အခန်း ၇၄၇
Vol. 50 Ch. 747
အခန်း ( ၇၄၇ ) လွမ်ကုဧကရာဇ်၏ ပထမဘဝအစိတ်အပိုင်း၊ တစ်ဝက်၊ လွမ်ကုဧကရာဇ်၏ ဘဝအတွေ့အကြုံများကို ဆန့်ကျင်ခြင်း။
ကောင်းကင်တွင် အဖြူရောင် အဝတ်အစားများနှင့် ပုံရိပ်တစ်ခု ရပ်နေသည်။
လွမ်ကုမျှော်စင်မှ ထွက်ပေါ်နေသော တိုက်ခိုက်ချင်စိတ်က ထိုအဖြူရောင်ဝတ်လူငယ်၏ ခြေဖဝါးအောက်တွင် နင်းမိထားပုံရပေသည်။
" ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်..."
မျှော်စင်အတွင်းကို မဝင်ရသေးသော ပါရမီရှင်များလည်း ထိုအဖြူရောင်ဝတ်လူကို မြင်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ယနေ့ခေတ်တွင်၊ ကျွင်းရှောင်ယောက်က အဆုံးစွန်ရှေးဟောင်းလမ်းပေါ်မှ ဖမ်းစားနိုင်ဆုံးသော တည်ရှိမှုဖြစ်သည်မှာ သေချာသည်။
သူ ဘယ်နေရာကိုသွားပါစေ၊ အရပ်ရပ်၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လိမ့်မည်။
"အရင်တုန်းက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ဟာ ကူတိကျစ်ရဲ့ မင်္ဂလာဆောင်မှာ ဓမ္မခန္ဓာနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာအစစ်က ဘယ်နေရာကို ရောက်နေတာမှန်း ဘယ်သူမှ မသိကြဘူး။ လက်စသတ်တော့၊ သူက မမျှော်လင့်ဘဲ ဧကရာဇ်သင်္ချိုင်းကြယ်ကို ရောက်လာခဲ့တာပဲ"
ကျွင်းရှောင်ယောက်မှ မင်္ဂလာပွဲဖျက်၍ သတို့သမီးကို ခေါ်ဆောင်သွားသည့်သတင်းမှာ အတော်ကလေး လှုပ်ခတ်မှုရှိစေခဲ့ပေသည်။
ကူတိကျစ်လည်း လုံးဝ အရှက်ကွဲသွားသည်။
အထူးသဖြင့်၊ ကျွင်းရှောင်ယောက်က ဓမ္မခန္ဓာကိုသုံးပြီး အင်မော်တယ်မျိုးရိုးလေးခု၏ ဆက်ခံသူများကို ရင်ဆိုင်ခဲ့ခြင်းမှာ လူတိုင်းကို ထိတ်လန့်စေခဲ့သည်။ ယင်းက ရိုးရှင်းသော ဖလှယ်မှုဖြစ်လျှင်ပင် လူတိုင်း တုန်လှုပ်ရ၏။
ဓမ္မခန္ဓာတစ်ခုကပင် ထိုမျှ အစွမ်းထက်သည်။
သို့ဖြစ်လျှင်၊ ကျွင်းရှောင်ယောက်၏ ခန္ဓာအစစ်က မည်မျှအစွမ်းထက်ပါမည်နည်း။
လူတော်တော်များများက သိချင်နေခဲ့ကြသည်။
ယခုတော့ သူတို့ကိုယ်တိုင် မျက်စိဖြင့် သက်သေခံနိုင်တော့မည်။
ကျွင်းရှောင်ယောက်က ထိတ်လန့်တုန်လှုပ်နေသော အကြည့်မျိုးစုံကို လျစ်လျူရှုကာ လွမ်ကုမျှော်စင်သို့ လှမ်းကြည့်လိုက်သည်။
"ချင်ဝူတောက်က လွမ်ကုမျှော်စင်ထဲကို ဝင်သွားပုံရတယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူးလေ၊ မျှော်စင်ထဲကို ဖောက်ဝင်ပြီးရင် ငါ သူ့ကို ကိုင်တွယ်လိုက်မယ်"
