အခန်း ၇၁၁
Vol. 48 Ch. 711
အခန်း ( ၇၁၁ ) အသျှင်ခန္ဓာနှင့် မြင့်မြတ်ခန္ဓာ ရူပါရုံ၊ သွေးကျိန်စာ၊ မင်းက အသျှင်ခန္ဓာမဟုတ်ဘူး။
မဟာသူတော်စင်နှင့် သူတော်စင်ဘုရင်။
ထိုသူများ၏ တိုက်ခိုက်မှုက ဟင်းလင်းပြင်ကို ပြိုကျစေနိုင်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်နှင့် ရှန်းဖေးကဲ့သို့ မိုင်တစ်သောင်း ဟင်းလင်းပြင်ကို မပြိုပျက်စေနိုင်ပေ။
အဓိပဓိနှစ်ပါး ထိပ်တိုက်တွေ့ဆုံသကဲ့သို့ မြင်ကွင်းမှာ တုန်လှုပ်စရာ ကောင်းလွန်းသည်။
"ဒါက တာအိုခန္ဓာသုံးထောင်ထဲမှာ ထိပ်တန်းဆယ်ခု စာရင်းဝင်တဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာနဲ့ ကောင်းကင်အသျှင်ခန္ဓာပဲလား"
လူများစွာတို့ အံ့ဩလွန်း၍ နှလုံးသားများ တုန်လှုပ်သွားရသည်။
ပေါက်ကွဲမှု အလယ်ဗဟိုမှာတော့ ရှန်းဖေး ကိုင်ဆောင်ထားသော ခရမ်းရွှေရောင်လှံက ပျက်စီးခြင်းလှံပုဆိန်နှင့် ထိပ်တိုက်တွေ့ဆုံသွား၏။
ဤခရမ်းရွှေရောင်လှံက အသျှင်ခန္ဓာမျိုးရိုး၏ ရှေးဟောင်းလက်နက်ဖြစ်ပြီး ဧကရာဇ်တစ်ပိုင်းလက်နက်များနှင့် တိုက်ခိုက်မှုကို အမှန်တကယ် ခံနိုင်ရည်ရှိသည်။
ကျွင်းရှောင်ယောက်က လက်တင် ထိုင်ခုံပေါ်တွင် ထိုင်နေဆဲပင်။ သူက ဦးခေါင်းကို အနည်းငယ်မော့ကြည့်ပြီး ပျက်စီးခြင်း လှံပုဆိန်အတွင်းသို့ နတ်ဘုရားစွမ်းအင် ပမာဏများစွာ ပို့လွှတ်ပေးလိုက်သည်။
"ဝုန်း"
ပျက်စီးခြင်းလှံပုဆိန်က ရှေးခေတ်ဟောင်းမှ သားရဲကြီးတစ်ကောင် နိုးထလာသလို အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့၏။ ကြီးမားလွန်းသည့် သတ်ဖြတ်ချင်စိတ်က ကျယ်ပြောသော နယ်မြေတစ်ခုအထိ ပျံ့နှံ့သွားတော့သည်။
ရှန်းဖေး အလွန်တုန်လှုပ်သွားပြီး အထပ်ထပ် နောက်ပြန်ဆုတ်သွားလိုက်ရသည်။ လှံကိုင်ထားသောလက်၏ လက်မနှင့် လက်ညှိုးကြားက ကွဲသွားပြီး သွေးများ စီးကျလာသည်။
"ဒါ..."
