အခန်း ၇၂၀
Vol. 48 Ch. 720
အခန်း ( ၇၂၀ ) အင်မော်တယ်မျိုးရိုးများကြားမှ ပဋိပက္ခ၊ ကျွင်းရှောင်ယောက်၏ ဓမ္မခန္ဓာရောက်လာပြီ။
ထိုစကားသံကိုကြားတော့ ချီလုံနှင့် အခြားသူများ၏ မျက်နှာများက အေးစက်သွားကြသည်။
သူတို့ ကြည့်လိုက်သောအခါ အဖိုးအတန် အဝတ်အစားများနှင့် လူငယ်လေးယောက်ကို တွေ့လိုက်ရ၏။ သူတို့အားလုံးက ထူးခြားသော အသွင်ပြင်နှင့် သာလွန်မြင့်မြတ်သလို အမူအရာမျိုး ရှိခဲ့သည်။ ဤအခိုက်တွင် သူတို့က လှောင်ပြောင်သရော်သော အမူအရာမျိုးဖြင့် ကြည့်နေကြပေသည်။
သူတို့က ဖူရှီအင်မော်တယ်မျိုးရိုး၏ ပါရမီရှင်များ ဖြစ်သည်။
ထိုကဲ့သို့ နှိမ့်ချသော သဘောထားမျိုးနှင့် "အပြစ်သားကျွန်များ"ဟု ခေါ်လိုက်ခြင်းမှာ ချီလုံ၊ ချီယုနှင့် အခြားသူများ၏ အမူအရာကို အလွန်အေးစက်စေခဲ့သည်။
"နင်တို့ စကားတွေကို ဂရုစိုက်ပြောတာ ပိုကောင်းမယ်"
ချီလုံ၏ မျက်လုံးများက အေးစက်သွားကာ နှုတ်ခမ်းကိုမဲ့၍ ပြောလိုက်သည်။
"ဟားဟားဟား၊ ဒါက အမှန်တရားတစ်ခုပဲလေ"
အမျိုးသားတစ်ဦးက ပျော့ပျောင်းသော ချပ်ဝတ်တန်ဆာကြောင့် ထင်ပေါ်နေသော ချီလုံ၏ ခန္ဓာကိုယ်အလှကို အထက်အောက်ကြည့်ပြီး ပြောလိုက်သည်။
ချီလုံ မျက်မှောင်ကြုတ်လိုက်၏။
ချီယုနှင့် အခြားလူများလည်း ဒေါသထွက်သွားခဲ့ကြသည်။
"သွားကြစို့"
ချီလုံက သူတို့ကိုလျစ်လျူရှုကာ ထွက်သွားရန် ဟန်ပြင်လိုက်သည်။
ချီယိုအင်မော်တယ်မျိုးရိုးမှ မျိုးဆက်သစ်လူငယ်များ၏ အစ်မကြီးအနေဖြင့် သူမက အတော် တည်ငြိမ်မှုရှိပေသည်။
"ခဏနေဦး၊ သခင်လေး ကူတိကျစ်က မင်းတို့ကို ဖိတ်ခေါ်ထားတာ မဟုတ်ဘူး၊ ဒါကြောင့် မင်းတို့က အခု ပိုင်နက်ကျူးလွန်နေတာပဲ"
တစ်ယောက်က ပျင်းရိဟန်ဖြင့် ပြောလိုက်၏။
"မင်း..."
ချီယုနှင့် အခြားလူများ လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။
ပုံမှန်ဆိုလျှင်၊ အဓိပဓိအင်မော်တယ်ခုံရုံး၏ မျိုးရိုးကိုးခုမှ လူများအနေဖြင့် မည်သည့်အရာကိုမျှ အကြောင်းကြားရန် မလိုအပ်ဘဲ သွားလာနိုင်သင့်သည်။
ယခုတော့ ခွဲခြားဆက်ဆံခံနေရပေသည်။
"အစ်ကိုချီလေ့ကြောင့်သာမဟုတ်ရင် ငါတို့က ဒီမင်္ဂလာပွဲကို လာမယ်ထင်လို့လား"
ချီလုံက အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ချီလေ့..."