"လွမ်ကုအဆောင်ရဲ့ ဆက်ခံသူဆိုပေမဲ့ အသက်ရှင်နေတဲ့သူတွေကိုပဲ ဆက်ခံသူအစစ်လို့ ခေါ်နိုင်လိမ့်မယ်"
ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက မထီမဲ့မြင်ပြုသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။
ဥပမာအားဖြင့် မြောက်ပိုင်းဝမ့်မိသားစုမှ ဝမ့်ထန့်က လွမ်ကုအဆောင်တစ်ပိုင်းကို ရရှိခဲ့ပေသည်။
သို့ရာတွင်၊ ရလဒ်က မည်သို့ဖြစ်သနည်း။
ကျွင်းရှောင်ယောက်အတွက် ကြိုးစားပေးသလိုဖြစ်ပြီး လွမ်ကုအဆောင်တစ်ပိုင်းသည်လည်း ကျွင်းရှောင်ယောက်၏လက်ထံသို့ ကျရောက်သွားရသည်။
ထို့ကြောင့်ပင် အမွေဆက်ခံသူက မည်သည့်ပါရမီရှင် ဖြစ်ပါစေ၊ သေဆုံးပြီးပါက အရာအားလုံး ရှင်းသွားမည် ဖြစ်သည်။
ကျွင်းရှောင်ယောက်ကိုလည်း လွမ်ကုဧကရာဇ်၏ ဆက်ခံသူဟု မဆိုနိုင်ပေ။
သို့ရာတွင်၊ လွမ်ကုဧကရာဇ်၏ အမွေခံများကို ဖယ်ရှားလိုက်သရွေ့ သူက အမွေဆက်ခံသူ ဖြစ်သည်။
ကျွင်းရှောင်ယောက်လည်း တုံ့ဆိုင်းမနေတော့ဘဲ လွမ်ကုမျှော်စင်ထဲသို့ ခြေတစ်လှမ်းတည်းဖြင့် လှမ်းဝင်သွားတော့သည်။
လွမ်ကုမျှော်စင်ထဲသို့ ရောက်သွားသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင် နေရာတစ်ခုလုံး ချက်ချင်းပြောင်းလဲသွားသည်ကို ကျွင်းရှောင်ယောက် ခံစားလိုက်ရသည်။
သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။
အံ့ဩစရာကောင်းအောင် သူက လမ်းကြားတစ်ခုထဲကို ရောက်နေသည်။
သေမျိုးကမ္ဘာမှ မီးရှူးမီးပန်းမျိုးစုံကလည်း တောက်ပနေခဲ့သည်။
စျေးရောင်းသူများ၊ စားသောက်ဆိုင်များနှင့် တည်းခိုခန်းများ၊ လမ်းသွားလမ်းလာ လူအုပ်ကြီးနှင့် စည်ကားနေလေသည်။
ဤသည်မှာ အင်မော်တယ်ကမ္ဘာမှ သာမန်မြို့ငယ်လေးတစ်ခုကဲ့သို့ ဖြစ်သည်။
"ဟားဟားဟား၊ ဟေ့ကောင်လေး... မင်းအဖေက သေသွားတာ ကြာပြီနော်။ ငါသာ ငွေကြေး ထောက်ပံ့မထားရင် မင်း စားစရာတောင်မှ ရှိမှာမဟုတ်ဘူး။ မင်းအမေကို ငါသိမ်းပိုက်ဖို့ ဆန္ဒရှိလို့ ပျော်ရွှင်နေသင့်တယ်။ ဒါက မင်းအတွက် ကံကောင်းမှုပဲ"
သက်လတ်ပိုင်း လူကြီးတစ်ယောက်က လှောင်ပြောင်လိုက်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများထဲတွင် အံ့အားသင့်နေသော အကြည့်များ ပေါ်လာခဲ့၏။ ထို့နောက်တွင်မှ ရုတ်တရက် သဘောပေါက်သွားသည်။
ဝမ့်ထန့်ကိုသတ်ကာ လွမ်ကုအဆောင်တစ်ပိုင်းကို ရရှိပြီးနောက်...