ရှန်းဖေး၏ မျက်လုံးများက ခဏမျှ အေးခဲသွားပြီး မယုံနိုင်အောင် ဖြစ်သွားခဲ့၏။
သူ၏ခွန်အားဖြင့် တော်ရုံ မဟာသူတော်စင်များကို မကြောက်ပေ။
ယခုမူ၊ ကျွင်းရှောင်ယောက်က ထိုင်ခုံပေါ်မှပင် တခဏမထဘဲ သူ၏တိုက်ခိုက်မှုအား တားဆီးသွားခဲ့သည်။
ယင်းက ဘာကိုဆိုလိုပါသနည်း။
အဓိပ္ပာယ်မှာ၊ ကျွင်းရှောင်ယောက်က မဟာသူတော်စင်နယ်ပယ် အစောပိုင်းအဆင့်သာ ဖြစ်သေးသော်လည်း၊ သူ့ခွန်အားက သာမန် မဟာသူတော်စင်နယ်ပယ် ကျွမ်းကျင်သူများထက် အများကြီး ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
"ဒါက အသျှင်ခန္ဓာမျိုးရိုးရဲ့ အင်အားလား။ ကြည့်ရတာ သာမန်ပါပဲ"
ကျွင်းရှောင်ယောက်က လက်ဖက်ရည်ကို ဆက်သောက်လိုက်သည်။
ထိုမြင်ကွင်းက ပတ်ဝန်းကျင်မှ ကြည့်ရှုသူအားလုံးကိုလည်း အံ့အားသင့်စေခဲ့သည်။
ယခုကဲ့သို့ ဖြစ်လာမည်ဟု သူတို့လည်း မမျှော်လင့်ထားပေ။
ဤသည်မှာ ကျားနှင့် ခြင်္သေ့ကြားမှ အားပြိုင်ပွဲကဲ့သို့ ကြမ်းတမ်းမည်ဟု ထင်မှတ်ထားကြခြင်း ဖြစ်သည်။
ယခုတော့၊ အစမှ အဆုံးထိ ရှန်းဖေး တစ်ယောက်တည်းသာ တိုက်ခိုက်နေခဲ့သည်။
ကျွင်းရှောင်ယောက်ကတော့ ထိုင်နေရာမှ အနည်းငယ်မျှ မကြွပေ။
ယင်းက ရယ်စရာကောင်းလွန်းသည်။
ရှန်းဖေး၏ ခရမ်းရောင်မျက်လုံးများက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် သွေးရောင်ပြောင်းလာသည်။
ဤအရှက်တရားမျိုးကို သူ သည်းမခံနိုင်ပေ။
လေဟာပြင်ထဲတွင် ပျက်စီးခြင်းလှံပုဆိန်က လှုပ်ရှားလာပြီး ကိုယ်ပိုင်နည်းလမ်းကို ထုတ်ဖော်လိုက်သည်။ လှံအလင်းတစ်သောင်းက ကောင်းကင်တွင် ပြည့်သွားခဲ့သည်။
ရှန်းဖေးက ခရမ်းရွှေရောင်လှံကို ပစ်လွှတ်လိုက်ရာ ပျက်စီးခြင်းလှံပုဆိန်နှင့် တိုက်မိသွား၏။ လက်နက်ချင်း ထိခတ်သံအပြင် မီးပွားကလေးများပင် ထွက်ပေါ်လာတော့သည်။
သူကိုယ်တိုင်ကမူ ကျွင်းရှောင်ယောက်ကို လက်သီးနှင့် တိုက်ရိုက်ထိုးလိုက်သည်။
အနည်းဆုံးတော့၊ ကျွင်းရှောင်ယောက်ကို မတ်တပ်ရပ်ပြီး သူ့အား တိုက်ခိုက်စေရလိမ့်မည်။
လက်သီးအင်အားက သူ့လမ်းမှ အရာအားလုံးကိုချေမှုန်းကာ ထွက်ပေါ်လာခဲ့သည်။
ယင်းက အသျှင်ခန္ဓာမျိုးရိုး၏ ထူးခြားသော မဟာနတ်ဘုရားသိုင်း အသျှင်လက်သီး ဖြစ်သည်။ ဤလက်သီးက ကောင်းကင်ကိုစိုးမိုးပြီး အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိပေသည်။
