အခန်း ၇၁၂
Vol. 48 Ch. 712
အခန်း ( ၇၁၂ ) မြင့်မြတ်ခန္ဓာ၏ကျိန်စာ၊ ဝမ်းနည်းစရာအပိုင်း၊ အသျှင်ခန္ဓာအစစ်က အခြားတစ်ယောက်။
လူအားလုံး အံ့အားသင့်သွားခဲ့ကြသည်။
ဤပြောင်းလဲမှုက ကြီးမားလွန်းပြီး လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားပေသည်။
ပထမဦးစွာ၊ ကျွင်းရှောင်ယောက်က ရှန်းဖေကို လုံးလုံးလျားလျား ချေမှုန်းပြီး နတ်ဘုရားအလင်းနှင့် ထိုးဖောက်လိုက်သည်။
ထို့နောက်၊ ရှန်းဖေးက ပုလင်းတစ်လုံးကိုထုတ်ယူပြီး ကျွင်းရှောင်ယောက် ခန္ဓာကိုယ်ကို အနက်ရောင်သွေးများနှင့် ပက်လိုက်၏။
အဆုံးမှာတော့ ကျွင်းရှောင်ယောက်က 'မင်းက အသျှင်ခန္ဓာမဟုတ်ဘူး'ဟု ပြောလာတော့သည်။
အသက်ရှူချိန်အနည်းငယ်အတွင်း အပြောင်းလဲကြီး ပြောင်းလဲကုန်၍ လူများစွာ ခဏချင်း မတုံ့ပြန်နိုင် ဖြစ်ခဲ့သည်။
အထူးသဖြင့် 'မင်းက အသျှင်ခန္ဓာမဟုတ်ဘူး' ဆိုသောအပိုင်းကို လူတိုင်း နားမလည်နိုင်တော့ပေ။
"ဒီမှာ ဘာဖြစ်တွေနေတာလဲ"
ရူယင်းနှင့် အခြားသူများအားလုံး ကြောင် အသွားခဲ့သည်။
"စီ...စီ"
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်သွေးများက အသက်ရှိနေသလို နဂါးချပ်ဝတ်ကိုဖောက်ကာ မြင့်မြတ်ခန္ဓာအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အေးစက်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့၏။
အမှောင်တစ်နေရာ၌ သူ၏ မြင့်မြတ်ခန္ဓာကို သိမ်းပိုက်လိုသော တည်ရှိမှုတစ်ခု ရှိနေသကဲ့သို့ပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် နတ်ဆိုးအသံတစ်ခုက သူ့စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။
"မြင့်မြတ်ခန္ဓာ... ဖျက်ဆီးရမယ်…”
ထိုစကားများက မှုန်မှိုင်းကာ ကြောက်စရာကောင်းလှသည်။
ယင်းက ရှေးဟောင်းမြင့်မြတ်ခန္ဓာအတွက် ဖြေဆေးမရှိသည့် အဆိပ်ကဲ့သို့ပင်။
ဤအနက်ရောင်သွေးက ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ သွေး ဖြစ်သည်။
သို့ရာတွင်၊ ယင်းက ကျိစာဆိုးမိထားသော ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏သွေး ဖြစ်ချေသည်။
မြင့်မြတ်ခန္ဓာ၏ကျိန်စာကဲ့သို့ အရာမျိုးကို ကျွင်းရှောင်ယောက် သိသည်။
ရှေးယခင်က မြင့်မြတ်ခန္ဓာတချို့သည် ကပ်ဆိုးတစ်ခုနှင့် ကြုံရခြင်း၊ သို့မဟုတ် ထူးခြားသော အရာတချို့နှင့် ကြုံတွေ့ခဲ့ရသည်။
နောက်ဆုံးတွင် ၎င်းတို့က ရူးသွပ်ခြင်း၊ နတ်ဆိုးဖြစ်ခြင်း သို့မဟုတ် သေခြင်းသို့ ကျရောက်ခဲ့ကြရပေသည်။
