← Chapters

အခန်း ၇၄၅

Vol. 50 Ch. 745

အခန်း ၇၄၅

Vol. 50 Ch. 745

အခန်း ( ၇၄၅ ) ကျူးရှန်းဓားပြ ထွက်ပေါ်လာခြင်း၊ လွမ်ကုဧကရာဇ်အဆောင်၏ လှုပ်ရှားမှု။

"ယွမ်စန်းတောက်ဇီက မိုက်မဲလွန်းပါတယ်။ သူက အခြေအနေတွေကို ဘယ်လိုကိုင်တွယ်ရမှန်း မသိဘူး"

ပိုးမင်းသမီး သက်ပြင်းချလိုက်သည်။

အကယ်၍ သူမသာ ထိုအချိန်တွင် ရှိနေခဲ့ပါက ယွမ်စန်းတောက်ဇီ သေမည်မဟုတ်ပေ။

ပိုးမင်းသမီးက ကျွင်းရှောင်ယောက်ကို ရင်ဆိုင်ရလျှင် အလွယ် အနိုင်မရမှန်း သိသော်လည်း၊ အေးအေးဆေးဆေး ရင်ဆိုင်နိုင်မည်ဟု ယုံကြည်သည်။

"ဒါက ယွမ်စန်းတောက်ဇီရဲ့ အပြစ်လို့လည်း မဆိုသာပါဘူးလေ၊ အဓိက အကြောင်းအရင်းကတော့ ကျွင်းရှောင်ယောက်က မာနကြီးပြီး ရက်စက်လွန်းလို့ပဲ"

ယောင်ယွဲ့ခုန်းက ပြောလိုက်သည်။

သူသည် ပိုးမင်းသမီးကို ချစ်နေသောကြောင့် သဘာဝအတိုင်း သူမဘက်တွင် ရပ်တည်ခဲ့သည်။

"ကျွင်းရှောင်ယောက်ကို အာရုံစိုက်မနေပါနဲ့။ သူက တကယ်ကို အစွမ်းထက်ပေမဲ့ ငါ့အတွက် ဆိုးရွားတဲ့ ခြိမ်းခြောက်မှုမျိုး မဖြစ်နိုင်ဘူး"

ပိုးမင်းသမီး၏ သူမ၏ ဆံနွယ်ရှည်များကို လက်နှင့် တစ်ချက်သပ်ပြီး ပြောလိုက်သည်။

ကောင်းကင်ပိုးတောင်ကြား၏ ရှားရှားပါးပါး အသွင်ပြောင်းမှုနတ်ပိုးကောင်အနေဖြင့် ပိုးမင်းသမီးက ကျွင်းရှောင်ယောက်ကို ရင်ဆိုင်ရန် ယုံကြည်မှုရှိပေသည်။

"စိတ်ချပါ၊ ဘာပဲဖြစ်ဖြစ် အချိန်ကျရင် မင်းရဲ့ဘေးမှာ ငါရပ်တည်မယ်"

ယောင်ယွဲ့ခုန်းက ဖြူဖွေးသော သွားများပေါ်သည်အထိ ပြုံးပြလိုက်သည်။

ထိုစကားကိုတော့ ပိုးမင်းသမီးက ဘာမျှ မှတ်ချက်မပေးပါ။

ယောင်ယွဲ့ခုန်းက ကောင်းကင်နတ်ဆိုး ရှေးနန်းတော်မှ ဆင်းသက်လာသော တားမြစ်ပါရမီရှင်ဖြစ်သော်လည်း ကျွင်းရှောင်ယောက်အတွက် မလုံလောက်သေးပေ။

ပိုးမင်းသမီး၏ မျက်လုံးများမှ နှိမ့်ချမှုကို မြင်လိုက်ရတော့ ယောင်ယွဲ့ခုန်း၏အပြုံးက အနည်းငယ် မှိန်ဖျော့သွားသည်။

နောက်ဆုံးတွင် သူက ကောင်းကင်နတ်ဆိုး ရှေးနန်းတော်မှ တားမြစ်ပါရမီရှင်တစ်ဦး ဖြစ်၏။ သူမက သူ၏ဂုဏ်သိက္ခာကို ဂရုမစိုက်တာလား။

'ကျွင်းရှောင်ယောက်၊ ငါမင်းနဲ့တွေ့ဖို့ စောင့်နေတယ်...'

