အခန်း ၇၃၉
Vol. 50 Ch. 739
အခန်း ( ၇၃၉ ) ရှေးဟောင်းလမ်း၏ အဆင့်တစ်ရာ၊ ဧကရာဇ်သင်္ချိုင်းကြယ်၏ အခွင့်အလမ်း၊ ပါရမီရှင်များ စုရုန်းခြင်း။
လင်ယွမ်က ခံစားချက်မဲ့သော အမူအရာဖြင့် နတ်သမီးယွမ်ရှေ့တွင် ရပ်နေသည်။
နတ်သမီးယွမ်က အမှန်တကယ်ပင် သူမ၏ သက်ရှိ ကိရိယာတန်ဆာပလာ တစ်ဦးထက် မပိုပေ။
သူမ ဘယ်ကိုထွက်ပြေးနေပါစေ လင်ယွမ်မှ ပြန်ရှာတွေ့နိုင်သည်။
နတ်သမီးယွမ်ကို သတ်ဖြတ်ချင်လျှင်လည်း အတွေးတစ်ခုထက် မပိုချေ။
ယခုမူ ကျွင်းရှောင်ယောက်ကြောင့် နတ်သမီးယွမ်ကို မသတ်နိုင်တော့ပါ။
"ယို၊ နင့်ပုံစံက မူမမှန်ဘူး။ ကျွင်းသခင်လေးနဲ့ နင်ကိုယ်တိုင်တွေ့လာခဲ့ပြီလား"
နတ်သမီးယွမ်၏ မျက်လုံးများက နက်နဲသွားခဲ့သည်။
ခန္ဓာတစ်ခုမှ ဝိညာဉ်နှစ်ခုဖြစ်ခဲ့သူတစ်ယောက်အနေဖြင့်၊ သူမက အရာများစွာကို အမှန်တကယ် ခန့်မှန်းနိုင်သည်ဟု ဆိုရမည်။
သူ့စကားကြောင့် လင်ယွမ် မျက်နှာတစ်ချက်ပျက်သွား၏။
ကံကောင်းထောင်မစွာဖြင့်၊ ပေါင်ပေါ်မှ မျဉ်းကြောင်းကိုတော့ စကတ်ဖြင့် ဖုံးအုပ်ထားသောကြောင့် မည်သူမျှ မမြင်နိုင်ကြပေ။
"ငါ ခန့်မှန်းကြည့်ရအောင်၊ ကျွင်းသခင်လေးက နင့်ကို အနိုင်ယူခဲ့တာများလား"
နတ်သမီးယွမ်၏ နှုတ်ခမ်းများက တွန့်ကွေးသွားခဲ့သည်။
လင်ယွမ်၏မျက်နှာက ပို၍ အေးစက်လာသည်။
သူမက လက်ကို ဖြည်းညှင်းစွာ မြှောက်ပြီး လေထဲကို ဖမ်းဆုပ်လိုက်၏။
သူမလက်ထဲတွင် နှလုံးသားတစ်ခု ပေါ်လာတော့သည်။
"အဟွတ်... အဟွတ်..."
