အခန်း ၇၄၄
Vol. 50 Ch. 744
အခန်း ( ၇၄၄ ) ယောက်ချီ ကျောင်းအုပ်ဆရာမ ယွီချင်းနင်၊ ပိုးမင်းသမီးနှင့် ယောင်ယွဲ့ခုန်း။
သေခြင်းရှင်ခြင်းတံခါးတွင် ပျောက်ကွယ်သွားသော ကျန်းလော့လီကိုကြည့်ရင်း ဓားပြသုံးယောက်စလုံး၏ မျက်နှာများ မကြည်မသာဖြစ်သွားသည်။
သူတို့၏ အစီအစဉ်များ ပျက်စီးသွားခဲ့ပြီ။
"ဒီကောင်မလေးက ဘာဖြစ်လို့ ဒီလောက်တောင် ခေါင်းမာရတာလဲ။ ဒါက ကောလဟာလတွေနဲ့ မတူဘူး"
တပ်မဟာဖျက်ဓားပြ၏ အမူအရာက မှုန်တေတေ ဖြစ်သွားသည်။
ဤဓားပြများသည် အမဲလိုက်ခြင်းမပြုမီ ၎င်းတို့ သားကောင်များ၏ အသေးစိတ်အချက်အလက်များကို အမြဲ စူးစမ်းလေ့လာသည်။
ထို့ကြောင့်ပင် ကျန်းလော့လီအကြောင်း အချက်အလက်အချို့ကို သဘာဝအတိုင်း သိကြ၏။
ကျန်းမိသားစု၏ ပုလဲရတနာလေးအနေဖြင့် ကျန်းလော့လီဟာ ငယ်စဉ်ကတည်းက တစ်မိသားစုလုံး၏ ဖူးဖူးမှုတ် အလိုလိုက်ခြင်း ခံခဲ့ရသည်။
သူမ၏ အခြေအနေက ဖန်လှောင်အိမ်ထဲမှ ပန်းကလေးများကဲ့သို့ မဟုတ်သော်လည်း များစွာ ကွာခြားမှု မရှိပေ။
ကျန်းစန်းယီနှင့် ကျွင်းရှောင်ယောက်ကလည်း သူမကို ဂရုစိုက်ပြီး အလိုလိုက်ခဲ့၍ ရိုးသားပြီး အပြစ်ကင်းစင်သည်။
ယုတ္တိဗေဒအရ သူတို့၏ ဝန်းရံမှုကို ရင်ဆိုင်ရလျှင်၊ ကျန်းလော့လီက မတိုက်ခိုက်ဘဲ သူမကိုလာကယ်တင်မည့် ကျန်းစန်းယီ သို့မဟုတ် ကျွင်းရှောင်ယောက်ကို စောင့်မျှော်နေသင့်သည်။
သို့ရာတွင်၊ ရလဒ်အနေဖြင့်...
ကျန်းလော့လီက သူမကိုဖမ်းပြီး ခြိမ်းခြောက်ခံခြင်းထက် အလွန်အန္တရာယ်များသော သေခြင်းရှင်ခြင်းတံခါးသို့ဝင်ရန် ရွေးချယ်သွားခဲ့သည်။
ယင်းက သူတို့ မျှော်မှန်းထားသည်ထက် အနည်းငယ် ကျော်လွန်သွားပေသည်။
"ငါတို့ဘာဆက်လုပ်ကြမလဲ"
သတ္တမ သတ်ဖြတ်ခြင်းဓားပြက ပြောလိုက်သည်။
သူ့နှလုံးသားထဲတွင် မရေရာသော ကြိုတင်သတိပေးချက်တစ်ခု ရှိ၏။
အခြေခံအားဖြင့် ကျန်းလော့လီသည် သေခြင်းရှင်ခြင်းတံခါးထဲသို့ ဝင်ရောက်သွားပြီဖြစ်၍ ကိစ္စပြတ်သွားပြီ ဖြစ်သည်။
ယင်းက ကျွင်းရှောင်ယောက်ကို အသေ စော်ကားလိုက်ခြင်းလည်း ဖြစ်၏။
