အခန်း ၇၁၇
Vol. 48 Ch. 717
အခန်း ( ၇၁၇ ) ချီယိုအင်မော်တယ်မျိုးရိုး၏ အမွေဆက်ခံသူ ချီလေ့။
ရှေးဦးသားရဲကြီးလေးကောင်က အရှိန်အဝါကြီးမားစွာဖြင့် ကြယ်ကောင်းကင်တွင် ရပ်တည်နေခဲ့သည်။
တားမြစ်ပါရမီရှင်များပင်လျှင် ဤအခြေအနေမျိုးနှင့် ကြုံရသောအခါ စိုးရွံ့ထိတ်လန့်လာလိမ့်မည်။
ဟုတ်သည်၊ ဤသားရဲလေးကောင်က ရှေးဦးသားရဲများ အစစ်မဟုတ်ပါ။ ၎င်းတို့ကို ဝင်္ကပါများနှင့် ပုံဖော်ထားခြင်း ဖြစ်သည်။
"ရှေးဦးသားရဲလေးကောင် နတ်ဆိုးဝင်္ကပါပဲ။ ဒါက ကာလကြာရှည် ပျောက်ကွယ်နေတဲ့ ဝင်္ကပါတစ်ခုလို့ ငါကြားတယ်။ ဒီစွမ်းရည်က တကယ်ကို ပေါ့ပေါ့တန်တန် မဟုတ်ဘူး"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။ ဤကဲ့သို့ သားရဲကြီးလေးကောင်နှင့် ရင်ဆိုင်နေရသော်လည်း သူ့အမူအရာက မပြောင်းလဲပေ။
"ကိုယ်ထင်ပြစမ်း"
ကျွင်းရှောင်ယောက်က သူ့ရှေ့မှ ကြယ်ကောင်းကင်၏ နက်နဲရာကို လှမ်းကြည့်လိုက်သည်။
"ကျွင်းရှောင်ယောက်၊ မင်းက ငါထင်ထားတာထက်တောင် ပိုတည်ငြိမ်နေတာပဲ"
အက်ရှရှအသံ ထွက်ပေါ်လာခဲ့၏။
ထို့နောက်မှာတော့ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာပြီး နတ်ဆိုးချပ်ဝတ်နှင့် ပုံရိပ်တစ်ခု ပေါ်လာတော့သည်။
နတ်ဆိုးချပ်ဝတ်က အလွန်ရက်စက်ကြမ်းကြုတ်ပုံရပြီး သူ့တစ်ကိုယ်လုံးကို တင်းတင်းကျပ်ကျပ် ကာကွယ်ထားသည်။
သူ၏ မျက်နှာပေါ်တွင်ပင် အနက်ရောင်မျက်နှာဖုံးတစ်ခု ရှိသေးသည်။
အမှောင်ကိုအုပ်စိုးသော နတ်ဆိုးနတ်ဘုရားကဲ့သို့ သူ့အရှိန်အဝါက အေးစက်လွန်းလှသည်။
သူ့လက်ထဲမှာတော့ ဝံပုလွေစွယ်တင်းပုတ်ကို ကိုင်ထား၏။ သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါက သားရဲကြီးလေးကောင်ထက် အားမနည်းပေ။
"မင်းက ချီယိုအင်မော်တယ်မျိုးရိုးကနေ ဆင်းသက်လာသူ မဟုတ်လား"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
ကျွင်းရှောင်ယောက်၏ မြင်နိုင်စွမ်းဖြင့် တစ်ဖက်လူ၏ လက္ခဏာကို သဘာဝအတိုင်း မြင်တွေ့နိုင်ပေသည်။
ထို့ပြင် အဓိပဓိအင်မော်တယ်ခုံရုံးအကြောင်းကို ဟိုးအရင်ကတည်းက သိထားခဲ့သည်။
ကိုယ်ကိုယ်တိုင်အကြောင်းနှင့် ရန်သူအကြောင်းကို သိထားမှ တိုက်ပွဲကို အောင်မြင်နိုင်လိမ့်မည်။
အင်မော်တယ်ခုံရုံးရှိ အင်မော်တယ်မျိုးရိုးကိုးခုတွင် ချီယို အင်မော်တယ်မျိုးရိုးဟုခေါ်သော ကိုင်းခွဲတစ်ခု ရှိသည်။
