ထို့ကြောင့် ဤသတင်းကိုကြားသောအခါ လူအများက အခြေအနေအား နားလည်သွားလေသည်။
ပါ့ရှင်း စန်းမိသားစုက အသျှင်ခန္ဓာအမျိုးအနွယ်ကို ကိုယ်စားမပြုသော်လည်း အသျှင်ခန္ဓာမျိုးရိုးနှင့် သက်ဆိုင်နေဆဲပင်။
သို့ရာတွင် ကျွင်းရှောင်ယောက်က စန်းမိသားစုကိုဖျက်ဆီးပြီး အသျှင်ခန္ဓာဘိုးဘွားနန်းတော်၏ သံတမန်ကိုပင် သုတ်သင်ခဲ့သည်။
ယင်းက မျက်နှာကို တည့်ရိုက်ချလိုက်ခြင်း ဖြစ်၏။
အသျှင်ခန္ဓာကဲ့သို့ မာနကြီးပြီး ရည်မှန်းချက်ကြီးသူက ဤအရှက်ရစရာမျိုးကို မည်သို့ခံရပ်နိုင်မည်နည်း။
ထို့ကြောင့် အသျှင်ခန္ဓာက တုံ့ဆိုင်းမနေဘဲ တိုက်ရိုက် ဖြတ်သန်းသွားခဲ့သည်။
တစ်ဖက်တွင်၊ ရှေးဟောင်းလမ်း၏ အဆင့်ခုနစ်ဆယ်မှာ...
ကျွင်းရှောင်ယောက်က လက်တင်ထိုင်ခုံပေါ်မှာ အေးအေးလူလူ ထိုင်နေသည်။
သူ့အခြေအနေဟာ အတော်သက်တောင့်သက်သာရှိပြီး ထိုက်ယင်ကျောက်စိမ်းယုန်ကလည်း နှိပ်နယ်ပေးခြင်းဖြင့် ပြုစုနေခဲ့သည်။
သက်တောင့်သက်သာ ရှိလွန်းသည့်အတွက် မသိသူများဆိုလျှင်၊ နောက်ပိုင်းတွင် တိုက်ပွဲကြီးတစ်ခု ရှိဦးမည်ဟု လုံးဝ ထင်မှတ်ကြမည် မဟုတ်ပေ။
ဝူဟူ၊ နင်သဲဖာနှင့် အခြားသူများကလည်း ကျွင်းရှောင်ယောက်အပေါ်တွင် အလွန်ယုံကြည်ခဲ့ကြသည်။
နင်ချန်နှင့် ရှောင်ရွယ်ရွယ်တို့သည်ပင် လာမည့်တိုက်ပွဲအတွက် အလွန်မျှော်လင့်နေခဲ့ကြပေသည်။
ကျွင်းရှောင်ယောက်မှ ထိုအသျှင်ကို ရိုက်ချမည်အား သူတို့ မြင်လိုခဲ့ကြသည်။
ကျိချင်းရီ၊ ရူယင်း၊ ရှန့်ရွယ်ရီ နှင့် အခြားသူမျာလည်း ထွက်မသွားသေးဘဲ ဤနေရာတွင် နားခိုခဲ့ပေသည်။
ကျွင်းရှောင်ယောက်နှင့် အသျှင်ခန္ဓာကြားမှ တိုက်ပွဲရလဒ်ကို သူတို့လည်း သိချင်မိကြသည်။
လဝက်ကြာမြင့်သွားခဲ့ပြီ။
ယနေ့တွင်၊ ရှေးဟောင်းလမ်း၏ အဆင့်ခုနစ်ဆယ် အပြင်ဘက်ရှိ ကြယ်ကောင်းကင်မှ ခရမ်းရောင်စွမ်းအင်နှင့် သွေးများ တဟုန်ထိုးဝင်ရောက်လာကာ အားလုံးကို လွှမ်းခြုံသွားခဲ့သည်။
"ဝုန်း... ဝုန်း... ဝုန်း"
နတ်ဘုရင်တစ်ပါး လျှောက်လာသကဲ့သို့ ဟင်းလင်းပြင်မှ ပေါက်ကွဲသံများ ပေါ်ထွက်လာခဲ့၏။
နားခိုနေသော ပါရမီရှင်အားလုံး၏ အကြည့်များလည်း တပြိုင်နက်တည်းနီးပါး ကျရောက်သွားတော့သည်။
"အသျှင်ခန္ဓာ ရောက်လာပြီ"
တစ်ယောက်ယောက်က အော်လိုက်သည်။