ဤအကြောင်းကိုသိပါက ကျွင်းရှောင်ယောက် မည်သို့တုံ့ပြန်မလဲဆိုတာစိတ်ကူးကြည့်ရန် ခက်ခဲသည်။
"သေခြင်းရှင်ခြင်းတံခါးကို လိုက်ဝင်သွားဖို့ကတော့ မဖြစ်နိုင်ဘူး"
တပ်မဟာဖျက်ဓားပြက ခေါင်းကိုခါယမ်းလိုက်သည်။
သေခြင်းရှင်ခြင်းတံခါးကို ဝင်ရောက်ပါက ဆယ်ဦးတွင်တစ်ဦး ပြန်ထွက်လာရန် ခက်ခဲသည်။ ခေတ်အဆက်ဆက် အတွင်းမှ ပြန်ထွက်လာနိုင်သော ပါရမီရှင်များမှာ လက်ချိုးရေတွက်၍ ရပေသည်။
"ခေါင်းဆောင်ကို ဆက်သွယ်ပြီး သူ့ကိုပဲ ဆုံးဖြတ်ချက်ချရအောင်"
လောဘဝံပုလွေဓားပြက ပြောလိုက်သည်။
သူတို့သာ မူလက ကျန်းလော့လီကိုသုံးပြီး ကျန်းစန်းယီအား ဖိအားပေးရန် စီစဉ်ထားခဲ့သည်။
ယခုမူ၊ ကျန်းလော့လီက သေခြင်းရှင်ခြင်းတံခါးသို့ ဝင်ရောက်သွားသောကြောင့် အစီအစဉ်တစ်ခုလုံးကို သဘာဝအတိုင်း ဖျက်သိမ်းပစ်ရတော့မည်။
ထို့ကြောင့် ကျူးရှန်းဓားပြကို ဆက်သွယ်ရုံသာ ရှိသည်။
............
အခြားတစ်ဖက်တွင်...
ကျန်းစန်းယီက ကျန်းလော့လီကို ဓားပြများက ပစ်မှတ်ထားပြီး သေခြင်းရှင်ခြင်းတံခါးထဲသို့ ဝင်ရောက်ရန် အတင်းအကျပ် ဖိအားပေးခဲ့ပြီမှန်း မသိသေးပေ။
သူမက ရှေးဟောင်းနယ်မြေတစ်ခုတွင် ခရီးဆက်နေခဲ့သည်။
'ဆရာ၊ ရှင်ပြောတာ ဒီဒေသမှာလား'
ကျန်းစန်းယီက စိတ်ထဲမှ ပြောလိုက်သည်။
'ဟုတ်တယ်၊ ဒီအငွေ့အသက်တွေပဲ... ယောက်ချီမြင့်မြတ်တဲ့မြေရဲ့ ကျောင်းအုပ်ဆရာမတစ်ယောက်အနေနဲ့ ငါ အရမ်းရင်းနှီးတယ်"
လှပသော ကျောင်းအုပ်ဆရာမက ပြောလိုက်၏။
သူမ၏အမည်မှာ ယွီချင်းနင်ဖြစ်ပြီး ရှေးဟောင်း ယောက်ချီ မြင့်မြတ်သောမြေ၏ ကျောက်အုပ်ဆရာမလည်း ဖြစ်သည်။
"အနောက်တိုင်းမယ်တော်ဘုရင်မက ငါ့ ယောက်ချီမြင့်မြတ်တဲ့မြေရဲ့ တည်ထောင်သူလေ။ သူကလည်း သန္တောစွမ်းအင် တာအိုသန္ဓေ ပိုင်ရှင်တစ်ယောက်ပဲ။ ဒါတင်မကဘဲ သူ့ရဲ့ သန္တောစွမ်းအင် တာအိုသန္ဓေကို အမြင့်ဆုံးအဆင့်အဖြစ် ပြောင်းလဲပြီး ဝင်ပေါက် ဆယ့်နှစ်ခု အင်မော်တယ်နှလုံးသားကို လေ့ကျင့်ခဲ့တယ်"
"ဝင်ပေါက် ဆယ့်နှစ်ခု အင်မော်တယ် နှလုံးသား..."
