← Chapters

အခန်း ၇၂၉

Vol. 49 Ch. 729

အခန်း ၇၂၉

Vol. 49 Ch. 729

အခန်း ( ၇၂၉ ) ခန္ဓာတစ်ခုနှင့် စိတ်ဝိညာဉ်နှစ်ခု၊ လင်ယွမ်၏ သက်ရှိလူသား ကိရိယာ၊ ငါ သူ့ကို နောက်တစ်ကြိမ် ထပ်တွေ့ချင်ရုံလေးပါပဲ။

ထိုစကားကိုကြားသောအခါ နတ်သမီးယွမ်၏ နှင်းဖြူနုနုမျက်နှာပေါ်တွင် မိမိကိုယ်ကို အလိုမကျဘဲ အပြစ်ဆိုသော အပြုံးတစ်ခု ပေါ်လာလေသည်။

သူမက ခပ်တိုးတိုး ပြောလိုက်သည်။

"ကျွင်းသခင်လေး ခုံးကောင်တွေအကြောင်း ကြားဖူးလား"

"ခုံးကောင်တွေလား"

ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်၏။

နတ်သမီးယွမ်က ဆက်ပြောလိုက်သည်။

"ခုံးကောင်တွေက အင်မတန်ထူးဆန်းတဲ့ မျိုးနွယ်တစ်ခုပါ။ သူတို့က အရမ်းအားနည်းတယ်၊ ဒါပေမဲ့ သူတို့မှာ ထူးခြားတဲ့ စွမ်းရည်ရှိတယ်လေ။ ဆိုလိုချင်တာက သူတို့ရဲ့ နူးညံ့တဲ့ ခန္ဓာကိုယ်ထဲမှာ ပုလဲတွေကို သန္ဓေတည်နိုင်တယ်"

"ဒါကြောင့် လူတွေက ခုံးကောင်တွေမွေးမြူတယ်။ အချိန်တန်လို့ ပုလဲရလာတဲ့အခါမှာတော့ ခုံးကောင်ရဲ့ ဝမ်းဗိုက်ကိုဖွင့်ပြီး ပုလဲကို ဆောင်ယူသွားကြတာပေါ့"

"ငါက ခုံးကောင်မဟုတ်ပေမဲ့ သူတို့လေးတွေနဲ့ အခြေအနေချင်း မခြားနားပါဘူး"

"ငါနဲ့ လင်ယွမ်က ခန္ဓာတစ်ခုနဲ့ ဝိညာဉ်နှစ်ခု ဖြစ်ခဲ့တယ်"

ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်၏ မျက်လုံးထဲမှာ အံ့သြမှုတစ်ခု ပေါ်လာသည်။

ခန္ဓာတစ်ခုနှင့် ဝိညာဉ်နှစ်ခုမှာ ခန္ဓာကိုယ်တစ်ခုတည်းတွင် ဝိညာဉ်နှစ်ခု ရှိနေသည်ဟု ဆိုလိုသည်။

ယင်းက အလွန်ရှားပါးသည့် အခြေအနေတစ်ခုပင်။

ယေဘူယျအားဖြင့်တော့ ထိုအခြေအနေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်နိုင်သည်။

သာမာန်အားဖြင့်၊ ကလေးများ မွေးဖွားလာသောအခါ သူတို့ဝိညာဉ်များထဲမှ တစ်ခုက သူ့ကိုယ်သူ ကြံ့ခိုင်စေရန်အတွက် အခြားဝိညာဉ်ကို ဝါးမြိုသွားမည် ဖြစ်သည်။

သို့သော်လည်း ခန္ဓာကိုယ်တစ်ခုတည်းတွင် ဝိညာဉ်နှစ်ခု အတူယှဉ်တွဲနေထိုင်သည့် အလွန်ရှားပါးသော ကိစ္စမျိုးလည်း ရှိသေးသည်။

