အခန်း ၇၂၁
Vol. 49 Ch. 721
အခန်း ( ၇၂၁ ) ရှေးဟောင်းအပျက်အယွင်းများ၊ ရွက်လွှာကိုးခု ဓားမြက်၊ မြက်စကားလုံးဓားပညာ၊ အရပ်ရပ်မှ အင်မော်တယ် အမွေခံများ အာရုံစိုက်ကြခြင်း။
ဖှေးလင်ကြယ်တွင်၊ ပါရမီရှင် အများအပြားတို့ သူတို့ရှေ့မှမြင်ကွင်ကြောင့် ကြက်သေသေသွားခဲ့ကြသည်။
ဖူရှီအင်မော်တယ်မျိုးရိုးမှ ပါရမီရှင်များ သူတို့၏ အရိုးများကျိုးကာ ကျင့်ကြံခြင်းအခြေခံများလည်း ပျက်စီးသွားခဲ့ကြလေသည်။ ဤအခိုက်တွင် သူတို့က အခြေအနေ အတော်ဆိုးနေခဲ့ရသည်။
ထိုမြင်ကွင်းမျိုးကို ကိုယ်တိုင်မမြင်ရပါက မည်သူမျှ ယုံနိုင်ကြမည် မဟုတ်ပေ။
ထို့ပြင် ကူတိကျစ်၏ မင်္ဂလာပွဲမတိုင်မီမှာ ဤကိစ္စများ ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။
"ဒီချီယိုအင်မော်တယ်မျိုးရိုးရဲ့ ဆက်ခံသူက နည်းနည်း ကြမ်းလွန်းတယ် မဟုတ်လား"
လူများစွာတို့ အံ့ဩသွားကြသည်။
အတွင်းဇာတ်လမ်းကို အတော်အတန် နားလည်သူတချို့လည်း သံသယဖြင့် ပြောလိုက်၏။
"မဟုတ်သေးဘူး။ အရင်တုန်းက ချီလေ့နဲ့ ကူတိကျစ်တို့ ပြဿနာရှိဖူးတာ မှန်ပါတယ်၊ ဒါပေမဲ့ ကူတိကျစ်က အမြဲဖိနှိပ်ထားနိုင်ခဲ့တာ။ အခုမှ ချီလေ့က ဘာဖြစ်လို့ ဒီလောက်အားကောင်းလာတာလဲ"
ယင်းက လူတော်တော်များများကို သံသယဖြစ်စေခဲ့သည်။
ဖူရှီအင်မော်တယ်မျိုးရိုးက ချီယိုအင်မော်တယ်မျိုးရိုးကို လွှမ်းမိုးထားခဲ့သည်။
ထို့ကြောင့်ပင် ချီလေ့က ကူတိကျစ်နှင့် ပြဿနာရှိသော်လည်း အချိန်တိုင်းတွင် ခြေတစ်လှမ်း နောက်ဆုတ်ပေးခဲ့၏။
ယခုတော့ ချီလေ့ နိုးထလာပြီလော။
လူတချို့က စိတ်ဝင်စားသော မျက်လုံးများနှင့် လိုက်လာခဲ့ကြသည်။
ယနေ့တွင် ပွဲကြီးပွဲကောင်းတစ်ခုကို မြင်တွေ့ရလိမ့်မည်။
ကျွင်းရှောင်ယောက်ကတော့ စိတ်အတွေး အမျိုးမျိုးနှင့် အခြားသူများကို လျစ်လျူရှုကာ ဖူရှီအင်မော်တယ်မျိုးရိုး၏ အဆောက်အဦးဆီသို့ အေးအေးလူလူ လမ်းလျှောက်သွားခဲ့သည်။
အကယ်၍ ကျွင်းရှောင်ယောက်သည်သာ ချီလေ့၏အထောက်အထားဖြင့် မလာရောက်ပါက ဖှေးလင်ကြယ်သို့ ဝင်ရောက်ရန်အပထား၊ မရောက်မီပင် ဝန်းရံခံလိုက်ရလိမ့်မည်။
'ဖူရှီအင်မော်တယ်မျိုးရိုးရဲ့ အနေအထားက တကယ်မဆိုးဘူး'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ ရေရွတ်လိုက်သည်။
အင်မော်တယ်တောင်များ များစွာရှိပြီး လှိုင်းခတ်နေသည့် ဝိညာဉ်ရေကန်များလည်း ရှိသည်။