နတ်သမီးယွမ်၏မျက်နှာက ချက်ချင်း ဖြူဖျော့သွားခဲ့သည်။ ပြင်းထန်သောနာကျင်မှုကိူ ခံစားရဟန်ဖြင့် သူမ၏ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် ကွေးကောက်သွားလေသည်။
"မမေ့လိုက်နဲ့ယွမ်၊ နင့်အသက်က ဒီဧကရီရဲ့ လက်ထဲမှာရှိတယ်။ ဒီဧကရီကို ဒေါသဖြစ်စေတာက နင့်အတွက် မကောင်းဘူး"
လင်ယွမ်က ထိုင်ချလိုက်ပြီး နတ်သမီးယွမ်၏မေးဖျားကို လက်တစ်ဖက်နှင့် ဆုပ်ကိုင်လိုက်သည်။
"နင်ငါ့ကို သတ်ချင်တယ်ဆိုရင် သတ်လိုက်ပါ"
နတ်သမီးယွမ်က စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် ပြတ်ပြတ်သားသား ပြောလိုက်၏။
"နင့်ကိုသတ်ရမယ်၊ ဒီဧကရီက ဒီလောက် ရက်စက်တဲ့ လုပ်ရပ်မျိုးကို လုပ်မှာလား"
လင်ယွမ်က နတ်သမီးယွမ်၏ပါးပြင်ကို လက်နှင့် ပွတ်သပ်လိုက်သည်။
"နင် ငါ့ကိုသုံးပြီး ကျွင်းသခင်လေးကို ခြိမ်းခြောက်ချင်ရင်တော့ နင့်ရဲ့ တွက်ကိန်းက မှားနေပြီ၊ ငါက ကျွင်းသခင်လေးရဲ့ နှလုံးသားထဲမှာ ဘာမှမရှိပါဘူး"
နတ်သမီးယွမ်က သူ့ကိုယ်သူ လှောင်ပြောင်သလို ပြောဆိုလိုက်၏။
ကျွင်းရှောင်ယောက်တွင် အရင်းနှီးဆုံး အမျိုးသမီး အဖော်တစ်ယောက် ရှိနေပြီမှန်း သူမ သိသည်။
သူမကတော့...
လမ်းတစ်ဝက်မှ ဖြတ်သွားဖြတ်လာတစ်ဦးထက် မပိုပေ။ ယခင်ကဆိုလျှင် အသုံးချရန်အတွက် တွက်ချက်မှုများပင် ရှိခဲ့သည်။
ကျွင်းရှောင်ယောက်က သူမကို မမုန်းဘဲ မင်္ဂလာပွဲဖျက်ရန် လာရောက်ခဲ့ရုံဖြင့်ပင် နတ်သမီးယွမ်က အလွန်ကျေနပ်နေခဲ့ပြီ ဖြစ်သည်။
သူမက ထို့ထက်ပို၍ တောင်းဆိုတော့မည် မဟုတ်ပါ။
"နင်က ငါ့အတွက် အသုံးဝင်တာပဲ၊ ငါနင့်ကို မသေစေချင်ပါဘူး။ နင်သေချင်ရင်တောင်မှ မဖြစ်နိုင်ဘူး"
လင်ယွမ်က သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ အမိန့်ကြိုးများ ထွက်ပေါ်လာပြီး နတ်သမီးယွမ်ကို ချုပ်နှောင်ထားလိုက်သည်။
"ကျွင်းရှောင်ယောက်၊ နင်နဲ့ငါ့ကြား ကစားပွဲက အခုမှစတာ"
လင်ယွမ်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။
ဤအရှက်ကို သူမ၏လက်ဖြင့် ကိုယ်တိုင်ဆေးကြောရလိမ့်မည်။
…………
အချိန်များ ကုန်လွန်သွားခဲ့သည်။
ဤရှေးဟောင်းလမ်းကိုဖွင့်ပြီး နှစ်အနည်းငယ်အတွင်း ပါရမီရှင် အများစုဟာ လမ်းတစ်လျှောက်တွင် သေဆုံးသွားကြ၏။
ပါရမီရှင် အနည်းစုသာ ခရီးကြမ်း၏ နောက်ဆုံးအဆင့်သို့ အရောက်သွားကြရန် အရည်အချင်း ပြည့်မီသည်။
အဆုံးစွန်ရှေးဟောင်းလမ်း၏ အဆင့်တစ်ရာ...
ဤသည်မှာ အထူးအဓိပ္ပါယ်ရှိသော အဆင့် ဖြစ်သည်။
ယင်းက ရှေးဟောင်းလမ်းပေါ်တွင် အကြီးမားဆုံးအခွင့်အလမ်းတစ်ခုလည်း ဖြစ်၏။
ဧကရာဇ်သင်္ချိုင်းကြယ်...