ချီယိုသည် ရှေးဒဏ္ဍာရီပုံပြင်များတွင် ဒဏ္ဍာရီလာ နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်သည်။ သူသည် တချိန်က ကျိုးလီနတ်ဆိုးတိုင်းပြည်ကို တည်ထောင်ခဲ့ပြီး ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးအတွက် ဘေးဥပဒ်ဖြစ်စေခဲ့ပေသည်။
နောက်ပိုင်းတွင် အဓိပဓိအင်မော်တယ်ခုံရုံးက ကျိုးလီနတ်ဆိုးတိုင်းပြည်ကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်။
ကျိုးလီနတ်ဆိုးတိုင်းပြည်၏ အင်အားက အလွန်အားကောင်းသည်ဟု ဆိုရမည်။ အဓိပဓိအင်မော်တယ်ခုံရုံးပင်လျှင် ၎င်းကိုချေမှုန်းချင်ပါက ကြီးကြီးမားမား ပေးဆပ်ရမည် ဖြစ်သည်။
ထို့ပြင် ကျိုးလီနတ်ဆိုးတိုင်းပြည်ကလည်း အပြီးပြတ် ချေမှုန်းခြင်း မခံလိုပေ။
ထို့ကြောင့်၊ အဆုံးတွင် နှစ်ဖက်ညှိနှိုင်းပြီးနောက် ကျိုးလီနတ်ဆိုးတိုင်းပြည်က အဓိပဓိ အင်မော်တယ်ခုံရုံးသို့ ပေါင်းစည်းပြီး ချီယိုအင်မော်တယ်မျိုးရိုးဟူ၍ ဖြစ်လာခဲ့ရသည်။
၎င်းတို့၏ နောက်ခံသမိုင်းကြောင့်ပဲလား မသိ။
အင်မော်တယ်ခုံရုံးတွင် အခြား အင်မော်တယ်မျိုးရိုးရှစ်ခုက ချီယိုအင်မော်တယ်မျိုးရိုးကို ပြတ်ပြတ်သားသား ငြင်းပယ်ပြီး ခွဲခြားဆက်ဆံခဲ့သည်။
အင်မော်တယ်ခုံရုံးတွင် ပြဿနာရှိပါက အရင်ဆုံး တိုက်ခိုက်ရန် စေလွှတ်ခံရသူမှာ ချီယိုအင်မော်တယ်မျိုးရိုးမှ ကျင့်ကြံသူများပင်။
အဓိပဓိအင်မော်တယ်ခုံရုံး ပြိုလဲသောအခါ ချီယိုအင်မော်တယ်မျိုးရိုးက ဆုံးရှုံးမှု အကြီးမားဆုံး ဖြစ်ခဲ့သည်။
ထို့ကြောင့်ပင် ချီယုအင်မော်တယ်မျိုးရိုးက အင်မော်တယ်ခုံရုံး၏ အာဏာကိုသိမ်းပိုက်ပြီး ခေါင်းဆောင်ဖြစ်ချင်လာခဲ့သည်။
ထိုသို့ဖြစ်ချင်လျှင် အခြေခံအကျဆုံးအချက်များထဲမှ တစ်ခုက အင်မော်တယ်ခုံရုံး၏ ဆက်ခံသူ၊ ဧကရာဇ်ငယ်ရာထူးကို ရယူထားရန်ပင်။
လက်ရှိအခြေအနေတွင်၊ ကျွင်းရှောင်ယောက်ကို သတ်ဖြတ်ခြင်းက ၎င်း၏ဂုဏ်သိက္ခာကို မြှင့်တင်ရန်နှင့် ၎င်း၏စွမ်းရည်ကို တစ်ချိန်တည်းတွင် သက်သေပြရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်မှာ ထင်ရှားလှပေသည်။
ထို့ကြောင့်ပင် ချီယိုအင်မော်တယ်မျိုးရိုးမှ ဆင်းသက်လာသော ချီလေ့က ကျွင်းရှောင်ယောက်ကို ဤနေရာတွင် ကြားဖြတ်ပြီး သတ်တော့မည် ဖြစ်သည်။
သူက အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်ဖြစ်ရန် အရည်အချင်းရှိကြောင်း သက်သေပြလိုပေသည်။
