အခန်း ၇၅၁
Vol. 51 Ch. 751
အခန်း ( ၇၅၁ ) ဖရိုဖရဲကမ္ဘာ၊ ရှေးခေတ်ဟောင်းနှင့် ပစ္စုပ္ပန်မှ လူတစ်ယောက်၊ လွမ်ကု။
ချင်ဝူတောက်မှာ လွန်စွာ စိတ်မချမ်းမသာဖြစ်နေခဲ့ရသည်။
ဤခံစားချက်က ပြိုင်ပွဲမစတင်မီ ရှုံးနိမ့်သွားရသကဲ့သို့ပင်။
"ငါက လွမ်ကုဧကရာဇ်ရဲ့ ဆက်ခံသူပဲ။ ငါကပဲ ထိပ်ဆုံးကိုတက်လှမ်းဖို့ အရည်အချင်းပြည့်မီတာ"
ချင်ဝူတောက်က စိတ်ရှုပ်ထွေးစွာဖြင့် လက်သီးဆုပ်လိုက်သည်။
"နင့်ကို အလွှာ ကိုးရာကိုးဆယ့်ကိုးထပ်အထိ တက်လှမ်းနိုင်မယ်လို့ မထင်ထားဘူး။ ဒါက ငါမျှော်လင့်ထားတာထက် နည်းနည်း ကျော်လွန်နေခဲ့တာပဲ"
ယွီယွင်ရှန့်က ရှေ့သို့တိုးကာ ပြောလိုက်သည်။
ဗြဟ္မာလည်း လေးလေးနက်နက် ကြည့်လိုက်၏။
ချင်ဝူတောက်က ကိုးရာကိုးဆယ့်ကိုးလွှာအထိ ခြေချနိုင်ခြင်းကြောင့် သူ၏ အရည်အချင်းနှင့် ခွန်အားကို သက်သေပြရန် လုံလောက်သည်။
ယင်းက လွမ်ကုဧကရာဇ် ငယ်ရွယ်စဉ်က အရည်အချင်းကိုပင် နှိုင်းယှဉ်နိုင်ပေသည်။
ထိပ်ဆုံးကိုရောက်အောင် မတက်နိုင်ခဲ့သော်လည်း ယင်းက မဆိုးပေ။
"ဟမ့်၊ ငါ့အတွက်တော့ ထိပ်ဆုံးကိုမတက်နိုင်ရင် အဓိပ္ပါယ်မရှိဘူး"
ချင်ဝူတောက်၏ မျက်နှာက သုန်မှုန်နေခဲ့သည်။
ဤအခွင့်အလမ်းကို လက်လွှတ်ခဲ့ရပါက လွမ်ကုဧကရာဇ်၏ အခွင့်အလမ်းကို ရရှိရန် သူ့အတွက် အလွန် ခက်ခဲလိမ့်မည်။
"အဲဒီပုံရိပ်က ဘယ်သူပါလိမ့်၊ သူက အရမ်းအစွမ်းထက်တယ်။ သူ့ကို ရင်ဆိုင်ဖို့ နေနေသာသာ... ရှင်းရှင်းလင်းလင်းတောင် မမြင်ရဘူး..."