ထိုနာမည်ကိုကြားတော့ ဖူရှီမျိုးရိုး၏ ပါရမီရှင်လူစုမှာ အနည်းငယ် အေးခဲသွားကြသည်။
ချီယိုအင်မော်တယ်မျိုးရိုး၏ မျိုးဆက်သစ် အမွေခံ ချီလေ့က အမှန်တကယ် အစွမ်းထက်ပေသည်။
သို့သော်လည်း သူတို့နောက်တွင် ကူတိကျစ်ရှိသောကြောင့် ဘာကိုမျှ မကြောက်ရွံ့ကြပေ။
ထို့ပြင်၊ ချီလေ့ဖြစ်လျှင်ပင် ဖူရှီ အင်မော်တယ်မျိုးရိုးအရှေ့တွင် ပေါ့ပေါ့တန်တန် ပြုမူနေ၍ မရပါချေ။
လေထုထဲတွင် ထိပ်တိုက်ရင်ဆိုင်တော့မည့် အေးစက်မှုတစ်ခု ပေါ်လာခဲ့သည်။
ထိုအချိန်တွင် လေထဲမှ အခြား ပါရမီရှင်အုပ်စုက ဤနေရာသို့ ထပ်မံ ရောက်ရှိလာကြသည်။
ခေါင်းဆောင်လာသူက ပန်းထိုးထားသော ပိုးသားစကတ်ကို ၀တ်ဆင်ထားသည့် လှပသော မိန်းကလေးတစ်ဦး ဖြစ်သည်။
သူမက အပြာရောင်ဆံပင်များကို ရေတံခွန်ကဲ့သို့ ကျောထက်တွင် ဖြန့်ချထားလေသည်။
လှပသော မျက်နှာလေးက ကြည်လင်ဝင်းပပြီး မျက်လုံးများကလည်း အရောင်လက်နေခဲ့သည်
သူမက ရောက်လာသည်နှင့် လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့ပေသည်။
"ဒါက ကျင်းဝေအင်မော်တယ်မျိုးရိုးရဲ့ အမွေခံ ဝေချမ်ချမ်ပဲ"
သူတို့ကိုမြင်တော့ ဖူရှီအင်မော်တယ်မျိုးရိုး၏ လူတစ်စုက လက်ယှက်ပြီး ကြင်နာသည့်အပြုံးနှင့်ပြောလိုက်သည်။
"မင်္ဂလာပါ မိန်းကလေးချမ်ချမ်၊ ပြီးတော့ သခင်လေးကူတိကျစ်ရဲ့ မင်္ဂလာပွဲကို လာရောက်တဲ့အတွက် ကျင်းဝေအင်မော်တယ်မျိုးရိုးက ညီနောင်တွေကို ကျေးဇူးတင်ပါတယ်"
ကျင်းဝေအင်မော်တယ်မျိုးရိုးမှ ပါရမီရှင်များအပေါ် သူတို့၏ သဘောထားက ချီယုအင်မော်တယ်မျိုးရိုးနှင့် လုံးဝ ကွဲပြားခြားနားပေသည်။
"ခစ်ခစ်၊ ငါကလည်း အပျော်တွေကို ခံစားကြည့်ဖို့ ရောက်လာခဲ့တာပါ"
ဝေချမ်ချမ်က ချစ်စဖွယ်ပြုံးကာ ပြောလိုက်သည်။
ထို့နောက် သူမက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ ချီလုံနှင့် အခြားသူများအပေါ် ကျရောက်လာခဲ့သည်။
ဤအခါ တစ်ချက်သာကြည့်ပြီး အကြည့်ပြန်ရုတ်လိုက်လေသည်။
ချီယိုအင်မော်တယ်မျိုးရိုးက အင်မော်တယ်မျိုးရိုးကိုးခုတွင် နိမ့်ကျသော တည်ရှိမှုဟု ဆိုနိုင်သည်။ ထို့ကြောင့် သူမက ဂရုမစိုက်တော့ဘဲ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချီယုနှင့် တခြားသူများဟာ ပို၍ပင် ဒေါသဖြစ်သွားသည်။
ဤခွဲခြားမှုများက သူတို့ကို ပို၍ အရှက်ရစေခဲ့ပေသည်။