ယခင်က ကျဆုံးမြင့်မြတ်ခန္ဓာကို ထိန်းချုပ်စဉ်မှာလည်း ဤခံစားချက်ကို ကျွင်းရှောင်ယောက် အနည်းငယ် ခံစားခဲ့ရသည်။
သို့ရာတွင် ထိုအချိန်ကတော့ သူ သိပ်ဂရုမစိုက်ခဲ့ပေ။
ယခုမူ၊ ရှန်းဖေးက သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ညစ်ညမ်းစေရန် မြင့်မြတ်ခန္ဓာ၏ကျိန်စာသွေးကို အမှန်တကယ် အသုံးပြုလာခဲ့ပြီ ဖြစ်သည်။
ဤအခိုက်တွင် ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကို အနက်ရောင်လေထုဖြင့် ဝန်းရံထားခဲ့သည်။
ဤကျိန်စာသွေးမျိုးက အလွန်ထူးဆန်းပြီး ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ဖျက်ဆီးရန် အထူးဖန်တီးထားခြင်း ဖြစ်ချေသည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာက အမှောင်စွမ်းအင်တိုင်းကို ခုခံနိုင်စွမ်းရှိသော်လည်း ဤတိုက်စားမှုကိုတော့ ခံနိုင်ရည်မရှိပေ။
ဝူဟူသာ ဤကျိစာသွေးများ မိသွားပါက အလွန်ခက်ခဲမှာအမှန်ပင်။
နောက်ဆုံးတွင်၊ ယင်းက ကျင့်ကြံခြင်းအခြေခံနှင့်မဆိုင်ဘဲ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို အဓိကထားခြင်း ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားခဲ့သည်။ ယင်းက အပြင်လူများ၏ အမြင်တွင် တစ်စုံတစ်ခု မှားယွင်းသွားသလို ဖြစ်စေခဲ့ပေသည်။
"အစ်ကိုကြီး"
"သခင်လေး"
နင်ချန်၊ ရှောင်ရွယ်ရွယ်၊ နင်သဲဖာနှင့် အခြားသူများလည်း အမူအရာပြောင်းသွားခဲ့ကြသည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာ သွေးခြေရာကို သယ်ဆောင်ထားသူတိုင်း အနက်ရောင်သွေး၏ ကြောက်စရာကောင်းပုံကို ခံစားနိုင်ပေသည်။
၎င်းတို့သာ ကူးစက်ခံရပါက ချက်ချင်းသေဆုံးသွားမည်ဟု ခံစားခဲ့ရသည်။
ဝူဟူကတော့ တစ်ခုခုကို တွေးနေဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ရုတ်တရက်၊ သူ့မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာခဲ့၏။
ကြည့်ရှုသူသောင်းချီမှာလည်း တီးတိုးပြောဆိုကြရင်း ရုတ်ရုတ်သဲသဲ ဖြစ်နေကြတော့သည်။
"ဘာဖြစ်တာလဲ၊ ရှန်းဖေးပက်လိုကတဲ့ အနက်ရောင်သွေးက ရှေးဟောင်းမြင့်မြတ်ခန္ဓာအပေါ်မှာ သက်ရောက်မှုရှိနေတယ်"
"ရှေးခေတ်ကတည်းက ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုးမှာ ကျိန်စာတစ်ခု ရှိခဲ့ဖူးတယ်၊ အဲဒါက အရမ်းထူးဆန်းပြီး ကြောက်စရာကောင်းတယ်လေ။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ဖြစ်ရင်တောင် ရှောင်လွှဲလို့မရနိုင်ဘူး"
