အခန်း ၇၅၄
Vol. 51 Ch. 754
အခန်း ( ၇၅၄ ) ပြင်းပြင်းထန်ထန် ထိပ်တိုက်ရင်ဆိုင်ခြင်း၊ လွမ်ထျန်း လျှို့ဝှက်ကျင့်စဉ်၊ ထာဝရ ပြည်နှင်ခြင်း။
လွမ်ကုနှလုံးသားနတ်ဆိုး အံ့အားသင့်သွားသည်။
မျိုးဆက်သစ်လူငယ်များက သူ့ကို မထီမဲ့မြင်ပြုခြင်းမှာ ဘယ်လိုသဘော ဖြစ်သနည်း။
သူက လွမ်ကုဧကရာဇ်၏ အမှတ်အသားမျှသာ ဖြစ်သော်လည်း...
မည်သို့ပင်ဆိုစေကာမူ၊ ၎င်းက မဟာဧကရာဇ်တစ်ပါး ချန်ထားခဲ့သော အမှတ်အသား ဖြစ်နေသေးသည်။
သူက သူ့မျက်နှာကို ဂရုမစိုက်ဘဲ နေမှာလား။
"မင်းကို ငါ လျှော့တွက်မိပုံပဲ"
လွမ်ကုနှလုံးသားနတ်ဆိုးက ပြောလိုက်သည်။
"အကြီးအကဲ ဆန္ဒရှိသလို လှုပ်ရှားပါ။ ကျုပ်ကျရှုံးရင် မတုံ့ဆိုင်းဘဲ ထွက်သွားနိုင်ပါတယ်"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
သူက လွမ်ကုဧကရာဇ်၏ အမွေကို လိုချင်သောကြောင့် ဤမျှော်စင်အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင်၊ သူ့ကိုယ်သူလည်း လေ့ကျင့်လိုစိတ်တို့ ရှိ၏။
ဤတွင် လွမ်ကုနှလုံးသားနတ်ဆိုးက အကောင်းဆုံးပြိုင်ဘက်ဖြစ်သည်မှာ သေချာသည်။
"ကောင်းပြီ၊ ဒီလိုဆိုရင် ငါ မထိန်းတော့ဘူး"
လွမ်ကုနှလုံးသားနတ်ဆိုး ပြောလိုက်သည်။
အစပိုင်းတွင် သူက ကျွင်းရှောင်ယောက်ကို မျိုးဆက်သစ်လူငယ်တစ်ယောက်ဟုသာ မှတ်ယူခဲ့သည်။
ယခုမူ၊ သူက ကျွင်းရှောင်ယောက်ကို တန်းတူပြိုင်ဘက်အဖြစ် အမှန်ပင် မှတ်ယူထားလိုက်ပြီ။
"ဝိညာဉ်တစ်သောင်း တာအိုပြောင်းလဲခြင်း၊ ကောင်းကင်အားလုံးရဲ့ ကွန်ရက်"
လွမ်ကုနှလုံးသားနတ်ဆိုးက ထပ်မံလှုပ်ရှားလိုက်သည်။
တောင်များ၊ မြစ်များနှင့်ပင်လယ်များ၊ အသီးအရွက်များ၊ အင်းဆက်များနှင့်ငါးများ၏အရိပ်များအပြင် ကမ္ဘာပေါ်ရှိအရာအားလုံး ထင်ရှားလာခဲ့၏။
ဝိညာဉ်တစ်သောင်းက တာအိုအဖြစ် ပြောင်းလဲကာ ထူထဲသော ကမ္ပည်းများအဖြစ် လေထဲတွင် ရောယှက်၍ ထွက်ပေါ်လာတော့သည်။
ကောင်းကင်ပိုက်ကွန်နှင့် စကြာဝဠာတစ်ခုလုံးကို ဖုံးအုပ်ကာ အရာအားလုံးကို ထုပ်ပိုးတော့မည်ကဲ့သို့ပင် ဖြစ်သည်။
