အခန်း ၇၄၀
Vol. 50 Ch. 740
အခန်း ( ၇၄၀ ) ကျန်းစန်းယီ၏ အခွင့်အရေး၊ ဓားပြများ၏ အစီအစဉ်၊ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ပါရမီရှင်များ။
ဧကရာဇ်သင်္ချိုင်းကြယ် ဖွင့်လှစ်ခြင်းက အရပ်ရပ်ကို မုန်တိုင်းတိုက်ခတ်သလို လှုပ်ရှားစေခဲ့သည်မှာ သံသယဖြစ်စရာမလိုပေ။
ဤခေတ်မှ အဆုံးစွန်ရှေးဟောင်းလမ်း၏ နောက်ဆုံးစမ်းသပ်မှုမှာ အလွန်ရက်စက်ပြီး ကြောက်စရာကောင်းသည်ဟု ဆိုနိုင်သည်။
သင့်တွင် အရည်အချင်းမလုံလောက်ဘဲ ရှေးဟောင်းလမ်း၏အဆုံးကို သွားလိုပါက ကိုယ့်သေတွင်း ကိုယ်တူးခြင်းနှင့် မခြားပေ။
ဧကရာဇ်သင်္ချိုင်းကြယ်ကတော့ သူတို့ ဆုပ်ကိုင်နိုင်မည့် အကြီးမားဆုံး အခွင့်အရေးဖြစ်မည်မှာ သေချာသည်။
ကောင်းကင်စကြာဝဠာ တစ်နေရာတွင်၊ နှင်းဖြူအဝတ်အစားများ ဝတ်ဆင်ထားသော မိန်းမလှတစ်ဦး ဖြတ်သန်းသွားခဲ့သည်။
သူမ၏ အဖြူရောင်ဆံနွယ်များက နှင်းပွင့်လေးများကဲ့သို့ လေထဲတွင် မျောလွင့်နေခဲ့၏။
ထိုမိန်းကလေးကတော့ ကျန်းစန်းယီသည်ပင်။
ဤအခိုက်တွင် သူမ၏စိတ်ထဲမှာ အသံတစ်ခု ထွက်ပေါ်လာသည်။
"စန်းယီ၊ မင်း ဧကရာဇ်သင်္ချိုင်းကြယ်မှာ အနောက်တိုင်းမယ်တော်ဘုရင်မရဲ့ အမွေကို ရယူရမယ်။ အဲဒါက မင်းရဲ့ သန္တောစွမ်းအင် တာအိုသန္ဓေအတွက် အရမ်းအရေးကြီးတယ်"
ဤအသံရှင်မှာ ကျန်းစန်းယီ၏ လက်စွပ်အတွင်းရှိ၊ ရှေးဦးမြင့်မြတ်မြေမှ ခေါင်းဆောင်အမျိုးသမီး၏ အကြွင်းအကျန်ဝိညာဉ် ဖြစ်သည်။
သူက ယခုအခါ ကျန်းစန်းယီ၏ဆရာလည်း ဖြစ်ချေသည်။
"ဆရာ စိတ်မပူပါနဲ့၊ ဒီတပည့်က အမွေဆက်ခံဖို့ အနောက်တိုင်းရဲ့ မယ်တော်ဘုရင်မကို သေချာပေါက် ရှာတွေ့မှာပါ"
ကျန်းစန်းယီက ခိုင်မာပြတ်သားသော မျက်လုံးများဖြင့် ပြောလိုက်သည်။
သူမ၏ နှလုံးသားထဲတွင် ရည်ရွယ်ချက်တစ်ခု အမြဲရှိ၏။ သူမက ထိုလူအနောက်သို့ လိုက်ပါချင်ကာ အနောက်မှာ မကျန်ခဲ့လိုပေ။
"ဧကရာဇ်သင်္ချိုင်းကြယ်မှာ မိုးနဲ့မြေရဲ့ နိယာမတွေကို အထူးကန့်သတ်ထားတာကြောင့် ဆရာ ဝင်လှုပ်ရှားဖို့က ခက်ခဲတယ်။ ဒါကြောင့် အရာအားလုံးက မင်းကိုယ်တိုင်အပေါ်မှာပဲ မူတည်လိမ့်မယ်”
ဆရာမ အလှလေးက ဆက်ပြောလိုက်သည်။
"တပည့် နားလည်ပါတယ်ဆရာ၊ အခု တပည့်က အဆုံးစွန်ရှေးဟောင်းလမ်းကို ရောက်နေပြီဆိုတာကိုလည်း သိပါတယ်။ ဒါပေမဲ့ တပည့်က လူတိုင်း ရန်စလို့ရတာ မဟုတ်တော့ဘူး"
ကျန်းစန်းယီက ယုံကြည်မှုအပြည့်ရှိသောအပြုံးကို ထုတ်ဖော်လိုက်သည်။
သူမက အဆုံးစွန်ရှေးဟောင်းလမ်းပေါ်တွင် နတ်ဘုရားမလေးအဖြစ် ကျော်ကြားသကဲ့သို့...