၎င်းတို့ကြားတွင် ရှားပါးပြီး ထူးခြားဆန်းပြားသော သားရဲတိရိစ္ဆာန်များ သွားလာနေကြ၏။
နှစ်တစ်ထောင်၊ နှစ်တစ်သောင်း သက်တမ်းရှိသော ဆေးပင်မျိုးစုံက ဂေါ်ဖီထုပ်ကဲ့သို့ နေရာအနှံ့တွင် တွေ့ခဲ့ရပေသည်။
မင်္ဂလာပွဲသို့ တက်ရောက်လာသူ ပါရမီရှင်များလည်း ဝမ်းသာအားရဖြင့် ဆေးပင်များကို ရွေးချယ်ခဲ့ကြသည်။
ယင်းကို ပွဲတက်ခြင်း၏ အကျိုးကျေးဇူးအဖြစ် မှတ်ယူနိုင်ပေသည်။
ချီလုံ၊ ချီယုနှင့် အခြားသူများကတော့ ကျွင်းရှောင်ယောက်၏အနောက် မနီးမဝေးမှ လိုက်လာခဲ့ကြသည်။
သူတို့အားလုံး၏ မျက်လုံးများမှာလည်း လေးစားမြတ်နိုးမှုတို့ ပြည့်နေကြသေးသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ကို မနှောက်ယှက်ဝံ့သောကြောင့် တိတ်တဆိတ်သာ လိုက်လာခဲ့ရသည်။
ကျွင်းရှောင်ယောက်က တိုက်ရိုက် လျှောက်သွားနေသော်လည်း မည်သူမျှ သူ့ကိုရန်စရန် ထွက်မလာတော့ပေ။
ဤဖှေးလင်ကြယ်တွင် အပျက်အယွင်းများနှင့် ကျင့်ကြံခြင်းနယ်မြေများ အများအပြားရှိခဲ့သည်။ ထိုနေရာများ၌ လေ့ကျင့်နေသော ပါရမီရှင် အများအပြားကိုပင် မြင်တွေ့နိုင်သေးသည်။
ပုံမှန်အားဖြင့် ဤအပျက်အယွင်းများကို အပြင်လူများဝင်ရန် မဖြစ်နိုင်ပါ။
ကူတိကျစ်၏ မင်္ဂလာပွဲကျင်းပသည့် နေ့ထူးနေ့မြတ် ဖြစ်သောကြောင့်သာ ရက်အနည်းငယ် ဖွင့်ပေးခဲ့သည်။
ကျွင်းရှောင်ယောက်ကတော့ ထိုအရာများကို တစ်ချက်သာကြည့်ပြီး အထူးစိတ်ဝင်စားခြင်း မရှိပေ။
ထိုအထဲတွင် ရှားပါးအရာများရှိသော်လည်း ကျွင်းမိသားစုအတွက်တော့ အထူးရှားပါးသည်မဟုတ်ပေ။
ထိုစဉ်၊ ဓားမြည်သံကို ကျွင်းရှောင်ယောက် ရုတ်တရက် ခံစားလိုက်ရသည်။
စူးရှထက်သည့် ဓားထောင်ချီက အချင်းချင်း ဖြတ်တောက်ခဲ့သလို အသံများကို နားထဲတွင် ကြားလိုက်ရ၏။
သူ လှမ်းကြည့်လိုက်သည်။
အဝေးမှ တောင်ထိပ်ပေါ်တွင် ညှိုးနွမ်းနေသော မြက်ပင်တစ်ပင် ရှိနေသည်။
မြက်ပင်တွင် ဓားသဏ္ဍာန် အရွက်ကိုးရွက်ရှိ၏။
အံ့ဩစရာကောင်းသည်က မြက်ပင်တစ်ဝိုက်တွင် မရေမတွက်နိုင်သော ဓားအလင်းများ ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်ကို ခွဲထုတ်သွားခြင်း ဖြစ်သည်။
ထိုတောင်ထိပ်တစ်ဝိုက်တွင် တင်ပျဉ်ခွေထိုင်နေသော ပါရမီရှင်များစွာ ရှိကြသည်။
သို့သော်လည်း ဓားအလင်းက အစွမ်းထက်လွန်းသောကြောင့် အဝေးမှာပဲနေကာ မည်သူမျှ အနားကိုမကပ်ဝံ့ပေ။
"ဟင်၊ အဲဒါက..."
