အခန်း ၇၄၁
Vol. 50 Ch. 741
အခန်း ( ၇၄၁ ) ကျွင်းမိသားစု လျှို့ဝှက်သွေးကြောများ၏ ပုံစံ၊ ရှေးဦးဝိညာဉ်အဆင့်၊ ရှေးဦးဝိဉာဉ် တိုက်ခိုက်မှု နည်းလမ်း... ပြန်လည်ဝင်စားခြင်း ဘေးဒုက္ခ။
ကျွင်းရင်ဟွမ်နှင့် ကျွင်းချင်းရန်သည် ကျွင်းမိသားစု လျှို့ဝှက်သွေးကြော၏ ထိပ်တန်း ပါရမီရှင်နှစ်ဦး ဖြစ်သည်။ သူတို့၏ အစွမ်းသတ္တိကလည်း တကယ်ကို အထင်ကြီးစရာပင်။
ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောက အစဉ်အမြဲ နှိမ့်ချနေသောကြောင့်သာ ထိုပါရမီရှင်နှစ်ယောက်၏ ဂုဏ်သတင်းက မထင်ရှားခဲ့ခြင်း ဖြစ်သည်။
အဆုံးစွန်ရှေးဟောင်းလမ်းပေါ်၌ပင် သူတို့နာမည်ကို သိသူများစွာမရှိပေ။
သို့ရာတွင် အလွန်နည်းပါးသော ထိပ်တန်းပါရမီရှင်များကတော့ ထိုလူနှစ်ယောက်ကို သိကြသည်။
သို့သော်လည်း နှိုင်းယှဉ်ကြည့်လျှင် ကျွင်းမိသားစု၏ အဓိက မျိုးဆက်ဖြစ်သည့် ကျွင်းရှောင်ယောက်က ပို၍ ကျော်ကြားသည်။
ဧကရာဇ်လမ်းပေါ်ကို ခြေချလိုက်ကတည်းက ကျွင်းရှောင်ယောက်၏န နာမည်ဟာ လူမသိသူမသိ ဖြစ်မနေခဲ့ပေ။ အရှိန်အဝါကြီးစွာဖြင့် အဆုံးစွန် ရှေးဟောင်းလမ်းကို ဖြတ်သန်းသွားခဲ့သည်။
ဤလွှမ်းမိုးမှုမျိုးက ကျွင်းရင်ဟွမ်နှင့် တခြားသူများထက် သာလွန်ခဲ့ပေသည်။
ယခုအခါ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ လူငယ်များက တိတ်တဆိတ် နှစ်ဖွဲ့ကွဲသွားသည်။
တဖက်တွင် ကျွင်းရှောင်ယောက်ကို မနှစ်သက်သည့် အဖွဲ့ရှိသည်။
သူတို့က လျှို့ဝှက်သွေးကြောကို မူလသွေးကြောမှ အမြဲခွဲထုတ်သင့်သည်ဟု အမြဲယုံကြည်ခဲ့ပေသည်။
ကျွင်းရင်ဟွမ်နှင့် ကျွင်းချင်းရန်ကလည်း အဓိကသွေးမျိုးဆက်ဖြစ်သည့် ကျွင်းရှောင်ယောက်၊ ကျွင်းမိုရှောင်နှင့် ကျွင်းလုံခန်းတို့ထက် များစွာအားမနည်းဘူးဟု သူတို့ ခံစားမိခဲ့သည်။
အခြားတစ်ဖက်တွင်မူ အခြာအဖွဲ့မှလူများက ကျွင်းရှောင်ယောက်နှင့် အခြားသူများအပေါ်တွင် စူးစမ်းလိုစိတ်နှင့် လေးစားမှု အနည်းငယ် ရှိသည်။
မူလနှင့် လျှို့ဝှက်သွေးကြောက မည်သို့ပင်ရှိစေကာမူ၊ သူတို့အားလုံးက ကျွင်းမိသားစုဝင်များဖြစ်၍ ခွဲခြားခွဲခြားလုပ်ရန် မလိုအပ်ဟု ယုံကြည်ကြသည်။
ထို့ပြင် ကျွင်းရှောင်ယောက်၏ သန်မာမှုအတွက်လည်း ဂုဏ်ယူကြပေသည်။
ဆိုရလျှင် ကျွင်းရွယ်မင်က ကျွင်းရှောင်ယောက်ကို မနှစ်သက်သော အဖွဲ့မှ ဖြစ်သည်။
ကျွင်းလန်ရှီကတော့ ကျွင်းရှောင်ယောက်ကို ထောက်ပံ့သူများ အဖွဲ့မှပင်။