"ဒါနဲ့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ရှန်းဖေးကို အသျှင်ခန္ဓာ မဟုတ်ဘူးလို့ ပြောခဲ့တယ်နော်။ အဲဒါက ဘာကိုဆိုလိုတာလဲ။ သူက ဘာဖြစ်လို့ အသျှင်ခန္ဓာမဖြစ်ရတာလဲ"
လူအားလုံး အံ့အားသင့်ပြီး ပဟေဠိဖြစ်ကုန်ကြသည်။
လူတိုင်းတွင် မတူညီသော ခံစားချက်များ ရှိခဲ့သည်။
ရှန့်ရွယ်ရီနှင့် အမှောင်ထဲမှ ဓားပြခုနစ်တို့၏ မျက်လုံးများတွင် ဝမ်းသာသွားသည့် အရိပ်အယောင်ကို လှစ်ဟလာခဲ့သည်။
ကျိန်စာသွေးကြောင့် ကျွင်းရှောင်ယောက် တစ်ခုခုဖြစ်သွားပါက၊ သူ့အင်အားကို သိသိသာသာ အားနည်းသွားစေမည်မှာ သေချာသည်။
၎င်းက အခြားပါရမီရှင်များ သူ့ကိုကျော်တက်ရန် အခွင့်အရေးကြီးပင်။
ရူယင်းကတော့ စူးစမ်းကာ စောင့်ကြည့်နေဆဲ ဖြစ်သည်။
ကျိချင်းရီ၏ မျက်လုံးများကတော့ နက်နဲသောအတွေးတို့ ဖြစ်ပေါ်လာကာ ရှန်းဖေးကိုကြည့်လိုက်သည်။
'ဒါက အသျှင်ခန္ဓာရဲ့ ပူးပေါင်းကြံစည်မှုများ ဖြစ်မလား"
ဆိုရလျှင််၊ လက်ရှိ အခြေအနေက လူတိုင်း၏ မျှော်မှန်းချက်ထက် ကျော်လွန်သွားသည်ဟု ဆို၍ရပေသည်။
မူလက ဤသည်မှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် ကောင်းကင်အသျှင်ခန္ဓာ၏ ရိုးရှင်းသောတိုက်ပွဲ ဖြစ်သည်။
ယခုမူ ၎င်းက ပူးပေါင်းကြံစည်မှု အလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားခဲ့ပြီ။
ဤတိုက်ပွဲတွင် အခြား လျှို့ဝှက်ချက်ကြီးများ ရှိနေပုံရသည်။
"အဟွတ်...အဟွတ်၊ ကျွင်းရှောင်ယောက်... ကျိန်စာသွေးရဲ့ အရသာက ဘယ်လိုလဲ။ ဒါကို ငါ့ဘိုးဘွားအိမ်တော်က ကျိန်စာတိုက်ထားတဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာရဲ့ ခန္ဓာကိုယ်ကနေ ယူထားတာ"
ရှန်းဖေးက ရင်ဘတ်ကို လက်နှင့်ဖိပြီး မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ထိုင်နေခဲ့သည်။
အက်ကွဲသွားသော ကြွေထည်ကဲ့သို့ သူ့ခန္ဓာကိုယ်အနှံ့မှာတော့ အက်ကြောင်းများ ပေါ်လာခဲ့၏။
ကောင်းကင်အသျှင်ခန္ဓာကဲ့သို့ အားကောင်းသူပင် ကျွင်းရှောင်ယောက်၏ အဆုံးစွန်သော တိုက်ခိုက်မှုကို မခံနိုင်ပေ။
ယခုအချိန်တွင်၊ ကျွင်းရှောင်ယောက်က အေးဆေးတည်ငြိမ်သော အမူအရာဖြင့် လက်တင်ထိုင်ခုံပေါ်တွင် ထိုင်နေဆဲဖြစ်သည်။
သူ့ခန္ဓာကို အနက်ရောင် စွမ်းအင်များက ဝန်းရံထားပြီး ထူးခြားသော ကမ္ပည်းများကလည်း ရံဖန်ရံခါ ပေါ်လာခဲ့သည်။