ယောင်ယွဲ့ခုန်းက သူ့စိတ်ထဲမှ ကြိတ်ပြောလိုက်သည်။

သူနှင့် ပိုးမင်းသမီးတို့လည်း ယောင်ချီမြင့်မြတ်မြေ၏ အပျက်အယွင်းများဆီသို့ ဆက်လာခဲ့တော့သည်။

............

အခြားတစ်ဖက်တွင်၊ လျှို့ဝှက် ရှေးဟောင်းဂူတစ်ခုမှာ....

လူရိပ်သုံးခု ပေါ်လာခဲ့ကြသည်။ ထိုသုံးဦးကတော့ လောဘဝံပုလွေတို့မှတပါး အခြားမဟုတ်ချေ။

မကြာမီ ရှေးဟောင်း လှိုဏ်ဂူအဆုံးသို့ သူတို့ ရောက်လာခဲ့ကြသည်။

ထိုနေရာတွင် လေထဲ၌ စွမ်းအင်လှိုင်းများ ဆူပွက်နေသည်။

စွမ်းအင် အမျိုးမျိုး ရောထွေးနေ၏။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက လေထဲသို့ ပျံ့နှံ့သွားလေသည်။

သုံးယောက်သား အရှိန်အဝါကို ထိန်းကာ ဝင်လိုက်ကြသည်။

ရှေးဟောင်းဂူ၏ အနက်ရှိုင်းဆုံးနေရာတွင် သွေးအိုင်တစ်ခု ရှိနေသည်။

ဤသွေးအိုင်သည် အရောင်အသွေးစုံလင်ပြီး အဖိုးတန်သွေးမျိုးစုံနှင့် ရှားပါးသွေးများ ရောနှောနေခဲ့၏။

ထို့အပြင် လက်မောင်း၊ မျက်လုံး၊ အရိုး အကျိုးအပဲ့များ စသည်တို့လည်း ရှိသေးသည်။

မျက်လုံးများထဲမှ တစ်ခုက အလွန်နက်မှောင်သည်။ ထိုမျက်လုံး၏ သူငယ်အိမ်တွင်းမှာလည်း နက်နဲသော ကမ္ပည်းအက္ခရာများ ရှိ‌၏။

ယင်းက ကောင်းကင်ငရဲ နတ်ဆိုးမျက်လုံး ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတစ်ဦးကို ငရဲပြည်သို့ ဆွဲခေါ်သွားနိုင်ပုံရပေသည်။

စွမ်းရည်တစ်မျိုး စီးဆင်းနေသော ရောင်စုံအရောင်အဆင်းရှိသည့် အရိုးတစ်မျိုးလည်း ရှိသေးသည်။

ဤအရိုးက ဓာတ်ကြီးငါးပါး အရိုး ဖြစ်သည်။ ယင်းက အနှိုင်းမဲ့အရိုးနှင့် ဝေးကွာသော်လည်း တာအိုခန္ဓာသုံးထောင်အနက် ထိပ်တန်း တာအိုခန္ဓာရာချီအတွင်း စာရင်းဝင်သော တာအိုခန္ဓာတစ်ခုအဖြစ် ရှိဆဲပင်။

ထိုခန္ဓာရှင်က ဓာတ်ကြီးငါးပါး၏ အစွမ်းကို အလွယ်တကူ ထိန်းချုပ်နိုင်သည်။

ဤသွေးအိုင်အတွင်း၌ မည်သည့်သွေးမျှင် သို့မဟုတ် အရိုးအပိုင်းအစကိုဖြစ်စေ ရတနာတစ်ပါးဟု ခေါ်ဆိုနိုင်သည်။

