← Chapters

အခန်း ၇၂၅

Vol. 49 Ch. 725

အခန်း ၇၂၅

Vol. 49 Ch. 725

အခန်း ( ၇၂၅ ) ငါက နင့်အတွက်ပဲ ကခုန်ချင်ခဲ့တာပါ၊ ငါ မင်းကို ခေါ်သွားမယ်။

'ဒါက ကူတိကျစ်ပေါ့'

ကျွင်းရှောင်ယောက်လည်း မျက်နှာဖုံးအောက်မှ ကူတိကျစ်ကို လှမ်းကြည့်လိုက်၏။

အင်မော်တယ်နယ်မြေကြီး၏ အလိုတော်မှ ဧကရာဇ်ကိုဆန့်ကျင်သော ဧကရာဇ်ခုနစ်ပါးအနက်မှ တစ်ပါးအဖြစ် ရွေးချယ်ခံရသူအနေဖြင့် အနှီကူတိကျစ်က အမှန်တကယ် ထူးကဲပုံရသည်။

ဖူရှီမြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ထားသောကြောင့်လည်း သူ့အရှိန်အဝါက နားမလည်နိုင်အောင်ပင်။

ကူတိကျစ်က ထိုရှစ်ခုပါကွားကို အလွယ်တကူ ထိန်းချုပ်နိုင်ပုံရသည်။ ရှစ်ခုပါကွားရုပ်ပုံ ကမ္ပည်းများက သူ့ပတ်ဝန်းကျင်တွင် ရံဖန်ရံခါ ပေါ်လာခဲ့ပေသည်။

ကူတိကျစ်က‌ အဆုံးစွန် ရှေးဟောင်းလမ်းကို သူ လျှောက်လှမ်းလာချိန်မှစပြီး ယခုအချိန်အထိ၊ သူ့ကို တစ်ဖန် ထပ်ကြည့်စေနိုင်သော ရှားပါး ပါရမီရှင် ဖြစ်သည်။

သို့ပေမည့်... ထို့‌ထက်တော့မပိုပေ။

သူ့စွမ်းအား တစ်ဆယ်ရာခိုင်နှုန်းသာရှိသည့် ဓမ္မခန္ဓာပင်လျှင် ကူတိကျစ်ကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ခဲ့သည်။

ကူတိကျစ်နှင့် နတ်သမီးယွမ် ထွက်ပေါ်လာခြင်းနှင့်အတူ မင်္ဂလာပွဲတစ်ခုလုံး၏ အရှိန်အဝါက အထွတ်အထိပ်သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။

သို့သော်လည်း၊ အမြင်ရှိသူတိုင်း နတ်သမီးယွမ်၏ အမူအရာက မကောင်းမွန်ကြောင်း သတိပြုမိလိမ့်မည်။

လှပသော သူမ၏မျက်နှာပေါ်တွင် အပြုံးအရိပ်အယောင်မျှပင် မရှိပေ။

"ကူတိကျစ်၊ ခဏလေး..."

နတ်သမီးယွမ်က ရုတ်တရက် ပြောလိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

ကူတိကျစ်၏ အမူအရာက ဘာမှမထူးခြားပါ။

လင်ယွမ်ကို မရနိုင်၍သာ မဟုတ်ပါက၊ ထိုကဲ့သို့သော အစားထိုးမှုကို သူမည်ကဲ့သို့ ရွေးချယ်နိုင်မည်နည်း။

သို့သော်လည်း ဤသည်မှာ ဖူရှီအင်မော်တယ်မျိုးရိုးနှင့် ဝါဟွမ်အင်မော်တယ်မျိုးရိုးတို့၏ ဆုံးဖြတ်ချက် ဖြစ်သည်။

ဤသို့လက်ထပ်ပြီးနောက်၊ အင်မော်တယ်မျိုးရိုးနှစ်ခုက အင်မော်တယ်ခုံရုံးကို ပြန်လည်ဖွဲ့စည်းရန် တွန်းအားပေးကြလိမ့်မည်။

"ငါ တစ်ခေါက်လောက် ကခုန်ချင်သေးတယ်"

နတ်သမီးယွမ်က ခပ်တိုးတိုးပြောလိုက်သည်။

ကူတိကျစ် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ဤမိန်းကလေး၏ စိတ်ထဲတွင် ဘာဖြစ်နေမှန်း သူမသိဘဲ မနေပေ။

သို့သော်လည်း နောက်ဆုံးတွင် သူ သဘောတူလိုက်သည်။

နတ်သမီးယွမ်လည်း စတင် ကခုန်လိုက်လေသည်။

မဟာတာအိုကမ္ပည်းများ တောက်ပနေပြီး ပန်းများ မိုးကဲ့သို့ ရွာသွန်းလာခဲ့သည်။ ကြွေဆင်းလာသော ပန်းများက နတ်သမီးယွမ်ကို ပို၍ပင် လှပစေခဲ့ပေသည်။