ယင်းက အလွန်ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းတစ်ခုပင်။ ၎င်း၏အနှစ်သာရကို နားလည်ရန် ကမ္ဘာပေါ်မှ များပြားလှသော ဝိညာဉ်များကို နားလည်ရန် လိုအပ်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုတစ်ခု ပေါ်လသည်။
ပြိုင်ဘက်ကောင်းနှင့် တွေ့ရခြင်းက စိတ်လှုပ်ရှားစရာပင်။
ယခင်က ကျွင်းရှောင်ယောက်ဟာ ဘယ်ပြိုင်ဘက်ကိုမဆို တွန်းလှန်ပြီး အနိုင်ယူနိုင်ခဲ့သည်။
သို့ရာတွင်၊ ယင်းက ပျင်းစရာကောင်းလွန်း၏။
ကျွင်းရှောင်ယောက်လည်း ယင်းကို အနည်းငယ် ငြီးငွေ့လာခဲ့သည်။
ယခုမူ လွမ်ကုနှလုံးသားနတ်ဆိုးကို ရင်ဆိုင်ရင်း ကြာရှည်စွာ ငြိမ်သက်နေသော သူ၏ တိုက်ခိုက်ချင်စိတ်တို့ တစ်ဖန် နိုးထလာခဲ့ပြီ။
ကျွင်းရှောင်ယောက်က သူ့လက်ကိုဆန့်ထုတ်ပြီး အစွမ်းထက် နတ်ဘုရားသိုင်းများကို ထုတ်ဖော်လိုက်သည်။
သေခြင်းရှင်ခြင်း နိယာမများက သူ့လက်ဖဝါးထဲတွင် စီးဆင်းလာသည်။
တစ်ချိန်တည်းမှာပင်၊ သူ့နောက်တွင် ကြီးမားသော ယင်ယန်ပုံစံတစ်ခု ထွက်ပေါ်လာခဲ့၏။
ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ သဘာဝရူပါရုံ၊ ယင်ယန် သေခြင်းရှင်ခြင်းမြေပုံ။
ကျွင်းရှောင်ယောက်၏ လက်တစ်ဖက်က ရှင်သန်ခြင်းဖြစ်ပြီး ကျန်တစ်ဖက်ကတော့ သေဆုံးခြင်း ဖြစ်သည်။
သူက ကောင်းကင်အားလုံး၏ သေခြင်ရှင်ခြင်းဘီးကိုလည်း ထုတ်ဖော်ခဲ့သည်။
လွမ်ကုနှလုံးသားနတ်ဆိုးက ကောင်းကင်အားလုံး၏ကွန်ရက်ကို အသုံးပြုထားသောကြောင့် သူက ကောင်းကင်အားလုံး၏ သေခြင်းရှင်ခြင်းဘီးဖြင့် ခွဲထုတ်ရလိမ့်မည်။
"ဝုန်း"
ကျွင်းရှောင်ယောက်၏လက်ဝါးက သေခြင်းရှင်ခြင်း နယ်နိမိတ်ကို ဖြတ်သန်းသွားသကဲ့သို့ လှုပ်ရှားသွားခဲ့သည်။ ယင်ယန် သေခြင်းရှင်ခြင်း ပန်းချီကားက အရာအားလုံးကို လွှမ်းခြုံသွား၏။
သူ့ရှေ့မှ ကောင်းကင်အားလုံး၏ကွန်ရက် တာအိုအမှတ်အသားများက ကွဲအက်ကာ ဝါးမျိုခံလာရတော့သည်။
တစ်ချိန်တည်းမှာပင် ကျွင်းရှောင်ယောက်၏ ရင်ဘတ်မှ တောက်ပသော အလင်းများ စုစည်းလာခဲ့သည်။
ကောင်းကင်အငွေ့အသက်များနှင့် တာအိုကမ္ပည်း လက်ဝါးကြီးတစ်ဖက် ထွက်ပေါ်လာခဲ့၏။ ယင်းက ကောင်းကင်ကိုလွှမ်းခြုံကာ လွမ်ကုနှလုံးသားနတ်ဆိုးကို ဖိနှိပ်လာတော့သည်။
