အခန်း ၇၃၅
Vol. 49 Ch. 735
အခန်း ( ၇၃၅ ) ဘဝတစ်ရာ ပြန်လည်ဝင်စားခြင်း၊ မျိုးဆက်သုံးခု အင်မော်တယ်ဆုဒြာ၊ ပုံရိပ်ယောင်ကို စိတ်ကူးများကို ဖျက်ဆီးခြင်း။
တောင်ပေါ်ရှိ ဝါးတောထဲတွင် လေညင်းက အနည်းငယ် တိုက်ခတ်နေသည်။
အသက်ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ခန့်ရှိသည့် ကောင်လေးတစ်ယောက်က သူ့မျက်လုံးများကို အနည်းငယ်ဖွင့်ကာ ကြောင်တက်က်နှင့် ပွတ်သပ်လိုက်၏။
ဤကောင်လေးတွင် နာမည်မရှိ၊ မျိုးရိုးမရှိ၊ အဖေမရှိ၊ အမေလည်းမရှိပေ။ သူ ငယ်ငယ်လေးကတည်းက မျက်မမြင် ဗေဒင်ဆရာတစ်ဦးက ကျွေးမွေးစောင့်ရှောက်ခဲ့သည်။
မျက်မမြင် ဗေဒင်ဆရာကတော့ သူသည် နတ်ဘုရား၏ လူဝင်စားဖြစ်ပြီး နောင်တွင် ကြီးမြင့်သော တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မည်ဟု ဆိုသည်။
သို့ရာတွင် ကောင်လေးက မယုံကြည်ခဲ့ပေ။
နတ်ဘုရားများက ဘာအခြေအနေမျှ မရှိသူတစ်ဦးအဖြစ် လူပြန်ဝင်စားရန် ဆန္ဒရှိမည်ဟု သူမထင်ခဲ့ပါ။
မျက်မမြင် ဗေဒင်ဆရာက ကောင်လေးကို တိုက်ရိုက် ချမ်းသာကြွယ်ဝစေရန် မကူညီခဲ့သော်လည်း ဆယ်ကျော်သက်အရွယ်မှာပင် ကျားတစ်ကောင်ကို တစ်ချက်တည်း ထိုးသတ်နိုင်စေရန် သိုင်းပညာကို သင်ကြားပေးခဲ့သည်။
နောက်ပိုင်းတွင် မျက်မမြင် ဗေဒင်ဆရာက ရောဂါဖြင့် ကွယ်လွန်သွားခဲ့လေသည်။ လူငယ်လေးလည်း သူ့တွင် ဆွေမျိုးများမရှိတော့ကြောင်း ခံစားခဲ့ရသည်။
နောက်တော့ ကောင်လေးက ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ရသည်။
သူ့ခန္ဓာကိုယ်ပေါ်နှင့် သူ့မျက်နှာမှာ သွေးစွန်းထင်းနေပြီး စိတ်ပျက်အားငယ်နေတာကို တွေ့လိုက်ရလေသည်။
နောက်ကွယ်မှာလည်း သူမကို သတ်ဖြတ်လိုသူများ ရှိနေကြသည်။
အကြောင်းတစ်ခုခုကြောင့် သွေးများဖုံးလွှမ်းနေသော်လည်း မျက်လုံးများ ကြည်လင်နေသည့် မိန်းကလေးကို မြင်လိုက်ရသောအခါ မသိစိတ်က လှုပ်ရှားခဲ့မိသည်။
နောက်ဆုံးမှာတော့...