ဟုတ်သည်၊ ဤအခြေအနေတွင် တစ်ခုတည်းသောနည်းလမ်းက ဝိညာဉ်တစ်ခုကို ခွဲထုတ်ရန် ဖြစ်သည်။

ခွဲထုတ်ခံရသောဝိညာဉ်အတွက် ခန္ဓာအသစ်ကို ရှာပေးနိုင်သည်။

အကယ်၍ အဆင်မပြေလျှင်တော့ တိုက်ရိုက် သေဆုံးသွားလိမ့်မည်။

နတ်သမီးယွမ်ကတော့ ပထမအမျိုးအစားဖြစ်သင့်သည်။

နတ်သမီးယွမ်က ပြုံးလိုက်သည်။ သို့ရာတွင် သူ့အပြုံးက အသက်မဲ့ပြီး အနည်းငယ် ဝမ်းနည်းနေပုံရလေသည်။

"တခါတလေတော့လည်း ငါ့ကို အစကတည်းက သုတ်သင်ခံခဲ့ရရင် ဒါမှမဟုတ် ငါ့ရဲ့ စိတ်ဝိညာဉ်ကို ဖယ်ရှားပြီး ပြာမှုန်‌လေးတွေအဖြစ် ပျောက်ကွယ်သွားစေခဲ့ရင် ပိုကောင်းမယ်လို့ ခံစားမိတယ်"

"ဒါပေမဲ့ အဲဒီလိုမဖြစ်ခဲ့ဘူး။ ဝါဟွမ်အင်မော်တယ်မျိုးရိုးရဲ့ နောက်ခံအရ ငါ့အတွက် ခန္ဓာကိုယ်ကို ပုံဖော်ဖို့က ကြီးကြီးမားမား မဟုတ်ခဲ့ဘူးလေ"

"ဒါပေမဲ့လည်း ငါက အဲဒီအချိန်ကစပြီး လင်ယွမ်ရဲ့ကျွန် ဖြစ်ခဲ့ရတယ်"

နတ်သမီးယွမ်၏ စကားကိုကြားတော့ ကျွင်းရှောင်ယောက် ငြိမ်သက်သွားခဲ့သည်။

သူလည်း ထိုအကြောင်းများကို နည်းနည်းသိပေသည်။

ခန္ဓာတစ်ခုနှင့် ဝိညာဉ်နှစ်ခုကို အသွင်ပြောင်းပြီးနောက် မူလဝိညာဉ်တစ်ခုနှင့် သာမညဝိညာဉ်တစ်ခုတို့ကို ပုံဖော်နိုင်သည်။

လင်ယွမ်ကတော့ မူလဝိညာဉ် ဖြစ်၏။

အကြောင်းမှာ သူမက မူလခန္ဓာကို ပိုင်ဆိုင်သည့်အပြင် ထိုခန္ဓာကလည်း အလွန်ရှားပါးသော ဝါဧကရီမြင့်မြတ်ခန္ဓာ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

ခွဲထုတ်ခံရသည့် နတ်သမီးယွမ်ကတော့ သာမညဝိညာဉ်တစ်ခုပင်။

နတ်သမီးယွမ်လည်း ထိုနောက်ပိုင်း ဖြစ်ပျက်ခဲ့သည်များကို ဆက်လက် ပြောပြခဲ့သည်။

ခန္ဓာတစ်ခုတွင် ဝိညာဉ်နှစ်ခုရှိခြင်း၏ အံ့သြဖွယ်ကောင်းသော အရာတစ်ခုမှာ ဝိညာဉ်နှစ်ခုက မတူညီသော သိုင်းပညာများကို တစ်ပြိုင်နက်တည်း လေ့ကျင့်နိုင်ခြင်း ဖြစ်သည်။

လူတစ်ယောက်က လူနှစ်ယောက်နှင့် ညီမျှ၏။

သို့သော်လည်း တစ်ခုတော့ ရှိသည်။

မူလဝိညာဉ်က သာမညဝိညာဉ် လေ့ကျင့်ထားသော ပညာရပ်များနှင့် စွမ်းရည်တို့ကို အလိုအလျောက် သင်ယူနိုင်ပေသည်။

