← Chapters

အခန်း ၇၁၈

Vol. 48 Ch. 718

အခန်း ၇၁၈

Vol. 48 Ch. 718

အခန်း ( ၇၁၈ ) အချက်အလက်များကို စုံစမ်းခြင်း၊ နတ်သမီးယွမ်၏ ထိမ်းမြားလက်ထပ်ပွဲ၊ မဟာသူတော်စင်အဆင့် ဓမ္မခန္ဓာ။

"တစ်၊ နှစ်၊ သုံး..."

"ရှစ်၊ ကိုး၊ တစ်ဆယ်၊ ဆယ့်တစ်"

ချီလေ့ ကြောင်တောင်တောင်ဖြစ်ပြီး မသိစိတ်က အင်မော်တယ်စွမ်းအင်များကို ရေတွက်လိုက်မိသည်။

ဆယ့်တစ်ခု။

စုစုပေါင်း အင်မော်တယ်စွမ်းအင် ဆယ့်တစ်ခု။

ချီလေ့မှာ သူအရေးမှားသည်ထင်၍ အကြိမ်ပေါင်းများစွာ ရေတွက်ခဲ့သော်လည်း ရလဒ်က အတူတူပင်။

နောက်အခိုက်တွင်၊ သူ့ဦးခေါင်း ပေါက်ကွဲတော့မည်ကဲ့သို့ တုန်လှုပ်ချောက်ချားပြီး စိတ်ထဲတွင် ထုံကျဉ်သွားသည်။

အင်မော်တယ်စွမ်းအင် ဆယ့်တစ်ခု၊ ဤအရာကား အဘယ်နည်း။

ချီလေ့ အသက်ပြင်းပြင်းရှူရင်း သူ့မျက်လုံးများကို မယုံနိုင် ဖြစ်သွားသည်။

သူကိုယ်တိုင်က အဆုံးစွန်ရှေးဟောင်းလမ်း၏ ထိပ်ဆုံးပိုင်းတွင်ရှိသော်လည်း အင်မော်တယ်စွမ်းအင် ခုနစ်ခုကိုသာ လေ့ကျင့်ခဲ့ပေသည်။

ယခုမူ၊ ကျွင်းရှောင်ယောက်၏ အင်မော်တယ်စွမ်းအင် ဆယ့်တစ်ခုရှေ့တွင် သူ၏ အင်မော်တယ်စွမ်းအင်ခုနစ်ခုက သနားစရာကောင်းလှသည်။

အင်မော်တယ်စွမ်းအင် ဆယ့်တစ်ခုက ကျွင်းရှောင်ယောက်၏ ညာဘက်လက်ကို ရစ်ပတ်လာခဲ့သည်။ ထိုစွမ်းအားများ၏ ပံ့ပိုးမှုအောက်တွင် လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးက ကောင်းချီးပေးခံရသကဲ့သို့ စွမ်းအားများ စိတ်ကူးမယဉ်နိုင်တော့ပေ။

"ဝုန်း"

လက်သီးအင်အားက အင်အားကြီးမားစွာဖြင့် နဂါးငွေ့တန်းကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ လမ်းတစ်လျှောက်မှ ဟင်းလင်းပြင်က ပြိုကျကာ အက်ကွဲကြောင်းများ ပျံ့နှံ့သွား၏။

ဤလက်သီးချက်အောက်တွင် ချီလေ့ ထုတ်ဖော်ခဲ့သော ဘိုးဘွားအရိပ်က အပိုင်းပိုင်းပြတ်တောက်သွားတော့သည်။

ချီလေ့၏ ပါးစပ်တွင်းမှ သွေးများ အန်ထွက်လာခဲ့သည်။ သူ့မျက်နှာက သွေးမရှိတော့သလို ဖြူဆုပ်သွား၏။

သူ့ခန္ဓာက ပြိုကွဲသွားတော့မည်။

ကျွင်းရှောင်ယောက်က အကြွင်းမဲ့ ခွန်ပန်အမြန်နှုန်းနှင့် ချီလေ့အရှေ့တွင် ပေါ်လာခဲ့သည်။ သူက လက်သီးချက်များ မိုးရွာသွန်းသလို တရစပ် ထိုးကြိတ်လိုက်၏။

လက်သီးချက်တိုင်းက ချီလေ့အား ကမ္ဘာငယ်လေးများနှင့် ဖိနှိပ်နေသလိုခံစားရစေခဲ့သည်။ ထိုဖိအားမျိုးက ဖော်ပြရန်ပင် မလွယ်ပေ။