ကောင်လေးက သူ့တကိုယ်လုံး ဒဏ်ရာရရှိခဲ့သည့်တိုင် ရန်သူများကို ဖယ်ရှားနိုင်ခဲ့ပေသည်။ သူက ကောင်မလေးဆီသို့ ရောက်လာပြီး လကါကမ်းပေးလိုက်သည်။
"မင်းနာမည်ဘယ်လိုခေါ်လဲ"
"ငါ့... ငါ့နာမည်က ရှောင်ကျစ်ယွမ်"
ကောင်မလေးက မဝံ့မရဲ ပြန်ဖြေလေသည်။
"မင်း ငါ့နောက်ကို လိုက်ခဲ့ပါ"
ကောင်လေးက ကောင်မလေး၏လက်ကို ဆုပ်ကိုင်လိုက်သည်။
ကောင်မလေးကလည်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး မလွှတ်ခဲ့ပေ။
ဤသို့ဖြင့် သုံးနှစ်ကြာသွားသည်။
လွန်ခဲ့သည့် သုံးနှစ်အတွင်း၊ မိန်းကလေးသည် မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ကောင်လေးမှ အကြိမ်ကြိမ် ကူညီ ဖယ်ရှားပေးခဲ့ရသည်။
ကောင်လေးက ပိုသန်မာလာသော်လည်း သူ့ဒဏ်ရာများက ပို၍ တိုးလာခဲ့ပေသည်။
နောက်သုံးနှစ်ကြာသွားခဲ့ပြန်သည်။
ဤတွင် လူတစ်စုက ကောင်မလေးကို တွေ့ပြီး သူ့ကို ခေါ်သွားချင်ခဲ့သည်။
လူငယ်က စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။
နှစ်ဦးသား လမ်းခွဲချိန်သို့ရောက်သောအခါ ကောင်မလေးက ကောင်လေး၏ ရင်ခွင်ထဲကို တိုးဝင်လာပြီး သူ့မျက်နှာကို နမ်းလိုက်သည်။
"နင့်ကိုရှာဖို့ ငါပြန်လာမှာပါ၊ ရှောင်ကျစ်ယွမ်က အရမ်းသန်မာလာရမယ်၊ နင့်ကို လုံးဝမထိခိုက်မိစေတော့ဘူး"
မိန်းကလေးက ကတိပေးခဲ့သည်။
ထို့နောက် လူငယ်လေး၏ ရင်ဘတ်အင်္ကျီထဲသို့ အိတ်တစ်လုံးကို ထည့်ပေးလိုက်သည်။
"ငါ့ကိုဘယ်တော့မှမမေ့ပါနဲ့"
ထိုသို့ဖြင့် သူမ ထွက်သွားခဲ့လေသည်။
လူငယ်လေးလည်း မုန်းတီးပြီး သစ္စာဖောက်ခံရသည်ဟုပင် ခံစားလိုက်ရသည်။
သူဟာ အိတ်ကို လွှင့်ပစ်ချင်သော်လည်း နောက်ဆုံးမှာတော့ သိမ်းထားခဲ့ပေသည်။
နောက်တော့ ကောင်လေးက လူငယ်တစ်ယောက်နှင့် တွေ့ခဲ့သည်။
တောင်တန်းတွေထဲ အမဲလိုက်ထွက်ရင်း ကျားဖြူတစ်ကောင် ကိုက်ခံရတော့မည့် သခင်လေးတစ်ယောက်...
သူက ကျားဖြူကို လက်သီးတစ်ချက်ဖြင့် ထိုးသတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သခင်လေးကို မထီမဲ့မြင်ပြုဟန်ဖြင့် ကြည့်လိုက်သည်။
"မင်းလိုသေးတယ်၊ တောင်တွေထဲကို တစ်ယောက်တည်း မသွားနဲ့"
"မင်္ဂလာပါ၊ ငါက မြောက်ပိုင်းရှပေလျန်ရဲ့ မင်းသားဆယ့်သုံးပါ။ ငါ့ကို ကယ်တင်ခဲ့လို့ ညီနောင်ကို ကျေးဇူးတင်ပါတယ်"
သခင်လေး ပြုံးလိုက်သည်။
ထိုအချိန်မှစ၍ ပေလျန်တိုင်းပြည်တွင် ဒဏ္ဍာရီတစ်ခု ပေါ်လာခဲ့၏။
နာမည်မရှိသော်လည်း လူတိုင်းကို တုန်လှုပ်စေမည့် စစ်သူကြီးတစ်ဦး...
ဆယ်နှစ်အကြာတွင်...