ကျွင်းရှောင်ယောက်ဟာ လွမ်ကုဧကရာဇ်၏ အခြေအနေကို စိတ်ဝင်စားသောကြောင့် အချက်အလက်တချို့အား စုံစမ်းခဲ့ပေသည်။
ကောလဟာလများအရ လွမ်ကုဧကရာဇ်ဟာ သေမျိုးများကြားတွင် ဆင်းဆင်းရဲရဲ မွေးဖွားလာခဲ့သည်။
သူ့ဘဝတွင် ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်းက ဝမ့်အားမာကျစ်ဟုခေါ်သော လူကုံထံတစ်ဦးနှင့် ဖြစ်ချေသည်။
အကြောင်းမှာ ဝမ့်အားမာကျစ်က သူ့အမေကို အတင်းအကျပ် ခေါ်သွားလိုသောကြောင့် ဖြစ်သည်။
ဟုတ်ပေသည်၊ ရလဒ်ကတော့ ပြောစရာမလိုပေ။ သာမန်ကောင်လေး လွမ်ကုဧကဂာဇ်မှာ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရပြီး သေလုမျောပါး ဖြစ်ခဲ့ရသည်။
ဤသည်မှာ ရှေးဧကရာဇ်၏ ပထမဆုံးသော ရှုံးနိမ့်မှုပင်။
တချိန်တည်းမှာပင် ရက်စက်မှု၊ ဆင်းရဲမွဲတေမှုဖြင့် သူ့ဘဝ၏ ပထမအပိုင်းကို စတင်ခဲ့ပေသည်။
"ဒါဆိုရင် ငါနားလည်ပါပြီ"
ကျွင်းရှောင်ယောက် နားလည်သွားခဲ့သည်။
ပါရမီရှင်တိုင်းဟာ လွမ်ကုမျှော်စင်အတွင်းသို့ ဝင်ရောက်လာပြီးနောက် လွမ်ကုဧကရာဇ်ကြီး၏ဘဝ ပထမတစ်ဝက်ကို ခံစားကြရမည် ဖြစ်သည်။
လွမ်ကုဧကရာဇ် ရင်ဆိုင်ခဲ့ဖူးသော ရန်သူများနှင့်လည်း ရင်ဆိုင်ရလိမ့်မည်။
ဤလွမ်ကုမျှော်စင်က စုစုပေါင်း အထပ်တစ်ထောင် ရှိသည်။ ယင်းမှာ လွမ်ကုဧကရာဇ်ကြီး၏ ဘဝပထမတစ်ဝက်တွင် ရန်သူထောင်ဂဏန်းရှိခဲ့သည်ဟူသော အဓိပ္ပာယ်ပင်။
လွမ်ကုမဟာဧကရာဇ်က ဧကရာဇ်ဖြစ်လာပြီးနောက် ဆက်ခံသူကို ရွေးချယ်ရန် လွမ်ကုမျှော်စင်အား ချန်ရစ်ထားခဲ့သည်။
ထို့ပြင်၊ သူ့ဘဝ၏ ပထမပိုင်းတွင် သူတွေ့ကြုံခဲ့ရသော ရန်သူများကို နောင်လာနောက်သားများ ဒေါသစိတ်ဖြစ်စေရန်အတွက် မျှော်စင်အတွင်း၌ မှတ်တမ်းတင်ခဲ့သည်။
ဤဝမ့်အားမာကျစ်ကတော့ ပထမဆုံး ရန်သူတော်တစ်ယောက်ပင်။
"ငါနဲ့ ဧကကာဇ်လွမ်ကုက ဆန့်ကျင်ဘက် အစွန်းနှစ်ဘက်လို့ ဘာဖြစ်လို့ ငါခံစားရတာလဲ"
ကျွင်းရှောင်ယောက်လည်း မနေနိုင်ဘဲ တွေးလိုက်မိသည်။
လွမ်ကုဧကရာဇ်က သေးနုပ် နုံချာသောဘဝဖြင့် မွေးဖွားလာခဲ့သည်။
ကျွင်းရှောင်ယောက်ကတော့ ကြီးကျယ်ခမ်းနားသော အနေအထားဖြင့် မွေးဖွားလာခဲ့သူ ဖြစ်၏။ သူ၏အစမှတ်က လူအတော်များများ၏ ဘဝတစ်သက်တာမှာ လက်လှမ်းမမီနိုင်သော အဆုံးမှတ် ဖြစ်သည်။
လွမ်ကုဧကရာဇ်က ဘဝ၏ ပထမအပိုင်းတွင် သနားစရာကောင်းအောင် မိဘဆွေမျိုးများနှင့် ချစ်မြတ်နိုးရသူအားလုံး သေဆုံးပြီး အထပ်ထပ် ရှုံးနိမ့်ကာ နှလုံးပြိုလဲလုနီးပါး ဖြစ်ခဲ့ရပေသည်။