ကြီးကျယ်ခမ်းနားပြီး အကန့်အသတ်မရှိသော တိုက်ခိုက်ချင်စိတ်က ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားသည်ကို သူတို့ ခံစားခဲ့ရသည်။
ဤတိုက်ခိုက်ချင်စိတ် တစ်ခုတည်းက ပါရမီရှင် အများအပြားကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
ခရမ်းရောင်စွမ်းအင်များကြားမှ ကြီးစိုးပြီး ခမ်းနားထည်ဝါသော ရုပ်သွင်တစ်ခု ထွက်ပေါ်လာသည်။
၎င်းက ခန္ဓာကိုယ်ကြံ့ခိုင်ကာ ခရမ်းရောင်ဆံပင်ရှည်များ ရှိသည်။ နတ်ဆိုးနတ်ဘုရားကဲ့သို့ အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထား၏။
သူ့လက်ထဲမှာလည်း ခရမ်းရွှေရောင် လှံတစ်ချောင်းကို ကိုင်ဆောင်ထားသေးသည်။ သူ့မျက်လုံးများက ခရမ်းရောင်ကြယ်နှစ်စင်းကဲ့သို့ အလင်းရောင် တဖျတ်ဖျတ်လက်နေခဲ့သည်။
ဤသည်မှာ အလွန်ကြောက်စရာကောင်းသော ကောင်းကင်အသျှင်ခန္ဓာ ပါရမီရှင် ဖြစ်သည်။ ဤအတိုင်း ရပ်နေရုံမျှဖြင့် ကြယ်များကိုတုန်ခါစေသော အရှိန်အဝါမျိုးမှာ ကောင်းကင်အသျှင်ခန္ဓာ မျိုးဆက်မှသာ ပိုင်ဆိုင်နိုင်လိမ့်မည်။
"ငါ အသျှင်ရှန်းဖေး ရောက်လာပြီ။ ဒီနေ့ မြင့်မြတ်ခန္ဓာကို အနိုင်ယူပြီး ငါ့မျိုးရိုးရဲ့ဂုဏ်ကို မြှင့်တင်မယ်"
သူ့အသံက မိုးထစ်ချုန်းသကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
အခြားတစ်ဖက်တွင်... စန်းမိသားစု၏ အပျက်အစီးများအထက် ကောင်းကင်ယံမှာ...
ကျွင်းရှောင်ယောက်က ထိုင်ခုံပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်နေဆဲ ဖြစ်သည်။
သူက လက်ဖက်ရည်တစ်ခွက်ကို ယူကာ ခပ်ဖြေးဖြေးမှုတ်ပြီး တစ်ကျိုက်သောက်လိုက်၏။
သူက အသျှင်ရှန်းဖေးကို ဂရုမစိုက်ဘဲ အာရုံထဲပင်မထည့်ပေ။
ကြယ်ကောင်းကင်ထက်တွင် အသျှင်ရှန်းဖေး၏ ခရမ်းရောင်မျက်လုံးများက အေးစက်စက် အလင်းရောင် တစ်ချက်လက်သွားသည်။ သူက ဝေးကွာသောနေရာမှ ကျွင်းရှောင်ယောက်ကို လှမ်းကြည့်လိုက်၏။
သူ့မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အရောင်တစ်ခု ပေါ်လာသည်။
ရှန်းဖေး၏ ကျင့်ကြံခြင်းအခြေခံက ယခုအခါ သူတော်စင်နယ်ပယ် ကြီးမားသော ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေခဲ့ပြီ။