ကျစ်ချွမ်းအင်ပါယာက ပေလျန်တိုင်းပြည်ကို တိုက်ခိုက်လာခဲ့သည်။
သံမျှော်စင်ကဲ့သို့ သံခမောက်နှင့် သံချပ်ဝတ်ကို ဝတ်ဆင်ထားသောရုပ်သွင်က တော်ဝင်မြို့တော်၏ တံတိုင်းပေါ်တွင် ရပ်လိုက်သည်။
စစ်သည်သုံးသောင်းနှင့် တိုင်းပြည်ကို စောင့်ရှောက်မည်ဟု ကတိပြုခဲ့ပေသည်။
နောက်ဆုံးတွင် ကျစ်ချွမ်းအင်ပါယာ၏ ဧကရီက တိုက်ပွဲ အောင်နိုင်သူ ဖြစ်လာခဲ့သည်။
"ပေလျန်ဘုရင်တောင်မှ ကျဆုံးသွားခဲ့ပြီ။ မင်းဘာလို့ ကာကွယ်နေသေးလဲ"
တစ်စုံတစ်ယောက်က အော်လိုက်သည်။
ထိုရုပ်သွင်က တိတ်ဆိတ်နေဆဲပင်။
ကျားဖြူ ကိုက်ခံလုနီးပါးဖြစ်ခဲ့သော သခင်လေး သေဆုံးသွားခဲ့ပြီမှန်း သူသိသည်။
သို့သော်လည်း နောက်ဆုံးအချိန်အထိ သူ တိုက်ပွဲဝင်ချင်သေးသည်။
ကျစ်ချွမ်းဧကရီက သူမ၏မျက်နှာကို ပုဝါဖြင့် ကွယ်ထားသည်။
သူမက လက်ထဲတွင် ဓားတစ်ချောင်းကိုကိုင်ကာ ရှေ့မှ ခေါင်းမာသောရုပ်သွင်ကို လှမ်းကြည့်လိုက်၏။
"ပေလျန်တိုင်းပြည် ပြိုကွဲပြီးရင်၊ ဒီကမ္ဘာမှာ ဘယ်သူမှ ငါတို့ကို နာကျင်အောင် မလုပ်နိုင်တော့ဘူး"
ဧကရီက သူ့ရင်ထဲမှ ရေရွတ်လိုက်သည်။
"ရွှပ်"
သွေးများ ဖြာရဲသွားခဲ့သည်။
ဧကရီ၏လက်ထဲမှ ဓားက စစ်သူကြီး၏ နှလုံးသားကို ထိုးဖောက်သွားပေသည်။
"ပေလျန်ဘုရင်ရဲ့ နောက်ဆုံးကျောရိုးက ဘယ်သူလဲဆိုတာ ငါကြည့်ပါရစေ"
ကျစ်ချွမ်းဧကရီက စစ်သူကြီး၏ မျက်နှာဖုံးကို ချွတ်လိုက်သည်။
ထိုအခါ ရင်းနှီးသော မျက်နှာတစ်ခု ပေါ်လာတော့သည်။
"ကျစ်ယွမ်... မင်းရောက်လာပြီပေါ့၊ အခု မင်းက အရမ်းစွမ်းအားကြီးသွားခဲ့ပါပြီ..."
စစ်သူကြီးသည် တုန်ရီနေသောလက်များဖြင့် တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။
ယင်းက သွေးစွန်းနေသော အိတ်ကလေးတစ်လုံးပင်။
ဆယ်နှစ်ကြာအောင် သူ သိမ်းထားခဲ့တာ ဖြစ်သည်။
စစ်သူကြီး၏ မျက်လုံးများ မှိတ်သွားခဲ့လေသည်။
ကျစ်ချွမ်းဧကရီလည်း အဖြစ်မှန်ကိုသိပြီးနောက် ဆံပင်များ ဖရိုဖရဲဖြစ်ပြီး အရူးမီးဝိုင်း ဖြစ်သွားသည်။
သူ့လည်မြိုကို ဓားဖြင့် လှီးဖောက်လိုက်၏။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် မှီလျက် သေဆုံးသွားတော့သည်။
နီစွေးသောသွေးများက အပြင်တွင် ပေါင်းစုံသွားခဲ့သည်။
ပထမဘဝ ပြီးဆုံးသွားခဲ့ပြီ။
…………
မီးပုံးများ ထွန်းညှိထားသော အပျော်အိမ်တစ်လုံးတွင်...