ကျွင်းရှောင်ယောက်က မေယုကမ္ဘာငါးခုနှင့် အင်မော်တယ်စွမ်းအင် ဆယ့်တစ်ခုကို လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးနှင့် ထုတ်ဖော်လိုက်သည်။

ယင်းက ချီလေ့ကို လုံလောက်အောင် မျက်နှာသာပေးခဲ့တာဟု ဆို၍ရပေသည်။

သူသည် အင်မော်တယ်မျိုးရိုးမှ ဆင်းသက်လာသော်လည်း ကျွင်းရှောင်ယောက်၏ ထိုးစစ်ကို ရင်ဆိုင်ရချိန်တွင် နာကျည်းမှုတို့ဖြင့် သေဆုံးရနိုင်သည်။

"ကူတိကျစ်က ဘာဖြစ်လို့ ဒီလောက်ကြာကြာ မလှုပ်ရှားခဲ့တာလဲဆိုတာ ငါနားလည်ပါပြီ..."

ချီလေ့၏ နှလုံးသားထဲတွင် မုန်းတီးမှုများ ပြည့်နှက်သွားခဲ့သည်။

ယခင်ကတော့ ကူတိကျစ်ကို သူ့ကိစ္စနှင့်သူ အလုပ်ရှုပ်နေသည်ဟု ထင်ခဲ့သည်။

တကယ်တော့ နောက်ထပ်အဆင့်တစ်ခု ရှိသေးသည်။

ဤသည်မှာ၊ ကူတိကျစ်က ကျွင်းရှောင်ယောက်ကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ မသေချာသေး၍ ဖြစ်သည်။

"ပြီးပြီ"

ကျွင်းရှောင်ယောက်၏ နောက်ဆုံး လက်သီးချက်တွင် တာအိုနိယာမများ ပြန့်ကျဲသွားခဲ့သည်။

ချီလေ့၏ ခန္ဓာကိုယ်ပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော ချပ်ဝတ်တန်ဆာ အက်ကွဲသွားပြီး သွေးများဖြင့် ဖုံးလွှမ်းနေသော သူ၏ခန္ဓာကိုယ်အစစ်အမှန်ကို ပေါ်လွင်စေခဲ့၏။

သူ၏ ပြင်းထန်သော လက်သီးချက်အောက်တွင် ရုပ်ခန္ဓာက တိုက်ရိုက်ပြိုလဲသွားပြီး ရှေးဦးဝိညာဉ်သာ ကျန်ရစ်ခဲ့သည်။

ပထမတော့ ကျွင်းရှောင်ယောက်ဟာ မူလတာအိုအုပ်ချုပ်သူဓားနှင့် တခါတည်းသတ်ရန် ကြံရွယ်လိုက်သေးသည်။

နောက်မှ တစ်ခုခုကို တွေးမိသွား၍ အစီစဉ်ပြောင်းကာ မဟာနေမင်း သထ္ထကထာနှင့် ဖိနှိပ်လိုက်သည်။

"ဒါက ဘယ်လို ရှေးဦးဝိဉာဉ်နည်းလမ်းလဲ"

ချီလေ့၏ ရှေးဦးဝိဉာဉ်က အလန့်တကြားဖြင့် ဟိန်းဟောက်လိုက်သည်။

ကျွင်းရှောင်ယောက်၏ နယ်ပယ်က မြင့်မားသည်။ သူ၏ နတ်ဘုရားသိုင်းက ပြည့်စုံကြွယ်ဝပြီး ခန္ဓာကိုယ်ကလည်း တုနှိုင်းမရပေ။

ရှေးဦးဝိညာဉ်ပင်လျှင် အလွန်အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်း၍ မှန်းဆ၍မရသော နည်းလမ်းများကို ပိုင်ဆိုင်ထားသည်။

မဟာနေမင်း သထ္ထကထာဖြင့် ဖိနှိပ်ပြီးနောက် ကျွင်းရှောင်ယောက်က နတ်ကြိတ်ဆုံထဲသို့ထည့်ကာ ကြိတ်ချေလိုက်လေသည်။

"အား…"

စိတ်ဝိညာဉ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသော နာကျင်မှုက ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက်ခြင်းထက် အဆသန်းပေါင်းများစွာ ပို၍နာကျင်သည်။