ယင်းက လော့ရှန်းကျင်းဟုန်အက ဖြစ်သည်။

ကြွရောက်လာသော ပရိသတ်အားလုံး အံ့အားသင့်သွားကြသည်။

အမျိုးသား၊ အမျိုးသမီးအားလုံး လှပသော ဤအကတွင် နစ်မျောသွား၏။

မိန်းကလေး ကျင့်ကြံသူတချို့ကတော့ ဤအကမှ လျှို့ဝှက်ထားသော ဝမ်းနည်းမှုတို့ကို ယောင်ဝါးဝါး ခံစားရလေသည်။

သူမက ချစ်သူကိုလာရောက်သည်ကို မမျှော်လင့်နိုင်တော့သော၊ အကူအညီမဲ့နေသည့် မိန်းကလေးတစ်ယောက်ပမာ ငိုကြွေးညည်းညူနေပုံပင်။

သို့သော်လည်း ဤသို့သော ပျော်စရာ မင်္ဂလာပွဲနေ့မျိုးတွင် သတို့သမီးဖြစ်သူ နတ်သမီးယွမ်၏ ဤခံစားချက်မျိုးသည် တွေးတောစရာ ဖြစ်လာသည်။

စင်အောက်မှ မင်္ဂလာပွဲသို့ လာလည်ကြသော လူအုပ်ကြီးကို ကြည့်လိုက်တော့လည်း မျှော်လင့်ထားသူက အမှန်တကယ် မရှိပေ။

နတ်သမီးယွမ်၏ နီထွေးသော နှုတ်ခမ်းများက မိမိကိုယ်ကို လှောင်ပြောင်နေသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

တကယ်ပဲ...

သူ့အတွက်၊ သူက တကယ်ကို ဆက်ဆံရေး အနည်းငယ်သာရှိသည့် ဖြတ်သွားဖြတ်လာတစ်ယောက်ပဲလား။

သို့သော်ငြားလည်း နတ်သမီးယွမ်သည် အနည်းငယ်မျှ နောင်တမရပေ။

ကျွင်းရှောင်ယောက်နှင့် အတူရှိခဲ့သည့် အချိန်များက သူမအတွက်တော့ မွေးဖွားလာချိန်မှစ၍ အပျော်ရွှင်ရဆုံးအချိန်များ ဖြစ်ခဲ့သည်။

"ငါက နင့်အတွက်ပဲ ကခုန်ချင်ခဲ့တာပါ…"

နတ်သမီးယွမ်က လှပသော မျက်လုံးများကို မှိတ်လိုက်သည်။

စိန်ကဲ့သို့ ကြည်လင် တောက်ပနေသော မျက်ရည်တစ်စက်က သူ့မျက်လုံးထောင့်မှ လွင့်သွားခဲ့လေသည်။

ဤစကားကိုကြားလိုက်ရသော ပါရမီရှင် ကျင့်ကြံသူများ၏ အမူအရာများက သိသိသာသာ ပြောင်းလဲသွားကြသည်။

'ငါက နင့်အတွက်ပဲ ကခုန်ချင်ခဲ့တာပါ...'

ဤစကားက ကူတိကျစ်ကိုရည်ညွှန်းခြင်း အမှန်တကယ်ဖြစ်ရဲ့လား၊ သို့မဟုတ် ယင်းက မည်သူနည်း။

စင်အောက်မှ ကျွင်းရှောင်ယောက်လည်း သူ့ရှေ့မှ မြင်ကွင်းကို မသိမသာ ကြည့်နေခဲ့သည်။

နတ်သမီးလေးတစ်ပါးကဲ့သို့ ကခုန်နေသော မိန်းမလှလေးကို ကြည့်လိုက်၏။

နောက်ဆုံးအခေါက်က လမ်းခွဲချိန်မှာလည်း ဤမိန်းကလေးက ကြယ်များအောက်တွင် ကခုန်သွားခဲ့သည်။

ထိုအကသည် သူ့အတွက်သာ ဖြစ်၏။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားပြီး နက်နဲလာခဲ့သည်။

စင်ပေါ်တွင် ကခုန်မှုက ပြီးစီးသွားခဲ့သည်။

သို့ရာတွင် လူများစွာကတော့ မနိုးထသေးဘဲ နစ်မျောနေဆဲပင်။

ကူတိကျစ်သာ တည်ငြိမ်နေခဲ့သည်။ သူ့တွင် နတ်သမီးယွမ်၏အကကို သဘောကျပြီး နစ်မျောနေရန် အချိန်မရှိပေ။

ဤကခုန်မှုက အမှန်တကယ်လှလျှင်ပင်...