အစေခံလေးတစ်ဦးက အခန်းတွင်းမှ လှပသော မိန်းကလေးတစ်ယောက်ကို တိတ်တဆိတ် ကြည့်နေခဲ့သည်။
သူမက ဤအိမ်တွင် အလှဆုံး အမျိုးသမီး ဖြစ်သင့်သည်။
သူ့နာမည်က လီယွမ်။
သူမက လူကလှသလို နှလုံးသားလည်း နူးညံ့လေသည်။
ထို့ပြင် တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်နေသော အခြား မိန်းကလေးများနှင့် မတူပေ။
တစ်နေ့တွင် အစေခံလေးက ဧည့်သည်၏ ဝိုင်ဖန်ခွက်ကို မတော်တဆ တိုက်မိသောကြောင့် ဧည့်သည်၏ ကန်ကျောက်ခံရကာ သေလုမျောပါး ဖြစ်ခဲ့သည်။
ထိုအခါ လီယွမ်က ဧည့်သည်ကို ပွေ့ဖက်ပြီး ပျော်အောင် လုပ်ပေးကာ ချော့မော့ပေးခဲ့လေသည်။
ကောင်လေးလည်း ခေါင်းကိုငုံ့ပြီး အံတင်းတင်းကြိတ်လိုက်သည်။
ဘယ်ကသတ္တိများ ရရှိလာမှန်း သူမသိတော့ပါ။ ညဉ့်နက်သန်းခေါင်မှာ လီယွမ်ကိုသွားတွေ့ပြီး ပွေ့ဖက်ကာ ပြောလိုက်သည်။
"ငါမင်းကို ဒီနေရာကနေ ခေါ်သွားပေးမယ်"
လီယွမ်က ပြုံးပြီး ပြန်ပြောခဲ့၏။
"ရပါတယ်၊ နင် ကမ္ဘာ့နံပါတ်တစ်ဖြစ်လာရင် ငါ့ကိုလာခေါ်လှည့်ပါ"
ကောင်လေးထွက်သွားသည်။
ပညာရှင်တစ်ဦးနှင့် တွေ့ဆုံခွင့်ရကာ ကြိုးကြိုးစားစား သင်ယူခဲ့သည်။
သုံးနှစ်အတွင်း သူသည် ဓားဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ကျော်ကြားလာခဲ့၏။
ထိုအခါ အပျော်အိမ်သို့ သူ ပြန်ရောက်လာခဲ့သည်။
သို့ရာတွင် မိန်းလေးက မရှိတော့ပါ။
လွန်ခဲ့သည့် တစ်လလောက်ကပင် ချမ်းသာသော မိသားစုတစ်စု၏ အိမ်မှာ ကွယ်လွန်သွားခဲ့ပြီဟု ဆိုကြသည်။
သူမ၏ နောက်ဆုံးထွက်သက်အထိ 'ငါ့ကို လာခေါ်လှည့်ပါ'ဟု ရေရွတ်နေသေးသည်။
လူငယ် စိတ်လွတ်သွားခဲ့သည်။ ဓားတစ်လက်ကို ကိုင်ဆောင်ကာ ထိုမိသားစုကို သွေးချောင်းစီးစေခဲ့သည်။
နောက်ဆုံးမှာတော့ မိန်းကလေး၏ အေးစက်နေသော ခန္ဓာကိုယ်ကိုပွေ့ဖက်ကာ နေဝင်ချိန်ဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်သွားလေတော့သည်။
ဒုတိယဘဝ နိဂုံးချုပ်ခဲ့ပြီ။
ထို့ပြင် နောက်ထပ်ဇာတ်လမ်းများ များစွာ ရှိနေခဲ့သည်။
စာမေးပွဲဖြေရန် ပေကျင်းကို အပြေးအလွှားရောက်လာသော စာပေသမားလေးတစ်ယောက်၊ အနက်ရောင်ဂိုဏ်းမှ လူတစ်ယောက်နှင့် တွေ့ခဲ့သည်။
အနက်ရောင်ဂိုဏ်းမှ လူကို ချစ်မိသွားသော တာအိုဆရာလေးတစ်ဦးလည်း ရှိသေးသည်။ နောက်ဆုံးတွင် အချစ်ကြောင့် သေဆုံးသွားရသည်။
ထို့ပြင် ထိုလူအားလုံး ခြွင်းချက်မရှိဘဲ သူတို့မသေခင်မှာ သိလိုသော မေးခွန်းတစ်ခု အမြဲရှိနေခဲ့သည်။
ငါဘယ်သူလဲ။
သူတို့က မိမိဘယ်သူမှန်း မသိကြဘဲ တစ်ခုခုကို မေ့သွားသလိုသာ ခံစားခဲ့ရသည်။
သူတို့အားလုံး အိပ်မက်ထဲတွင် မြင်ခဲ့ရသလိုလိုနှင့် အင်မော်တယ်ကမ္ဘာအထက်မှ အဖြူရောင်ဝတ် သဏ္ဍာန်တစ်ခုကိုသာ ဝိုးတဝါး သိရှိခဲ့ပေသည်။
ဘဝတစ်ခုပြီးတစ်ခု ပြောင်းလဲသွား ပြန်လည်ဝင်စားခြင်းကလည်း အဆုံးမရှိဟုပင် ထင်ရသည်။
ပဉ္စမ ဘဝ...