"မင်းက ငါ့ရဲ့အထောက်အထားကို သိပြီးသားဖြစ်ပုံရတယ်။ ဒါကြောင့်ပဲ တခြားလူတွေက မင်းရဲ့အထောက်အထားကို ကြောက်နေပေမဲ့ ငါကတော့ မကြောက်ဘူး"
ချီလေ့က သတ်ဖြတ်ချင်စိတ်အပြည့်နှင့် ပြောလိုက်သည်။
အဓိပဓိအင်မော်တယ်ခုံရုံး သူ့ကျောထောက်နောက်ခံဖြင့် ကျွင်းရှောင်ယောက်၏ အထောက်အထားနှင့် နောက်ခံအကြောင်းကို စိတ်ပူစရာမလိုပေ။
"မင်းက ငါ့ကို ရင်ဆိုင်ဖို့ သေချာလို့လား"
ကျွင်းရှောင်ယောက်က အေးအေးဆေးဆေး ပြောလိုက်သည်။
"အခုထိ မင်း ဟန်ဆောင်နေတုန်းပဲလား။ အရင် စမ်းသပ်မှုတွေမှာ မင်းက တကယ်ကို အားနည်းချက်တွေ မပြခဲ့ဘူး။ ဒါကြောင့် မင်းက သန်မာနေသေးပုံရတယ်၊ ဒါပေမဲ့..."
ချီလေ့က ခဏရပ်ပြီး ပြောလိုက်သည်။
"ဒါက ပိုလို့တောင် သံသယဖြစ်စရာအချက်ပဲ"
"မင်းသာ အရင်က အားနည်းချက်တချို့ကို ပြခဲ့မယ်ဆိုရင် မင်းကို အားနည်းသလိုနဲ့ ဝက်ယောင်ဆောင်ပြီး ကျားသားစားချင်နေသူလို့ ငါထင်ဦးမှာ"
"ဒါပေမဲ့ မင်းက သန်မာဟန်ဆောင်ပြီး ဘာမှမဖြစ်ဘဲ အင်အားကြီးသလို လူတွေကို ထင်မြင်စေခဲ့တယ်"
"တကယ်တော့ မင်း ဟန်ဆောင်နေတာပဲ။ မင်း အားနည်းနေပြီ၊ မင်းရဲ့မြှားက လမ်းဆုံးကို ရောက်နေပြီ"
ချီလေ့က ခိုင်မာသောလေသံဖြင့် ပြောလိုက်သည်။
သူ၏ သုံးသပ်ချက်က တကယ်ကို ကျိုးကြောင်းဆီလျော်ပေသည်။
အကယ်၍၊ ကျွင်းရှောင်ယောက်သာ ပျော့ကွက်ကို တမင်တကာ ပြခဲ့ပါက လူများကို ဆွဲဆောင်ရန် ကြိုးစားနေသည်ဟု သံသယဖြစ်လိမ့်မည်။
သို့ရာတွင် သူက တောက်လျှောက်သန်မာနေပြီး ဘာမှမဖြစ်ဟန်ဆောင်ခဲ့သည်။ ယင်းက သူ့ဒဏ်ရာနှင့် အားနည်းချက်ကို ဖုံးကွယ်ထားသကဲ့သို့ပင်။
ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက် ရုတ်တရက် ရယ်လိုက်သည်။
"ဟမ်၊ ဘာရယ်စရာပါလို့လဲ"
ချီလေ့က အနိုင်ရရှိရန် သေချာနေဟန်ဖြင့် ကြည့်လိုက်၏။
"ငါက မင်းကို ရယ်တာပါ။ မင်းက တကယ်ကို ဉာဏ်ကောင်းပါပေတယ်။ ဒါပေမဲ့ ဒီနေ့တော့ ဉာဏ်ကောင်းလွန်းတာက သေစေနိုင်တဲ့အရာ ဖြစ်တတ်တယ်ဆိုတာ ငါ နားလည်သွားပြီ"
ကျွင်းရှောင်ယောက် အနည်းငယ် ဆွံ့အသွားမိသည်။
ဤမျှ တွေးခေါ်တတ်သူကို သူ တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။
သူက ရိုးရိုးလေး ဖြတ်သန်းလာခြင်း ဖြစ်သော်လည်း ချီလေ့ကတော့ အကြံအစည်များနှင့် လှည့်ကွက်အများကြီးကို ဆက်တိုက်တွေးထားခဲ့သည်။
"ဟမ့်၊ ပြီးသွားပြီ"