ယင်းက အနှိုင်းမဲ့အရိုး၏ နတ်ဘုရားစွမ်းရည်၊ ကောင်းကင်၏လက်ဝါးပင်။
"ဒါက... အနှိုင်းမဲ့အရိုးလား"
လွမ်ကုနှလုံးသားနတ်ဆိုး အံ့ဩသွားပြန်သည်။
အနှိုင်းမဲ့အရိုးက တာအိုခန္ဓာသုံးထောင်မှ ထိပ်တန်းတာအိုခန္ဓာတစ်ခု ဖြစ်ချေသည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာ သို့မဟုတ် အနှိုင်းမဲ့အရိုး တစ်ခုခုကို ရရှိပါက ကမ္ဘာ့ထိပ်ဆုံးသို့ တက်လှမ်းနိုင်ရန် လုံလောက်သည်။
ယခုမူကား၊ ထိုအရာနှစ်ခုစလုံးမှာ လူတစ်ဦးအပေါ်တွင် တစ်ပြိုင်နက်တည်း အမှန်တကယ် ထွက်ပေါ်လာခဲ့ပြီ။
"ဒီခေတ်ရဲ့ ထာဝရကွဲလွဲမှုက မျှော်လင့်ထားသလိုပါပဲ"
လွမ်ကုနှလုံးသားနတ်ဆိုးလည်း သက်ပြင်းချလိုက်သည်။
သူက ကောင်းကင်၏လက်ဝါးကိုပိတ်ဆို့ရန် အခြား နတ်ဘုရားသိုင်းတစ်ခုကို ထပ်မံ အသုံးပြုလိုက်၏။
သို့သော်လည်း ကျွင်းရှောင်ယောက်က ဤအခွင့်အရေးကိုဆုပ်ကိုင်ကာ လွမ်ကုနှလုံးသားနတ်ဆိုးနှင့် အနီးကပ်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
“ဒီလိုတိုက်ပွဲမျိုးကို ငါမကြောက်ဘူး…”
လွမ်ကုနှလုံးသားနတ်ဆိုးက လျစ်လျူရှုစွာ ပြောလိုက်သည်။
လွမ်ကုဧကရာဇ်က သူ့တစ်သက်တာလုံး တိုက်ပွဲများတွင် ကုန်ဆုံးခဲ့သူဖြစ်ကာ သူ၏ တိုက်ခိုက်မှုနည်းများကို မှန်းဆမရပေ။
အခြားအချက်အားလုံးကို ဘေးဖယ်ထားလျှင် တိုက်ခိုက်ခြင်းဗီဇအရ လွမ်ကုဧကရာဇ်ဟာ မဟာဧကရာဇ်များ အားလုံးကြားတွင် အကောင်းဆုံး ဖြစ်မည်မှာ သေချာသည်။
"ဝုန်း... ဝုန်း... ဝုန်း"
ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။
စက္ကန့်ပိုင်းအတွင်း၊ သူတို့နှစ်ယောက်ဟာ ရာနှင့်ချီသော တိုက်ခိုက်မှုများကို ဖလှယ်ခဲ့ကြသည်။ သူတို့၏ စွမ်းအင်လှိုင်းများကြောင့် လေထုက တဝုန်းဝုန်း တုန်ခါနေခဲ့၏။
ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးက ပါရမီရှင်တိုင်း ခံနိုင်ရည်ရှိတာ မဟုတ်ပေ။
သို့ရာတွင် ကျွင်းရှောင်ယောက်၏ တာအိုခန္ဓာက အနီးကပ်တိုက်ခိုက်ရာတွင် အလွန် အားကောင်းသည်။