မဟာသူတော်စင်ဖြစ်လျှင်ပင် ရှန်းဖေး၏ အသျှင်လက်သီးကို မခံနိုင်ဘူးဟု ဆိုနိုင်သည်။
ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က သူ့ညာလက်ကို အသာအယာ မြှောက်ပြီး နတ်ဆင်တစ်သိန်း စွမ်းအားကို ထုတ်ဖော်လိုက်သည်။ သူ့နောက်ကွယ်တွင် နဂါးငွေ့တန်းကို ဖျက်ဆီးပစ်နေသော ရှေးဦးနတ်ဆင်ပုံရိပ် ထွက်ပေါ်လာခဲ့၏။
ထို့နောက်၊ ကျွင်းရှောင်ယောက်က လက်သီးဆုပ်ပြီး ခွန်ပန်နတ်လက်သီးကို ထုတ်ဖော်လိုက်တော့သည်။
ကျွင်းရှောင်ယောက်က ဤလက်သီးချက်တွင် ခွန်ပန်မဟာနတ်ဘုရားသိုင်းအပြင် ရှေးဟောင်းမြင့်မြတ်ခန္ဓာ စွမ်းအားကိုလည်း သွန်းလောင်းပေးလိုက်သည်။
"ဝုန်း"
လက်သီးနှစ်လုံး တိုက်မိပြီးနောက် ရွှေရောင်သွေးနှင့် ခရမ်းရောင်သွေးက ကောင်းကင်ယံတွင် တစ်ခြမ်းစီ နေရာယူသွားခဲ့ကြသည်။
ဟင်းလင်းပြင်က စက္ကူတစ်ရွက်ကဲ့သို့ အလွယ်တကူ ဆုပ်ပြဲသွားခဲ့သည်။
"ဂျွတ်"
အရိုးကျိုးသံတစ်ခု ထွက်ပေါ်လာကာ လူတိုင်း၏အာရုံကို စွဲဆောင်သွား၏။
"ဒုန်း ဒုန်း ဒုန်း"
ခြေသံပြင်းပြင်းနှင့် ရှန်းဖေးမှာ အနောက်ကို ဆုတ်သွားရတော့သည်။ သူ့လက်သီးမှ သွေးများလည်း စီးကျလာခဲ့သည်။
အသျှင်ခန္ဓာ အားနည်းခဲ့ပြန်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း သူတို့၏ ထိတ်လန့်မှုကို မဖုံးကွယ်နိုင်တော့ပေ။
အဆုံးစွန်ရှေးဟောင်းလမ်းတွင် ရန်သူတိုင်းကို ချိုးနှိမ်ခဲ့သည့် အသျှင်ခန္ဓာက ကျွင်းရှောင်ယောက်ရှေ့တွင် အနည်းငယ်မျှ မလှုပ်ရှားနိုင်ပေ။
"မဟုတ်ဘူး၊ ဒါက မမှန်ဘူး"
ရှန်းဖေး၏ မျက်လုံးများက အေးစက်သွားကာ ကျွင်းရှောင်ယောက်ကို စူးစိုက်ကြည့်လိုက်သည်။
"မင်းက သာမာန်မြင့်မြတ်ခန္ဓာ မဟုတ်ဘူး"
ရှန်းဖေး၏စကားကြောင့် အရပ်ရပ်မှ လူတိုင်း အံ့ဩသွားကြသည်။
'သာမန်မြင့်မြတ်ခန္ဓာ မဟုတ်ဘူး'၊ ယင်းက ဘာကိုဆိုလိုပါသနည်း။
ကျွင်းရှောင်ယောက်က တည်ငြိမ်သွားပြီးမှ လျစ်လျူရှုစွာ ပြောလိုက်သည်။
"အိုး၊ မင်း မြင်သွားပြီပေါ့"
"မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။ ရှေးခေတ်ပြီးကတည်းက မင်းလို ခြေချင်းဆယ်ခုကို ချိုးဖျက်ခဲ့တဲ့ မြင့်မြတ်ခန္ဓာက ဘယ်လိုမှ မရှိနိုင်တော့ဘူး။ ဒါက လုံးဝ မဖြစ်နိုင်ဘူး"
ရှန်းဖေးက တုန်လှုပ်စွာဖြင့် အော်လိုက်သည်။