ချင်ဝူတောက်မှာ လွန်စွာ မခံချိမခံသာ ဖြစ်ခဲ့သည်။
သို့သော်လည်း ထပ်မံ ကြိုးစားလျှင်ပင် ရလဒ်က ပြောင်းလဲမည်မဟုတ်မှန်း သူ သိပြီးသားပင်။
ကိုးရာကိုးဆယ့်ကိုးလွှာမှ ပုံရိပ်က အလွန်ကြောက်စရာကောင်းသည်။
"ဒါဆို ကိုးရာကိုးဆယ့်ကိုးလွှာက ပြိုင်ဘက်က ဘယ်သူလဲ"
ယွီယွင်ရှန့်က လွန်စွာသိချင်ဟန်ဖြင့် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သည်။
ချင်ဝူတောက်လည်း မျက်နှာမသာမယာဖြင့် အတော်ကြာ ငြိမ်နေပြီးမှ ပြောလေသည်။
"ငါ ရှင်းရှင်းလင်းလင်း မမြင်ရပေမဲ့ အဲဒါက လုံးဝကို တွေ့ရခဲတဲ့ တားမြစ်ချက်တစ်ခုပဲ"
"တွေ့ရခဲတဲ့ တားမြစ်ချက်တစ်ခုလား။ ဒါဆိုရင် အလွှာတစ်ထောင်ပြည့်ကို ဘယ်သူမှ မတက်နိုင်ဘူးပေါ့"
ယွီယွင်ရှန့်က မျက်ခုံးပင့်ပြီး ပြောလိုက်၏။
"ဟုတ်တယ်၊ ငါတောင်မှ အဲဒီရုပ်သွင်ကို ရှင်းရှင်းလင်းလင်းမမြင်ရဘူး။ ကိုးရာကိုးဆယ့်ကိုးလွှာကို တက်လှမ်းနိုင်တဲ့ တခြားသူတစ်ဦးရှိရင်တောင် ရလဒ်က အတူတူပဲ"
ချင်ဝူတောက်က လေးလေးနက်နက် ပြောလိုက်သည်။
"တကယ်ပဲလား၊ ဒါဆိုရင် အဲဒီလူက သရဲတစ္ဆေလား"
ယွီယွင်ရှန့်၏ မျက်လုံးများက ရယ်ချင်ပက်ကျိ အရိပ်အမြွက်တစ်ခု ပေါ်လာခဲ့သည်။
"ဟင်"
ချင်ဝူတောက် အံ့ဩသွားပြီး မျှော်စင်ဘက်ကို လှည့်ကြည့်လိုက်၏။
ထို့နောက်မှာတော့ သူ့မျက်လုံးများ အေးခဲသွားတော့သည်။
သူ့မျက်နှာကား အေးစက်သွားခဲ့သည်။
သူ ဘာမြင်နေရသနည်း။
အထပ်တစ်ထောင်တွင် အလင်းစက်တစ်ခု ရှိနေသည်။
ယင်းမှာ တစ်စုံတစ်ယောက်က ကိုးရာကိုးဆယ့်ကိုးလွှာကို ကျော်ပြီး အထပ်တစ်ထောင်သို့ တက်လှမ်းသွားပြီဟူသော အဓိပ္ပာယ်ပင်။
"ဒါ... ဒါက မဖြစ်နိုင်ဘူး"
အမြဲတမ်း တည်ငြိမ်ပြီး လွှမ်းမိုးနေသော ချင်ဝူတောက်မှာ ယခုအချိန်တွင် လုံးဝ မထိန်းချုပ်နိုင်ဘဲ အသံများပင် ကတုန်ကယင် ဖြစ်သွားသည်။
ကိုးရာကိုးဆယ့်ကိုးလွှာတွင် တားမြစ်ချက်တစ်ခု ရှိနေသောကြောင့် မည်သူမဆို ဖြတ်သန်းသွားလာရန် မဖြစ်နိုင်ကြောင်း ယခုလေးတင် သူက ပြောခဲ့သည်။
သို့သော်လည်း ယခုအခါ တစ်စုံတစ်ယောက်က မျှော်စင်ထိပ်သို့ ရောက်ရှိနေခဲ့ပြီ။
ယင်းက သူ့မျက်နှာကို တည်ပြီး ရိုက်ချလိုက်သကဲ့သို့ပင် ဖြစ်သည်။
"လူတစ်ယောက်က ကိုးရာကိုးဆယ့်ကိုးထပ်ကို ဖြတ်သန်းနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ လွမ်ကုမျှော်စင်မှာ တစ်ခုခုမှားနေတာပဲ ဖြစ်ရမယ်"
ချင်ဝူတောက် လုံးဝမယုံကြည်နိုင်ပေ။
နောက်ဆုံးတွင်၊ ကိုယ်တိုင်တွေ့ကြုံမှသာလျှင် ထိုမှုန်ဝါးနေသောပုံရိပ်သွင်က မည်မျှကြောက်စရာကောင်းတာကို သိနိုင်မည် ဖြစ်သည်။
ဧကရီလင်ယွမ်၊ ကူတိကျစ်၊ လူဝင်စားဗုဒ္ဓနှင့် အခြား တားမြစ်ပါရမီရှင်များ ဖြစ်လျှင်ပင် ပြောင်းလဲမှုရှိမည် မဟုတ်ပါ။
ယင်းက လွမ်ကုဧကရာဇ် သတ်မှတ်ထားသော သော့ချက်တစ်ခုဖြစ်ကာ မည်သူမျှ ချိုးဖျက်၍မရပေ။
ထိုအလင်းစက်က မျက်မှောက်ခေတ်ရှိ အထွတ်အထိပ် ပါရမီရှင်များအားလုံးထက် အားကောင်းနေပြီး...