သာမန်ပါရမီရှင်တစ်ဦးသာ ထိုအထဲမှတစ်ခုကို ရရှိပါက အခွင့်ကောင်းတစ်ခု ဖြစ်မည်မှာ သေချာသည်။

သို့ရာတွင်၊ ယခုအချိန်မှာတော့ တာအိုခန္ဓာများနှင့် သွေးများက ရေကန်တစ်ခုထဲ၌ စုဝေးနေပေပြီ။

ရေကန်၏ အလယ်ဗဟိုမှာတော့ တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်တစ်ခု ရှိနေသည်။

ညသန်းခေါင်ယံကဲ့သို့ နက်မှောင်သော အနက်ရောင် ပိုးသားဝတ်စုံဖြင့် သွယ်လျသော မိန်းကလေးပုံရိပ်တစ်ခု ဖြစ်၏။

သွယ်လျသော ကြာရိုး လက်မောင်းများနှင့် ဖြူဖွေးသော ခြေသလုံးတို့ရှိသည်။ အလွန်နုနယ်သော အသားအရေကလည်း ဖောက်ထွေးမြင်ရမတတ် ဖြူဖွေးကြည်လင်‌နေကာ သွေးအနည်းငယ်မျှပင် ရှိပုံမရပေ။

ပိတ်ပါးစတချိုဖြင့် သူမ၏ လက်များနှင့် ပေါင်များကို ရစ်ပတ်ထားသည်။

အနက်ရောင် ပိုးကြိုးကဲ့သို့ ဆံပင်ရှည်များကို ပခုံးပေါ်တွင် ရေတံခွန်ကဲ့သို့ ဖြန့်ချထား၍ သွေးကန်ထဲသို့ ကျရောက်နေသည်။

သူမ၏ ငန်းလည်တိုင်အောက်မှ လိပ်ပြာအတောင်များကဲ့သို့ နူးညံ့သိမ်မွေ့သောညှပ်ရိုးကိုလည်း တွေ့မြင်နိုင်သေးသည်။

ထိုညှပ်ရိုးပေါ်မှာတော့ ကြက်သွေးရောင် ပြန်လည်ရှင်သန်ခြင်း လီလီပန်းသဏ္ဍာန် ရေးထိုးထားသည်။

မိန်းကလေး၏ ဖြူဆွတ်နေသော အ‌ရေပြားပေါ်တွင် ထိုပြန်လည်ရှင်သန်ခြင်း လီလီပန်းကို ရေးထိုးထားခြင်းက အလွန် ဆွဲဆောင်မှုရှိလေသည်။

သူမ၏ မျက်နှာကိုတော့ ရှုံ့မဲ့နေသော သရဲမျက်နှာဖုံးဖြင့် ဖုံးကွယ်ထားသည်။

သရဲမျက်နှာဖုံးက ငိုနေပုံရသော်လည်း မငိုပေ။ ပြုံးနေသော်လည်း ပြုံးမနေဘဲ ကမ္ဘာကြီးကို လှောင်ပြောင်နေသလို ဖြစ်သည်။ တချိန်တည်းမှာပင် မိမိကိုယ်ကိုယ် အပြစ်ဆိုနေပုံရလေသည်။

"ခေါင်းဆောင်"

လောဘဝံပုလွေတို့သုံး‌ယောက်က မိန်းကလေးကို ဦးညွတ်လိုက်သည်။

ဤမိန်းကလေးက ဓားပြသုံးယောက်၏ ခေါင်းဆောင်ဖြစ်သော ကျူးရှန်းဓားပြ ဖြစ်ချေသည်။

နာမည်ဆိုးဖြင့်ကျော်ကြားသော ဓားပြဆယ့်သုံးပါး၏ ခေါင်းဆောင်က တကယ်တမ်းတွင် သရဲမျက်နှာဖုံးကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးဖြစ်မည်ဟု လူအများ မှန်းဆမိမည်မဟုတ်သည်ကို ကြောက်ရသည်။