အခြားသူများက ကျွင်းရှောင်ယောက်၏ အသေးစိတ်အချက်အလက်များကို မသိရှိနိုင်သော်လည်း၊ မြင့်မြတ်ခန္ဓာ၏ ရန်သူဟောင်း အသျှင်ခန္ဓာအနေဖြင့် ကျွင်းရှောင်ယောက်၏ မြင့်မြတ်ခန္ဓာသည် ကန့်သတ်ချုပ်ချယ်ခြင်း သို့မဟုတ် ချုပ်နှောင်ခြင်းလက္ခဏာများမပြသကြောင်း သူ ခံစားနိုင်သည်။
ယင်းက သူ၏ယုံကြည်မှုကို ပျက်ပြားစေခဲ့ပေသည်။
ရှေးခေတ်နှောင်းပ်ိုင်းတွင် ပြီးပြည့်စုံသော ရှေးဟောင်းမြင့်မြတ်ခန္ဓာ ပေါ်ထွန်းလာရန် မဖြစ်နိုင်ပေ။
ကောင်းကင်အချုပ်နှင့် မြင့်မြတ်ခန္ဓာကျိန်စာများက ရှေးဟောင်းမြင့်မြတ်ခန္ဓာများတွင် အမြဲရှိခဲ့သည်။
ယခုမူကား၊ သူ့မျက်စိရှေ့တွင် သက်ရှိထင်ရှားရှိပြီး ပြီးပြည့်စုံသော ရှေးဟောင်းမြင့်မြတ်ခန္ဓာတစ်ခု ရောက်နေပြီ။
ရှန်းဖေး၏ စကားများက လူတိုင်း၏ စိတ်ထဲမှာ မိုးခြိမ်းသံကဲ့သို့ ပေါ်လာခဲ့သည်။
ပါရမီရှင်အတော်များများဆိုလျှင် ခဏကြာမှ သတိပြန်ဝင်လာခဲ့ကြလေသည်။
"ငါ နားကြားမမှားဘူး မဟုတ်လား၊ အသျှင်ခန္ဓာက ခြေချင်းဆယ်ခုကို ချိုးဖြတ်ခဲ့တဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာလို့ ပြောခဲ့တာလား"
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ဆိုရင်တော့ ဖြစ်နိုင်တယ်။ သူက မကောင်းဆိုးရွားတစ်ကောင်ပဲလေ"
ခဏတာ ငြိမ်သက်သွားပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြသည်။
ခြေချင်းမရှိသော မြင့်မြတ်ခန္ဓာက သူတို့ကို တစ်နှစ်ပတ်လုံး ထိတ်လန့်နေစေရန် လုံလောက်ခဲ့ပေသည်။
ကျိချင်းရီ၊ ရူယင်း၊ ရှန့်ရွယ်ရီနှင့် အခြားသူများလည်း နှလုံးသားထဲတွင် လှိုင်းလေထန်နေခဲ့သည်။
ခြေချင်းဆယ်ချောင်းကို ချိုးဖျက်ခဲ့သော ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် ခြေချင်းများရှိသည့် မြင့်မြတ်ခန္ဓာက မတူညီသော သဘောတရားနှစ်ခုပင်။
တစ်ခုက အကန့်အသတ်များရှိပြီး အခြားတစ်ခုမှာတော့ အကန့်အသတ်မရှိ အလားအလာများ ရှိသည်။
တုန်လှုပ်စွာဖြင့် ရုတ်ရုတ်သဲသဲဖြစ်ကုန်သူများကို မြင်ရသော်လည်း ကျွင်းရှောင်ယောက်၏ အမူအရာက မပြောင်းလဲပါ။
ပြီးပြည့်စုံသော ရှေးဟောင်းမြင့်မြတ်ခန္ဓာအကြောင်းကို ဖုံးကွယ်ရန်လည်း သူ မကြိုးစားခဲ့ပေ။