သို့ရာတွင်၊ မူလဝိညာဉ် လေ့ကျင့်ထားသော ပညာရပ်များနှင့် စွမ်းရည်များကိုတော့ သာမညဝိညာဉ်က မသိနိုင်ဘဲ မူလဝိညာဉ်၏ဆန္ဒအပေါ် မူတည်သည်။

ဤသည်မှာ မူလဝိညာဉ်က သာမညဝိညာဉ်ထက် ပို၍သန်မာရသော အကြောင်းရင်းလည်း ဖြစ်ချေသည်။

"ဒါဆိုရင် မင်းက လင်ယွမ်ရဲ့ သက်ရှိလူသား ကိရိယာတစ်ခု ဖြစ်လာပြီပေါ့"

ကျွင်းရှောင်ယောက် မေးလိုက်သည်။

နတ်သမီးယွမ်က ခေါင်းညိတ်ပြီး ပြောလေသည်။

"မှန်ပါတယ်၊ လင်ယွမ်က ငါလေ့ကျင့်တဲ့ ပညာရပ်နဲ့ စွမ်းရည်တွေကို အကုန်သိပြီး တတ်မြောက်နိုင်တယ်။ ငါလုပ်သမျှက သူ့အတွက် ဖြည့်ဆည်းဖို့ပါပဲ"

"ငါက သူ့အတွက်လေ့ကျင့်ပြီး သူ့ရဲ့ အရိပ်ဖြစ်ရတယ်။ သူက ထောက်လှမ်းရေးကွန်ရက်ကို လိုချင်တာကြောင့် နတ်သမီးရင်ပြင်ကိုသွားပြီး ထိန်းချုပ်နိုင်အောင် ငါ ကြိုးစားခဲ့ရတယ်"

"မြွေလူသားမျိုးနွယ်ရဲ့ ထျဲအယ်ဘုရားကျောင်းမှာလည်း နုဝါနဲ့ မီဖေးရဲ့အမွေတွေ ရှိကောင်းရှိနိုင်တယ်ဆိုတာကို သူသိတာကြောင့် ငါ့ကို သွားစုံစမ်းရအောင် စေလွှတ်ခဲ့တာပါပဲ"

"နောက်ပြီးတော့ ကူတိကျစ်က သူ့ကို လက်ထပ်ချင်ပေမဲ့ သူက မလိုချင်ဘူး၊ ဒါပေမဲ့ ဝါဟွမ်အင်မော်တယ်မျိုးရိုးနဲ့ ဖူရှီအင်မော်တယ်မျိုးရိုးတို့ရဲ့ ဖိအားကြောင့် ငါ့ကိုပဲ ထပ်မံလွှတ်လိုက်တယ်"

နတ်သမီးယွမ်၏‌လေသံက ဝမ်းနည်းပူဆွေးမှုနှင့် အကူအညီမဲ့သည့် အရိပ်အမြွက်တို့ ပေါ်နေခဲ့လေသည်။

ကျွင်းရှောင်ယောက်လည်း အရာအားလုံးကို သေချာနားလည်သွားပြီး ခေါင်းညိတ်လိုက်သည်။

လင်ယွမ်၊ နတ်သမီးယွမ်နှင့် ကူတိကျစ်တို့၏ ဆက်ဆံရေးကို သူ နားလည်သွားပြီ။

ဝါဟွမ်အင်မော်တယ်မျိုးရိုးနှင့် ဖူရှီအင်မော်တယ်မျိုးရိုးအတွက် အင်မော်တယ်ခုံရုံးကို ပြန်လည်အသက်သွင်းချင်လျှင် မျိုးရိုးနှစ်ခု လမ်းဖောက်လိုက်ခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။

သို့သော်လည်း လင်ယွမ်က မာနကြီးလွန်းသည်၊ သို့မဟုတ် သူမက ကူတိကျစ်ကိုပင် ဂရုမစိုက်ခဲ့ပေ။