"တစ်ခုခု လွှဲမှားသွားတာလား"

မိန်းကလေးက ဖြည်းညှင်းစွာပင် ပြောလိုက်သည်။ သို့ရာတွင်၊ သူမ၏အသံက နှင်းစက်ကဲ့သို့ အေးစက်သည်။

လောဘဝံပုလွေဓားပြနှင့် ကျန်သူများလည်း နှလုံးသားများ တင်းကျပ်လာပြီး အသက်ရှုရပ်မတတ် ဖြစ်၏။

ပါရမီရှင်များစွာ ကြောက်ရွံ့ရသော လောဘဝံပုလွေဓားပြနှင့် ကျန်နှစ်ဦးက ဤသို့‌သော အမူအရာမျိုးကို ပြသလာရန်မှာ စိတ်ကူးကြည့်ရန် ခဲယဉ်းသည်။

"ခေါင်းဆောင်ကို ပြန်ကြားပါတယ်၊ ကျန်းလော့လီက သေခြင်းရှင်ခြင်းတံခါးကို ဝင်ရောက်သွားတဲ့အထိ ခေါင်းမာမယ်လို့ မထင်ခဲ့မိဘူး။ မဟုတ်ရင် ငါတို့ သူ့ကို အရှင်လက်ရ ဖမ်းဆီးနိုင်မှာပါ"

တပ်မဟာဖျက်ဓားပြက လက်ယှက်ပြီး ပြောလိုက်သည်။

ကျူးရှန်းဓားပြက ဘာမျှပြန်မပြောပေ။

ဂူကြီးတစ်ခုလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားခဲ့သည်။

ထိုအခြေအနေကြောင့်၊ လောဘဝံပုလွေဓားပြတို့သုံးယောက်၏ ကျောပြင်မှ ချွေးများစီးကျလာကာ အဝတ်များပင် ရွှဲရွှဲစိုလာတော့သည်။

သူတို့အားလုံးက အစွမ်းထက်သော ကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း ယခုအချိန်တွင် လွန်စွာ ထိတ်လန့်ကြောက်ရွံ့နေကြပြီ ဖြစ်သည်။

အချိန်အတော်ကြာပြီးမှ ကျူးရှန်းဓားပြက ပြောလိုက်သည်။

"သွားပါ၊ ဧကရာဇ်သင်္ချိုင်းကြယ်က လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး ကျန်းစန်းယီနဲ့ ကျွင်းရှောင်ယောက်တို့ကို အာရုံစိုက်ထားကြ"

"ကောင်းပါပြီ ခေါင်းဆောင်၊ ဒါဆိုရင် နောက်အစီအစဉ်တစ်ခုကို..."

လောဘဝံပုလွေဓားပြက မဝံ့မရဲ မေးလိုက်သည်။

"ဒီသွေးတွေနဲ့ တာအိုခန္ဓာတွေကို သန့်စင်ပြီးရင် ငါကိုယ်တိုင် ကျန်းစန်းယီဆီကိုသွားပြီး သူ့ခန္ဓာကိုယ်ထဲက သန္တောစွမ်းအင် တာအိုသန္ဓေကို ထုတ်ယူလိုက်မယ်"

ကျူးရှန်းဓားပြ၏ လေသံက ထူးခြားမှုမရှိပေ။

ဤမျှချစ်စရာကောင်းသော မိန်းကလေးတစ်ဦးက ဤရက်စက်ကြမ်းကြုတ်သောစကားများကို မထင်မှတ်ဘဲ ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့သည်။

"ကောင်းပါပြီ"

လောဘဝံပုလွေဓားပြတို့သုံးယောက်လည်း လက်ယှက်ပြပြီး ပြန်ဆုတ်သွား‌တော့သည်။

ရှေးဟောင်းဂူထဲတွင် ကျူးရှန်းဓားပြတစ်ဦးတည်သာ ကျန်ခဲ့သည်။

သူမက လက်ကို တဖြည်းဖြည်းမြှောက်လိုက်ရာ ဧကရာဇ်သက်သေပြခြင်း တာအိုတံဆိပ်တစ်ခု လွင့်မျောကာ ပေါ်လာခဲ့၏။