"ကျွင်းရှောင်ယောက်၊ မင်း ငါ့ကိုသတ်ချင်ရင်သတ်လိုက်လို့ရတယ်။ ဒါက ဘာလုပ်တာလဲ"

ချီလေ့၏ ရှေးဦးဝိညာဉ်က နှိပ်စက်ညှဉ်းပန်းမှုများကို မခံနိုင်တော့ပေ။

"ဘာမှမဟုတ်ပါဘူး၊ အချက်အလက်နည်းနည်းသိချင်လို့"

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

သို့သော်လည်း ချီလေ့၏အမြင်တွင် ဤအပြုံးက နတ်ဆိုးများထက်ပင် ကြောက်စရာကောင်းသေးသည်။

ထို့နောက်တွင် ကျွင်းရှောင်ယောက်က သားရဲလေးကောင် နတ်ဆိုးဝင်္ကပါကိုဖြတ်ကျော်ခဲ့ပြီး အင်မော်တယ်ခုံရုံးနှင့် ပတ်သက်သည့်အကြောင်းများအား ချီလေ့ကို စစ်မေးခဲ့သည်။

"ဒီတော့ ဒီလိုပေါ့၊ အင်မော်တယ်မျိုးရိုးတိုင်းက ဧကရာဇ်ငယ်ရာထူးအတွက် ပြိုင်ဆိုင်နေကြတာ။ ဒီအတွက် အမွေခံတွေက ငါ့ကိုသတ်ပြီး ဧကရာဇ်ငယ်ရာထူးကို ရချင်နေကြတဲ့ပုံပဲ"

ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ့အား အံ့အားသင့်စေမည့် နောက်ထပ်သတင်းတစ်ခုလည်း ရရှိခဲ့သေးသည်။

ချီလေ့ထံမှ ရင်းနှီးသောအမည်တစ်ခုကို သူကြားလိုက်ရသည်။

နတ်သမီးယွမ်။

"နတ်သမီးယွမ်က လင်ယွမ်လား"

သေချာစဉ်းစားပြီးနောက် ကျွင်းရှောင်ယောက် နားလည်သဘောပေါက်သွား၏။

ချီလ့၏ အချက်အလက်များအရ...

ကူတိကျစ်နှင့် နတ်သမီးယွမ်ဟာ မကြာမီ ထိမ်းမြားလက်ထပ်ကြတော့မည် ဖြစ်သည်။

မူလက ချီလေ့ဟာ သူ၏အောင်မြင်မှုများကို လူသိများစေရန် ကျွင်းရှောင်ယောက်ကိုသတ်ပြီးမှ မင်္ဂလာပွဲတစ်ခုသို့သွားရန် စီစဉ်ထားခြင်း ဖြစ်ချေသည်။

ကျွင်းရှောင်ယောက်လည်း သူ့လက်ကိုဝှေ့ယမ်းကာ ချီလေ့၏ ရှေးဦးဝိညာဉ်ကို ချေမှုန်းပစ်လိုက်သည်။

သူ့မျက်လုံးမှာတော့ အတွေးစအမျှင်တန်းတို့ ပေါ်လာခဲ့၏။

"နတ်သမီးယွမ်ရဲ့ ကံကြမ္မာကို ထိန်းချုပ်ထားတဲ့သူက ဝါဧကရီရဲ့ သမီးတော် လင်ယွမ်ဖြစ်နိုင်ပေမယ့်၊ သူက ဘာဖြစ်လို့ ကူတိကျစ်ကို လက်ထပ်ရမှာလဲ"

"နတ်သမီးယွမ်၊ လင်ယွမ်နဲ့ ကူတိကျစ်ကြားက ကတိကဝတ်က ဘာလဲ"

ကျွင်းရှောင်ယောက် စဉ်းစားလိုက်သည်။

အမှန်တော့ ကျွင်းရှောင်ယောက်၏ နှလုံးသားက သိပ်ပြီး မလှုပ်ရှားပါ။

နတ်သမီးယွမ်နှင့် သူ့ကြားတွင် အထင်ကြီးလောက်စရာ အမှတ်တရမရှိပေ။

ဟုတ်သည်၊ ဤသည်က ပိုးသားဖြူနှင့် လှပသော ခြေထောက်များကဲ့သို့ အရာမဟုတ်ပေ။

သို့သော်လည်း သူတို့ လမ်းခွဲခဲ့ချိန်တွင် တောင်ထိပ်ပေါ်မှာ ကပြခဲ့သော နတ်သမီးယွမ်၏ မျက်လုံးများက ဝမ်းနည်းမှု အရိပ်အမြွက်တို့ ရှိနေသည်။ သူ့တွင် သူ့ကံကြမ္မာကိုတွန်းလှန်ရန် အင်အားမရှိပေ။