ချီလေ့၏ မျက်လုံးများက အေးစက်သွားခဲ့သည်။ သူ ဆက်မပြောတော့ပေ။
ဝင်္ကပါစွမ်းအားဖြင့် ဖွဲ့စည်းထားသော ရှေးဦးသားရဲလေးကောင်နှင့် သူ့ကိုယ်ပိုင်အင်အားအရ ဒဏ်ရာရနေသော ကျွင်းရှောင်ယောက်ကို သတ်ဖြတ်ရန်မှာ မဖြစ်နိုင်တာ မဟုတ်ပါ။
"ဂါး"
သားရဲကြီးလေးကောင်က ကောင်းကင်ကိုမော့၍ ဟိန်းဟောက်လိုက်ကြသည်။
ကြီးမားလှသော နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့၏။
သားရဲကြီးလေးကောင်က ကျွင်းရှောင်ယောက်ကိုသတ်ရန် ဒုန်းစိုင်းလာခဲ့သည်။
ချီလေ့ကလည်း တစ်ချိန်တည်းတွင်ပင် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့၏။ သူ၏ ကျင့်ကြံခြင်းအခြေခံက သူတော်စင်ဘုရင်နယ်ပယ် သေးငယ်သော ပြီးပြည့်စုံမှုအဆင့်တွင် ရှိသည်။
ယင်းက ကျွင်းရှောင်ယောက်လောက် မကြီးကျယ်သော်လည်း တကယ့်ကို ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်နေဆဲပင်။
"ဖျက်စီးခြင်းထောင်"
ချီလေ့က တင်းပုတ်နှင့် ထုချလိုက်ရာ ထောင်ချီသော နတ်ဆိုးပုံစံများက ကြောက်မက်ဖွယ်စွမ်းအားများကို သယ်ဆောင်ကာ ထွက်ပေါ်လာခဲ့သည်။
ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်၏ မျက်လုံးများက လှောင်ပြောင်သရော်မှုတို့ ပေါ်လာသည်။
ကောင်းကင်ကို ဆန့်ကျင်ပါက ချွင်းချက်ရှိနိုင်သည်။
သူ့ကို ဆန့်ကျင်လျှင်တော့ အသက်ရှင်ရိုးမရှိပေ။
ချီလေ့က သေချင်နေမှတော့ သူ့ကို ကူညီပေးလိုက်ရုံသာ တတ်နိုင်သည်။
ကျွင်းရှောင်ယောက်က ခြေတစ်ချက်ဆောင့်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အလွန်ကြီးမားသော သေခြင်းရှင်ခြင်း ယင်ယန် ပန်းချီကားတစ်ခု ပေါ်လာခဲ့၏။
အဖြူအမည်း ဒိုင်းလွှားတစ်ခုကဲ့သို့ သားရဲလေးကောင်ကို တိုက်ရိုက် ပိတ်ဆို့ထားခဲ့သည်။
ထို့နောက် ပျက်စီးခြင်း မိုးပြာရောင်ကြာပန်းများ ထွက်ပေါ်လာပြီး နတ်ဆိုးလေးကောင် ဝင်္ကပါတစ်ခုလုံးကို ဖိနှိပ်လိုက်၏။
ချီလေ့၏ တိုက်ခိုက်မှုကိုတော့ ကျွင်းရှောင်ယောက်က မဟာပျက်စီးခြင်းလှံပုဆိန်နှင့် မတုံ့ပြန်ပေ။ သူက မေယုကမ္ဘာစွမ်းအင်ကို အသက်သွင်းပြီး မိုးကြိုးဧကရာဇ်၏ လက်ချောင်းနှင့် ညွှန်ပြလိုက်သည်။
"ဝုန်း"
ချီလေ့၏ တိုက်ခိုက်မှုက တိုက်ရိုက် ပျက်စီးသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဤလက်ချောင်းက သူ့ပခုံးကို ထိုးဖောက်သွားပြီး သွေးများစီးကျလာခဲ့၏။
"မင်းရဲ့ခွန်အား..."