ကျူးရှန်းဓားပြကလည်း ဧကရာဇ်ကိုဆန့်ကျင်သော ဧကရာဇ်ခုနစ်ပါးထဲမှ တစ်ဦး ဖြစ်ချေသည်။

"ကျွင်းရှောင်ယောက်... ကျွင်းရှောင်ယောက်၊ ဒီနာမည်က ဘာဖြစ်လို့ ငါ့ကို အမြဲတမ်း ထူးဆန်းတဲ့ ခံစားချက်တွေ ပေးနေတာလဲ"

ကျူးရှန်းဓားပြက သူ့ကိုယ်သူ ညည်းတွားရေရွတ်လိုက်သည်။

သူ့နှလုံးသားက သေခဲ့ပြီ။

ထိုလူကို သူ့လက်နှင့် သတ်ပြီးကတည်းက သူမ၏နှလုံးသားမှာ သေသွားပြီ ဖြစ်သည်။

ယခုမူ၊ ကျွင်းရှောင်ယောက်ဟူသောအမည်ကို ကြားရပြီးနောက် အကြောင်းတစ်ခုခုကြောင့် သူမနှလုံးသားထဲတွင် ထူးဆန်းသောခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

"မေ့လိုက်ပါ၊ ကိစ္စမရှိဘူး။ နောက်ပိုင်း သန္တောစွမ်းအင်တာအိုသန္ဓေကို ဝါးမျိုပြီး ရှေးဟောင်းမြင့်မြတ်ခန္ဓာကို သန့်စင်နေသရွေ့ ငါ့ဘဝအဆင့်ကို တစ်ဖန် ပြောင်းလဲသွားနိုင်တယ်"

"ငါသာ လုံလောက်အောင် အားကောင်းမယ်ဆိုရင် ပြန်လည်ဝင်စားခြင်းသံသရာရဲ့ အခြားတစ်ဖက်ကို သွားနိုင်မှာ"

ကျူးရှန်းဓားပြက ရေရွတ်ပြီး ကျောက်စိမ်းလက်တစ်ဖက်ဖြင့် သူမ၏ညှပ်ရိုးမှ ပြန်လည်ရှင်သန်ခြင်း လီလီပန်း အမှတ်အသားကို ထိတွေ့လိုက်သည်။

သူမ၏ အခြားလက်တစ်ဖက်ကတော့ ဧကရာဇ်တာအိုသက်သေပြခြင်းတံဆိပ်ကို သူမခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ပေါင်းစပ်လိုက်၏။

"ဝုန်း"

ကျူးရှန်းဓားပြ၏ ခန္ဓာကိုယ်မှ နတ်ဘုရားစွမ်းအင်များ မြင့်မားလာတော့သည်။

အနက်ရောင်ကြိုးများက သူ့ခန္ဓာကိုယ်မှ ထွက်လာပြီး အရိုးများ၊ လက်များ၊ မျက်လုံးများ၊ သွေးများနှင့် အခြားအရာများကို ရစ်ပတ်သွားခဲ့သည်။

ကြိုးများက ထိုတာအိုခန္ဓာများမှ စွမ်းအင်များကို စုပ်ယူလိုက်၏။

ကျူးရှန်းဓားပြ၏ ခန္ဓာက တွင်းနက်ကြီးတစ်ခုကဲ့သို့ဖြစ်ပြီး အရာအားလုံးကို လိုက်လျောညီထွေဖြစ်အောင် သန့်စင်ပေးနိုင်သည်။

တာအိုသက်‌သေပြခြင်း ဧကရာဇ်တံဆိပ်တော်၏ ပေါင်းစပ်မှုနှင့်အတူ ကျူးရှန်းဓားပြ၏နယ်ပယ်က အလွန်ကြောက်စရာကောင်းသောအရှိန်ဖြင့် တိုးတက်နေတော့သည်။