ကျွင်းရှောင်ယောက်၏ မျက်လုံးများက စိတ်ဝင်စားမှု အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။
နောက်ဆုံးတွင် ဤဖူရှီအင်မော်တယ်မျိုးရိုး၌ သူ့ကို စိတ်ဝင်စားစေနိုင်သော ရှေးဟောင်းအပျက်အယွင်းတစ်ခုကို မြင်လိုက်ရပြီ ဖြစ်သည်။
သူ မဆိုင်းမတွ ရှေ့ကို လျှောက်သွား၏။
သူ့အရင် တောင်ထိပ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ပါရမီရှင်များလည်း အံ့အားသင့်သွားတော့သည်။
"အဲဒီနေရာကို တိုက်ရိုက်ချဉ်းကပ်ဝံ့တာ ဘယ်သူလဲလဲဟ။ ဓားအလင်းနဲ့ အစိတ်စိတ်အမြွှာမြွှာ ဖြတ်ခံရမှာကို မကြောက်ဘူးလား"
"သူက ချီယိုအင်မော်တယ်မျိုးရိုးရဲ့ ဆက်ခံသူ ချီလေ့ပဲ။ သူလည်း ဒီကိုလာမယ်လို့ မမျှော်လင့်ထားဘူး"
"အစောပိုင်းကတင် သူက ဖူရှီအင်မော်တယ်မျိုးရိုးရဲ့ မောက်မာတဲ့လူတစ်စုကို ဂရုမစိုက်ဘဲ တိုက်ရိုက် ဖျက်သိမ်းလိုက်သေးတယ်"
ကျွင်းရှောင်ယောက်၏ တည်ရှိမှုက လူများစွာ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။ လူအများက စိတ်ဝင်စားသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
ထိုမြက်ပင်အနီးသို့ ကပ်ဝံ့ပါက သူတော်စင်တစ်ပါးဖြစ်လျှင်ပင် အသက်အန္တရာယ်ရှိနိုင်သည်။
အနားသို့ ချဉ်းကပ်သွားပြီးနောက် ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် အံ့အားသင့်မှုအရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။
'ဒီတော့ ဒါက ဒီဂြိုလ်ရဲ့ဌာနနဲ့ ပတ်သက်နေတာပဲ'
ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် နားလည်သွားလေသည်။
မြင့်မားပြီး ရှေးကျသော မိသားစုတစ်ခုတွင် မွေးဖွားခဲ့သူအနေဖြင့် သူ၏မြင်နိုင်စွမ်းက မြင့်မားလွန်းကာ တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။
ညှိုးနွမ်းနေသော ဤမြက်ပင်က ဒဏ္ဍာရီလာ ရွက်လွှာကိုးခု ဓားမြက်ပင်သည်ပင်။
ရွက်လွှာကိုးခု ဓားမြက်ပင် ရှေးခေတ်တွင် အပင်အမျိုးအစား အင်အားတစ်ခု ဖြစ်ခဲ့သည်။
၎င်းက မြက်တစ်ပင်သာဖြစ်သော်လည်း ရှေးခေတ်က အစစ်အမှန်နဂါး၊ နတ်ဖီးနစ်၊ ချီလင်၊ ခွန်ပန် စသည်တို့နှင့် ယှဉ်ပြိုင်ရန်ပင် လုံလောက်ခဲ့ပေသည်။