"ဒါဆိုရင် မင်းသေဖို့အတွက် အဆင်သင့်ဖြစ်ပြီလား"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ဟားဟားဟား၊ ပြီးပြည့်စုံတဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာနဲ့တွေ့ဖို့ ငါ မမျှော်လင့်ထားဘူး။ မင်းကို သတ်နိုင်ရင် ငါ ရှန်းဖေးဟာ အသျှင်ခန္ဓာရဲ့သမိုင်းမှာ အထင်ကရဖြစ်ကျန်ခဲ့လိမ့်မယ်"
ရှန်းဖေးက မကြောက်ရွံ့ဘဲ ရယ်မောလိုက်သည်။ ကောင်းကင်အသျှင်ခန္ဓာအနေဖြင့် သူ့စိတ်ဓာတ်က အလွန်ခိုင်မာပေသည်။
"ကောင်းကင်နတ်ဘုရားပုံရိပ်သွင်"
ရှန်းဖေးက လုံးဝမတွန့်ဆုတ်ဘဲ အသျှင်ခန္ဓာ၏ လျှို့ဝှက်နည်းလမ်းကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။
ချက်ခြင်းပင် သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် နတ်ခွန်ပန်၊ တာအိုခန္ဓာမဟာခေါင်းလောင်း၊ နတ်ဖီးနစ်အမွေး၊ အစစ်အမှန်နဂါး ဓမ္မခန္ဓာ၊ စွမ်နိနတ်သဏ္ဍာန်နှင့် ပိရှိုးနတ်ဘုရား ပုံရိပ်သွင်တို့ ထွက်ပေါ်လာခဲ့၏။
သူက ရူပါရုံကိုးခုပြည့်အောင် မလေ့ကျင့်ရသေးသော်လည်း ခြောက်ခုအထိ လေ့ကျင့်ထားခဲ့ပြီး ဖြစ်သည်။
အသျှင်ခန္ဓာ ရူပါရုံခြောက်ခု ပေါ်လာသည်နှင့် တပြိုင်နက် မိုးနှင့်မြေက ကမောက်ကမဖြစ်ကာ တာအိုနိယာမများ ပြောင်းလဲကုန်တော့သည်။
ဤသည်မှာ ကောင်းကင်အသျှင်ခန္ဓာ၏ အစွမ်းထက်ဆုံးနည်းလမ်းဖြစ်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်သည်။
ထိုကြောက်မက်ဖွယ်ရာ အတက်အကျက ပါရမီရှင်အားလုံးကို အမူအရာ ပြောင်းလဲစေခဲ့သည်။
ရှန့်ရွယ်ရီနှင့် ရူယင်းတို့လည်း သေခြင်းတရားကို ခံစားလိုက်ရ၏။
ရှန်းဖေး၏ ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရန် သူတို့ ယုံကြည်မှုမရှိပေ။
တိုက်ပွဲ၏ဗဟိုတွင်ရှိနေသည့် ကျွင်းရှောင်ယောက်သည်သာ ငြိမ်သက်နေပုံရသည်။
သူ့နောက်ကွယ်မှ ဟင်းလင်းပြင်တွင် အဖြူအနက် ယင်ယန်ပန်းချီကားတစ်ခု ပေါ်လာသည်။
ဖရိုဖရဲ ပျက်စီးခြင်း အငွေ့အသက်ရှိပြီး ပွင့်လန်းနေသည့် ကြာပန်းများလည်း ယိမ်းနွဲ့နေသေးသည်။
သူတော်စင်တစ်သောင်း အရိုအသေပေးခြင်းနှင့် အင်မော်တယ်ဘုရင် လင်းကျိုးထျန်းတို့လည်း တစ်ချိန်တည်းတွင် ပေါ်လာခဲ့ကြသည်။
ရှန်းဖေးက ကောင်းကင်အသျှင်ခန္ဓာ၏ ရူပါရုံခြောက်ခုကို ထုတ်ဖော်သောကြောင့် ကျွင်းရှောင်ယောက်ကလည်း ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံခြောက်ခုအား သဘာဝအတိုင်း ထုတ်ဖော်ခဲ့သည်။