ဤနေရာသည် မရေမတွက်နိုင်သော ပါရမီရှင်များကို ရူးသွပ်သွားစေလောက်အောင် ကောင်းမွန်သော အခွင့်အလမ်းနယ်မြေတစ်ခုဖြစ်သည်။
ဧကရာဇ်ရုပ်ကြွင်းများ၊ ရှေးဧကရာဇ် တံဆိပ်များ၊ မြင့်မြတ်ဝိညာဉ်အကြွင်းအကျန် စသည်ဖြင့်၊ အများအပြား ရှိနေကြောင်း ကောလဟာလများလည်း ရှိပေသည်။
ဤသည်က ရှေးဟောင်းလမ်း၏ အဆင့်တစ်ရာကို လာရောက်နိုင်သော ပါရမီရှင်များအတွက် လက်ဆောင်တစ်ခုလည်း ဖြစ်သည်။
သို့သော်လည်း အဆုံးစွန်ရှေးဟောင်းလမ်းကို ဖွင့်လှစ်လိုက်တိုင်း၊ သုသာန်ဧကရာဇ်ကြယ်ကို နောက်ဆုံးအဆင့်မှသာ ဖွင့်လှစ်စမြဲပင်။
ဧကရာဇ်သင်္ချိုင်းကြယ်ကို ဖွင့်လိုက်ခြင်းက အဆုံးစွန်ရှေးဟောင်းလမ်း စမ်းသပ်မှု၏ အဆုံးနှင့် မဝေးတော့ဘူးဟု ဆိုလိုသည်။
သုံးလအကြာတွင်၊ အဆုံးစွန်ရှေးဟောင်းလမ်းပေါ်၌ ထိတ်လန့်ဖွယ်ရာသတင်းတစ်ခု ပျံ့နှံ့သွားခဲ့သည်။
ဧကရာဇ်သင်္ချိုင်းကြယ် ဖွင့်လှစ်ပြီ။
ယင်းက ရှေးဟောင်းလမ်း၏ အဆင့်တစ်ရာရှိ အသက်အကြီးဆုံးကြယ် ဖြစ်သည်။ ထိုကြယ်တွင် အထူးနိယာမများ ရောယှက်နေပြီး အဆုံးမဲ့ လျှို့ဝှက်ဆန်းကျယ်မှုများ ရှိပေသည်။
ထိုသတင်းကိုကြားသည်နှင့် မရေမတွက်နိုင်သော ပါရမီရှင်များ၏ မျက်လုံးများ ဝင်းလက်သွားကြသည်။
ဧကရာဇ်သင်္ချိုင်းကြယ်ပေါ်တွင် အဓိပဓိများ၏ အမွေအနှစ်များကို နေရာအနှံ့တွင် မြင်နိုင်သည်။
အကယ်၍၊ ဧကရာဇ်တစ်ပိုင်း၏ အမွေကို ရယူနိုင်လျှင် ရှေးဟောင်းလမ်းဆုံးအထိ လျှောက်လှမ်းရန် လုံးဝ အရည်အချင်းပြည့်မီလိမ့်မည်။
စစ်မှန်သောဧကရာဇ်နှင့် ရှေးခေတ်ဧကရာဇ်မထံမှ အမွေဆက်ခံနိုင်ပါက၊ မပြည့်သော အမွေအနှစ်ဖြစ်လျှင်ပင် ဤပါရမီရှင်များအတွက် များစွာ အကျိုးရှိမည် ဖြစ်သည်။
ယခင်ကလည်း ဧကရာဇ်သင်္ချိုင်းကြယ်မှ အခွင့်အလမ်းကြီးတစ်ခု ရရှိပြီးနောက် တဟုန်ထိုးတိုးတက်ခဲ့သော ပါရမီရှင်များ ရှိခဲ့ဖူးသည်။
ထိုအချိန်တွင် ရှေးဟောင်းကြယ်တစ်ခုမှာ အရှိန်အဝါကြီးစွာဖြင့် လျှောက်လှမ်းနေသော ပုံရိပ်တစ်ခု ရှိခဲ့သည်။