ဓားရွက်လွှာကိုးခုက နေ၊ လ နှင့် ကြယ်များကိုပင် ဖြတ်တောက်နိုင်သည်။
ရှေးခေတ်က ရွက်လွှာကိုးခု ဓားမြက်၏ အရွက်တစ်ရွက်ကို သန့်စင်ပြီး ထိပ်သီးဓားသမားအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သော ပါရမီရှင်တစ်ဦး ရှိခဲ့ဖူးပေသည်။
ဤမှ ရွက်လွှာကိုးခုဓားမြက်၏ အစွမ်းသတ္တိကို မြင်နိုင်သည်။
'ရွက်လွှာကိုးခုဓားမြက်ရဲ့ ဓားသိုင်းက ခွန်ပန်မဟာနတ်ဘုရားသိုင်း၊ မိုးကြိုးဧကရာဇ်ရဲ့ မဟာနတ်ဘုရားသိုင်း၊ စတာတွေနဲ့ နှိုင်းယှဉ်နိုင်တယ်'
ကျွင်းရှောင်ယောက်က သူ့ဘာသာသူ တွေးလိုက်သည်။
ဤတောင်ထိပ်ပေါ်မှ ရွက်လွှာကိုးခုဓားမြက်သည် ရှေးခေတ်က တန်ခိုးအကြီးဆုံး ရွက်လွှာကိုးခုဓားမြက် မဟုတ်သော်လည်း လွန်စွာ အဖိုးတန်နေဆဲပင်။
ဖူရှီအင်မော်တယ်မျိုးရိုးတွင် ထိုသို့သော ရတနာတစ်ခုကို ရှာတွေ့မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
အခြေအနေကို အခွင့်ကောင်းမယူပါက လူမိုက်သာ ဖြစ်မည်၊ ထို့ကြောင့် ကျွင်းရှောင်ယောက် မယဉ်ကျေးတော့ချေ။
ထို့ပြင် ဤဓားသိုင်းကို နားလည်ပြီးမှ သူ၏အထောက်အထားအမှန်ကို သိသွားခဲ့လျှင် ဖြစ်လာမည့် ကူတိကျစ်၏မျက်နှာကို သူ မြင်လိုသည်။
ကျွင်းရှောင်ယောက်လည်း ရွက်လွှာကိုးခုဓားမြက်မှ ဓားသိုင်းကို နားလည်ဆင်ခြင်ရန် ချက်ချင်း လျှောက်လှမ်းသွားတော့သည်။
"ဒီချီလေ့က အရူးပဲ၊ ရွက်လွှာကိုးခုဓားမြက်ရဲ့ အကြွင်းအကျန်ဆီကို တစ်ခါတည်း ချဉ်းကပ်ဝံ့တယ်"
"သူက ရွက်လွှာကိုးခု ဓားမြက်ရဲ့ ဓားသိုင်းကို နားလည်ဆင်ခြင်ဖို့ ကြိုးစားနေတာလား"
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သခင်လေး ကူတိကျစ်တောင်မှ ရွက်လွှာကိုးခု ဓားမြက်ရဲ့ ဓားသိုင်း တချို့ကိုပဲ သင်ယူနိုင်ခဲ့တာ"
နေရာအနှံ့မှ လူများစွာတို့ အံ့သြသွားကြသည်။
အထူးသဖြင့် ဖူရှီအင်မော်တယ်မျိုးရိုးမှ လူအချို့၏ မျက်လုံးများတွင် ဥပေက္ခာနှင့် ဆန့်ကျင်မှုများ ပြည့်နှက်နေခဲ့သည်။
ယနေ့က ကူတိကျစ်၏ မင်္ဂလာဆောင်ဖြစ်၍ ရုတ်ရုတ်သဲသဲ မလုပ်သင့်သောကြောင့်သာမဟုတ်လျှင်...