ချီလေ့၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ဤအခိုက်တွင် ကျွင်းရှောင်ယောက်၏ အင်အားအပြည့်ရှိသော အငွေ့အသက်တို့ကို ခံစားလိုက်ရသည်။
ယင်းက ချီလေ့၏ နှလုံးသားကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့ပေသည်။
"ဒါက လုံးဝမဖြစ်နိုင်ဘူး၊ မင်းမှာ ကျိန်စာသွေးကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိသင့်ဘူး"
ချီလေ့ အော်ဟစ်လိုက်သည်။
သူက မျက်စိစုံမှိတ်ပြီး လှုပ်ရှားနေခြင်း မဟုတ်ပေ။ သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယခုတော့ ကျွင်းရှောင်ယောက်ဟာ သူထင်ထားသည့်အတိုင်း အားနည်းသော အခြေအနေတွင် ရှိနေပုံမရပေ။
"ပုရွက်ဆိတ်က လူသားရဲ့ စွမ်းအားကို နားမလည်နိုင်ဘူး"
"ဒီလိုပဲ လူသားက နတ်ဘုရားတစ်ပါး ဘာလုပ်နိုင်မှန်း မသိဘူး"
ပြောဆိုပြီးနောက် ကျွင်းရှောင်ယောက်က လက်သီးနှင့်ထိုးလိုက်သည်။
သူက မေယုကမ္ဘာငါးခုစွမ်းအားနှင့် လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးသိုင်းကို ထုတ်ဖော်လိုက်၏။
"ဖူး..."
ချီလေ့မှာ အထပ်ထပ် ရိုက်နှက်ခံရပြီး သွေးများ အန်ထွက်လာခဲ့သည်။ သူ့မျက်လုံးများက သွေးကဲ့သို့ နီရဲပြီး အော်ဟစ်လိုက်၏။
သူ၏ အသက်စွမ်းအင်နှင့် သွေးများက စတေးခံသလို ပူလောင်လာခဲ့သည်။
သူ့နောက်တွင်၊ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော လက်ခြောက်ဘက် နတ်ဆိုးနတ်ဘုရားတစ်ပါး ပေါ်လာခဲ့၏။
"ဘိုးဘေးအရိပ်၊ ရန်သူအားလုံးကို သတ်ပစ်ပါ"
ချီလေ့က လည်ပင်းမှ သွေးကြောများ ထောင်ထလာသည်အထိ အော်ဟစ်လိုက်သည်။
ကျွင်းရှောင်ယောက်က ခပ်တိုးတိုး ရယ်မောလိုက်သည်။
အင်မော်တယ်စွမ်းအင် ဆယ့်တစ်ခုက တောက်ပသောအလင်းများနှင့် ကျွင်းရှောင်ယောက် ပတ်ဝန်းကျင်တွင် တပြိုင်နက်တည်း ပေါ်လာခဲ့၏။
သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း ချီလေ့ ကြက်သေသေသွားတော့သည်။