"ကောင်းပြီ၊ ငါတို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အချင်းများစရာ မလိုပါဘူး။ အခု သတိထားရမှာက ဧကရာဇ်သင်္ချိုင်းကြယ်ရဲ့ အခွင့်အရေးပဲ။ ဧကရာဇ်သင်္ချိုင်းကြယ်မှာ ငါတို့ ကျွင်းမိသားစုရဲ့ ဘိုးဘေးဘီဘင်တွေရဲ့ အမွေအနှစ်တွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ရှိတယ်"
ကျွင်းရွယ်မင်၏ မျက်လုံးများက တောက်ပလာကာ ပြောလိုက်သည်။
"ဝမ်းကွဲချင်းရန်က ရှေးဟောင်းလမ်းမှာ ပြိုင်ဆိုင်မှု အရမ်းပြင်းထန်ပြီး အန္တရာယ်များလွန်းတယ်လို့ ကြားတယ်။ ဒါကြောင့် သတိပေါ့နေလို့တော့ မဖြစ်ဘူး"
ကျွင်းလန်ရှီက မျက်မှောင်ကြုတ်ကာ အနည်းငယ်တုံ့ဆိုင်းနေဆဲပင်။
"ဒီအန္တရာယ်လေးကို မင်းကြောက်နေတာလား။ ငါတို့ လျှို့ဝှက်သွေးကြောရဲ့ ပါရမီရှင်တွေက မူလသွေးကြောထက် အားနည်းနေလို့လား"
ကျွင်းရွယ်မင်က ပြောလိုက်သည်။
"မှန်တယ်၊ ငါတို့လည်း အခွင့်အရေးရနိုင်တယ်"
အခြား ပါရမီရှင်တချို့ကလည်း သံယောင်လိုက်ပြီး ပြောလိုက်၏။
"ဟင်း၊ နင်ဆန္ဒရှိသလိုလုပ်ပါ။ အချိန်တန်ရင် နင်ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ချင်တယ်"
ကျွင်းလန်ရှီက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောက ကမ္ဘာနှင့် သီးခြားဖြစ်နေပြီး လျှို့ဝှက်သော့ချက်တစ်ခု ဖြစ်သည်။
တစ်နည်းအားဖြင့်၊ သူတို့က ဖန်လုံအိမ်အတွင်းမှ ပန်းများနှင့် မခြားပေ။
ကျွင်းရွယ်မင်နှင့် အခြားသူများက ဖန်လုံအိမ်အတွင်းရှိ ပန်းများသာဖြစ်ပြီး ဘာမျှ မကြုံဖူးကြပါ။
အဓိကသွေးမျိုးဆက်မှ ပါရမီရှင်များကဲ့သို့ စီကွမ်ဆယ်ဦး နေရာအတွက်လည်း ယှဉ်ပြိုင်စရာမလိုပေ။
ယင်းက မူလသွေးကြောနှင့် လျှို့ဝှက်သွေးကြောကြားမှ ကွာခြားချက်ဖြစ်သည်။
မူလသွေးကြောက အားမာန်အပြည့်ဖြင့် အထက်သို့တက်ရန် ဤကမ္ဘာလောကကြီးထဲတွင် ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်သည်။
တစ်ဖက်တွင်၊ လျှို့ဝှက်သွေးကြောက ထောင့်တစ်နေရာတွင် နေထိုင်ပြီး ကျေနပ်နိုင်ကြသည်။ သူတို့က အရည်အချင်းကိုထုတ်မပြဘဲ တိတ်တိတ်ဆိတ်ဆိတ် ဖွံ့ဖြိုးတိုးတက်သင့်သည်ဟု ယုံကြည်ကြပေသည်။
ဤသည်ကတော့ မူလသွေးကြောနှင့် လျှို့ဝှက်သွေးကြောကြားမှ အယူအဆ ကွာခြားချက် ဖြစ်သည်။
'မိသားစုတူ အစ်ကိုရှောင်ယောက်က ဒီအခြေအနေကို ပြောင်းလဲပြီး သွေးကြောနှစ်ခုကို တစ်သားတည်းဖြစ်အောင် လုပ်နိုင်ပါ့မလား ငါသိချင်မိတယ်'
ကျွင်းလန်ရှီလည်း သူ့ရင်ထဲမှ ရေရွတ်လိုက်လေသည်။
ထိုမြင်ကွင်းကို သူမ မြင်ချင်သည်။
လျှို့ဝှက်သွေးကြော ပြန်ပေါ်လာပြီး သွေးကြောနှစ်ခု ပေါင်းစုံပါက...