ယင်းက ကျွင်းရှောင်ယောက်အပေါ်မှာ လေးလေးနက်နက် ချန်ထားခဲ့သောအရာ ဖြစ်သည်။

"မေ့လိုက်ပါ၊ ငါအခုလုပ်ရမယ့်အရာ ဟေးယွမ်ချောက်ကို သွားဖို့ပဲ၊ တခြားကိစ္စတွေအတွက် စိတ်ပူနေဖို့ အချိန်မရှိဘူး"

ကျွင်းရှောင်ယောက် အနည်းငယ် သက်ပြင်းချလိုက်သည်။

ခက်ခဲကြမ်းတမ်းသော ဤကမ္ဘာကြီးတွင် တစ်စုံတစ်ယောက်ကို ချစ်မိခြင်းထက် မေ့လိုက်ခြင်းက ပိုကောင်းသည်။

ကျွင်းရှောင်ယောက်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ထွက်သွားရန် ဟန်ပြင်လိုက်၏။

သို့သော်လည်း သူ့ခြေလှမ်းများ ရုတ်တရက် ရပ်သွားသည်။

ထို့နောက် တစ်ခုခုကို သတိရမိဟန်ဖြင့် တစ်စုံတစ်ခုကို ထုတ်ယူလိုက်၏။

၎င်းက ကျောက်စိမ်းပြားတစ်ခုပင်။

ဤသည်မှာ လမ်းခွဲချိန်က နတ်သမီးယွမ်ပေးခဲ့သော ကျွင်းရှောင်ယောက်အတွက် လက်ဆောင်ဖြစ်သည်။

ကျွင်းရှောင်ယောက်က ဤကျောက်စိမ်းဆွဲပြားကို ဖိထားသရွေ့ သူ့ဆီသို့ အရောက်ပြန်လာမည်ဟုလည်း ပြောသွားခဲ့လေသည်။

ဤကျောက်စိမ်းဆွဲပြားကိုမြင်တော့ ကျွင်းရှောင်ယောက် ငြိမ်သက်သွားခဲ့သည်။

ကျွင်းရှောင်ယောက်က စိတ်လှုပ်ရှားလွယ်သူတစ်ယောက်တော့ မဟုတ်ပေ။

သူသည် အလွန်ဆင်ခြင်တုံတရားရှိပြီး သူလုပ်သမျှတွင် ပထမဆုံးထည့်သွင်းစဉ်းစားခြင်းက သူ့ကိုယ်ပိုင်အကျိုးစီးပွား ဖြစ်သည်။

သို့သော်ဘည်း တစ်ခါတလေမှာတော့ သူ စိတ်မြန်ပေသည်။

ဥပမာ၊ ကျန်းစန်းယီကို ကယ်တင်ခဲ့စဉ်က ဖြစ်သည်။ ထိုစဉ်က သူ့နှလုံးသွေးကိုထုတ်ပြီး ကျန်းစန်းယီ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းပေးခဲ့သည်။

သို့သော်လည်း သူ့ကို ဤသို့ စိတ်လှုပ်ရှားစေနိုင်သူက အများကြီးမရှိပေ။

"နတ်သမီးယွမ်၊ မင်း…"

ကျွင်းရှောင်ယောက်က သက်ပြင်းချပြီး ကျောက်စိမ်းဆွဲပြားကို သိမ်းလိုက်သည်။

သူသည် ဟေးယွမ်ချောက်ကို မြန်မြန်သွားချင်နေပြီး အခြားအရာများအတွက် ဖြုန်းတီးရန် အချိန်ပိုမရှိပေ။

သို့သော်လည်း ဤသည်က ကျွင်းရှောင်ယောက်မှာ ရွေးချယ်စရာမရှိဘူးလို့ မဆိုလိုပါ။

လေထဲတွင် မျောလွင့်နေသော ချပ်ဝတ်တန်ဆာကို သူ ကြည့်လိုက်သည်။

ယင်းက ချီလေ့၏ ချပ်ဝတ်တန်ဆာပင်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။ ထို့နောက် မြင့်မြတ်ခန္ဓာစွမ်းအင်ကို လှုံ့ဆော်လိုက်၏။