ကောင်းကင်အသျှင်ခန္ဓာနှင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံများ တိုက်မိသောအခါ စူးရှတောက်ပလွန်းသော နတ်အလင်းများ ထွက်ပေါ်လာခဲ့သည်။
မိုးနှင့်မြေက တုန်ခါလာခဲ့၏။
ဤကြောက်စရာကောင်းသော အတက်အကျမျိုးသည် ပြိုပျက်နေပြီဖြစ်သော အသျှင်ကြယ်၏ အက်ကွဲကြောင်းကို ပို၍ ဆိုးရွားစေခဲ့သည်။
"မင်းကို သတ်ရတာက ခွေးတစ်ကောင်ကိုသတ်ရတာနဲ့ မခြားဘူး"
ကျွင်းရှောင်ယောက်က လျစ်လျူရှူစွာ ပြောလိုက်သည်။ သူက လက်ကိုမြှောက်လိုက်သည်နှင့် ပျက်စီးခြင်းအလင်းတစ်ခု ထွက်ပေါ်လာခဲ့၏။
ကမ္ဘာဦးကျမ်း၊ နတ်ဘုရား၏အလင်း။
"ရွှီး"
နတ်ဘုရားအလင်းက ရှန်းဖေး၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်ကာ ခရမ်းရောင်သွေးများ ဖြာကျစေခဲ့သည်။
ရှန်းဖေး ချောင်းတဟွတ်ဟွတ်ဆိုးရင်း သွေးများ အန်ထုတ်လိုက်၏။ သို့သော်လည်း သူ့မျက်လုံးများက ထူးခြားသော အလင်းတစ်ခု လင်းလက်သွားတော့သည်။
သူ့ပုံရိပ်က ခြေလှမ်းအနည်းငယ်နှင့် ကျွင်းရှောင်ယောက်ရှေ့တွင် ပေါ်လာသည်။
ထို့နောက် ပုလင်းတစ်လုံးကို ရုတ်တရက်ထုတ်ယူကာ ကျွင်းရှောင်ယောက်ကို ပက်ဖြန်းလိုက်၏။ ပုလင်းထဲမှ အနက်ရောင်အရည်များက ကျွင်းရှောင်ယောက်၏ နဂါးချပ်ဝတ်အပေါ် တိုက်ရို ကျရောက်သွားတော့သည်။
"ဟမ်"
ကျွင်းရှောင်ယောက် မျက်မှောင်ကြုတ်လိုက်သည်။
အလွန်အေးစက်ပြီး ထူးဆန်းသော အရိပ်အယောင်တစ်ခုက သူ့စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
အနက်ရောင်သွေးများက လက်ခံသူကို တွေ့သွားဟန်ဖြင့် နဂါးချပ်ဝတ်ကိုဖြတ်ကျော်ကာ သူ့ခန္ဓာအတွင်းသို့ စိမ့်ဝင်ရန် ကြိုးစားလာတော့သည်။
"ဒါ... မြင့်မြတ်ခန္ဓာရဲ့ကျိန်စာသွေးလား"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်သွားသည်။ သူက အသျှင်ခန္ဓာ၏ရင်ဘတ်ကို လက်သီးနှင့် ထိုးချလိုက်၏။
အသျှင်ခန္ဓာ၏ခန္ဓာက ပေါက်ကွဲတော့မည့်ပုံရသော်လည်း လှည့်ကွက် အောင်မြင်သွားသလို ရူးသွပ်သော လှောင်ပြောင်မှုတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ဤတော့မှ အစကတည်းက ပူးပေါင်းကြံစည်မှုတစ်ခုမှန်း သိလိုက်ရသည်။
ကျွင်းရှောင်ယောက်ကို ဆန့်ကျင်ရန်အတွက် ကြီးမားသည့် ပူးပေါင်းကြံစည်မှုတစ်ခုပင်။
"မင်းက... အသျှင်ခန္ဓာ ဟုတ်ဘူး"
ကျွင်းရှောင်ယောက်က ဓားသွားတမျှ စူးရှသောမျက်လုံးနှင့် ရှန်းဖေးကို ကြည့်လိုက်သည်။