ကျန်းစန်းယီ ရေရွတ်လိုက်၏။
ဝင်ပေါက်ခုနစ်ခု နှလုံးသားက သူတော်စင်နှလုံးသား ဖြစ်သည်။
သန္တောစွမ်းအင်တာအိုသန္ဓေ အသွင်ပြောင်းလဲပါက တာအိုကို သက်သေပြပြီး ဧကရာဇ်ဖြစ်လာခြင်း၏ နှလုံးသားဖြစ်သည့် ဝင်ပေါက် ကိုးခု တာအိုနှလုံးသားကို မွေးဖွားပေးနိုင်သည်။
အမြင့်ဆုံးကတော့ ဝင်ပေါက်ဆယ့်နှစ်ခု အင်မော်တယ်နှလုံးသားသည်ပင်။
ဝင်ပေါက်ဆယ့်နှစ်ခု အင်မော်တယ်နှလုံးသားကို လေ့ကျင့်နိုင်ပါက အင်မော်တယ်ဖြစ်လာရန် အရည်အချင်း အရိပ်အမြွက်ရှိသည်။
ယင်းက အရိပ်အမြွက်ဖြစ်လျှင်ပင် အထင်မသေးသင့်ပေ။
ကြောက်စရာအကောင်းဆုံးသော မဟာဧကရာဇ်များပင်လျှင် အင်မော်တယ်ဖြစ်လာစေနိုင်သော အခွင့်အလမ်းအနည်းငယ်အတွက် ထာဝရအစီအစဥ်များ ချမှတ်ရန် အလိုရှိကြောင်း သိရှိထားရမည် ဖြစ်သည်။
"စန်းယီ၊ ဒီတစ်ခေါက် အနောက်တိုင်း မယ်တော်ဘုရင်မရဲ့ အမွေကို ရနိုင်မယ်ဆိုရင် ဝင်ပေါက်ဆယ်နှစ်ခု အင်မော်တယ်နှလုံးသားကို မလေ့ကျင့်နိုင်ရင်တောင်... အနည်းဆုံးတော့ ဝင်ပေါက်ကိုးခု တာအိုနှလုံးသားကို လေ့ကျင့်နိုင်လိမ့်မယ်"
ယွီချင်းနင်က ပြောလိုက်သည်။
"စန်းယီက အမွေဆက်ခံနိုင်မှာပါ"
ကျန်းစန်းယီ၏ မျက်လုံးများက ဆုံးဖြတ်ချက်တို့ဖြင့် တောက်ပလာခဲ့သည်။
ကျွင်းရှောင်ယောက်၏ အရည်အချင်းက ဘယ်လောက်ထိ ကြောက်စရာကောင်းမှန်း သူမ အတိအကျ သိပေသည်။
ကျွင်းရှောင်ယောက်နှင့် ပခုံးချင်းယှဉ် ရပ်တည်ရန်ကို မဆိုထားနှင့်၊ သူ့ခြေရာကို နင်းလိုက်ရန်ပင် ခက်ခဲသည်။
ထို့ကြောင့် ကျန်းစန်းယီဟာ ပိုမိုအားကောင်းလာမည့် ဖြစ်နိုင်ခြေတိုင်းကို လက်လွှတ်မခံလိုပေ။
ရှေ့တွင် ပျက်စီးနေသော ရှေးဟောင်းနန်းတော်တစ်ခု ရှိသည်။
ကျန်းစန်းယီ ဝင်ရောက်သွား၏။
နန်းတော်ထဲကို ဝင်လိုက်သည်နှင့်တပြိုင်နက်၊ ရှေးခေတ်မှ ယောက်ချီမြင့်မြတ်မြေကို ပြန်ရောက်သွားပုံရသည်။
သစ်ပင်ပန်းမန်များနှင့် ဝေဆာပြီး နတ်သားရဲများလည်း ခုန်ပေါက်နေလေသည်။
သူမက ရှေးဦး ယောက်ချီမြင့်မြတ်မြေ၏ အချမ်းသာဆုံးကာလကို ပြန်လည်ရောက်ရှိသွားခဲ့သလိုပင် ဖြစ်သည်။
'စန်းယီ၊ စာမေးပွဲစပြီ။ မင်းအောင်မြင်ရင် မင်းအတွက် အကြီးမားဆုံးအခွင့်အရေးတစ်ခုကို ရလိမ့်မယ်'
ယွီချင်းနင်၏အသံက ကျန်းစန်းယီ၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။
သို့သော်လည်း ယွီချင်းနင်သည် ဤစမ်းသပ်မှုက ကျန်းစန်းယီအတွက် သိပ်မခက်ခဲဟု ယုံကြည်သည်။
ကျန်းစန်းယီသည် သူမမြင်ဖူးသမျှတွင် အရည်အချင်းအရှိဆုံး မျိုးဆက်သစ်များထဲမှ တစ်ဦးဖြစ်၏။ မဟုတ်ပါက သူမကို တပည့်အဖြစ် ရွေးချယ်ခဲ့မည် မဟုတ်ပေ။
ထို့ထက် ပို၍အရေးကြီးသည်မှာ သူမက ယောက်ချီမြင့်မြတ်မြေ၏ ကျောင်းအုပ်ဆရာမ ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ကျန်းစန်းယီအတွက် စမ်းသပ်မှု မအောင်မြင်ခင် အချိန်တစ်ခုသာ လိုလိမ့်မည်။
ကျန်းစန်းယီက စမ်းသပ်မှု ခံယူစဉ်လေးမှာပင်...