သတ္တမ ဘဝ...
ဘဝ နှစ်ဆယ်...
ခုနစ်ဆယ့်တစ် ဘဝ...
ကိုးဆယ့်ကိုးဘဝတိုင်တိုင် ပြန်လည်ဝင်စားခဲ့သည်။
ယခုဆိုလျှင် ဘဝ တစ်ရာ ပြည့်ခဲ့ပြီ။
ဤတွင် သူက ကမ္ဘာ့နံပါတ်တစ် နတ်ဆိုးသုတ်သင်ရေး မိသားစု၏ အကြီးဆုံးသား ဖြစ်လာခဲ့သည်။
ရုပ်ရည်က ချောမောပြီး ထူးကဲသည်။
သို့ရာတွင် သူ့စရိုက်က အေးစက်ပြီး ခံစားချက်မဲ့ကာ ဝေးကွာပုံရသည်။
နတ်ဆိုးများကို သုတ်သင်ခြင်းဆိုလျှင် ပို၍ပင် ရက်စက်ခဲ့သေးသည်။
သို့ရာတွင် လူ အနည်းစုပဲ အမှန်တရားကို သိကြသည်။
သူက လူသားမဟုတ်ပါ။
သူဟာ ရှေးခေတ်မှ ဆင်းသက်လာသော လူသားဆန်ဆန် တာအိုစစ်သည်တစ်ဦးဖြစ်ကာ ပထမဆုံး နတ်ဆိုးများကို သုတ်သင်သည့် မိသားစု ဖြစ်သည်။
သူ့ဘဝမှာ အချစ်ဆိုတာကို ဘယ်တော့မှ မခံစားနိုင်ဘူးဟုပင် သူထင်ခဲ့ပေသည်။
ယင်းက မက်မွန်ပွင့်နတ်ဆိုးလေးနှင့် သူ မဆုံမိခင်အထိပင်။
"ငါ့နာမည်က တောက်ယွမ်"
တောက်ယွမ်အမည်ရှိသော မက်မွန်ပွင့် နတ်ဆိုးလေးက ပြုံးပြလိုက်သည်။
ဘာကြောင့်မှန်း မသိဘဲ သူက သူမကို မသတ်ခဲ့ပေ။
တောက်ကသော သူ့အပြုံးကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
ပြင်ပကမ္ဘာကြီးက အလွန်ကြီးမားပြီး အဆုံးမဲ့ မြစ်များနှင့် တောင်များ ထောင်ပေါင်းများစွာရှိကြောင်း တောက်ယွမ်က ပြောလေသည်။
"နင်ဆန္ဒရှိရင် ငါ နင်နဲ့အတူ သွားကြည့်လို့ရတယ်"
တောက်ယွမ်က ချိုသာစွာ ပြုံးလိုက်သည်။
"ငါက နံပါတ်တစ် နတ်ဆိုးသုတ်သင်ရေး မိသားစုရဲ့ အကြီးဆုံးသားပါ"
သူ ပြောလိုက်၏။
"ငါ မကြောက်ပါဘူး၊ နင်က လူကောင်းတစ်ယောက်ပါ"
တောက်ယွမ်က အပြစ်ကင်းစွာ ပြုံးလိုက်လေသည်။
သူ့အမူအရာကတော့ မပြောင်းလဲပါ။
သို့ရာတွင် သူ့မျက်ခုံးကြားမှ ရှေးဟောင်းအဆောင်တစ်ခုကခု ဖြည်းညှင်းစွာ ပေါ်လာသည်။
နောက်ပိုင်းတွင် မက်မွန်နတ်ဆိုးလေး၏ အကြောင်း ပေါ်ပေါက်သွားလေသည်။
ပထမဆုံး နတ်ဆိုးသုတ်သင် မိသားစု၏ ရင်ပြင်တွင် လူတိုင်းက သူ့ကို မက်မွန်နတ်ဆိုးလေးအား သူ့လက်နှင့် သတ်ခိုင်းခဲ့သည်။
မက်မွန်နတ်ဆိုးလေးက ဒဏ်ရာဗရပွနှင့် မြေပေါ်သို့ လဲကျသွားလေသည်။
သို့ရာတွင် သူမက သူ့ကို ပြုံးပြနေဆဲပင်။
ပထမအကြိမ် ဆုံခဲ့စဉ်ကအတိုင်း သူ့အပြုံးက မက်မွန်ပွင့်ကဲ့သို့ တောက်ပနေခဲ့သည်။
"ငါသေမှာမကြောက်ပါဘူး၊ ဒါပေမဲ့ ထောင်နဲ့ချီတဲ့ မြစ်တွေ၊ တောင်တွေကို နင်နဲ့အတူကြည့်ဖို့ မလိုက်နိုင်တော့မှာကိုပဲ ငါကြောက်တာ..."