ကျွင်းရှောင်ယောက်ကတော့ မွေးဖွားလာချိန်မှ ယခုအချိန်အထိ မိန်းမလှလေးနှင့်အတူ ပြီးပြည့်စုံသော မိသားစုကို ပိုင်ဆိုင်ထားခဲ့သည်။ ရှုံးနိမ့်မှုကလည်း တစ်ကြိမ်မှ မရှိခဲ့သေးပေ။ သူက ပြိုင်ဘက်ကင်းသော တာအိုနှလုံးသားကိုပင် လေ့ကျင့်လာနိုင်ခဲ့သည်။
ကျွင်းရှောင်ယောက်နှင့် ဧကရာဇ်လွမ်ကုတို့က ဆန့်ကျင်ဘက် အစွန်းနှစ်ဘက်တွင် ရှိနေသူများဖြစ်ကာ ကွာဟချက်ကလည်း ကြီးမားခဲ့ပေသည်။
လွမ်ကုဧကရာဇ်က သူကဲ့သို့ တစ်စုံတစ်ယောက်ကို အမွေ လွှဲပြောင်းပေးရန် ဆန္ဒမရှိဟု ယောင်ဝါးဝါး ခံစားမိခဲရသည်။
"အရင်ဆုံး မျှော်စင်ထိပ်ဆုံးကို သွားတာပေါ့"
ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။
သူက လက်တစ်ချောင်းပင် မလှုပ်ပေ။ သူ့ထံမှ အရှိန်အဝါများ ပေါက်ကွဲလိုက်သည်နှင့် ဝမ့်အားကျစ်၏ခန္ဓာက ပေါက်ကွဲသွားကာ ပတ်ဝန်းကျင် မြင်ကွင်းများလည်း အရည်ပျော်သွားသလို ပျောက်ကွယ်သွားခဲ့ရသည်။
ကျွင်းရှောင်ယောက်က ဒုတိယထပ်သို့ တက်လာခဲ့ပေသည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ အထက်သို့ ရောက်လာလေလေ လွမ်ကုဧကရာဇ်၏ ပြိုင်ဘက်များက ပို၍ အားကောင်းလာလေလေ ဖြစ်သည်။
ဒုတိယအဆင့်က မီးလောင်မှုဖြစ်ပွားသည့် မြို့တစ်မြို့တွင် ဖြစ်ချေသည်။
ပြိုင်ဘက်က ဓားပြများ ဖြစ်သည်။
လွမ်ကုဧကရာဇ် ငယ်ရွယ်စဉ်အခါက လိုက်ပါသွားသော ချစ်သူလေးမှာ ဓားပြများ၏ စော်ကားခံရပြီး သေဆုံးသွားခဲ့သည်။
လွမ်ကုဧကရာဇ်လည်း ခိုကိုးရာမဲ့ပြီး ကြည့်နေရုံသာ တတ်နိုင်ခဲ့ပေသည်။ သူက ခုခံချင်သော်လည်း နောက်ဆုံးတွင် ဒဏ်ရာများပြည့်ပြီး သေလုမျောပါး ဖြစ်ခဲ့ရသည်။
လမ်းဖြတ်သွားသော ကျင့်ကြံသူတစ်ဦးက ဓားပြများကိုသတ်ပြီး သူ့ကိုကယ်တင်ခဲ့၍သာ အသက်မသေခဲ့ခြင်း ဖြစ်ချေသည်။
"ဘယ်လောက်တောင် သနားစရာကောင်းလိုက်ပါလိမ့်"
ကျွင်းရှောင်ယောက် သက်ပြင်းချလိုက်သည်။
သူ၏ အတွေးတစ်ခုဖြင့် ဒုတိယအဆင့်ရှိ အရာအားလုံး ပျောက်ကွယ်သွားခဲ့ရလေသည်။
ကျွင်းရှောင်ယောက်က အလွန်လျင်မြန်သော အရှိန်ဖြင့် လွမ်ကုမျှော်စင် အပေါ်ထပ်သို့ တက်သွားသည်။
ထိုအထဲတွင် ကျွင်းရှောင်ယောက်က လွမ်ကုဧကရာဇ်၏ ဘဝတစ်ပိုင်းတစ်စကို တွေ့ကြုံခဲ့ရသည်။
အဖေ၊ အမေတို့ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားခဲ့သည်။ ချစ်ရသူက ဓားပြများ အနိုင်ကျင့် သတ်ဖြတ်ခဲရသလို သူ့သူငယ်ချင်းကလည်း သူ့ကိုကာကွယ်ရင်း သေဆုံးသွား၏။
လွမ်ကုဧကရာဇ်၏ နဖူးပေါ်တွင် သနားစရာဟူသော စကားလုံးကိုပင် ရေးရမလို ဖြစ်သည်။