ချီယိုအင်မော်တယ်မျိုးရိုးမှ လူများကို ဤမျှ မာနကြီးစေမည် မဟုတ်ပေ။
"ဟမ့်၊ ချီလေ့က ရွက်လွှာကိုးခုဓားမြက်ရဲ့ ဓားသိုင်းကို နားလည်ချင်နေတာ၊ ဒါဟာ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ။ သခင်ကူတိကျစ်တောင်မှ အဲဒါကို သုံးဆယ်၊လေးဆယ် ရာခိုင်နှုန်းလောက်ပဲ နားလည်တာ။ သူက သခင်ကူတိကျစ်နဲ့ ယှဉ်နိုင်မယ်လို့ ထင်နေတာလား"
"မေ့လိုက်ပါ... သူ့ကို လူပြက်တစ်ယောက်လို့ပဲ သဘောထားလိုက်၊ သခင်ကူတိကျစ် ပေါ်လာတဲ့အခါ သူက လိပ်ခွံထဲက လိပ်ခေါင်းပြန်ဖြစ်သွားလိမ့်မယ်"
ဖူရှီအင်မော်တယ်မျိုးရိုးမှ လူအများက အလွန်တရာ အထင်အမြင်သေးစွာဖြင့် ချိုးချိုးနှိမ်နှိမ် ပြောဆိုလိုက်ကြသည်။
ချီလုံ၊ ချီယုနှင့် အခြားသူများလည်း ချီလေ့ တစ်ခုခုဖြစ်သွားမည်ကိုစိုး၍ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အမြွက်တို့ ပေါ်လာတော့သည်။
အမှန်အတိုင်းပြောရလျှင် ယခုရောက်နေသူမှာ ချီလေ့အမှန်ဖြစ်ပါက အမှန်တကယ် ဒဏ်ရာရရှိသွားနိုင်သည်။
ယခုမူကား ချပ်ဝတ်တန်ဆာအောက်တွင် ရှိနေသူမှာ ကျွင်းရှောင်ယောက်၏ ဓမ္မခန္ဓာဖြစ်ခဲ့ပြီ။
သူက ရှေ့ကို လှမ်းလိုက်သည်နှင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်မှာ တုန်ခါသွားရသည်။
မရေမတွက်နိုင်သော ဓားအလင်းများ ကွဲကြေသွား၏။
လူတိုင်း၏ အကြည့်အောက်တွင် ကျွင်းရှောင်ယောက်က ရွက်လွှာကိုးခုဓားမြက်ရှေ့မှာ တင်ပျဉ်ခွေထိုင်၍ နားလည်ဆင်ခြင်လိုက်တော့သည်။
ဤအရာက အရပ်ရပ်ရှိ လူတိုင်းကို အလွန်အံ့အားသင့်စေခဲ့သည်။
ဖူရှီအင်မော်တယ်မျိုးရိုးမှ လူများလည်း သူတို့မျက်နှာကို ရိုက်ခံရ၍ ပါးပြင်များ ပူလောင်နေသကဲ့သို့ ခံစားနေရတော့သည်။
"အစ်ကိုချီလေ့က တကယ်ကို မယုံနိုင်စရာပဲ"
ချီယုနှင့် အခြားသူများ၏ မျက်နှာများကတော့ စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းသွားကြသည်။
ချီယိုအင်မော်တယ်မျိုးရိုး၏ ပါရမီရှင်များအနေဖြင့် ပထမဆုံးအကြိမ် သူတို့ ပီတိဖြစ်ခဲ့ရပေသည်။
ချီလုံလည်း နတ်ဆိုးနတ်ဘုရားကဲ့သို့ တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်ကို ချစ်ခင်မြတ်နိုးစွာဖြင့် ကြည့်လိုက်သည်။
ချီလေ့ အလွန်ပြောင်းလဲသွားသည်ဟုလည်း သူမ ခံစားနေခဲ့မိလေသည်။
သူ့ခွန်အားက ယခင်ကနှင့် မတူတော့ပေ။
'အစ်ကိုချီလေ့ ဘယ်လိုအခွင့်အရေးမျိုးတွေရလို့ ဒီလောက် ပြောင်းလဲလာတာလဲ'
ချီလုံမှာ နားမလည်နိုင်ဖြစ်နေသော်လည်း စိတ်ရင်းမှန်နှင့် ပျော်ရွှင်နေခဲ့သည်။
ကျွင်းရှောင်ယောက်က ရွက်လွှာကိုးခုဓားမြက်ရှေ့မှာ တင်ပျဉ်ခွေထိုင်ပြီး နားလည်ဆင်ခြင်လိုက်စဉ်တွင်...