သူမ၏ ခွန်အားကိုလည်း မည်သူမျှ လျှော့မတွက်ဝံ့ပေ။
"အင်း၊ ဒါနဲ့ မင်းရဲ့ယောက်ျားလည်း ဧကရာဇ်သင်္ချိုင်းကြယ်ကို လာမှာလား"
လှပသော ဆရာမက စနောက်ဟန်ဖြင့် ပြောလိုက်သည်။
အမှန်တကယ်လည်း သူမ သိချင်နေမိ၏။ မည်သို့သော ယောက်ျားမျိုးက သူမ၏ ထူးချွန်သော တပည့်လေးကို စိုးရိမ်စေသနည်း။
"ဆရာ၊ ရှင်ဘာတွေပြောနေတာလဲ"
ကျန်းစန်းယီ၏ မျက်နှာလေးက ရှက်ရွံ့ဟန်ဖြင့် အနည်းငယ်နီမြန်းသွားသည်။
အတိအကျပြောရလျှင် ကျွင်းရှောင်ယောက်က သူမကို ဖွင့်မပြောရသေးပါ။ ထို့ကြောင့် သူတို့ကြားမှ ဆက်ဆံရေးကို အပြည့်အဝ မသတ်မှတ်ရသေးပေ။
ဤသို့ပြောဆိုရန်က အမှန်တကယ် စောလွန်းသည်။
"ဆရာ မှားလို့လား"
လှပသော ဆရာမက နောက်ပြောင်လိုက်၏။
"အဲဒါက...အတိအကျတော့ မဟုတ်ပါဘူး..."
ကျန်းစန်းယီက အနည်းငယ် တုံ့ဆိုင်းသွားကာ ပြောလိုက်သည်။
များသောအားဖြင့် ထက်မြက်ပြီး တည်ငြိမ်သော တပည့်လေးတွင်၊ ထိုသို့သော အနေအထားကို မြင်ရသောအခါ လှပသောဆရာမလည်း သက်ပြင်းချလိုက်မိသည်။
ကျွင်းရှောင်ယောက်ဟုခေါ်သော လူငယ်အကြောင်းကိုလည်း ပို၍ ပို၍ သိချင်လာလေသည်။
"ဧကရာဇ်သင်္ချိုင်းကြယ်မှာ ရှောင်ယောက်နဲ့ တွေ့နိုင်သည်ဖြစ်စေ... မတွေ့ရသည်ဖြစ်စေ၊ ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ရှေးဟောင်းလမ်းရဲ့အဆုံးမှာ သေချာပေါက် ပြန်ဆုံကြလိမ့်မယ်"
ကျန်းစန်းယီက ရေရွတ်လိုက်သည်။
သူမတွင် အခွင့်အရေးကြီးကြီးမားမားရမှသာလျှင် ကျွင်းရှောင်ယောက်၏ဘေးမှာ အမှန်တကယ်ရပ်တည်ပြီး၊ သူနှင့်အတူ လေနှင့်မိုးကို ကြံ့ကြံ့ခံ ရင်ဆိုင်ရပ်တည်နိုင်မည် ဖြစ်သည်။
ကျန်းစန်းယီလည်း ခိုင်မာပြတ်သားသော မျက်လုံးများနှင့် ဧကရာဇ်သင်္ချိုင်းကြယ်ဆီသို့ လှမ်းကြည့်လိုက်လေသည်။
..…......
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်မှာ...