ကျွင်းရှောင်ယောက်ပင် ဆိုးရွားလွန်းသော ဘဝအခြေအနေအတွက် အံ့ဩသွားလေသည်။
အခြားဧကရာဇ်များမှာ ငယ်စဉ်ကတည်းက ထူးချွန်ထက်မြက်ပြီး မိန်းမလှလေးများ၊ အဆောင်အယောင်ကောင်းများဖြင့် နာမည်ကျော်ကြားလာခဲ့ကြသည်။
လွမ်ကုဧကရာဇ်ကတော့ ချစ်ရသူများ တစ်ဦးပြီးတစ်ဦးသေကာ ဘဝကလည်း ကြမ်းတမ်းခဲ့ပေသည်။
သူ့ဘဝတွင် တစ်သက်လုံး ဇနီးမယားနှင့် သားသမီး မရှိခဲ့ဖူးပေ။
သူ့ဘဝ၏ ဒုတိယပိုင်းတွင် ထမြောက်ပြီး ဧကရာဇ်ဖြစ်လာသော်လည်း အဆုံးမဲ့တိုက်ပွဲများဖြင့် မရပ်မနား ဖြတ်သန်းနေဆဲ ဖြစ်သည်။
"ဒါက တကယ်ကို သမားရိုးကျမဟုတ်တဲ့ မဟာဧကရာဇ်ကြီးပဲ"
ကျွင်းရှောင်ယောက် ရေရွတ်လိုက်မိသည်။
သို့သော်လည်း ဤအရာကြောင့် ဧကရာဇ်လွမ်ကုကို လျှော့မတွက်နိုင်ခဲ့ပေ။
လွမ်ကုဧကရာဇ်က ကျွင်းမိသားစုမှ ကျွင်းချီထျန်းလောက် မတော်သော်လည်း သာမန်လူများ နှိုင်းယှဉ်နိုင်တာ မဟုတ်ပါ။
သူက သူ့ကံကြမ္မာကိုဆန့်ကျင်ပြီး တိုက်ခိုက်သွားခဲ့သည်။
ဤလမ်းက အထောက်အထားပြုရန် ထိုက်တန်သည်။
မျှော်စင်ထက်သို့ ထိုးဖောက်လာစဉ်တွင် လွမ်ကုဧကရာဇ်၏ လမ်းစဉ်ကို ပို၍ ရိပ်မိခဲ့ပေသည်။
ထိုအခိုက်အတန့်တွင်... လွမ်ကုမျှော်စင် အပြင်ဘက်မှ မဝင်ရသေးသော ပါရမီရှင်များက မျှော်စင်ကိုကြည့်ကာ အံ့အားသင့်နေခဲ့ကြသည်။
အလွန်လျင်မြန်သော အရှိန်ဖြင့် အထက်သို့ တက်သွားသော အလင်းတန်းတစ်ခုကို သူတို့ မြင်နေရပေသည်။
"ဒါက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ဖြစ်သင့်တယ် မဟုတ်လား"
"ကြောက်စရာကောင်းလိုက်တာ၊ ဒါက မျှော်စင်ကို ရိုးရိုးရှင်းရှင်း တွန်းထုတ်သွားတာပဲ"
ပါရမီရှင်များစွာက အော်ဟစ်လိုက်ကြသည်။
သို့သော်လည်း အခြေအနေ စောင့်ကြည့်နေကြသည့် ပါရမီရှင်များ ရှိသေးသည်။
"ကြည့်ကြသေးတာပေါ့၊ မျှော်စင်ရဲ့ ပထမအထပ် ရာဂဏန်းလောက်က သိပ်မခက်ခဲပါဘူး။ ချင်ဝူတောက်၊ ဗြဟ္မာနဲ့ တခြားသူတွေရဲ့ အရှိန်ကလည်း မနှေးဘူး"
"အဓိက အကြောင်းရင်းကတော့ နောက်ပိုင်းရောက်လေလေ၊ ရန်သူတွေက ကြောက်စရာကောင်းအောင် အစွမ်းထက်လာလေလေ ဖြစ်လို့ပဲ"
ပါရမီရှင်တချို့က ကြောက်ရွံ့သော မျက်လုံးများဖြင့် ပြောလိုက်သည်။
ထိုအထဲတွင် လွမ်ကုဧကရာဇ်ကို အနိုင်ယူခဲ့သော ကြောက်စရာကောင်းသည့် ပြိုင်ဘက်များပင် ရှိသေးသည်။
ဟုတ်သည်၊ ယင်းက တာအိုကို သက်သေမပြမီက ဖြစ်ချေသည်။
တာအိုကို သက်သေပြပြီးနောက်မှာတော့ လွမ်ကုဧကရာဇ်က ရှုံးပွဲမရှိတော့ပေ။