သူ့ထံမှ အားကောင်းသော အရှိန်အဝါများကြောင့် အနီးနားရှိ ကြယ်များစွာတို့ ချက်ချင်း ကွဲအက်သွား၏။
ယင်းက အနက်နှင့်ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ဖြစ်သည်။ သူ့တွင် အားကောင်းသော အရှိန်အဝါရှိပြီး ဆိုးသွမ်းပုံရကာ ချောမောသော မျက်နှာသွင်ပြင် ရှိ၏။
"ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါ... ဒါက ချင်မိသားစုရဲ့ နတ်ဘုရားသားတော်ပဲ"
ထိုအရှိန်အဝါက ပတ်ဝန်းကျင်မှ ပါရမီရှင်တချို့ကို သတိပြုမိစေခဲ့သည်။
သူတို့အားလုံး၏ မျက်လုံးများက ဝိုင်းသွားကြလေသည်။
"ငါအထင်မမှားရင် လွမ်ကုရှေးဧကရာဇ်ရဲ့အမွေက ဧကရာဇ်သင်္ချိုင်းကြယ်မှာ ရှိသင့်တယ်။ လွမ်ကုဧကရာဇ်ရဲ့ အမွေဆက်ခံသူအနေနဲ့ ချင်မိသားစုရဲ့ နတ်ဘုရားသားတော်သာ အမွေရခဲ့ရင်... အဆုံးစွန်ရှေးဟောင်းလမ်းရဲ့ လမ်းဆုံးကို သေချာပေါက် ရောက်နိုင်လိမ့်မယ်"
ထိုလူငယ်က ချင်မိသားစု၏ နတ်ဘုရားသားတော် ချင်ဝူတောက်သည်ပင်။
သူ့ကို ထိုက်စွေလေးဟုလည်း လူသိများပြီး နှိမ့်ချမှုမရှိဘဲ ပြုမူတတ်သည်။
ချင်မိသားစုက ကျွင်းမိသားစုကဲ့သို့ ချမ်းသာပြီး တန်ခိုးကြီးမားခြင်းမရှိသော်လည်း လျှော့တွက်၍မရနိုင်သော ရှေးဟောင်းမိသားစုတစ်ခုအဖြစ် ရှိနေဆဲပင်။
ချင်မိသားစု၏ ဘိုးဘေး၊ ပထမဆုံးဧကရာဇ်ဆိုလျှင် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးကိုပင် ကိုင်လှုပ်နိုင်ခဲ့သည်။
ချင်ဝူတောက်က လွမ်ကုဧကရာဇ်အဆောင်တစ်ဝက်ကို ပိုင်ဆိုင်ထားသလို တစ်ချိန်တည်းတွင် လွမ်ကုဧကရာဖ်၏ အမွေတစ်စိတ်တစ်ပိုင်းကိုလည်း ရရှိထားပေသည်။
ထို့ကြောင့်ပင် သူက သူ့ကိုယ်သူ လွမ်ကုဧကရာဇ်၏ ဆက်ခံသူအဖြစ် မှတ်ယူထားပြီးပြီ ဖြစ်သည်။
"ဧကရာဇ်သင်္ချိုင်းကြယ်မှာ ကျန်တဲ့ လွမ်ကုဧကရာဇ်အဆောင်တစ်ပိုင်းကို ရှာတွေ့နိုင်မလား မသိဘူး"
"ဒါ့အပြင် ငါ့ညီချင်ကျစ်မိုက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်လက်ချက်နဲ့ သေဆုံးသွားခဲ့တယ်။ ဒီကိစ္စကို သေချာစဉ်းစားဖို့ လိုတယ်..."