လွမ်ကုဧကရာဇ် ငယ်ရွယ်စဉ်ကထက် ပိုသန်မာမှသာ ဖြတ်ကျော်နိုင်လိမ့်မည် ဖြစ်သည်။
သို့ရာတွင် ယင်းက ဖြစ်နိုင်ပါ့မလား။
လက်ရှိ ကမ္ဘာကြီးတွင် ထိုသို့သော ပါရမီရှင်တစ်ဦး ရှိနိုင်ပါ့မလား။
"နင် မလုပ်နိုင်တာနဲ့ တခြားလူတွေ မလုပ်နိုင်ဘူးလို့ နင်ပြောနိုင်မလား"
ယွီယွင်ရှန့်က နှုတ်ခမ်းကို အနည်းငယ် မဲ့လိုက်သည်။
မူလက ချင်ဝူတောက်သည် သူ့အစ်ကို ယွီဟွာဝမ်ကို ခြိမ်းခြောက်နိုင်မည်ဟု ထင်ခဲ့သော်လည်း ယခုတော့ ထို့ထက်မပိုတော့ပေ။
"မင်းရဲ့အစ်ကို ယွီဟွာဝမ်ဆိုရင်တောင်မှ ကျော်ဖြတ်ဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုတာ မင်းကို ငါ အာမခံနိုင်တယ်"
ချင်ဝူတောက်က မျက်နှာထား ခပ်တင်းတင်းဖြင့် ပြောလိုက်သည်။
"အိုး၊ ဒါဆိုရင် ကျွင်းရှောင်ယောက်က ငါ့အစ်ကိုထက် ပိုသန်မာမယ်လို့ ဆိုလိုတာလား"
ယွီယွင်ရှန့်က ပြောလိုက်၏
"သူက ဘယ်သူ..."
ချင်ဝူတောက်၏ မျက်လုံးများက အံ့အာသင့်မှုဖြင့် တုန်လှုပ်သွားခဲ့သည်။
လွမ်ကုမျှော်စင်ကို ကျွင်းရှောင်ယောက် ရောက်လာမည်ဟု သူ မမျှော်လင့်ထားပေ။ ထို့ထက် မမျှော်လင့်ထားတာက မျှော်စင်ထိပ်ဆုံးကို သူ ရောက်သွားခဲ့ခြင်း ဖြစ်သည်။
"ဟုတ်တယ်၊ အဲဒီအလင်းရောင်က ကျွင်းရှောင်ယောက်ပဲ"
ယွီယွင်ရှန့်က ပခုံးတွန့်လိုက်သည်။
ချင်ဝူတောက်၏ အမူအရာက ပြောင်းသွားခဲ့လေသည်။
သူက ကျွင်းရှောင်ယောက်နှင့် အဆက်အဆံ သိပ်မရှိပါ။
တစ်ခုတည်းသော ထိတွေ့မှုဟူ၍ ကျွင်းရှောင်ယောက်က သူ့မျိုးရိုးမှ ညီလေး ချင်ကျစ်မိုကို သတ်လိုက်ခြင်း ဖြစ်သည်။
သို့ရာတွင် ဤရန်ငြိုးက မသေးသော်လည်း ကြီးမားသည်မဟုတ်ပေ။
သို့သော်လည်း ယခုအချိန်တွင် မေးစရာက ကျွင်းရှောင်ယောက်ဟာ ကိုးရာကိုးဆယ့်ကိုးထပ်ကို အဘယ်ကြောင့် ကျော်ဖြတ်နိုင်သလဲ ဆိုတာကို ဖြစ်သည်။
"မဖြစ်နိုင်ဘူး၊ ကျွင်းရှောင်ယောက်က ကောလဟာလတွေအတိုင်း အရမ်းသန်မာရင်တောင် အဲဒီရုပ်သွင်ရဲ့ပြိုင်ဘက် ဘယ်တော့မှမဖြစ်နိုင်ဘူး"
ချင်ဝူတောက်က မယုံသေးဘဲ အံကိုကြိတ်လိုက်သည်။
"အိုး၊ ဒါဆိုရင် အစောင့်ပြိုင်ဘက်က သူ့ကို ထိပ်ဆုံးကို တမင် တက်ခွင့်ပြုလိုက်တာများလား"
ယွီယွင်ရှန့်က လက်ပိုက်ပြီး မကျေမနပ်ဖြင့် ပြောလိုက်လိုက်သည်။
သူမ မကြိုက်ဆုံး အရာမှာ ရှုံးနိမ့်သွားသော်လည်း အရှုံးကို ဝန်ခံလိုစိတ် မရှိသူများ ဖြစ်သည်။
သို့သော်လည်း သူမ၏ ခန့်မှန်းချက်က အမှန်တကယ် မှန်ကန်နေကြောင်းတော့ ယွီယွင်ရှန့်တစ်ယောက် မသိခဲ့ပေ။