သို့ရာတွင် သူကိုယ်တိုင်ကတော့ အနည်းငယ်မျှ တုန်လှုပ်ပုံမရပေ။
"မင်းက သနားစရာကောင်းတဲ့ နယ်ရုပ်တစ်ခုဖြစ်ပုံပဲ"
ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
တကယ်တော့ ရှန်းဖေးကို ပထမဆုံး မြင်လိုက်ကတည်းက တစ်စုံတစ်ခုမှားယွင်းနေသည်ကို သူ သတိပြုမိခဲ့သည်။
သို့ရာတွင်၊ ရှန်းဖေးက ကောင်းကင်အသျှင်ခန္ဓာ အတုအယောင်ဖြစ်သောကြောင့် မဟုတ်ပါ။
သူဟာ စစ်မှန်သော ကောင်းကင်အသျှင်ခန္ဓာ ဖြစ်သည်။
သို့သော်လည်း အသျှင်ခန္ဓာဟု မခေါ်ထိုက်သေးသည့် ခံစားချက်မျိုး ရှိခဲ့ပေသည်။
ကျွင်းရှောင်ယောက်၏အမြင်တွင်၊ အသျှင်ခန္ဓာက သူ့ကို ပို၍ စိတ်ဝင်စားစေသင့်သည်။
သို့ရာတွင်၊ ရှန်းဖေးကိုတော့ သူ့ထိုင်ခုံမှထရန်ပင် စိတ်ဝင်တစားပင်မရှိပေ။
ထို့ကြောင့် ကျွင်းရှောင်ယောက်ဟာ ဤအသျှင်ခန္ဓာက အသျှင်ခန္ဓာဖြစ်သော်လည်း အသျှင်ခန္ဓာ မစစ်မှန်ကြောင်း မှန်းဆမိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အခြားသူများကတော့ ခေါင်းရှုပ်နေကြပြီ။
သူတို့အမြင်တွင် အသျှင်ခန္ဓာက အသျှင်ခန္ဓာသာ ဖြစ်သင့်သည်။
သိကြသည့်အတိုင်း၊ ကောင်းကင်အသျှင်ခန္ဓာက ခေတ်တစ်ခုစီတိုင်းမှာ ပေါ်ပေါက်ခဲခဲ့ပေသည်။
ယခုတော့ သူတို့အားလုံး ရှန်းဖေး၏ လှည့်စားခံခဲ့ကြရပြီ ဖြစ်သည်။
တစ်နည်းဆိုရသော် လူအားလုံးကို အသျှင်ခန္ဓာမျိုးရိုးမှ လှည့်စားခြင်းခံခဲ့ရပေသည်။
"ဟားဟားဟား၊ ငါက နယ်ရုပ်ဖြစ်မှန်း သိနေရင်တောင် ဘာဖြစ်လဲ။ အခု မင်းမှာ ကျိန်စာသွေးတွေနဲ့ စွန်းထင်းနေပြီ။ မင်းရဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာက တစ်ဆင့်ပြီးတစ်ဆင့် အားနည်းသွားလိမ့်မယ်"
"နောက်ဆုံးမှာ အသျှင်ခန္ဓာက မင်းကိုသတ်ပြီး အသျှင်ခန္ဓာရဲ့ဂုဏ်သိက္ခာကို သူမပျက်စီးစေကြောင်း ကြေညာလိမ့်မယ်"
ရှန်းဖေး၏ မျက်လုံးများက ရူးသွပ်မှုတို့ ပြည့်နေခဲ့သည်။
ဤစကားသံကိုကြားတော့ လူတိုင်း အံ့ဩသွားလေသည်။
ရှန်းဖေးက အမှန်တကယ်ပင် အသျှင်ခန္ဓာ မဟုတ်ပေ။
ယင်းက လူတိုင်းကို မူးဝေပြီး မယုံနိုင် ဖြစ်စေခဲ့သည်။
အသျှင်ခန္ဓာရှန်းဖေးက အသျှင်ခန္ဓာအစစ် မဟုတ်ပါ။
သူ့လေသံအရတော့ စစ်မှန်သော အသျှင်ခန္ဓာကို လေးစားပုံရသည်။
အသျှင်တစ်ဦး လေးစားခံရသော အခြားအသျှင်က မည်မျှ အစွမ်းထက်သနည်း။ မည်သို့သော အနေအထားမျိုးကို ပိုင်ဆိုင်ထားသနည်း။
အားလုံး နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။