အမှောင်စကြာဝဠာကို ဖြတ်ကျော်နေသော ပုံရိပ်သုံးခု ရှိသည်။
ထိုအထဲမှ တစ်ဦးမှာ ယခင်က ကျွင်းရှောင်ယောက်ကို စောင့်ကြည့်လေ့လာခဲ့သော သတ္တမဓားပြ ဖြစ်ချေသည်။
ကျန်နှစ်ယောက်မှာတော့၊ တစ်ယောက်မှာ ဝံပုလွေမျက်နှာဖုံးတပ်ထားပြီး နောက်တစ်ဦးက သွေးနီရောင် ချပ်ဝတ်တန်ဆာအား ၀တ်ဆင်ထားသည်။
ထိုနှစ်ယောက်က လောဘဝံပုလွေဓားပြနှင့် တပ်မဟာဖျက်ဓားပြတို့ ဖြစ်သည်။
လောဘဝံပုလွေ၊ တပ်မဟာဖျက်၊ သတ္တမဓားပြနှင့် ကျူးရှန်းဓားပြ။
ယခုအခါ ဓားပြဆယ့်သုံးဦးအနက် လေးဦးတည်းသာ ကျန်တော့သည်။
"ရှေးဟောင်းလမ်းရဲ့အဆုံးနဲ့ မဝေးတော့ဘူး၊ ဒီတစ်ခါတော့ ဧကရာဇ်သင်္ချိုင်းကြယ်က ငါတို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ"
လောဘဝံပုလွေဓားပြက ပြောလိုက်သည်။
"ဟုတ်တယ်၊ ဒီအခွင့်ကောင်းကို လက်လွတ်ခဲ့ရင် အနာဂတ်မှာ ကျန်းစန်းယီနဲ့ ကျွင်းရှောင်ယောက်ကို ရင်ဆိုင်တဲ့အခါ အခက်အခဲကြုံလိမ့်မယ်"
တပ်မဟာဖျက်က ပြော၏။
"မင်း တကယ်ရိုက်ချင်တာ သေချာလား"
တစ်ဖက်မှ သတ္တမဓားပြက ထိုစကားများကို ကြားရသောအခါ အမူအရာ အနည်းငယ်ပြောင်းသွားသည်။
"ဘာဖြစ်လို့လဲ၊ ကျွင်းရှောင်ယောက်ရဲ့သတင်းကို စုံစမ်းရာကနေ ပြန်လာကတည်းက မင်း ဒီလိုမျိုး ဖြစ်သွားတာ"
လောဘဝံပုလွေဓားပြက မျက်မှောင်ကြုတ်လိုက်သည်။
ဓားပြဆယ့်သုံးယောက်သည် ယခင်က လွန်စွာကြမ်းတမ်းပြီး ပါရမီရှင်များစွာကို အမဲလိုက်သတ်ဖြတ်ခဲ့ကြသည်။
ယခုမူကား၊ သတ္တမဓားပြမှာ အမှန်တကယ်ပင် ကြောက်ရွံ့မှု အရိပ်အယောင်များ ရှိနေပြီ။
"ကျွင်းရှောင်ယောက်ရဲ့အစွမ်းကို မင်းမှ မျက်စိနဲ့ မမြင်ဖူးတာ။ ဒါကြောင့် သူ့ကို ကိုင်တွယ်ရလွယ်တယ်လို့ ထင်နေတာ"
သတ္တမဓားပြက ကြီးစွာသော ကြောက်ရွံ့မှုဖြင့် ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ ဒီတခေါက် ခေါင်းဆောင်လည်း လှုပ်ရှားလိမ့်မယ်"
"အရင်ဆုံး အားနည်းသူတွေနဲ့ စလိုက်ကြတာပေါ့။ ကျန်းမိသားစုရဲ့ ကျန်းလော့လီဆီကို အရင်သွားမယ်၊ ပြီးတော့ ကျန်းစန်းယီကို ဆွဲဆောင်ပြီး နောက်ဆုံးမှ ကျွင်းရှောင်ယောက်ကို ရင်ဆိုင်မယ်"
လောဘဝံပုလွေဓားပြက ပြောလိုက်သည်။
"ခေါင်းဆောင်ရောက်လာပြီဆို လုံခြုံမှာပါ။ ပြီးတော့ ကျွင်းရှောင်ယောက်ကို ကြီးပြင်းလာဖို့ ခွင့်မပြုရဘူး၊ မဟုတ်ရင် အင်မော်တယ်နယ်မြေကြီးက ငါတို့အတွက် ခြိမ်းခြောက်မှု အရမ်းကြီးသွားလိမ့်မယ်"
တပ်မဟာဖျက်က ပြောလိုက်သည်။
ဓားပြ ဆယ့်သုံးယောက်က တိုင်းတစ်ပါးမှ လာရောက်ခြင်း ဖြစ်သည်။
သို့ရာတွင်၊ ထိုအကြောင်းကို ကျွင်းရှောင်ယောက်မှလွဲ၍ အခြားမည်သူမျှ မသိခဲ့ပေ။