"နင် ငါတို့ကို ဒီမှာပဲ တားဆီးထားမှာလား"
ချီလုံက လျစ်လျူရှုစွာ ပြောလိုက်သည်။
ဖူရှီအင်မော်တယ်မျိုးရိုး၏ ခေါင်းဆောင် ပါရမီရှင်လူငယ်က ချီလုံကို စူးစူးစိုက်စိုက်ကြည့်ပြီး ပြောလိုက်၏။
"ဒါက မဖြစ်နိုင်တာ မဟုတ်ပါဘူး။ အထူးသဖြင့် မင်း ပိုပြီးနှိမ့်ချရင် ငါ မင်းကို ခွင့်ပြုပေးမှာပါ"
တဖြည်းဖြည်းနှင့် ချီလုံ၏မျက်နှာက အလွန် အေးစက်လာခဲ့သည်။
သူ့နှလုံးသားထဲတွင် ချီလေ့အပြင် အခြားမည်သူမျှ သူမကိုအနိုင်ယူရန် အရည်အချင်းမရှိပေ။
ပဋိပက္ခများ ပြင်းထန်လာချိန်တွင်၊ အဝေးမှ ကြယ်ကောင်းကင်က ရုတ်တရက် တုန်ခါသွားခဲ့သည်။ ကြီးမားသော ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပွင့်လာခဲ့၏။
"ဘာဖြစ်တာလဲ"
အနီးနားမှ ပါရမီရှင်များ တုန်လှုပ်သွားကာ လှမ်းကြည့်လိုက်ကြသည်။
ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ နတ်ဆိုးဘုရင်ကဲ့သို့ အနက်ရောင်ရုပ်သွင်တစ်ခု ထွက်လာသည်။
အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ထိုရုပ်သွင်က အရှေ့ကို လှမ်းလာခဲ့၏။
သူက ခြေတစ်ချက်လှမ်းလိုက်တိုင်း ဟင်းလင်းပြင်က တုန်ခါနေတော့သည်။
"ဘယ်လောက်တောင် ပြင်းထန်တဲ့ အရှိန်အဝါပါလိမ့်၊ အဲဒါက ဘယ်သူလဲ"
"ချီယိုအင်မော်တယ်မျိုးရိုးရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဆက်ခံသူနဲ့တော့ တူတယ်"
"ဘာ၊ သူက ချီလေ့လား"
အရပ်ရပ်မှ လူများစွာတို့ အံ့ဩသွားကြသည်။
တကယ်တော့ ပါရမီရှင်အများစုက ချီလေ့ကို ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်ချေသည်။
အကြောင်းမှာ၊ ချီလေ့က အများအားဖြင့် တံခါးပိတ်လေ့ကျင့်နေသောကြောင့် ဖြစ်သည်။ သူဟာ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး နိမ့်ကျသောပုံရိပ်ကို ထိန်းသိမ်းထားခဲ့ပေသည်။
ချီယိုအင်မော်တယ်မျိုးရိုးကိုယ်တိုင်က အင်မော်တယ်မျိုးရိုး ကိုးခုထဲတွင် အနိမ့်ကျဆုံး ဖြစ်သည်။
သဘာဝအားဖြင့် ချီလေ့က လူသိအနည်းဆုံး ဖြစ်ခဲ့ချေသည်။
"ချီလေ့က အင်မော်တယ်မျိုးဆက်တွေထဲမှာ အသန်မာဆုံး မဟုတ်ဘူးလို့ ပြောကြပေမဲ့ အခုတော့ သတင်းက မှားနေတဲ့ပုံပဲ"
"ဟုတ်တယ်၊ ဒီချီလေ့ရဲ့ အရှိန်အဝါက အားကောင်းလွန်းတယ်"
ကြီးမားသောဖိအားကို ခံစားရ၍ ပါရမီရှင် တော်တော်များများ အံ့သြသွားကြသည်။