သို့ရာတွင် အင်မော်တယ်မျိုးရိုးကြီးနှစ်ခု ပူးပေါင်းနိုင်ရန် နှောင်ကြိုးရှိရမည်။

ထို့ကြောင့်ပင် လင်ယွမ်က နတ်သမီးယွမ်ကို စေလွှတ်ခဲ့ပေသည်။

ဝိညာဉ်နှစ်ခုပါသော ခန္ဓာကိုယ်တစ်ခုအနေဖြင့် ၎င်းက ဖူရှီအင်မော်တယ်မျိုးရိုးမှ လက်ခံနိုင်သော အတိုင်းအတာအတွင်းလည်း ဖြစ်ချေသည်။

ကူတိကျစ်ကလည်း ယာယီ လက်ခံနိုင်ခဲ့သည်။

သို့ရာတွင်၊ မထင်မှတ်ပဲ ကျွင်းရှောင်ယောက်က ထွက်ပေါ်လာပေသည်။

သူက မဟာအင်မော်တယ်မျိုးရိုးကြီးနှစ်ခု၏ မဟာမိတ် အစီအစဉ်ကို ခေတ္တ ဖျက်ဆီးပစ်လိုက်သည်ဟု ဆိုနိုင်သည်။

'ဝါဟွမ်အင်မော်တယ်မျိုးရိုးနဲ့ ဖူရှီအင်မော်တယ်မျိုးရိုး နှစ်ခုစလုံးက မဟာအင်မော်တယ်မျိုးရိုးကြီးကိုးခုထဲမှာ ထိပ်ပိုင်းမှာရှိတယ်။ သူတို့နှစ်ဦးစလုံးက အင်မော်တယ်မျိုးရိုးကို အုပ်စိုးထားတာ'

'ဒီမဟာအင်မော်တယ်မျိုးရိုးနှစ်ခု ညီညွတ်ရင် တခြားအင်မော်တယ်မျိုးရိုးတွေရဲ့ အထောက်အပံ့ကို တကယ်ရနိုင်လိမ့်မယ်'

ကျွင်းရှောင်ယောက်က သူ့ဘာသာသူ တွေးလိုက်မိသည်။

လူတစ်ဦးကို ကယ်တင်ရန် သွားရောက်ခြင်းဖြင့် အင်မော်တယ်မျိုးရိုးကြီးနှစ်ခု၏ အကြံအစည်ကို ဖျက်ဆီးပစ်မိမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

'ဒါပေမဲ့ အင်မော်တယ်မျိုးရိုးကြီးကိုးခုက အပြည့်အဝ ညီညွတ်တာတော့ မဟုတ်ဘူး။ ဥပမာပြောရရင် ချီယိုအင်မော်တယ်မျိုးရိုးလိုမျိုး...'

ချီယိုအင်မော်တယ်မျိုးရိုး၏ အခြေအနေကို ကျွင်းရှောင်ယောက် မြင်ခဲ့သည်။

သူတို့ကို လုံးဝကျွန်များဖြစ်သည်ဟု မဆိုလိုသော်လည်း အလွန်နှိမ့်ချခံရသည်။

အကယ်၍ အင်မော်တယ်ခုံရုံးကို ထပ်မံ တည်ထောင်ပါက ချီယိုအင်မော်တယ်မျိုးရိုးက ငြိမ်သက်နေမည် မဟုတ်ပေ။

'ဒါက အောင်မြင်မှုတစ်ခု ဖြစ်နိုင်တယ်...'

ကျွင်းရှောင်ယောက်က စိတ်ထဲမှ စဉ်းစားလိုက်သည်။

နတ်သမီးယွမ်က ကျွင်းရှောင်ယောက်ကို အရာအားလုံး ပြောပြခဲ့လေသည်။

နောက်ဆုံးတွင်၊ နတ်သမီးယွမ်က သူ့ကိုယ်သူ ကံကြမ္မာမြစ်ထဲမှ မခုန်နိုင်သော ငါးတစ်ကောင်ဟု ဘာကြောင့်ပြောခဲ့သလဲဆိုတာကို ကျွင်းရှောင်ယောက် နားလည်သွားခဲ့သည်။

လင်ယွမ်၏ အရိပ်ဖြစ်ခြင်းက သူမ၏ကံကြမ္မာပင်။

"ဒီကနေလွတ်မြောက်ဖို့ တကယ်ကို နည်းလမ်းမရှိဘူးလား"

ကျွင်းရှောင်ယောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ကျွင်းသခင်လေး ငါ့ကို စိတ်ပူနေတာလား။ ငါအရမ်းပျော်တာပဲ..."