"ကောင်းပြီ နတ်သမီးယွမ်၊ မင်္ဂလာပွဲကို ဆက်လုပ်ကြရအောင်"

ကူတိကျစ်က ပြောဆိုပြီး နတ်သမီးယွမ်၏ခါးကို လှမ်းဆွဲလိုက်သည်။

လင်ယွမ်က ကူတိကျစ်ကို နတ်သမီးယွမ်နှင့် လက်ထပ်ပေးရန် သဘောတူထားသော်လည်း...

ယခုအချိန်အထိ သူ့မှာ နတ်သမီးယွမ်၏ လက်တစ်ချောင်းကိုပင် မထိသေးပေ။

ကျွင်းရှောင်ယောက်နှင့် သူမ၏ ဆက်ဆံရေးကတော့...

မင်္ဂလာပွဲပြီးသွားလျှင် ကိစ္စတချို့ကို သဘာဝအတိုင်း သိလာမည် ဖြစ်သည်။

နတ်သမီးယွမ်၏ လှပသော မျက်နှာလေးကလည်း ညှိုးနွမ်းနေသော ပန်းတစ်ပွင့်ကဲ့သို့ ဖြူဖျော့နေလေသည်။

ဤအခိုက်တွင် သက်ပြင်းချသံတစ်ချက်က ခပ်တိုးတိုး ပေါ်လာခဲ့သည်။

အသံက မကျယ်သောလည် လူတိုင်း၏နားထဲတွင် ထွက်ပေါ်လာခဲ့၏။

အကြည့်အားလုံးက အသံလာရာသို့ စုပြုံရောက်ရှိသွားတော့သည်။

ထိုအခါ သံနက်မျှော်စင်ကဲ့သို့ တိတ်တဆိတ် ထိုင်နေသည့် ချပ်ဝတ်တန်ဆာဝတ် ရုပ်သွင်တစ်ခုကို မြင်လိုက်ရသည်။

"ချီလေ့လား"

အရပ်ရပ်မှ လူများစွာတို့ အံ့အားသင့်ပြီး ပဟေဋိ ဖြစ်သွား၏။

ချီယိုအင်မော်တယ်မျိုးရိုး၏ ဆက်ခံသူက ဤအချိန်တွင် ဘာလုပ်မလို့နည်း။

"ဟင်"

ဝေချမ်ချမ်၊ စန်းလီ၊ ယောင်ချင်း၊ ရူယင်းနှင့် အခြားလူများ အားလုံး ရုတ်တရက် လှည့်ကြည့်လိုက်ကြသည်။

"ချီလေ့၊ မင်း ဘာပြောချင်တာလဲ"

စင်ပေါ်မှ ကူတိကျစ်၏ အမူအရာကတော့ လုံးဝပြောင်းလဲမသွားပေ။

သူ၏ မင်္ဂလာပွဲကို ချီလေ့ ရောက်လာကတည်းက ကောင်းသောရည်ရွယ်ချက် ရှိမည်မဟုတ်ဟု သူ မျှော်လင့်ထားပြီးသား ဖြစ်သည်။

နောက်ဆုံးတွင် ဖူရှီအင်မော်တယ်မျိုးရိုးနှင့် ချီယိုအင်မော်တယ်မျိုးရိုးက ဆက်ဆံရေး လုံးဝမကောင်းပေ။

ယခင်ကလည်း သူနှင့် ချီလေ့ဟာ ပဋိပက္ခများ အများအပြားရှိခဲ့သည်။

ဟုတ်ပေသည်၊ အချိန်တိုင်းတွင် သူက ဖိနှိပ်ခဲ့၏။

သို့သော်လည်း ဤတစ်ကြိမ်မှာတော့ ချီလေ့ဟာ တစ်ခုခုမှားနေပြီဟု ဝေဝါးဝါး သူ ခံစားခဲ့ရသည်။

လူတိုင်း၏ အာရုံစိုက်မှုအလယ်တွင် ထိုရုပ်သွင်က သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

သူ့လက်ထဲတွင် ကျောက်စိမ်းဆွဲပြားတစ်ခုကို ကိုင်ထား၏။

ဤကျောက်စိမ်းဆွဲပြားကို မြင်လိုက်သည်နှင့် နတ်သမီးယွမ်၏ စိတ်ထဲတွင် ပေါက်ကွဲသွားသလို အသိစိတ်လွတ်သွားတော့သည်။

သူမ၏ ခန္ဓာကိုယ်ကလေးက မယုံကြည်နိုင်မှုဖြင့် တုန်ခါသွားသလို လိပ်ပြာတောင်ပံများကဲ့သို့ ရှည်လျားသော မျက်တောင်ကော့ကြီးများကလည်း ခံစားချက် အတက်အကျနှင့်အတူ အနည်းငယ် တုန်ခါသွားခဲ့သည်။