ဟုတ်ပေသည်၊ တိုက်ပွဲများစွာကို ရင်ဆိုင်ခဲ့ဖူးသော လွမ်ကုနှလုံးသားနတ်ဆိုးနှင့် နှိုင်းယှဉ်လျှင်တော့ သူက အတွေ့အကြုံမရှိဘဲ အနည်းငယ် နုနယ်နေဆဲပင်။
သို့သော်လည်း၊ လွမ်ကုနှလုံးသားနတ်ဆိုး အနည်းငယ် အံ့သြသွားရသည်။
အကြောင်းမှာ၊ အချိန်ကြာလာသည်နှင့်အမျှ ကျွင်းရှောင်ယောက်၏ တိုက်ခိုက်မှုနည်းလမ်းများက ပို၍ ကျွမ်းကျင်လာသောကြောင့် ဖြစ်တော့သည်။
'ကြောက်စရာကောင်းလိုက်တဲ့ ဉာဏ်ပညာ'
လွမ်ကုနှလုံးသားနတ်ဆိုး၏ စိတ်ထဲတွင် အလွန်အံ့သြသွားမိသည်။
သာမန်ပါရမီရှင်ဖြစ်လျှင် သူ့တိုက်ခိုက်မှုကို နားလည်ရန်နေနေသာသာ၊ ခုခံရန်ပင် အလွန်ခက်ခဲလိမ့်မည်။
တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်က တိုက်ခိုက်ရင်းမှ သူ၏ တိုက်ခိုက်ရေးပုံစံကို နားလည်လာခဲ့သည်။
ဤနားလည်နိုင်စွမ်းက တကယ်ကို အံ့မခန်းပင်။
"ဒီလိုဆိုမှတော့ ငါ ဘာဖြစ်လို့ မင်းကို မကူညီရမှာလဲ"
လွမ်ကုနှလုံးသားနတ်ဆိုးက ဂရုမစိုက်ပါ။
ကျွင်းရှောင်ယောက်က သူ၏ နည်းလမ်းများကို ခိုးသင်နေလျှင်ပင် ဂရုမစိုက်ပေ။
"ဝုန်း"
နောက်တစ်ကြိမ် တိုက်မိပြီးနောက် ကျွင်းရှောင်ယောက် နောက်ပြန်ဆုတ်သွားခဲ့ရသည်။ သူ့လက်များလည်း ထုံကျဉ်သွား၏။
"မဟာဧကရာဇ် တန်ခိုးရှင်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဒါက နှလုံးသားနတ်ဆိုးတစ်ခုပဲ ဖြစ်ရင်တောင် အရမ်းသန်မာနေတုန်းပဲ"
ကျွင်းရှောင်ယောက်က ချီးကျူးလိုက်သည်။
ယခုအခါ သူက မဟာသူတော်စင်နယ်ပယ်တွင်ရှိ၍ သူ့နယ်ပယ်ကို အလွန်မြင့်မားသည်ဟု ယူဆနိုင်သည်။
သို့သော် မဟာဧကရာဇ်နှင့် နှိုင်းယှဥ်ရန်တော့ ဝေးကွာနေသေးသည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က မဟာဧကရာဇ်၏စွမ်းအားကို ကြိုတင်ခံစားနိုင်သည့်အတွက် အလွန်ဝမ်းသာမိခဲ့သည်။
"ငါ့လက်ထဲမှာ ဒီလောက် အချိန်အကြာကြီး ထိန်းထားနိုင်ပုံထောက်ရင်၊ အရင် မင်းပြောခဲ့တာတွေက မာနကြီးတာ မဟုတ်ဘူးပဲ"
လွမ်ကုနှလုံးသားနတ်ဆိုးက ပြောလိုက်သည်။
"အကြီးအကဲလည်း စစ်မှန်တဲ့ အင်အားကိ မပြသရသေးဘူး မဟုတ်လား"
ကျွင်းရှောင်ယောက်က ပြော၏။