နတ်သမီးယွမ်က ချိုမြိန်စွာ ပြုံးလိုက်သည်။

သူမက ကျောက်စိမ်းလက်နှင့် ကျွင်းရှောင်ယောက်၏ ကြုတ်နေသော မျက်ခုံးများကို ရုတ်တရက် ပွတ်လိုက်လေသည်။

"ဒါပေမဲ့၊ ငါ့ကြောင့် ကျွင်းသခင်လေးကို စိတ်မပူ‌စေချင်ဘူး"

"ငါ ဘယ်မှာပဲ ပုန်းနေပါစေ လင်ယွမ်ရဲ့လက်ကနေ လွတ်မြောက်ဖို့ နည်းလမ်းမရှိပါဘူး။ သူက အဆုံးမှာ သိလိမ့်မယ်"

နတ်သမီးယွမ်က ပြောလိုက်သည်။

သူမက သူ့ကံကြမ္မာကို လုံးလုံးလက်ခံလိုက်သကဲ့သို့ မျက်လွှာချပြီး ခေါင်းငုံ့လိုက်လေသည်။

ကျွင်းရှောင်ယောက်လည်း တိတ်ဆိတ်နေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သူက ရုတ်တရက် ပြောလိုက်သည်။

"မဟုတ်ဘူး၊ ဖြစ်နိုင်တာက တခြားနည်းလမ်းရှိသေးတယ်"

နတ်သမီးယွမ် ခေါင်းမော့ကြည့်လိုက်၏။ သူမ၏ လှပသော မျက်လုံးများကလည်း အံ့အားသင့်မှုတို့ ပေါ်လာခဲ့သည်။

"ငါတို့လုပ်ရမှာက လင်ယွမ်ကို ဖိနှိပ်လိုက်ဖို့ပဲ"

ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။

ဤစကားများက နတ်သမီးယွမ်ကို အနည်းငယ် အံ့သြသွားစေသည်။

လင်ယွမ်ကို ဖိနှိပ်ရမည်လော။

ဤသည်မှာ အပြောလွယ်သော်လည်း လင်ယွမ်က မည်သူနည်း။

သူသည် ဝါဧကရီမြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး ဝါဟွမ်အင်မော်တယ်မျိုးရိုး၏ သမီးတော် ဖြစ်သည်။ ထို့ပြင် ထျဲအယ်ဘုရားကျောင်းတွင် နတ်သမီးယွမ် ရရှိခဲ့သော ဝါဧကရီ၏ ကောင်းကင်နှလုံးသားပညာကြောင့် သူမ၏ခွန်အားက တဟုန်ထိုးတက်လာခဲ့ပြီ ဖြစ်သည်။

လင်ယွမ်ကို ယခုအခါ ရှေးဟောင်းလမ်းပေါ်ရှိ အစွမ်းထက်ဆုံး အထွတ်အထိပ် ပါရမီရှင်များထဲမှ တစ်ဦးဟုပင် ဆိုနိုင်ပါသည်။

ကူတိကျစ်ပင်လျှင် လင်ယွမ်ကို မဖိနှိပ်နိုင်ပါ။

သူသာ တတ်နိုင်ပါက လင်ယွမ်သည် သူ့အပေါ် လျစ်လျူရှုပြီး မထီမဲ့မြင်ပြုနေမည် မဟုတ်ပေ။

"ဘာလဲ၊ မင်း ငါ့ကို မယုံဘူးလား"