ကျွင်းမိသားစုက မည်မျှအားကောင်းလာမလဲဆိုတာ တွေးကြည့်ရန်ပင် မလွယ်ပေ။
..............
ဧကရာဇ်သင်္ချိုင်းကြယ်က မရေမတွက်နိုင်သော ပါရမီရှင်များကို ဆွဲဆောင်ခဲ့သည်။
ဧကရာဇ်သင်္ချိုင်းကြယ်တစ်ခုလုံးလည်း တက်ကြွလာလေသည်။
ပုံမှန်နေ့များတွင် တွေ့ရခဲသော ထိပ်တန်း ပါရမီရှင်များ အားလုံးက ယခုအခါ ဧကရာဇ်သင်္ချိုင်းကြယ်သို့ ဦးတည်လာနေပြီ ဖြစ်သည်။
သို့ရာတွင်၊ အခြားတစ်ဖက်မှာတော့ ကျွင်းရှောင်ယောက်က တိတ်တဆိတ် တံခါးပိတ်လေ့ကျင့်နေခဲ့သည်။
သူ့အတွက်တော့ ဤသို့သော အခွင့်အလမ်းများကို ရှာဖွေရန် အလျင်မလိုပါ။
တစ်ကြိမ်လျှင် ခြေတစ်လှမ်းဖြင့် တစ်လှမ်းချင်း လျှောက်လှမ်းသွားရုံသာ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း သုံးလကြာမြင့်သွားခဲ့ပြီ။
ရှေးဟောင်းကြယ်စက်ဝိုင်းတစ်ခုတွင် ဖြစ်သည်။
ထိုကြယ်ပေါ်တွင် ကျွင်းရှောင်ယောက်က တင်ပျဉ်ခွေထိုင်နေခဲ့၏။
ဤအခိုက်မှာပင် ရုတ်တရက် မျက်လုံးပွင့်လာတော့သည်။
အလွန်ကြီးမားသော ရှေးဦးဝိဉာဉ်စွမ်းအားက အရပ်ရပ်ကို ပျံ့နှံ့သွားခဲ့သည်။
ကြယ်တစ်ခုလုံးက သက်ရောက်မှုကို မခံနိုင်ဟန်ဖြင့် အက်ကွဲစပြုလာခဲ့၏။
ယင်းက နတ်ဘုရားစွမ်းအင်၏ တုန်လှုပ်မှုမဟုတ်ဘဲ ရှေးဦးဝိညာဉ်ကြောင့် တုန်လှုပ်ခြင်း ဖြစ်သည်။
ရှေးဦးဝိဉာဉ်တစ်ခုတည်း၏ စွမ်းအားကြောင့် ရှေးဟောင်း ကြယ်တစ်လုံး ကွဲကြေသွားရသည်။ ယင်းက မည်မျှကြောက်စရာကောင်းသနည်း။
ရှေးဦးဝိညာဉ်ဖြင့် ဤသို့ပြုလုပ်ရန်မှာ ရိုးရှင်းသောအရာ မဟုတ်ပေ။
ဤအခိုက်တွင်၊ ကျွင်းရှောင်ယောက်၏ စိတ်ထဲမှာ...