ချင်ဝူတောက်က အပြောင်းအလဲမရှိသော မျက်နှာအမူအရာဖြင့် ရေရွတ်လိုက်သည်။
ကျွင်းမိသားစုက သန်မာသော်လည်း သူက အိမ်ခြေမဲ့တစ်ဦး မဟုတ်ပါ။ သူ့နောက်ကွယ်မှာလည်း ရှေးဟောင်းမိသားတစ်ခု ရှိသည်။
တစ်ဦးက ချင်မိသားစု၏ နတ်ဘုရားသားတော်ဖြစ်ပြီး ကျန်တစ်ဦးကတော့ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ပင်။
ရှေးဟောင်းမိသားစုကြီးနှစ်ခု၏ နတ်ဘုရားသားတော်များ ဆုံတွေ့ကြပါက ဘာများဖြစ်မည်နည်း။
အခြားတစ်နေရာတွင်…
စူးစူးရှရှ တောက်လောင်နေသော အလင်းတန်းများ ထွက်ပေါ်လာသည်။
အနီးကပ်ကြည့်လိက်လျှင်တော့ တောက်ပသော အလင်းတန်းထဲတွင် လူရိပ်များကို မြင်တွေ့ရလိမ့်မည်။
လေထဲတွင် အဆုံးမဲ့ နေအလင်းများ ရစ်ပတ်ထားသော ပုံရိပ်တစ်ခု ရှိနေခဲ့သည်။ ထိုပုံရိပ်က နေနတ်ဘုရားတစ်ပါး ကမ္ဘာပေါ်ကို ဆင်းသက်လာသကဲ့သို့ တောက်လောင်နေသော နေအလင်းရောင်များ လင်းလက်နေခဲ့သည်။
သူ့ထံမှ ထွက်ပေါ်လာသော အလင်းများက တောက်လောင်နေသော ကြိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး အရပ်ရပ်ကို မှောက်လှန်ပစ်နိုင်ပုံ ရ၏။
ထိုလူငယ်၏ ဦးခေါင်းထက်မှာတော့ ရွှေရောင်ဘီးနှင့်တူသော ရတနာဘီးတစ်ခု ရှိပေသည်။ ထိုရတနာဘီးက ဧကရာဇ်တစ်ပိုင်း အရှိန်အဝါများ ထုတ်လွှတ်နေခဲ့သည်။
ယင်းက ရှေးဟောင်းတော်ဝင်မိသားစု၊ နေနတ်ဘုရားတောင်၏ ဒသမမင်းသားနှင့် အခြားသူများပင်။
"ဒီတစ်ခေါက် ဧကရာဇ်သင်္ချိုင်းကြယ်ပေါ်မှာ ရွှေကျီးကန်းမျိုးနွယ်ဝင် မဟာဧကရာဇ် အမွေကို ရှာတွေ့နိုင်ရင် ကောင်းလိမ့်မယ်"
ရွှေကျီးကန်း ဒုတိယမင်းသားက ပြောလိုက်သည်။
"ဟုတ်တယ်၊ ငါတို့ ညီအစ်ကိုတွေရဲ့ ခွန်အားတွေ တိုးလာပြီမို့ ကျွင်းရှောင်ယောက် မကြောက်ဘူး"
အကြီးဆုံး ရွှေကျီးကန်းမင်းသားက အေးစက်နေသော မျက်လုံးများနှင့် ကြည့်လိုက်၏။
"ဒသမညီလေး၊ ကျွင်းရှောင်ယောက်က ဧကရာဇ်သင်္ချိုင်းကြယ်ကိုလာမယ်လို့ မင်းထင်လား"
ရွှေကျီးကန်း ပဉ္စမမင်းသားက မေးလိုက်သည်။
"သူလာသည်ဖြစ်စေ မလာသည်ဖြစ်စေ... ရလဒ်က အတူတူပါပဲ။ ငါတို့ရဲ့ ခွန်အားကို မြှင့်တင်ဖို့ အခွင့်အလမ်းတွေကို အရင်ရှာပါ၊ ပြီးတော့မှ ကျွင်းမိသားစုထဲက လူတချို့လိုမျိုး ကျွင်းရှောင်ယောက် ပတ်ဝန်းကျင်က လူတွေကို နည်းလမ်းရှာပြီး ဖမ်းဆီးမယ်"
ရွှေကျီးကန်း ဒသမင်းသားမင်းသားက လွန်စွာ ဂရုမစိုက်သော မျက်လုံးများဖြင့် ပြောလိုက်သည်။
"အဲဒါပြီးရင် သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းရှာနိုင်တယ်"
ရွှေကျီးကန်း ဒသမမင်းသားက သတ်ဖြတ်လိုစိတ်တို့ ပါဝင်နေသော လေသံမျိုးဖြင့် ပြောလိုက်၏။
ဖန်ဆင်းခြင်လှေတွင် ရှိစဉ်တုန်းက ကျွင်းရှောင်ယောက်ဟာ သူ၏ ဓမ္မခန္ဓာကို ခြေတစ်လှမ်းနှင့် ဖျက်ဆီးခဲ့ပြီး သူ့မျက်နှာအား ဖြတ်ရိုက်သွားခဲ့သည်။
ရွှေကျီးကန်းဒသမမင်းသား၏ နှလုံးသားထဲတွင် ဤအကြွေးကို သဘာဝအတိုင်း အမြဲသိမ်းဆည်းထားခဲ့ပေသည်။
............