"ငါ တကယ်သုံးမယ်ဆိုရင် မျှော်စင်ကို ချိုးဖြတ်လာတာလောက် ရိုးရှင်းတော့မှာ မဟုတ်ဘူးနော်။ အဲဒီအစား... သေသွားနိုင်တယ်"
လွမ်ကုနှလုံးသားနတ်ဆိုးက ကျွင်းရှောင်ယောက်ကို စိုက်ကြည့်လိုက်သည်။
"အကြီးအကဲ စိတ်မပူပါနဲ့၊ ထုတ်သာ ထုတ်လိုက်ပါ"
ကျွင်းရှောင်ယောက် ပြုံးလိုက်၏။
ထိုစကားကိုကြားတော့ လွမ်ကုနှလုံးသားနတ်ဆိုးလည်း အနည်းငယ် သက်ပြင်းချလိုက်သည်။
"ကောင်းပြီ၊ မင်း ဒီအချိန်ကို ထိန်းထားနိုင်ရင် အမွေကိုရလိမ့်မယ်"
စကားဆုံးသည်နှင့် လွမ်ကုနှလုံးသားနတ်ဆိုး၏ လက်များက လှုပ်ရှားလာကာ လျှို့ဝှက်ဆန်းကြယ်သော မျဉ်းကြောင်းတစ်ခုကို ဆွဲလိုက်သည်။
အလျားလိုက်...
ဒေါင်လိုက်...
"လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်၊ ကြယ်ကောင်းကင်ဆုံမှတ်ကို ဖြတ်ကျော်ခြင်း"
လေထဲတွင် ကြီးမားသော ဟင်းလင်းပြင်အက်ကြောင်းနှစ်ခု၊ အလျားလိုက်တစ်ခုနှင့် ဒေါင်လိုက်တစ်ခုက ဖြတ်သန်းသွား၏။
ကြောက်မက်ဖွယ်ကောင်းသော တံခါးပွင့်လာသကဲ့သို့ ဧရာမ ကားစင်သဏ္ဍာန် အက်ကွဲကြောင်းကြီးတစ်ခုက အရာအားလုံးကို ဝါးမျိုလာတော့သည်။
'လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်'
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အနည်းငယ် လေးနက်လာခဲ့သည်။
နောက်ဆုံးတွင်၊ လွမ်ကုနှလုံးသားနတ်ဆိုးက လွမ်ကုဧကရာဇ် ဖန်တီးထားသော တားမြစ်နည်းလမ်းကို ထုတ်ဖော်ပြသလာခဲ့ပြီ။
ဤသည်မှာဧကရာဇ် လွမ်ကုဧကရာဇ်၏ အဓိကအမွေ ဖြစ်သည်။
ပါရမီရှင်တစ်ဦးဦးသာ ဤလျှို့ဝှက်နည်းလမ်းကို ရရှိခဲ့ပါက ဤနည်းလမ်းတစ်ခုတည်းဖြင့် ကျွမ်းကျင်သူအပေါင်းကို သုတ်သင်ပယ်ရှားနိုင်စွမ်း ရှိလာမည် ဖြစ်သည်။
ကျွင်းရှောင်ယောက်လည်း အလွန် သတိထားလာရပြီ။ သူ့ရင်ဘတ်မှ အနှိုင်းမဲ့အရိုးက တစ်ဖန် တောက်ပလာခဲ့သည်။
ပြန်လည်ဝင်စားခြင်း စွမ်းအင်များက စုစည်းလာပြီး နောက်ဆုံးတွင် ဟင်းလင်းပြင်ကစားကွက်ကြီးတစ်ခုအဖြစ်သို့ ပေါင်းစည်းသွား၏။
အနှိုင်းမဲ့အရိုး၏ ဒုတိယမြောက် နတ်ဘုရားစွမ်းရည်၊ ဆမ်ဆာရာ တာအိုချပ်ပြား။
"ဝုန်း"