ဤရှေးဟောင်း မြင့်မြတ်မြေနှင့် မနီးမဝေးမှ လေထဲတွင် ပုံရိပ်နှစ်ခု ဖြတ်သန်းသွားခဲ့သည်။
တစ်ဦးက တိမ်စိုင်များပမာ ဆံနွယ်များရှိသော မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူမ၏ အသားအရေက ကြည်လင်ပြီး ခန္ဓာကိုယ်တဝိုက်မှာတော့ အလင်းရောင်ကိုးခု တောက်ပနေလေသည်။
သူမ၏ ဦးခေါင်းအနောက်မှာလည်း ကိုးရောင်ခြယ် နတ်အလင်းစက်ဝိုင်းတစ်ခု ရှိသည်။ တာအိုနိယာမများကလည်း ဝန်းရံနေသေး၍ နတ်သမီးတစ်ပါးအလား ထင်မှတ်ရပေသည်။
တစ်ယောက်ယောက်သာ ဤမိန်းကလေးကို မြင်တွေ့ပါက အံ့သြသွားရမည် ဖြစ်သည်။
သူမက ကောင်းကင်ပိုးတောင်ကြားရှိ အသွင်ပြောင်းခြင်းကိုးခု နတ်ပိုးကောင်ဟု နာမည်ကျော်ကြားသော ကောင်းကင်ပိုးမင်းသမီးမှတစ်ပါး အခြားသူမဟုတ်ပေ။
သူမ၏ ဦးခေါင်းအနောက်ဘက်မှ ကိုးရောင်ခြယ် နတ်စက်ဝိုင်းက အသွင်ကူးပြောင်းမှု ကိုးခု၏ သင်္ကေတ ဖြစ်သည်။
သူမ၏ နံဘေးမှ အခြားသူကတော့ ချောမောသော ယောက်ျားတစ်ယောက်ပင်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ တုနှိုင်းမရသော နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ နတ်ဆိုးအရှိန်အဝါများ ထွက်ပေါ်လျက် ရှိသည်။
ထိုသူသည်ကား၊ ကောင်းကင်နတ်ဆိုး ရှေးနန်းတော်မှ တားမြစ်ပါရမီရှင် ယောင်ယွဲ့ခုန်းပင်။
ကောင်းကင်နတ်ဆိုး ရှေးနန်းတော်က နတ်ဆိုးမျိုးနွယ်၏ ကျော်ကြားသော အင်မော်တယ်အင်အားစုတစ်ခု ဖြစ်သည်။
ယောင်ယွဲ့ခုန်းက ပိုးမင်းသမီးကို သဘောကျနေလေသည်။ ထို့ကြောင့်ပင်၊ ယခုတစ်ကြိမ်တွင် ပိုးမင်းသမီးနှင့် အခွင့်အလမ်းများ အတူတူရှာဖွေရအောင် အစပြု၍ တောင်းဆိုခဲ့သည်။
အစပိုင်းတွင် ပိုးမင်းသမီးက ငြင်းဆိုခဲ့ပြီး ယောင်ယွဲခုန်းအား လုံးဝ ဂရုမစိုက်ခဲ့ပေ။
သို့ရာတွင်၊ ယောင်ယွဲ့ခုန်းက ဇွဲကောင်းလွန်းသည်။
ပိုးမင်းသမီးလည်း သက်ရှိကိရိယာတစ်ခု ရှိထားခြင်းက အမှားမရှိဟု ခံစားမိလာပြီး သူ့ကို သဘောတူခဲ့တော့သည်။
"ယောက်ချီမြင့်မြတ်မြေရဲ့ အပျက်အယွင်းက ဒီရှေးဟောင်းမြေမှာ ရှိသင့်တယ်"
ပိုးမင်းသမီးက ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
ကောင်းကင်ပိုးတောင်ကြား၏ အသွင်ပြောင်းခြင်းကိုးခု နတ်ပိုးကောင်အနေဖြင့် ပိုးမင်းသမီး၏ အရည်အချင်းက သံသယဖြစ်ဖွယ်မရှိပါ။