"ဟမ်၊ ဒီအသျှင်ခန္ဓာမျိုးဆက်ရဲ့ နောက်လိုက်တစ်ယောက်ကတောင် ဒီလောက် အားကောင်းနေတာလား"
"ငါတို့ လှည့်စားခံခဲ့ရတာ။ ဒီအသျှင်ခန္ဓာက အစစ်ဖြစ်မယ်လို့ ထင်ထားပေမဲ့ နောက်လိုက်တစ်ဦးသာဖြစ်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ"
ဤတော့မှ လူတိုင်း သတိပြန်ဝင်လာခဲ့ကြသည်။
သူတို့ရှေ့တွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာ နှစ်ခုရှိနေမှတော့ ကောင်းကင်အသျှင်ခန္ဓာကလည်း အဘယ်ကြောင့် နှစ်ခုမရှိရပါမည်နည်း။
"ဒီတော့ ဘိုးဘွားနန်းတော်က မင်းကို စတေးပြီး ကျိန်စာသွေးနဲ့ ငါ့ရဲ့ ခွန်အားကို အားနည်းသွားစေချင်တယ်။ ဒါမှ တကယ့်အသျှင်က ငါ့ကိုကျော်ပြီး အထွတ်အထိပ်ကို တက်လှမ်းနိုင်လိမ့်မယ်"
"အသျှင်ခန္ဓာကို စတေးခံတဲ့ လှုပ်ရှားမှုက တကယ်ရဲရင့်တာကိုတော့ ငါဝန်ခံရတော့မယ်"
ကျွင်းရှောင်ယောက်က အနည်းငယ် သက်ပြင်းချလိုက်သည်။
အသျှင်ခန္ဓာဘိုးဘွားနန်းတော်က ရှန်းဖေးသည် ကျွင်းရှောင်ယောက်နှင့်တိုက်ပွဲတွင် အရေးနိမ့်မည်မှန်း သေချာပေါက် သိသည်။
အဓိက တာအိုခန္ဓာနှစ်ခုကြားမှ တိုက်ပွဲတစ်ခုတွင် သေခြင်း ရှင်ခြင်းကို သိထားရလိမ့်မည်။
ရှန်းဖေး ရောက်လာသရွေ့ ကျွင်းရှောင်ယောက်၏လက်မှ ပြန်သွားနိုင်မည် မဟုတ်ပေ။
ဘိုးဘွားနန်းတော်မှ ကျွမ်းကျင်သူတစ်ယောက် ရောက်လာလျှင်ပင် ရှန်းဖေးကို အသက်ရှင်လျက် ခေါ်ဆောင်သွားရန် မဖြစ်နိုင်ပါချေ။
ထို့ကြောင့်ပင်၊ သူတို့က ရှန်းဖေးကိုစတေးပြီး ကျွင်းရှောင်ယောက်ကို အားနည်းစေကာ စစ်မှန်သော အသျှင်ခန္ဓာအတွက် လမ်းခင်းပေးခဲ့သည်။
"မင်းက သေဖို့အတွက် ရည်မှန်းထားမှတော့ ဒီနတ်ဘုရားသားတော်က မင်းကို လိုက်ပို့ပေးပါ့မယ်"
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။
သူ့တွင် ဤအသျှင်ခန္ဓာကိုသိမ်းသွင်းရန် စိတ်ကူးမရှိပေ။
အသျှင်ခန္ဓာက ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ဘယ်သောအခါမျှ အညံ့ခံနိုင်မည်မဟုတ်ပါ။ ဤအရာက အရိုးထဲထိ ထွင်းထုထားသော ဆန့်ကျင်မှု ဖြစ်သည်။
ကျွင်းရှောင်ယောက်က ထပ်မံလှုပ်ရှားလိုက်သည်။ နတ်ဘုရားအလင်းက ရှန်းဖေးအပေါ်ကို ထပ်မံကျရောက်သွား၏။
"အသျှင်၊ ငါ့အတွက် လက်စားချေရမယ်"
ရှန်းဖေးက ဟိန်းဟောက်သည်။ သူဟာ သေသည်အထိတိုက်ခိုက်ရန် ကျွင်းရှောင်ယောက်ဆီသို့ ပြေးလာခဲ့၏။
ရလဒ်အနေဖြင့်၊ အဆုံးမဲ့ နတ်ဘုရားအလင်းအောက်တွင် ပြာအဖြစ်သာ ပျက်သုဉ်းသွားတော့သည်။