"ခေါင်းဆောင်လှုပ်ရှားပြီး ရှေးဟောင်းမြင့်မြတ်ခန္ဓာနဲ့ သန္တောစွမ်းအင်တာအိုသန္ဓေကို ဝါးမျိုလိုက်ရင် ဒီရှေးဟောင်းလမ်းမှာ ဘယ်သူမှ ငါတို့နဲ့ မယှဉ်နိုင်ဘူး"
လောဘဝံပုလွေဓားပြ၏ မျက်လုံးများက အလင်းရောင်တဖျတ်ဖျတ် တောက်ပလာခဲ့သည်။
နောက်ဆုံးတွင်၊ အင်မော်တယ်နယ်မြေကြီး၏ ရှေးဟောင်းလမ်းများကို ကမ္ဘာခြားမှလူများက လွှမ်းမိုးထားခြင်းမှာ...
တွေးကြည့်ရုံဖြင့် စိတ်လှုပ်ရှားစရာကောင်းလွန်းသည်။
လောဘဝံပုလွေဓားပြနှင့် တပ်မဟာဖျက်ကိုကြည့်ရင်း သတ္တမဓားပြက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
သူ့ရင်ထဲတွင် မကောင်းသောခံစားချက်များ အမြဲရှိနေခဲ့၏။
အထူးသဖြင့်၊ ကျွင်းရှောင်ယောက်၏ အင်အားကို မြင်ပြီးနောက်တွင် ဖြစ်သည်။
ထိုဖိနှိပ်မှု၏ ပြင်းထန်သော ခံစားချက်က ကျူးရှန်းဓားပြထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းကာ သူ့အား မခံနိုင် ဖြစ်စေခဲ့ပေသည်။
"အရာရာ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်"
သတ္တမဓားပြလည်း တီးတိုး ရေရွတ်လိုက်သည်။
...........
ကြယ်များကြားတွင် သင်္ဘောတစ်စင်း ရွက်လွှင့်နေသည်။
သင်္ဘောပေါ်တွင် အမျိုးသား၊ အမျိုးသမီး တစ်ဒါဇင်ကျော်ခန့် ရပ်နေကြ၏။ သူတို့အားလုံး၏ အရှိန်အဝါများက ထူးကဲသည်။
ဦးဆောင်လာသူက လုလင်တစ်ဦးနှင့် မိန်းမပျိုတစ်ဦး ဖြစ်သည်။
လုလင်က အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးဖြစ်ပြီး ချောမောသည်။
မိန်းကလေးကတော့ အပြာရောင် ၀တ်စုံကို ၀တ်ဆင်ထား၏။ သူမက အရပ်ရှည်ရှည်နှင့် သွယ်လျသော ခြေတံများရှိလေသည်။ သူမ၏ အသားအရည်ကလည်း ကျောက်စိမ်းကဲ့သို့ ကြည်လင်သည်။
ရှည်လျားသော ဆံနွယ်များကလည်း အပြာရောင်ဖြစ်၏။ ဆံနွယ်ရှည်များက ရေလှိုင်းများကဲ့သို့ တလိမ့်လိမ့်ဖြစ်နေလေသည်။
"ရွယ်မင်၊ အသိမပေးဘဲ ငါတို့ တိတ်တဆိတ် ထွက်လာခဲ့တာ တကယ်အဆင်ပြေရဲ့လား"
အပြာရောင်ဆံပင်နှင့် မိန်းကလေးက တုံ့ဆိုင်းဟန်ဖြင့် ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ၊ ဧကရာဇ်သင်္ချိုင်းကြယ်က ရှားရှားပါးပါး အခွင့်အရေးတစ်ခုပဲ။ နောက်ပြီး ငါတို့က အပြင်လောကနဲ့ ကင်းကွာတာကြောင့် ငါတို့နဲ့ ပဋိပက္ခဖြစ်တဲ့သူ မရှိဘူး။ ငါတို့အကြောင်းကို သိကြသူတွေတောင် မရှိပါဘူး"
လူငယ်က ပြုံးလိုက်သည်။
"ဒီလိုဆိုရင်တောင် ငါတို့ ကျွင်းမိသားစုက အဆုံးစွန်ရှေးဟောင်းလမ်းမှာ လူမသိသူမသိ တိတ်ဆိတ်နေတာမျိုးမဟုတ်ဘူး။ ဥပမာအားဖြင့်၊ အဆုံးစွန်ရှေးဟောင်းလမ်းကို ဖြတ်လျှောက်လာတဲ့ မိသားစုအစ်ကိုရှောင်ယောက်လိုမျိုး..."