အတိတ်၏ မျိုးစေ့ကို သန့်စင်ပြီးသွားသည်။
တာအိုပန်းသုံးပွင့်ရှိသည်။
အလယ်မှ တာအိုပန်းပွင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်မှာ ပစ္စုန်ပ္ပန် ရှေးဦးဝိညာဉ် ဖြစ်သည်။
လက်ဝဲဘက်မှ ပန်းတစ်ပွင့်မှာတော့ အတိတ် ရှေးဦးဝိညာဉ်က အုံ့ဆိုင်းနေသော အလင်းရောင်မှ လူသားအသွင်သို့ တဖြည်းဖြည်း ပေါင်းစပ်လာခဲ့၏။
အဆုံးတွင်၊ ကျွင်းရှောင်ယောက် ပုံတူအသေးလေးတစ်ခုကဲ့သို့ တဖြည်းဖြည်း ပုံသဏ္ဍာန်ဖြစ်တည်လာတော့သည်။
ဤသည်မှာ အတိတ် ရှေးဦးဝိညာဉ် ဖြစ်သည်။
အတိတ် ရှေးဦးဝိဉာဉ် စုစည်းမှုနှင့်အတူ၊ ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်စွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
ကျွင်းရှောင်ယောက်၏ ရှေးဦးဝိဉာဉ်က အနှိုင်းမဲ့နတ်ဆင် စွမ်းအားကို ပထမဆုံး လေ့ကျင့်ခဲ့ကာ ရှေးဦးဝိဉာဉ်စွမ်းအားကို ဆယ်ဆတိုးလာစေခဲ့သည်။
ထို့နောက် ရှန်းကုကမ္ဘာ၏ အလိုတော်ကို တစ်ဖန် ဝါးမြိုသွားခဲ့ရ၏။
ယခုမူ ပစ္စုပ္ပန် ရှေးဦးဝိဉာဉ်နှင့် အတိတ် ရှေးဦးဝိညာဉ်တို့ကိုပါ ပေါင်းစည်းပြီးသွားပြီ ဖြစ်သည်။
ရှေးဦးဝိညာဉ် တစ်ခုတည်း၏ စွမ်းအားဖြင့်ပင်၊ ယခုအခါ ကျွင်းရှောင်ယောက်က တားမြစ်ပါရမီရှင် အများစုကို ဖယ်ရှားရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
"ငါ့ရဲ့ လက်ရှိ ရှေးဦးဝိညာဉ် စွမ်းအားက... တိုင်းတာကြည့်ရရင် အနန္တအဆင့်ကို ရောက်လုနီးနေပြီ မဟုတ်လား"
ကျွင်းရှောင်ယောက်က ခန့်မှန်းကြည့်လိုက်၏။
ရှေးဦးဝိဉာဉ်၏ စွမ်းအားမှာလည်း အဆင့်များ ရှိသည်။
ပုံမှန်အားဖြင့် ရှေးဦးဝိဉာဉ်သည် လေ့ကျင့်ရန် ခက်ခဲလွန်းသဖြင့် သာမန်လူများအဖို့ မြင့်မားသောအဆင့်အထိ လေ့ကျင့်ခြင်း မပြုနိုင်ကြပေ။
ထို့ကြောင့်ပင် ရှေးဦးဝိဉာဉ်အဆင့်ကို သိရှိကြသူ များစွာမရှိပါ။
ရှေးဦးဝိညာဉ်ကို အရည်အသွေးနှင့် သန်စွမ်းမှုအရ အဆင့် ရှစ်ဆင့် ခွဲထားသည်။
ယင်းက သာမန်အဆင့်၊ သာလွန်အဆင့်၊ ထူးကဲအဆင့်၊ အနန္တအဆင့်၊ ထာဝရသဲအဆင့်၊ လေကပ်ဘေးအဆင့်၊ အင်မော်တယ်အဆင့်၊ လွတ်မြောက်ခြင်း အဆင့်တို့ ဖြစ်ချေသည်။
ယေဘူယျအားဖြင့်၊ သူတော်စင်အဆင့်က သူတော်စင်အဆင့်သာ ဖြစ်သည်။
ရှေးဦးဝိညာဉ်ပိုင်းတွင် သာလွန်အဆင့်သို့ ရောက်ရှိလျှင်ပင် အလွန်ကောင်းနေပြီ။
ရှေးဦးဝိညာဉ်ပိုင်းတွင် ထိုအဆင့်သို့ ရောက်ရှိပါက အဆင့်တူ လူအများစုကို ချေမှုန်းပစ်နိုင်သည်။
ထူးကဲအဆင့်ကတော့ ပို၍ပင် ရှား၏။
ယေဘူယျအားဖြင့်၊ အဓိပဓိတစ်ပိုင်းနှင့် ထို့ထက် အဆင့်မြင့်သူများသာ သူတို့၏ ရှေးဦးဝိညာဉ်ကို ထူးကဲအဆင့်အထိ လေ့ကျင့်နိုင်မည် ဖြစ်သည်။