ချင်ဝူတောက်၏မျက်နှာက မည်းမှောင်သွားသည်။
ကျွင်းရှောင်ယောက်က အလွန်သန်မာသည်။ ယင်းကို သူ ငြင်းဆန်မည် မဟုတ်ပေ။ ၎င်းသည်မှာ ရှေးဟောင်းလမ်းပေါ်ရှိ ပါရမီရှင်အားလုံးက အသိအမှတ်ပြုထားသည့် အမှန်တရားတစ်ခု ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ထိုကြောက်စရာကောင်းသောရုပ်သွင်ကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု သူ မယုံနိုင်သေးပေ။
"သူ့ဘာသာ ထိပ်ဆုံးကို တက်သွားတာက ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ လွမ်ကုဧကရာဇ်ရဲ့အမွေကို သူ ရရှိသွားခဲ့ရင်..."
ချင်ဝူတောက် လွန်စွာ မရွှင်မလန်း ဖြစ်သွား၏။
သူဟာ လွမ်ကုဧကရာဇ်၏ ဆက်ခံသူဖြစ်ကြောင်း ထင်ရှားသည်။
ယခုမူ အခွင့်အရေးကို ကျွင်းရှောင်ယောက်က ရရှိနိုင်ခဲ့ပြီ။
မနာလိုစိတ်က သူ့ကို မခံမရပ်နိုင် ဖြစ်စေခဲ့သည်။
'သူသာ လွမ်ကုဧကရာဇ်ရဲ့အခွင့်အရေးကို အမှန်တကယ် ရခဲ့မယ်ဆိုရင်…"
ချင်ဝူတောက်၏မျက်နှာက မည်းမှောင်သွားခဲ့သည်။
မူလက သူဟာ ကြီးစိုးပြီး မြင့်မားသော တည်ရှိမှုတစ်ခု ဖြစ်သည်။
သူ လိုချင်ပါက ရရှိလိမ့်မည်။
ထို့ပြင်၊ တစ်စုံတစ်ယောက်က ကိုယ်ပိုင်ခွန်အားဖြင့် ကိုးရာကိုးဆယ့်ကိုးထပ်ကို ကျော်ဖြတ်နိုင်မည်ဟု ချင်ဝူတောက် လုံးဝ မယုံကြည်ပေ။
အထူးနည်းလမ်းတစ်ခုခုကို အသုံးပြုခဲ့ခြင်းသာ ဖြစ်ရမည်။
ချင်ဝူတောက်၏ မျက်လုံးများမှ အေးစက်စက် တိုက်ခိုက်ချင်စိတ်ကိုမြင်တော့ အဝေးမှ ဗြဟ္မာလည်း လက်အုပ်ချီကာ ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။
"အမိတ္တဘ၊ လူတွေ ကြီးပွားတိုးတက်ဖို့ မသင်ယူနိုင်ခင်မှာ အဆင်မပြေမှုတွေကို အမြဲတွေ့ကြုံခံစားရလိမ့်မယ်"
ဗြဟ္မာဟာ ကျွင်းရှောင်ယောက်က ချင်ဝူတောက်ကို အနာဂတ်တွင် သင်ခန်းစာပေးလိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။
မျှော်စင်ထိပ်ဆုံးကို ကျွင်းရှောင်ယောက် တက်လှမ်းသွားခြင်းက အပြင်ဘက်မှ လူများကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့ပေသည်။
ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်က လွမ်ကုမျှော်စင်ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ကိုးရာကိုးဆယ့်ကိုးထပ်က မဟာဧကရာဇ် လွမ်ကုကို အခွင့်အရေးကြီး ရစေခဲ့တဲ့ သရဲမျက်နှာနဲ့ မိန်းကလေးပဲ။ ဒါဆိုရင် နောက်ဆုံးထပ်က..."