ဤကျောက်စိမ်းဆွဲပြားနှင့် သူ အလွန်ရင်းနှီးသည်။

"ကလစ်"

ထိုပုံရိပ်က ကျောက်စိမ်းဆွဲပြားကို ချေမွလိုက်၏။

လူတိုင်း၏ မျက်လုံးများက သံသယများ ပြည့်သွားသည်။ ယင်းက ဘာအဓိပ္ပာယ်မှန်း မည်သူမျှ မသိပေ။

နတ်သမီးယွမ်သာလျှင် သူမ၏ နှုတ်ခမ်းများကို ကျောက်စိမ်းလက်ဖြင့် ဖုံးအုပ်လိုက်သည်။ တချိန်တည်းမှာပင် ကြည်လင်သော မျက်ရည်များက မျက်ဝန်းအိမ်မှ စီးကျလာခဲ့လေသည်။

အခြားသူများက ဤလှုပ်ရှားမှု၏ အဓိပ္ပါယ်ကို မသိသော်လည်း...

သူ သိသည်။

အကြောင်းက သူကိုယ်တိုင် ထိုပုံရိပ်ကို ဤကျောက်စိမ်းဆွဲပြားအား ပေးအပ်ထားခဲ့သောကြောင့်ပင်။

သူမကိုသတိရ၍ ဤကျောက်စိမ်းဆွဲပြားကို ဖိချေလိုက်သရွေ့၊ သူ့ဆီ အပြေးပြန်လာမည်ဟု ပြောခဲ့သည်။

ယခုမူ...

သူရောက်လာခဲ့ပြီ။

"ဝုန်း"

နောက်အခိုက်တွင်၊ အလွန်ကြောက်စရာကောင်းသော အတက်အကျများ ‌ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ အနက်ရောင် ချပ်ဝတ်တန်ဆာက တစ်လက်မချင်း ပြိုကျသွားပြီး လွင့်စဉ်သွား၏။

တောက်ပသော နတ်အလင်းများနှင့် လူရိပ်တစ်ခုက လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာတော့သည်။

အဖြူရောင်ဝတ်စုံနှင့် ချောမောခန့်ညားသော လူရိပ်က နတ်တစ်ပါးကဲ့သို့ ပေါ်လွင်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားက အရပ်ရပ်ကို တုန်လှုပ်သွားစေခဲ့ပေသည်။

"ဒီမင်္ဂလာပွဲကို ငါ ခွင့်မပြုဘူး”

ထိုလူရိပ်က ပြောလိုက်သည်။

ပုံမှန်အတိုင်းပြောလိုက်သည့် စကားသံဖြစ်သော်လည်း နတ်ဘုရား၏အမိန့်တော်ကဲ့သို့...

လူတိုင်းကို ကြီးစွာသော တုန်လှုပ်ချောက်ချားမှုတို့ ဖြစ်ပေါ်စေခဲ့သည်။

"ကျွင်းသခင်လေး"

နတ်သမီးယွမ် မျက်ရည်များ ဝဲလာသည်။

သူမ၏ခြေထောက်များက ရွေ့လျားလာကာ ကျွင်းရှောင်ယောက်ဆီသို့ ပျံသန်းသွား၏။

ဤအခိုက်တွင် သူမ ဘာကိုမှ ဂရုမစိုက်ချင်တော့‌ပေ။

သူ လာရောက်သရွေ့ အဆင်ပြေသည်။

အသိုက်ကိုပြန်တွေ့သော ငှက်ကလေးတစ်ကောင်ကဲ့သို့ ကျွင်းရှောင်ယောက်ဆီကို ပျံသန်းသွား၏။ ကျွင်းရှောင်ယောက်၏ ရင်ခွင်ထဲကို ခိုဝင်ကာ ဖက်တွက်လိုက်တော့သည်။

သူ့ရင်ခွင်ထဲတွင် ငိုကြွေးနေသော မိန်းကလေးကိုကြည့်ရင်း ကျွင်းရှောင်ယောက်၏ မျက်လုံးများက ရှုပ်ထွေးသောအကြည့်တို့ ပေါ်လာခဲ့သည်။

သူက နတ်သမီးယွမ်၏ နူးညံ့ချောမွတ်သော ပခုံးများကိုဆုပ်ကိုင်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ငါ မင်းကို ခေါ်သွားမယ်"

ချိုမြိန်သော စကားမရှိ၊ စကားအများကြီး မပြောပေ။

ရိုးရှင်းသော စာကြောင်းလေးတစ်ကြောင်းက လုံလောက်ခဲ့သည်။

ငါ မင်းကို ခေါ်သွားမယ်...

All Chapters