ကျွင်းရှောင်ယောက်က ပြောသည်။

နတ်သမီးယွမ်လည်း နှုတ်ခမ်းကိုအနည်းငယ်စူပြီး ပြုံးလိုက်၏။ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ဟုတ်ပါတယ်၊ ငါယုံတယ်၊ ဒါပေမဲ့ ငါ့မှာ တောင်းဆိုစရာလေးတစ်ခုရှိတယ်။ နင်သဘောတူနိုင်မလား မသိဘူး"

"ဘာတောင်းဆိုချင်တာလဲ"

ကျွင်းရှောင်ယောက် မေးလိုက်၏။

"သခင်လေး ငါနဲ့အတူ ခဏလောက် ဆက်နေလို့ရမလား။ ဒါက ဓမ္မခန္ဓာပဲဖြစ်ဖြစ် ငါ သခင်လေးအတွက် ကပြချင်သေးတယ်။ သခင်နဲ့အတူ ထောင်ချီတဲ့ တောင်တန်းတွေ၊ မြစ်တွေကို ကြည့်ချင်သေးတယ်"

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်သည်။

မည်သို့ဆိုစေ၊ သူ၏ဓမ္မခန္ဓာက မကြာခင် ပျောက်ကွယ်သွားတော့မှာမို့ နတ်သမီးယွမ်၏ဆန္ဒကို ဖြည့်ဆည်းပေးသည်ဟု မှတ်ယူနိုင်သည်။

ခိုင်လုံသောအဖြေကိုရပြီးနောက်၊ နတ်သမီးယွမ် တောက်ပစွာ ပြုံးလိုက်လေသည်။

သူမက ရုတ်တရက် ကျွင်းရှောင်ယောက်၏ နားရွက်နားကို တိုးကပ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။

"သခင်လေး မြင်ချင်သေးလား... ပိုးသားခြေအိတ်ဝတ်တာကို"

ကျွင်းရှောင်ယောက် မျက်လုံးပြူးသွား၏။

"ငါက ဒီလိုလူမို့လား"

"ဟုတ်တာပေါ့"

နတ်သမီးယွမ်က တခစ်ခစ်ရယ်မောလိုက်လေသည်။ ဤအခိုက်တွင် သူမက အနှောင်အဖွဲ့အားလုံးကို လုံးဝ လွှတ်ချထားလိုက်ပုံရသည်။

ကလေးတစ်ယောက်လို ဖြူစင်ရိုးသားသော အပြုံးဖြင့် ရှိနေခဲ့လေသည်။

တကယ်တော့၊ နတ်သမီးယွမ်တွင် ကျွင်းရှောင်ယောက်ကို မပြောခဲ့သော နောက်ထပ်အရာတစ်ခု ရှိနေဆဲ ဖြစ်သည်။

ဤသည်မှာ လင်ယွမ်က သူမ၏ အသက်သွေးကြောကို ထိန်းချုပ်ထားခြင်းပင်။

ကျွင်းရှောင်ယောက်နှင့် ထွက်ခွာသွားကြောင့် သိရပြီးနောက် လင်ယွမ်က သူမကို ဒေါသတကြီးနှင့် တိုက်ရိုက်သတ်ပစ်မလားပင် နတ်သမီးယွမ် မသိခဲ့ပါ။

'တစ်ရက်၊ တစ်နာရီ၊ ဆယ့်ငါးမိနစ်၊ ဒါမှမဟုတ် တခဏလောက်ပဲ ရွှေ့ဆိုင်းထားရင်တောင် အဲဒီအခိုက်အတန့်လေးကို နည်းနည်းလောက် ပိုပြီး နှေးကွေးသွားနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်'

'ငါ သူ့ကို နောက်တစ်ကြိမ် ထပ်တွေ့ချင်ရုံလေးပါပဲ…'

ကြယ်ရောင်စုံသော ကောင်းကင်ယံမှ ပြေပြစ်သော ယောက်ျားကိုကြည့်ရင်း နတ်သမီးယွမ်၏ လှပသော မျက်လုံးများတွင် အဆုံးမရှိ လွမ်းဆွတ်မှုတို့ ပြည့်သွားခဲ့လေသည်။

All Chapters