သူမက ဤရှေးဟောင်းလမ်းပေါ်ရှိ ကြောက်စရာအကောင်းဆုံး တည်ရှိမှုများထဲမှ တစ်ဦးဖြစ်သည်ဟုပင် ဆိုနိုင်သည်။
ယခုတစ်ကြိမ်တွင် သူမ၏ ရည်မှန်းချက်က ယောက်ချီမြင့်မြတ်မြေမှ အမွေဆက်ခံနိုင်ရန်ပင်။
ဒဏ္ဍာရီလာ ယောက်ချီအင်မော်တယ်ကျမ်းကို ရယူနိုင်ပါက ပိုကောင်းသည်။
အကယ်၍၊ အနောက်တိုင်း မယ်တော်ဘုရင်မနှင့်ပတ်သက်သည့် သဲလွန်စအချို့ကို တွေ့ရှိနိုင်လျှင်၊ ပို၍ ကောင်းမွန်လွန်းသော ရိတ်သိမ်းမှုတစ်ခု ဖြစ်လိမ့်မည်။ ယင်းက သူမအတွက် များစွာသော အထောက်အကူ ဖြစ်နိုင်သည်။
"စိတ်မပူပါနဲ့၊ မင်း ယောက်ချီအမွေကို ရရှိဖို့ သေချာပေါက် ငါ ကူညီပေးမှာပါ"
ယောင်ယွဲ့ခုန်း၏ မျက်လုံးများက ချစ်မြတ်နိုးမှုတို့ ပြည့်နေခဲ့လေသည်။
လှပသော မိန်းကလေးများက ဆွဲဆောင်မှုရှိသည်။
လှပပြီး အစွမ်းထက်သည့် မိန်းကလေးများက ပို၍ ဆွဲဆောင်မှုရှိ၏။
သူက ကောင်းကင်နတ်ဆိုး ရှေးနန်းတော်၏ ဆက်ခံသူဖြစ်သော်လည်း ပိုးမင်းသမီးကိုလိုက်ခြင်းမှာ လွယ်ကူသောအလုပ် မဟုတ်ပေ။
"အင်း... ဒါဆိုရင် ကျေးဇူးအများကြီးတင်ပါတယ်"
ပိုးမင်းသမီးက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
"စကားမစပ်၊ မင်းရဲ့ ကောင်းကင်ပိုးတောင်ကြားက ယွမ်စန်းတောက်ဇီနဲ့ ပြောင်းလဲခြင်းရှစ်ခု နတ်ပိုးကောင်တို့ တစ်ယောက်ပြီးတစ်ယောက် ကျသွားခဲ့တယ်နော်။ တစ်ယောက်ယောက်က သူတို့ကို တိတ်တဆိတ် ပစ်မှတ်ထားနေတာများ ဖြစ်နိုင်မလား"
ယောင်ယွဲ့ခုန်းက မေးသည်။
ထိုစကားကိုကြားတော့ ပိုးမင်းသမီး၏မျက်နှာက အနည်းငယ် အေးစက်သွား၏။
မကြာသေးမီက ကောင်းကင်ပိုးတောင်ကြားသည် စွမ်းဆောင်ရည် သိပ်မကောင်းပေ။
"ပြောင်းလဲသွားမှုရှစ်ခု နတ်ပိုးကောင်က ဟေးယွမ်ချောက်ကို စူးစမ်းရင်း ကျဆုံးသွားခဲ့တာ။ ယွမ်စန်းတောက်ဇီကတော့..."
ပိုးမင်းသမီးက ခေတ္တရပ်လိုက်သည်။
ယောင်ယွဲ့ခုန်း၏ မျက်နှာမှာလည်း အနည်းငယ် လေးနက်သွားသည်။
အကြောင်းပြချက်က လွန်စွာ ရိုးရှင်း၏။
ယွမ်စန်းတောက်ဇီ၏ သေဆုံးမှုက ကျွင်းရှောင်ယောက်နှင့် ပတ်သက်သည်။
ကျွင်းရှောင်ယောက်က မည်သူနည်း။
ရှေးဟောင်းလမ်းတွင် ဤအမည်ကို ဖော်ပြလိုက်တိုင်း လေးစားမှုနှင့် လေးနက်မှုတို့ကို ခံစားရမည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
ယောင်ယွဲ့ခုန်းကဲ့သို့ သန်မာသူတစ်ဦးပင်လျှင် ထိုသူမျိုးကို လွန်စွာ သတိထားရသေးသည်။