ကျွင်းရှောင်ယောက်ကတော့ ယခုထိ မဟာသူတော်စင်နယ်ပယ်၌သာ ရှိသေးသည်။
ထိုမတိုင်မီကပင် သူ၏ ရှေးဦးဝိညာဉ်စွမ်းအားက အလွန်အဆင့်မြင့်နေခဲ့သည်။
ယခုကဲ့သို့ လေ့ကျင့်မှုတချို့ ပြီးမြောက်ချိန်မှာတော့ အောင်မြင်မှုက အနန္တအဆင့်သို့ တိုက်ရိုက်ရောက်ရှိသွား၏။
အနန္တအဆင့်၏ သဘောတရားမှာ အဘယ်နည်း။
ရှေးဦးဝိဉာဉ်၏ စွမ်းအားက အနန္တဖြစ်ပြီး တိုင်းတာ၍မရဟု ဆိုလိုသည်။
သာမန် အဓိပဓိများအတွက်ပင် အနန္တအဆင့်သို့ ရောက်ရှိလိုပါက ခက်ခဲသည်ဟု ဆိုနိုင်သည်။
ကြီးမားသော အခွင့်အလမ်းမရှိခဲ့လျှင် သို့မဟုတ် ရှေးဦးဝိညာဥ်လမ်းစဉ်ကို အထူးမကျွမ်းကျင်ပါက ထိုမျှ အောင်မြင်ရန် မဖြစ်နိုင်ပေ။
'ငါသာ အနာဂတ် သက်မဲ့ဆုဒြာကို လေ့ကျင့်လိုက်ရင် ရှေးဦးဝိညာဉ်အဆင့်က ဒီထက်ပိုပြီး တိုးတက်လာမှာလား။ ထာဝရသဲအဆင့်ကို ရောက်ရှိနိုင်မလား'
ကျွင်းရှောင်ယောက်က သူ့ဘာသာသူ တွေးလိုက်သည်။
ထာဝရသဲအဆင့်တွင် ရှေးဦးဝိညာဉ်က ဂင်္ဂါမြစ်အတွင်းမှ သဲအရေအတွက်နှင့် ယှဉ်နိုင်သော၊ မရေမတွက်နိုင်သည့် အတွေးအမြင်များ ရှိနိုင်သည်။
အတွေးတစ်ခုတည်းဖြင့် အဆုံးမဲ့စကြာဝဠာကြီးကို ရှာဖွေနိုင်လိမ့်မည်။
နတ်ဘုရားသိုင်းအမျိုးမျိုးကို လေ့ကျင့်လျှင်လည်း အတွေးတစ်ခုဖြင့် အောင်မြင်နိုင်သည်။
အမှောင်ထဲမှ ချည်မျှင်တစ်ခုကိုပင် ယောင်ဝါးဝါး မြင်တွေ့နိုင်ပေသည်။
ဧကရာဇ်တစ်ပိုင်းအထက်မှ ပုဂ္ဂိုလ်ကြီးများက အဘယ်ကြောင့် ကံကြမ္မာတချို့ကို ကြိုတင်မြင်နိုင်သနည်း၊ ရှည်လျားသော အချိန်မြစ်ကြီးကို စူးစမ်းလေ့လာကာ ကမ္ဘာကြီး၏ အပြောင်းအလဲများကို ကောက်ချက်ချနိုင်ပါသနည်း။
ဤသည်မှာ သူတို့၏ ရှေးဦးဝိညာဉ်များက ထာဝရသဲအဆင့် သို့မဟုတ် အထက်အဆင့်သို့ ရောက်ရှိသွားသောကြောင့် ဖြစ်သည်။
ကျွင်းရှောင်ယောက်သာ သူ၏ အတွင်းစကြာဝဠာအတွင်းမှ အပြောင်းအလဲများကို တိကျစွာ ခန့်မှန်းလိုပါက ရှေးဦးဝိညာဉ်၏အကူအညီမှာ အဓိက လိုအပ်သည်။
ရှင်းရှင်းပြောရလျှင်၊ ရှေးဦးဝိဉာဉ်အဆင့် မြင့်မားလေလေ... လုပ်ဆောင်နိုင်စွမ်းများ ပို၍ များပြားလေလေပင်။
"ဟုတ်သားပဲ၊ မျိုးဆက်တစ်ရာပြန်ဝင်စားခြင်းရဲ့အကူအညီနဲ့ ငါနားလည်ထားတဲ့ ရှေးဦးဝိညာဉ် တိုက်ခိုက်ရေးနည်းလမ်းလည်း ရှိသေးတယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ဤတံခါးပိတ်ကျင့်ကြံမှုက လအတော်ကြာခဲ့သည်။ ဤအချိန်တွင်းတွင် အတိတ်၏မျိုးစေ့ကို သန့်စင်ပြီး အတိတ် ရှေးဦးဝိညာဉ်ကို ပေါင်းစည်းနိုင်ခဲ့သည့်အပြင်...