ဆမ်ဆာရာ တာအိုချပ်ပြားက ဟင်းလင်းပြင်ကားစင်နှင့် တိုက်မိသွားခဲ့သည်။
မဖော်ပြနိုင်အောင် ကြောက်စရာကောင်းသော အားလှိုင်းများ ထွက်ပေါ်လာခဲ့၏။
ကံကောင်းထောက်မစွာဖြင့် သူတို့က လွမ်ကုမျှော်စင်အတွင်း၌ ရှိခဲ့သည်။
ဧကရာဇ်သင်္ချိုင်းကြယ်တွင် ရှိနေပါက တိုက်ကြီးတစ်ခုလုံး သေချာပေါက် ပြိုကျသွားလိမ့်မည်။
"ဝုန်း"
ပြင်းထန်သော အားလှိုင်းများ၏ သက်ရောက်မှုကြောင့် ကျွင်းရှောင်ယောက် အနည်းငယ် ဆုတ်သွားခဲ့ရသည်။
ဟုတ်ပေသည်၊ လွမ်ကုနှလုံးသားနတ်ဆိုးလည်း အနည်းငယ် အရောင်မှိန်ဖျော့သွား၏။ ဤတိုက်ခိုက်မှုက သူ့အင်အား အများအပြား အသုံးပြုရကြောင်း ထင်ရှားသည်။
လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုပါက နတ်ဘုရားစွမ်းအင် ပမာဏများစွာ လိုအပ်ပေသည်။
"နောက်ဆုံး တိုက်ခိုက်မှု မထုတ်ဖော်ရသေးဘူး၊ အခု မင်းနောင်တရဖို့ အခွင့်အရေးရှိသေးတယ်"
လွမ်ကုနှလုံးသားနတ်ဆိုးက ပြောလိုက်သည်။
"လာပါ"
ရိုးရှင်းသောစကားလုံးဖြင့် ကျွင်းရှောင်ယောက်က သူ့သဘောထားကို ဖော်ပြခဲ့၏။
နောက်ဆုံးချိန်ထိ တိုက်ခိုက်ချင်သည်။
လွမ်ကုနှလုံးသားနတ်ဆိုးလည်း ဘာမျှမပြောတော့ဘဲ တားမြစ်နည်းလမ်းကို အသက်သွင်းလိုက်သည်။
"လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်၊ ထာဝရပြည်နှင်ခြင်း"
စကားတစ်ခွန်းတည်းဖြင့် မိုးနှင့်မြေ ပြိုလဲသွားခဲ့သည်။
အရာအားလုံးက ရှေးဦးကာလကို ပြန်ရောက်သွားပုံရ၏။
မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကြောင်းများက မတူညီသော နေရာတို့ကို ဦးတည်နေသကဲ့သို့ ပေါ်လာတော့သည်။
ဤသည်မှာ လူများကို အမည်မသိ ဖရိုဖရဲ နေရာများသို့ တွန်းထုတ်နိုင်သော တားမြစ်နည်းလမ်း ဖြစ်သည်။
သူ၏ ပြိုင်ဘက်က အဆုံးမရှိသော လေဟာပြင်ထဲ ထာဝစဉ် ကူးခတ်ရခြင်း သို့မဟုတ် ဟင်းလင်းပြင် လှိုင်းလုံးများကြောင့် ပျက်သုဉ်းသွားရလိမ့်မည်။
ဤတားမြစ်နည်းလမ်းက အလွန်ကြောက်စရာကောင်းသည်။ ၎င်းကို အသုံးပြုပြီးသည်နှင့် အရာအားလုံးကို ရိုဖရဲ ဟင်းလင်းပြင် ချောက်နက်ထဲသို့ မျိုချသွားတော့မည်ကဲ့သို့ပင်။