တစ်ဖက်တွင် ချီလုံ၊ ချီယုနှင့် အခြားသူများက ရင်းနှီးပြီးသား ပုံရိပ်ကိုကြည့်ရင်း မျက်လုံးများ တောက်ပသွား၏။
အထူးသဖြင့်၊ ချီလုံ၏ လှပသော မျက်လုံးများက တလက်လက် တောက်ပနေတော့သည်။
ချီလေ့က မတူညီသောလူတစ်ဦးအဖြစ် ပြောင်းလဲသွားသလို သူ ခံစားခဲ့ရသည်။ သူ့အရှိန်အဝါက ယခင်ကထက် ပိုမိုအားကောင်းလာသည်ဟု သူမ ခံစားခဲ့ရပေသည်။
'ဒါက အစ်ကိုချီလေ့ပေးမဲ့ အံ့အားသင့်စရာပဲလား'
ချီလုံက စိတ်ထဲမှ ရွှင်လန်းစွာဖြင့် ပြောလိုက်သည်။
အမှန်တော့ ချီလုံ အထင်မမှားပေ။
ချပ်ဝတ်တန်ဆာအောက်မှ လူက အမှန်တကယ်ပင် အခြားသူတစ်ဦး ဖြစ်သည်။
"ဒါက ဖူရှီအင်မော်တယ်မျိုးရိုးရဲ့ အမာခံနေရာပဲလား"
ကျွင်းရှောင်ယောက်၏ ဓမ္မခန္ဓာက သူ့ရှေ့မှ အရာအားလုံးကို ကြည့်လိုက်သည်။
သူက ဆင်းသက်ပြီး ဝင်ရောက်သွားရန် ဟန်ပြင်လိုက်ချိန်တွင်...
"အစ်ကိုချီလေ့..."
ချီလုံ၊ ချီယုနှင့် အခြားသူများက ရိုသေလေးစားသော မျက်လုံးများနှင့် အနားကို တိုးလာခဲ့ကြသည်။
သူ့နားကို ရုတ်တရက် ချဉ်းကပ်လာသူများအား ကျွင်းရှောင်ယောက် တစ်ချက်ကြည့်လိုက်၏။
သူမမှားလျှင်၊ ၎င်းတို့က ချီယိုအင်မော်တယ်မျိုးရိုးမှ ဖြစ်သင့်သည်။
ကျွင်းရှောင်ယောက်လည်း သူတို့ကို သိပ်ဂရုမစိုက်တော့ဘဲ ဝင်သွားရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် ဖူရှီအင်မော်တယ်မျိုးရိုးမှ ပါရမီရှင်က လမ်းပိတ်ရပ်လိုက်၏။
နောက်မှာတော့ ကျွင်းရှောင်ယောက်က သူတို့ကိုဂရုမစိုက်သည်အား မြင်ရသောအခါ ချီလုံက ခါးသက်သက်ဖြင့် ပြုံးလိုက်သည်။
ချီလေ့၏စရိုက်က ဤသို့ဖြစ်ပြီး အမြဲတမ်း ခပ်ခွာခွာပင်။
သူတို့က ယင်းကို အသားကျနေပြီ ဖြစ်သည်။
"ချီလေ့၊ သခင်လေးကူတိကျစ်က မင်းကို ဖိတ်မယ်မထင်ဘူးနော်၊ ဟုတ်တယ် မဟုတ်လား"
ပါရမီရှင်ခေါင်းဆောင်က ပြောလိုက်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အလင်းရောင်ဖျော့ဖျော့ လင်းလက်လာခဲ့၏။
အဓိပဓိအင်မော်တယ်ခုံရုံး၏ မျိုးရိုးကြီးကိုးခုက အတွင်းရေး ပဋိပက္ခများရှိကာ စည်းလုံးမှုရှိပုံမရပေ။
သို့သော်လည်း တွေးကြည့်လျှင်တော့ ပုံမှန်သာ ဖြစ်သည်။ ဤမျှကြီးမားပြီး ရှုပ်ထွေးသော ဖွဲ့စည်းမှုများကြားတွင် ပဋိပက္ခများ မည်သို့ကင်းနိုင်ပါမည်နည်း။
ကျွင်းရှောင်ယောက်က ထိုခွေးများ၊ ကြောင်များနှင့် စကားပြောရန် စိတ်မ၀င်စားဘဲ တိုက်ရိုက် လှမ်းဝင်သွားခဲ့သည်။
"မင်း..."