အပြာရောင်ဝတ်စုံဝတ် မိန်းကလေးက ပြောလိုက်၏။
"မင်းဘာကိုဆိုလိုတာလဲ၊ ကျွင်းမိသားစုက ငါတို့နဲ့ ဘာမှမဆိုင်ဘူး၊ ငါတို့က လျှို့ဝှက်သွေးကြောပဲ။ ပြီးတော့ မင်း အဲဒီလူကို မိသားစုအစ်ကိုလို့ ခေါ်စရာမလိုဘူး"
ကျွင်းရွယ်မင်က မျက်မှောင်ကြုတ်လိုက်သည်။
စကားအသွားအလာကို နားထောင်ရလျှင်၊ သူတို့က ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောဖြစ်ကြောင်း ထင်ရှားသည်။
အပြာရောင် မိန်းကလေးက ကျွင်းလန်ရှီဟု ခေါ်ပေသည်။
"ဘာပဲဖြစ်ဖြစ်၊ ငါတို့ရဲ့သွေးကတော့ အမြဲတမ်းအတူတူပဲလေ။ နောက်ပြီး မိသားစုတူ အစ်ကိုရှောင်ယောက်က တကယ်ကို အစွမ်းထက်တယ်"
ကျွင်းလန်ရှီ၏ အပြာရောင်မျက်လုံးများက အနည်းငယ် တောက်ပလာသည်။
"ဟမ့်၊ သူ့ဘာသာ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... ငါ့အစ်ကိုက သူ့ထက် အားနည်းနေမှာ မဟုတ်ဘူး။ ငါတို့ လျှို့ဝှက်သွေးကြောတွေက အရမ်းနှိမ့်ချလို့သာ ကောင်းကောင်းသိသူ မရှိတာ"
ကျွင်းရွယ်မင်က ကျွင်းရှောင်ယောက်ကို အနည်းငယ် အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
ထိုစကားကိုကြားတော့ ကျွင်းလန်ရှီ နားလည်သွားသည်။
ကျွင်းရွယ်မင် အလေးစားဆုံးက သူ့အစ်ကိုကြီး ဖြစ်၏။
သူ့အစ်ကိုက ကျွင်းမိသားစု၏ နတ်ဘုရားသားတော်အဆင့်အတန်းနှင့် ထိုက်တန်သည်ဟုလည်း သူ အမြဲယုံကြည်ခဲ့သည်။
ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောထဲတွင် နတ်ဘုရားသားတော်ကဲ့သို့ အဆင့်အတန်းမျိုး မရှိပါ။
အကြောင်းမှာ လျှို့ဝှက်သွေးကြောက သီးခြား ကွဲထွက်သွားသောကြောင့် ဖြစ်သည်။
ကျွင်းရွယ်မင်ဟာ သူ့အစ်ကိုကြီးအတွက် အမြဲ လက်မခံနိုင် ဖြစ်ခဲ့ရပေသည်။
ကျွင်းလန်ရှီကတော့ သူနှင့် ငြင်းခုန်နေရန် စိတ်ကူးမရှိပါ။
ယခုအခါ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောတွင် အနှိုင်းမဲ့ ပါရမီရှင်နှစ်ယောက် ရှိသည်။
တစ်ယောက်က ကျွင်းရွယ်မင်ပြောသော သူ၏ အစ်ကိုအကြီးဆုံး ကျွင်းရင်ဟွမ် ဖြစ်၏။
နောက်တစ်ယောက်ကတော့ ကျွင်းချင်းရန်သည်ပင်။