ထို့ပြင် ဧကရာဇ်သက်သေပြခြင်း တာအိုတံဆိပ်ကို ပေါင်းစပ်ကာ သန့်စင်ခြင်းက ဧကရာဇ်ခုနစ်ပါး၏ ကံကြမ္မာကို သူမလည်း လက်ခံခဲ့ပြီဖြစ်ကြောင်း အဓိပ္ပါယ်ရသည်။

ကျွင်းရှောင်ယောက်ကို သူလည်း သတ်ရမည်။

............

ဧကရာဇ်သင်္ချိုင်းကြယ်တစ်ခုလုံးက မြေအောက်ရေစီးကြောင်းများနှင့် ပြည့်နေခဲ့သည်။

ဧကရာဇ်အမွေများကို ရယူပြီး ကောင်းကင်သို့ ပျံတက်သွားသော ပါရမီရှင်များ ထွက်ပေါ်လာကြ၏။

ပိတ်မိခြင်း၊ ထောင်ချောက်ထဲကျရောက်ခြင်း သို့မဟုတ် ဤကြယ်ပေါ်တွင် ကျဆုံးခဲ့သော ပါရမီရှင်များလည်း ရှိသေးသည်။

ထိုအချိန်တွင်၊ ဧကရာဇ်သင်္ချိုင်းကြယ် အပြင်ဘက်မှာ...

လေဟာပြင်က ဆုပ်ပြဲသွားပြီး အဖြူရောင်ဝတ် ရုပ်သွင်တစ်ခု ပေါ်လာခဲ့သည်။

"ဒါက ဧကရာဇ်သင်္ချိုင်းကြယ်ပေါ့"

အဖြူရောင်ဝတ်လူက ရေရွတ်လိုက်၏။

ထိုလူရိပ်က သဘာဝအတိုင်း ကျွင်းရှောင်ယောက် ဖြစ်သည်။

ဧကရာဇ်သင်္ချိုင်းကြယ်တွင် ရှေးဟောင်း အခွင့်အလမ်းများစွာရှိကြောင်း သူခံစားနိုင်ပေသည်။

သူ့တွင် ရတနာကျမ်းရှိ၍ ရတနာ အမဲလိုက်ခြင်း အမျိုးမျိုးတွင် ဆရာကြီးအဆင့် ဖြစ်သည်။

"ဧကရာဇ်သင်္ချိုင်းကြယ်မှာ ငါ့ရဲ့ အသိတွေနဲ့များ ဆုံနိုင်ဦးမလား မသိဘူး"

ကျွင်းရှောင်ယောက်က ရေရွတ်လိုက်၏။

သူက ထိုအသိများကို တမင်တကာတော့ လိုက်ရှာနေမည် မဟုတ်ပါ။ အကြောင်းမှာ သူတို့ကို ကိုယ်ပိုင်အတွေ့အကြုံများ ရရှိစေလို၍ ဖြစ်သည်။

ကျွင်းရှောင်ယောက်က ဧကရာဇ်သင်္ချိုင်းကြယ်သို့ ချဉ်းကပ်လာစဉ်...

သူ၏ လွမ်ကုဧကရာဇ်အဆောင်တစ်ပိုင်းက ရုတ်တရက် အနည်းငယ် တုန်ခါသွားသည်။

ယင်းက ဇာစ်မြစ်တူညီခြင်းကြောင့် ပဲ့တင်ထပ်သကဲ့သို့ပင်။

"အိုး၊ ငါးတစ်ကောင်က ငါးစာကို ဒီလောက်မြန်မြန် လာဟပ်တာလား"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အလင်းရောင်တစ်ခု လင်းလက်လာခဲ့သည်။

ကြက်သွန်မြိတ် ထပ်မံရိတ်သိမ်းချိန်ရောက်ပြီ။

All Chapters