လေဟာပြင်ထဲတွင်...
ဆူဆူညံညံအသံများ ထွက်ပေါ်နေခဲ့သည်။
ရှေးဦးသားရဲတစ်ကောင်က ကြယ်များကို ချေမှုန်းနေသလို ကြောက်မက်ဖွယ်အသံများ ထွက်ပေါ်လျက်ရှိ၏။
သို့သော်လည်း အနီးကပ်မှ ထိုအသံရှင်မှာ အမှန်တကယ် သေးသွယ်သော ရုပ်သွင်လေးတစ်ခုဖြစ်ကြောင်း အံ့အားသင့်ဖွယ် မြင်တွေ့ရလိမ့်မည်။
"ကောင်းတယ်၊ နောက်ဆုံးမှာတော့ လူတွေကို ငါရိုက်နိုင်ပြီ။ ဧကရာဇ်သင်္ချိုင်းကြယ်က ရတနာတွေအားလုံးက ငါ့ဟာ၊ ငါ လုံယောက်အာ ပိုင်တယ်"
ထိုသေးသွယ်သောပုံရိပ်လေးက အမှန်တကယ်ပင် ထိုက်ရွှီရှေးနဂါးမျိုးနွယ်မှ လုံယောက်အာ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူမက အသျှင်ခန္ဓာလည်း ဖြစ်ချေသည်။
ယခုတစ်ကြိမ်တွင်၊ အသျှင်ခန္ဓာနှင့် ထိက်ရွှီရှေးနဂါးမျိုးနွယ်က သူမကို အပြင်ထွက်ခွင့်ပြုပြီး ဧကရာဇ်သင်္ချိုင်းကြယ်မှ အခွင့်အလမ်းများရရှိရန် ယှဉ်ပြိုင်ခွင့် ပြုခဲ့သည်။
"ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကျွင်းရှောင်ယောက်လည်း ရှိသေးတယ်။ အသျှင်ခန္ဓာအနေနဲ့ ငါ လုံယောက်အာက အဲဒီအမှိုက်ကို အနိုင်ယူပြီး အသျှင်ခန္ဓာက အမှန်တကယ် ပြိုင်ဘက်ကင်းတယ်ဆိုတာ အားလုံးသိအောင် ပြောပြမယ်"
လုံယောက်အာက လက်သီးသေးသေးလေးကိုဆုပ်ပြီး ရင်ကော့ကာ ပြောလိုက်သည်။ သူမ၏ ခရမ်းရောင် မျက်လုံးလေးများက တောက်ပနေပြီး မျက်နှာပေါ်မှာလည်း ယုံကြည်အပြုံးတစ်ခု ရှိနေခဲ့၏။
မွေးကင်းစ နွားသူငယ်က ကျားကိုမကြောက်သကဲ့သို့ပင်။