ထိုပါရမီရှင် မကျေမနပ်ဖြင့် တစ်ခုခုပြောရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း သူဘာမျှမပြောနိုင်မီ နတ်ဆိုးစွမ်းအင်လှိုင်းတစ်ခု ရိုက်ခတ်ခြင်းကို ခံလိုက်ရတော့သည်။
"ဖူး... ဖူး..."
ဖူရှီအင်မော်တယ်မျိုးရိုးက ပါရမီရှင်တစ်စုလည်း သွေးအန်ပြီး လွင့်စဉ်သွားကြသည်။ သူတို့ခန္ဓာမှ အရိုးများစွာ ကွဲအက်သွား၏။
သူတို့၏ ကျင့်ကြံခြင်းအခြေခံများမှာလည်း လုံးဝပျက်စီးသွားကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်တော့သည်။
ဤမြင်ကွင်းက ပတ်ဝန်းကျင်မှ ပါရမီရှင်အားလုံးကို ထိတ်လန့်စေခဲ့သည်။
ဖူရှီအင်မော်တယ်မျိုးရိုး၏ အမာခံနေရာ၊ ကူတိကျစ်၏ မင်္ဂလာပွဲမကျင်းပမီတွင်... ဖူရှီအင်မော်တယ်မျိုးရိုး၏ ပါရမီရှင်များကို ဖျက်သိမ်းခဲ့သည်။
ဤလုပ်ဆောင်ချက်က အိမ်ပေါ်တက်ပြီး ပါးကိုဖြတ်ရိုက်လိုက်ခြင်းပင်။
အခြားသူများ မဆိုထားနှင့်... ချီလုံ၊ ချီယုနှင့် အခြားသူများပင်လျှင် အံ့ဩသွားကြသည်။
သူတို့၏ နှလုံးသားထဲတွင် ချီလေ့က ခပ်ခွာခွာနေပြီး မာနကြီးသော်လည်း ဤမျှကြီးစိုးနေရန် မဖြစ်နိုင်ပေ။
ထို့ပြင် သူတို့က ဖူရှီအင်မော်တယ်မျိုးရိုး၏ အမာခံနယ်မြေတွင် ဖြစ်သည်။
အပြင်လူများ၏ ထိတ်လန့်မှုနှင့် နှိုင်းယှဉ်ပါက၊ ကျွင်းရှောင်ယောက်၏ အမူအရာမှာ ထူးခြားမှုမရှိပေ။
သေမှာမကြောက်ဘဲ သူ့လမ်းကို ပိတ်ဆို့ဝံ့သူများရှိပါက ထိုပုရွက်ဆိတ်များကိုသတ်ရန် စိတ်ထဲမထားပါ။
ကျွင်းရှောင်ယောက်က တိုက်ရိုက်ဝင်ရောက်သွားခဲ့သည်။
ချီယိုအင်မော်တယ်မျိုးရိုး၏ ပါရမီရှင်များကတော့ ခဏတာ တုန်လှုပ်သွားပြီးနောက် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြတော့သည်။
"အစ်ကိုကြီးချီလေ့က တော်လိုက်တာ"
ချီယုနှင့် အခြားသူများ လေးစားသွားကြသည်။
ချီလုံ၏ လှပသော မျက်လုံးများက အရည်လဲ့လာခဲ့သည်။ အေးစက်စက် သူ့မျက်နှာပေါ်တွင် ရှားပါးသော ရှက်ပြုံးလေးတစ်ခု ပေါ်လာခဲ့၏။
'အစ်ကိုချီလေ၊ နင်က ငါ့အတွက် ဒေါသထုတ်ဖော်ပေးနေတာလား'
ထိုသို့တွေးမိသောအခါ ချီလော့၏ နှလုံးသားက ချိုမြိန်လာတော့သည်။