စဉ်းစားရင်း ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။
ဤနောက်ဆုံးလွှာတွင် ဘယ်အရာများ ရှိမည်နည်း။
ရှေးဧကရာဇ်လွမ်ကု၏ အဆုံးစွန်ပြိုင်ဘက်ကား မည်သူနည်း။
သူ့ရှေ့တွင် ထူထဲသော မြူခိုးများနှင့် အမှောင်ထုက ကြီးစိုးနေခဲ့သည်။
ကျွင်းရှောင်ယောက်ဟာ ဤအရာက တကယ့်မြင်ကွင်းမဟုတ်မှန်း သိပေသည်။
အချိန်မည်မျှ ကြာသွားသည်မသိအောင် ကျွင်းရှောင်ယောက် တစ်ယောက်တည်း လျှောက်လှမ်းသွားခဲ့သည်။
ရုတ်တရက်၊ အသံခပ်တိုးတိုးကို ကြားလိုက်ရ၏။
သူ့ရှေ့မှ အမှောင်ထုထဲတွင် ကြီးမားသော ဥတစ်လုံးကဲ့သို့ သဏ္ဍာန်တစ်ခု ပေါ်လာခဲ့သည်။
ထိုအရာမှ နှလုံးခုန်သံကဲ့သို့ အသံများ ထွက်ပေါ်နေလေသည်။
"ဒါက..."
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။
လွမ်ကုဧကရာဇ်အကြောင်း မှတ်တမ်းတစ်ခုကို သူ သတိရမိ၏။
သူ့ဘဝ၏ ပထမအပိုင်းမှာ ရှုံးနိမ့်မှုပေါင်း တစ်ထောင်နှင့် ကြုံတွေ့ခဲ့ရသည်။ ထိုအတွက် သူ့တာအိုနှလုံးသားပင်လျှင် ပြိုလဲလုနီးပင်။
သို့သော်လည်း နောက်ဆုံးအချိန်တွင် သူ ပြောင်းလဲနိုင်ခဲ့သည်။ သူ့အခွင့်အရေးအားလုံးကို ပေါင်းစပ်ကာ တာအိုကို သက်သေပြခဲ့၏။ သူ၏ကိုယ်ပိုင် လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်ကို ဖန်တီးကာ ခေတ်ပြိုင်တစ်ခေတ်လုံးကို လွှမ်းမိုးခဲ့တော့သည်။
အရေးကြီးဆုံးအချက်မှာ လွမ်ကုဧကရာဇ်၏ တာအိုနှလုံးသားက ပြိုကျပြီး နတ်ဆိုးသန္ဓေသားအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ပိုးအိမ်ကိုခွဲထွက်ပြီး ပြန်လည်မွေးဖွားလာခဲ့၏။ သူ့မျိုးဆက်အားလုံးကို လုံးဝဖြတ်ကျော်ပြီး သူ့ဘဝ ပထမအပိုင်းမှ ရန်သူအားလုံးကို အနိုင်ယူခဲ့တော့သည်။
"ဒါများ ဖြစ်နိုင်မလား..."
ကျွင်းရှောင်ယောက် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
ထိုအချိန်တွင် ဥတစ်လုံးနှင့်တူသော အရာက ရုတ်တရက် အက်ကွဲသွားသည်။
အဆုံးမဲ့ နတ်သံကြိုးများက လေထဲတွင် ပြည့်နှက်သွား၏။
ကျွင်းရှောင်ယောက်ကို ကျောခိုင်းပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသော ပုံရိပ်တစ်ခု ပေါ်လာတော့သည်။
ထိုပုံရိပ်က အထွတ်အထိပ်မှာ တစ်ယောက်တည်းရပ်တည်ပြီး ထာဝရ အထီးကျန်ဆန်နေပုံ ရသည်။
"ခင်ဗျားက..."
ကျွင်းရှောင်ယောက် အသက်ပြင်းပြင်းရှူလိုက်သည်။
ထိုပုံရိပ်က ကျွင်းရှောင်ယောက်ကို ကျောခိုင်းထားရင်းမှ ပါးစပ်ကိုဟကာ ဘဝ၏ ခါးသီးမှုများဖြင့် ပြောလိုက်သည်။
"ကမ္ဘာကြီးက ဖရိုဖရဲဖြစ်နေတယ်၊ အတိတ်ကစပြီး ပစ္စုပ္ပန်ထိ တစ်ယောက်တည်းပဲ..."
"ငါ့နာမည်က လွမ်ကု"