တောက်ယွမ်က ပြုံးပြလိုက်သည်။
သူလည်း သူ့လက်ထဲမှာ ဓားကို မြှောက်လိုက်သည်။
သို့သော် သူ တုံ့ဆိုင်းနေခဲ့၏။
ဓားချက်က ကျမသွားသေးပေ။
သူ့လက်များ တုန်ယင်နေသည်။
ထိုအချိန်တွင် စက်ရုပ်ဆန်ဆန် အသံက သူ့စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
"ဒင်၊ ဂုဏ်ယူပါတယ် ပိုင်ရှင်။ မင်း ဟေးယွမ်ချောက်ရဲ့ အနက်ရှိုင်းဆုံး နေရာကို ရောက်ပါပြီ။ လက်မှတ်ထိုးဝင်လိုပါသလား"
"ဝင်လိုက်ပါ"
မသိစိတ်က ပြန်ဖြေလိုက်သည်။
"ဒင်၊ ဂုဏ်ပြုပါတယ်ပိုင်ရှင်...၊ မျိုးဆက်သုံးခု အင်မော်တယ်ဆုဒြာ၊ အနာဂတ် သက်မဲ့ဆုဒြာကို ရရှိခဲ့ပါပြီ"
"ဝုန်း"
စက်ရုပ်ဆန်ဆန် အသံအဆုံးတွင်…
အတိတ် အမိတ္တဘဆုဒြာ၊ ပစ္စုပ္ပန် သထ္ထကထာဆုဒြာနှင့် အနာဂတ် သက်မဲ့ဆုဒြာ။
ရှေးဦးဝိညာဉ်ကိုလေ့ကျင့်ရန်အတွက် အမြင့်မြတ်ဆုံးသော အင်မော်တယ်ကျမ်းသုံးခုက မျိုးဆက်သုံးခု အင်မော်တယ်ဆုဒြာအဖြစ် လုံး၀ ပေါင်းစပ်သွားခဲ့သည်။
ထိုအချိန်မှာ သူ့စိတ်က ချက်ချင်း ကြည်လင်သွား၏။
တစ်ချိန်တည်းမှာပင်၊ ဦးနှောက်အတွင်းရှိ ရှေးဦးအဆောင်တစ်ခုက အတိုင်းအဆမရှိ တောက်ပမှုတို့ကို ထုတ်လွှတ်လာတော့သည်။
၎င်းမှာ သူ၏ ရှေးဦးဝိဉာဉ်ကို ကာကွယ်ပေးထားသော လွမ်ကုဧကရာဇ်အဆောင် တစ်ပိုင်း ဖြစ်သည်။
"ဟားဟား၊ အမှောင်ကမ္ဘာက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ မျိုးဆက်တစ်ရာ ပြန်လည်ဝင်စားရတဲ့ စမ်းသပ်မှုတွေ"
သူဟာ မြေပြင်ပေါ်တွင် လဲကျနေသော သနားစရာကောင်းသည့် တောက်ယွမ်ကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။
"လင်ယွမ်၊ မင်းမနိုးသေးမှာကို ငါကြောက်တယ်။ ဒီလိုဆိုမှတော့ ငါ နတ်ဘုရားသားတော်က အရင်သွားတော့မယ်"
သူ့ဓားတစ်ချက်နှင့် မက်မွန်နတ်ဆိုးလေးကို ခေါင်းဖြတ်လိုက်လိုက်တော့သည်။