မြင့်မြတ်ခန္ဓာ သွေးအနှစ်သာရ ဆယ်စက်ကျော် ထွက်ပေါ်လာတော့သည်။

လေထဲတွင် တာအိုနိယာမအမျိုးမျိုးကဘည်း ရောယှက်လာခဲ့သည်။

ထို့နောက်တွင် ဤစွမ်းအားများက ပေါင်းစည်းပြီး ပုံရိပ်တစ်ခုအသွင် ပြောင်းလဲသွားခဲ့သည်။

ထိုမျက်နှာပေါ်တွင် ကျွင်းရှောင်ယောက်၏ အသွင်အပြင်အနည်းငယ်ကို ဝေဝါးဝါးမြင်တွေ့နိုင်ပေသည်။

မဟာသူတော်စင်အဆင့် ဓမ္မခန္ဓာ ဖြစ်သည်။

"မဟာသူတော်စင်နယ်ပယ် ဒီဓမ္မခန္ဓာက ငါ့အင်အားရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ရှိနိုင်ပေမဲ့ ဒါက လုံလောက်ပါပြီ"

ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။

သူ့ခွန်အား၏ ဆယ်ပုံတစ်ပုံသာရှိလျှင်ပင် အလွန်ကြောက်စရာကောင်းသောကြောင့် စိတ်ပူစရာမလိုတော့ပါ။

ထို့နောက် သူ၏လက်ကို ဝှေ့ရမ်းလိုက်ရာ ကွဲအက်နေသော ချပ်ဝတ်တန်ဆာက တစ်ဖန်စုစည်းလာခဲ့သည်။

ကျွင်းရှောင်ယောက်က ထိုရှီဧကရာဇ်မီးလျှံနှင့် စတင်အပူပေးလိုက်၏။

လက်နက်သန့်စင်ခြင်းကိုလည်း သူသိသည်။

သူ့ထံတွင် ကောင်းကင်ကျမ်းကိုးအုပ်အနက် ရတနာကြား ရှိနေခြင်းကို‌ မေ့ထား၍မရပေ။

ရတနာများကို ရှာဖွေခြင်းအပြင် ရတနာကျမ်းက လက်နက်များကို ထိန်းချုပ်ခြင်း၊ လက်နက်သန့်စင်ခြင်းကဲ့သို့ အခြားစွမ်းရည်များလည်း ရှိသည်။

မကြာခင်မှာပင် ချပ်ဝတ်တန်ဆာကို ကျွင်းရှောင်ယောက် သန့်စင်ပြီးသွားသည်။

ဤချပ်ဝတ်တန်ဆာက အလွန်သိပ်သည်းပြီး မျက်နှာအတွက်လည်း မျက်နှာဖုံးတစ်ခု ရှိပေသည်။

သူက သူ၏အရှိန်အဝါကို ထိန်းချုပ်ထားချင်ပါက ကူတိကျစ်နှင့် အခြားသူများကို မဆိုထားနှင့်၊ အဓိပဓိတချို့ပင်လျှင် အမှန်တရားကို ချက်ချင်း သိနိုင်ကြမည် မဟုတ်ပေ။

"ဟုတ်တယ်၊ ချီလေ့ရဲ့ အထောက်အထားနဲ့ ပွဲကို လုံလုံခြုံခြုံ ဝင်လို့ရတယ်"

"အချိန်တန်ရင် လိုက်လျောညီထွေနေပြီး နတ်သမီးယွမ်အပြင် အင်မော်တယ်မျိုးရိုးတိုင်းက ဆက်ခံသူတွေရဲ့အင်အားကို စုံစမ်းနိုင်တယ်။ ဒါက ငှက်နှစ်ကောင်ကို ကျောက်တစ်လုံးတည်းနဲ့ သတ်တာပဲ"

ကျွင်းရှောင်ယောက်က ပြုံးပြီး အတွေးတစ်ချက်နှင့် ကျောက်စိမ်းဆွဲပြားကို ဓမ္မခန္ဓာဆီသို့ ပို့လွှတ်လိုက်သည်။

ဓမ္မခန္ဓာက ကျောက်စိမ်းဆွဲပြားကိုယူပြီး အရှိန်အဝါကိုဖုံးကွယ်ကာ ထွက်ခွာသွား၏။

ကျွင်းရှောင်ယောက်လည်း ဟေးယွမ်ချောက်ဆီသို့ ဆက်လက် ထွက်လာခဲ့တော့သည်။

All Chapters