သူ့ကိုယ်ပိုင် သီးသန့်ဖြစ်သော ရှေးဦးဝိဉာဉ် တိုက်ခိုက်မှုနည်းလမ်းကိုလည်း နားလည်နိုင်ခဲ့သည်။
"ပြန်လည်ဝင်စားခြင်း ဘေးဒုက္ခ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် ရှေးဦးဝိညာဉ် စွမ်းအင်လှိုင်းများ ရုတ်တရက် ထွက်ပေါ်လာသည်။
ယောင်ဝါးဝါးဖြင့် မျိုးဆက်တစ်ရာ ပြန်လည်ဝင်စားခြင်းတို့ ပေါ်ပေါက်လာပုံရ၏။
မြင်ကွင်းအမျိုးမျိုးနှင့် ထောင်ပေါင်းများစွာသော ကံတရားတို့က ရောယှက်လာတော့သည်။
ရှေးဦးဝိညာဉ်စွမ်းအား အနည်းငယ်အားနည်းသည့် ရန်သူများသာ ပြန်လည်ဝင်စားခြင်း ဘေးဒုက္ခကို ကျရောက်ပါက၊ ပြန်လည်ဝင်စားခြင်း သံသရာထဲသို့ ထာဝရ ကျရောက်သွားနိုင်သည်။
ထိုအထဲတွင် ပိတ်မိသွားပြီးနောက် အသိစိတ်ပျောက်ကာ လမ်းလျှောက်နေသော အလောင်းကောင်သဖွယ် ဖြစ်ရပေလိမ့်မည်။
ယခုအခါ ပစ္စုပ္ပန်ရှေးဦးဝိညာဉ်က အရပ်ရပ်ကို အလင်းဆောင်ပြီး အရာခပ်သိမ်းကို နှိမ်နင်းနိုင်သော၊ မဟာနေမင်း သထ္ထကထာအား ကျွင်းရှောင်ယောက်ကို ပေးအပ်ခဲ့သည်။
အတိတ်ရှေးဦးဝိညာဉ်ကတော့ ကျွင်းရှောင်ယောက်ကို ပြန်လည်ဝင်စားခြင်း ဘေးဒုက္ခအား ပေးခဲ့၏။ အကြည့်တစ်ချက်ဖြင့် ရန်သူများကို ပြန်လည်ဝင်စားခြင်း ပုံရိပ်ယောင်များထဲသို့ ဆွဲသွင်းပြီး သေခြင်းရှင်ခြင်းကို ထိန်းချုပ်ထားနိုင်သည်။
"အခု အပြင်ထွက်ဖို့ အချိန်တန်ပြီ"
အတွေးတစ်ခုဖြင့် ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်စွမ်းအားက အားကောင်းသော မုန်တိုင်းတစ်ခုပမာ ပေါက်ကွဲထွက်လာခဲ့သည်။ ကြယ်တစ်ခုလုံးက တိုက်ရိုက် အက်ကွဲကာ ပြိုကျသွား၏။
အတွေးတစ်ခုဖြင့် ရှေးဟောင်းကြယ်တစ်ခု ပြိုကွဲသွားတော့သည်။