ယုတ္တိဗေဒအရ ၎င်းက အလွန်မြင့်မားသည်။ အဆုံးစွန်ရှေးဟောင်းလမ်း၏ မျိုးဆက်သစ်လူငယ်များကြားမှာပင် အထွတ်အထိပ် နယ်ပယ်တစ်ခုဟု ဆိုနိုင်ပေလိမ့်မည်။
သို့သော်လည်း ယခုအခါ ကျွင်းရှောင်ယောက်က မဟာသူတော်စင်နယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီ။
သူက ကမ္ဘာ့ထိပ်သီးပါရမီရှင် အများစုကို ချန်ထားရစ်ခဲ့ပြီဟု ဆိုနိုင်သည်။
သို့ရာတွင် နယ်ပယ်ကွာဟချက်က ရှန်းဖေးကို တုန်လှုပ်သွားအောင် မလုပ်နိုင်ပါ။
သူတို့လို ပါရမီရှင်များအတွက် မိမိနယ်ပယ်ထက်ကျော်လွန်ပြီး စိန်ခေါ်တိုက်ခိုက်ခြင်းမှာ ပုံမှန်သာ ဖြစ်သည်။
ထို့ပြင် ကောင်းကင်အသျှင်ခန္ဓာ၏ ဂုဏ်သိက္ခာအတွက် သူ ကျောခိုင်းသွားရန် ပို၍ပင် မဖြစ်နိုင်သေးပေ။
"ကျွင်းရှောင်ယောက်၊ မင်းက စန်းမိသားစုကို ဖျက်ဆီးပြီး ငါ့ အသျှင်ခန္ဓာဘိုးဘွားနန်းတော်ရဲ့ တမန်ကိုလည်း သတ်ခဲ့တယ်။ ဒီနေ့ မင်းရဲ့အရှုံးကိုလက်ခံဖို့ အသင့်ဖြစ်ပြီလား"
ရှန်းဖေးက အေးစက်စက်ဖြင့် ပြောလိုက်သည်။
သို့သော်၊ ကျွင်းရှောင်ယောက်က မျက်ကွယ်ပြုပြီး လက်ဖက်ရည်ဆက်သောက်နေဆဲပင်။
ရှန်းဖေး၏မျက်နှာက အလွန်အေးစက်တင်းမာလာခဲ့သည်။ ကျွင်းရှောင်ယောက်က သူ့ကို အခြေခံအကျဆုံးလေးစားမှုပင် မပေးပေ။
ရှန်းဖေး မဆိုထားနှင့်၊ အခြားသူများပင်လျှင် ကျွင်းရှောင်ယောက်က ယုံကြည်မှုလွန်ကဲလွန်းသည်ဟု ခံစားခဲ့ရသည်။
နောက်ဆုံးတွင်၊ သူ့ပြိုင်ဘက်က ခွေးကလေး၊ ကြောင်ကလေးမဟုတ်ဘဲ ကောင်းကင်အသျှင်ခန္ဓာ ဖြစ်သည်။
ရှန်းဖေး၏ အမူအရာလည်း အေးစက်သွားခဲ့သည်။ သူ့ထံမှ ခရမ်းရောင်စွမ်းအင်က တဟုန်းဟုန်းတောက်နေသော လှိုင်းလုံးများအဖြစ်သို့ ပြောင်းလဲသွားပြီး အသျှင်ကြယ်ဘက်ကို လိမ့်တက်သွား၏။
လမ်းတစ်လျှောက်လုံးမှ ဥက္ကာခဲများပင် ကွဲအက်သွားခဲ့ရသည်။
သို့သော်... ကျွင်းရှောင်ယောက်နှင့် ဆယ်ပေအကွာတွင် ဤစွမ်းအင်လှိုင်းက အလိုအလျောက် ပျောက်ကွယ်သွားခဲ့ရသည်။
ယင်းက စွမ်းအင်ခုခံကာကွယ်ခြင်းပင်။
ကျွင်းရှောင်ယောက်က လက်ဖက်ရည် တစ်ငုံသောက်ပြီးမှ ခေါင်းကိုမော့ကာ ကြယ်ကောင်းကင်ထက်မှ ရှန်းဖေးကို ကြည့်လိုက်သည်။
သူ့မျက်လုံးများတွင် ထူးဆန်းသောအကြည့်တစ်ခု ပေါ်လာခဲ့၏။ သူ့စိတ်ထဲမှ ရေရွတ်လိုက်သည်။
'ဒီတော့ ဒါပဲပေါ့...'