အဝေးမှ လှပသော ရုပ်သွင်တစ်ခု ပေါ်လာသည်။
"ဟင်၊ ဒါက ချီလေ့ပဲ။ သူ့ရဲ့ အရှိန်အဝါက ဘယ်အချိန်ကစပြီး ဒီလောက်တောင် နက်နဲပြီး နားမလည်နိုင်အောင် ဖြစ်သွားရတာလဲ"
ရောက်လာသူက ကျင်းဝေအင်မော်တယ်မျိုးရိုး၏ ဆက်ခံသူ ဝေချမ်ချမ်ပင် ဖြစ်ချေသည်။
"စိတ်ဝင်စားဖို့ကောင်းတယ်၊ ငါ မမြင်နိုင်တော့လောက်အောင် ဒီချီလေ့က ဘယ်လိုအခွင့်အလမ်းမျိုးကို ရခဲ့တာလဲ"
"ဒါပေမဲ့ ဒီရှေးဟောင်းအပျက်အယွင်းတွေကို ရက်နည်းနည်းပဲ ဖွင့်ထားမှာ။ ဒီရက်အတွင်းမှာပဲ ရွက်လွှာကိုးခုဓားမြက်ရဲ့ ဓားသိုင်းကို သင်ယူချင်ရင် အိပ်မက်မက်နေတာပဲ"
ထို့နောက်တွင် လေထုက တွန့်လိပ်သွားပြီး လူရိပ်တချို့ ထပ်မံပေါ်လာခဲ့သည်။
သူတို့ထဲမှ တစ်ဦးက သေမျိုးလောကရှိ ပညာရှင်တစ်ပါးကဲ့သို့ မွန်မြတ်သည့် အရှိန်အဝါများ ပေါ်ထွက်နေပေသည်။
"စန်းလီ၊ နင်လည်း ရောက်လာပြီပဲ"
ဝေချမ်ချမ်က သူ့ကို စိုက်ကြည့်လိုက်သည်။
ပတ်ဝန်းကျင်မှ ပါရမီရှင်များလည်း အံ့ဩပြီးရင်း အံ့ဩသွား၏။
ကျင်းဝေအင်မော်တယ်မျိုးရိုးမှ ဝေချမ်ချမ် ရောက်လာသည်။
ယခုအခါ စန်းကျဲအင်မော်တယ်မျိုးရိုးမှ စန်းလီသည်လည်း မမျှော်လင့်ဘဲ ထပ်ရောက်လာခဲ့ပြီ။
သူတို့နှင့် တန်းတူရည်တူ အဆင့်အတန်းရှိသော ဤချီယိုအင်မော်တယ်မျိုးရိုး၏ ဆက်ခံသူက မည်သည့်အထိ ရောက်ရှိနိုင်မည်ကို သိချင်ပုံရသည်။