တချိန်တည်းမှာပင်၊ အပြင်ဘက်ကို ထုတ်ပြောလိုက်သည်က...
"ဒီကမ္ဘာမှာ သေသင့်တဲ့သူ နှစ်မျိုးရှိတယ်။ ဒါက ကိုယ့်သေတွင်း ကိုယ်တူးသူနဲ့ အသက်ရှင်ဖို့ ခွန်အားမရှိတဲ့သူတွေပဲ"
"ဒါနဲ့၊ မင်းကတော့ နှစ်ချက်စလုံးနဲ့ ညိတယ်"
ပြောဆိုပြီးနောက် ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။ သူ့အသွင်က အနည်းငယ် သနားနေပုံရလေသည်။
"ဟမ့်၊ မင်းကို ဘယ်သူက ယုံကြည်မှုပေးခဲ့တာလဲ"
ရှန်းဖေးက စကားအများကြီး မပြောတော့ဘဲ တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
သူ့လက်ထဲမှ ခရမ်းရွှေရောင် လှံကိုမြှောက်ကာ ဒေါသထွက်နေသော နဂါးတစ်ကောင်ကဲ့သို့ ကြယ်ကောင်းကင်မှ ထိုးဆင်းလိုက်၏။
သူတော်စင်ဘုရင်နယ်ပယ် ကြီးမားသော ပြီးပြည့်စုံခြင်း အရှိန်အဝါနှင့် ကောင်းကင်အသျှင်ခန္ဓာစွမ်းအားက အတူတကွ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ဤအချိန်တွင် ရှန်းဖေးနှင့် ရင်ဆိုင်ရပါက မဟာသူတော်စင်များပင်လျှင် သတိထားနေရမည်ကို ကြောက်ရသည်။
သူက လှံကို အရှေ့သို့ထိုးစိုက်လိုက်သည်။ မရေတွက်နိုင်သော တာအိုနိယာမများနှင့် အလင်းတန်းတစ်ခုက လေထုကို ထိုးဖောက်သွား၏။
သူ့အရှိန်ကလည်း အလွန်မြန်သည်။ ယခုလေးတင် ကြယ်ကောင်းတွင် ရှိခဲ့သော်လည်း ယခုအခါ အသျှင်ကြယ်ပေါ်ကို ဆင်းသက်လာပြီး ကျွင်းရှောင်ယောက်ဆီသို့ ထိုးဖောက်နေခဲ့ပြီ။
ရှန်းဖေးက ကြယ်ကြွေသကဲ့သို့ ကျွင်းရှောင်ယောက်ဆီကို ကျရောက်လာခဲ့သည်။
ကျွင်းရှောင်ယောက်က အသာအယာ မျက်ခုံးပင့်ပြီး ခြေဆောင့်လိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ မြေပြင်တွင် စိုက်ထူထားသော လှံပုဆိန်က ခုန်တက်လာပြီး ရှန်းဖေးကို ခုတ်ချလိုက်၏။
လှံပုဆိန်မှ ဧကရာဇ်တစ်ပိုင်းလက်နက် အရှိန်အဝါများက တဟုန်းဟုန်း တောက်လောင်နေခဲ့သည်။
"ချွမ်း"
ခရမ်းရွှေရောင်လှံနှင့် ပျက်စီးခြင်းလှံပုဆိန်တို့ တိုက်မိပြီး နားစည်ကွဲစေနိုင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
နူကလီးယား ဗုံးအလုံးတစ်ရာ တပြိုင်နက်တည်း ပေါက်ကွဲသွားသကဲ့သို့ တောက်ပသော အလင်းများ ထွက်ပေါ်လာခဲ့၏။ ဟင်းလင်းပြင်ကလည်း မှန်တစ်ချပ်ကဲ့သို့ ကြေမွသွားတော့သည်။ မြင်ကွင်းက အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်။