← Chapters

အခန်း ၇၅၅

Vol. 51 Ch. 755

အခန်း ၇၅၅

Vol. 51 Ch. 755

အခန်း ( ၇၅၅ ) ကျွင်းရှောင်ယောက်၏ နည်းလမ်း၊ ငါ့လမ်းစဉ်က အတားအဆီးအားလုံးကို ဖျက်ဆီးဖို့၊ အကြီးအကဲ... ခင်ဗျား ရှုံးသွားပြီ။

လေထဲတွင် အဆုံးမဲ့ တွင်းနက်ကြီးများနှင့် ဟင်းလင်းပြင်အက်ကြောင်းများ ရှိနေသည်။

အက်ကြောင်းတစ်ခုစီက ဖရိုဖရဲဖြစ်ပြီး အမည်မသိ အမှောင်နယ်မြေဆီကို ဦးတည်နေခဲ့၏။

ယင်းက ကြောက်စရာကောင်းသော နည်းလမ်းဖြစ်ပြီး တားမြစ်နည်းလမ်းဟု ခေါ်ထိုက်သည်။

အထွတ်အထိပ်မှ လွမ်ကုဧကရာဇ်သာ ဤနည်းလမ်းကို ထုတ်ဖော်ပါက ရှေးဟောင်းကြယ်တစ်ခုလုံးကိုပင် ဟင်းလင်းပြင် တွင်းနက်ကြီးထဲသို့ တိုက်ရိုက်ဆွဲယူနိုင်လိမ့်မည်။

သက်ရှိသတ္တဝါအားလုံးကို မသိနိုင်သော အမှောင်နယ်မြေများသို့ ဆွဲခေါ်သွားမည် ဖြစ်သည်။

၎င်းတို့က ဟင်းလင်းပြင်မုန်တိုင်းများကြောင့် သေနိုင်သည်၊ သို့တည်းမဟုတ် အဆုံးမဲ့ လေဟာပြင်ထဲတွင် ထာဝစဉ် ပိတ်မိနေလိမ့်မည်။

ဤနည်းလမ်းက လွမ်ကုဧကရာဇ်ကိုယ်တိုင် တီထွင်ခဲ့သော နည်းလမ်းဖြစ်သည်။ တစ်နည်းအားဖြင့် သူ့ကို နာမည်ကျော်ကြားစေခဲ့သော နည်းလမ်းတစ်ခုပင်။

ဤနည်းလမ်းဖြင့် လွမ်ကုဧကရာဇ်သည် အင်အားကြီး ပြိုင်ဘက်များစွာကို ထာဝရပြည်နှင်ဒဏ်ပေးခဲ့သည်။

ယင်းကို‌မြင်တော့ ကျွင်းရှောင်ယောက်၏ မျက်နှာက အတော်လေးနက်သွားသည်။

ထာဝရပြည်နှင်ခြင်ခြင်းက လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်၏ အဓိကအကွက်ဖြစ်ပြီး အစွမ်းထက်ဆုံး လှုပ်ရှားမှုဆိုလျှင်လည်း မှားမည်မဟုတ်ပေ။

ထို့ကြောင့် သူ လျှော့တွက်၍မရပါ။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်တဝိုက်တွင် ဖရိုဖရဲမြူခိုးနှင့် မိုးပြာရောင် ကြာပန်းများ ပွင့်လန်းလာခဲ့သည်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ သဘာဝ ရူပါရုံ၊ ရှေးဦးပျက်စီးခြင်း မိုးပြာရောင်ကြာပန်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အနန္တတန်ခိုးရှင်တစ်ပါး ကြွလှမ်းလာသကဲ့သို့ ကြီးကျယ်ခမ်းနားသော အသွင်အပြင်တစ်ခုလည်း ပေါ်လာခဲ့၏။

ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ သဘာဝ ရူပါရုံ၊ အင်မော်တယ်ဘုရင် လင်းကျိုးထျန်း ဖြစ်တော့သည်။

သဘာဝ ရူပါရုံနှစ်ခုက လွမ်ကုနှလုံးသားနတ်ဆိုး၏ အဆုံးစွန်နည်းလမ်းကို တွန်းလှန်လိုက်ကြသည်။

လွမ်ကုနှလုံးသားနတ်ဆိုးက အမှတ်အသားတစ်ခုမျှသာဖြစ်သော်လည်း သူထုတ်ဖော်နေသော စွမ်းအားကတော့ တုန်လှုပ်စရာပင်။

"ဝုန်း"

ဟင်းလင်းပြင် အက်ကြောင်းထဲသို့ အပိုင်းအစများက ပြန့်ကျဲသွားခဲ့သည်။

ကျွင်းရှောင်ယောက် အံ့အားသင့်သွား၏။ ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ သဘာဝ ရူပါရုံကိုပင် ဝါးမျိုသွားတော့မည်။

မကြာမီ၊ ဟင်းလင်းပြင်အက်ကြောင်း အလွှာများက ကျွင်းရှောင်ယောက်ကို လွှမ်းခြုံသွားခဲ့သည်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ သဘာဝ ရူပါရုံကိုပင် လုံးဝ ဝါးမျိုသွားခဲ့ပြီ။

ဟုတ်သည်၊ ဤသည်မှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ သဘာဝ ရူပါရုံက အစွမ်းမထက်ဘူးဟု မဆိုလိုပေ။ ကျွင်းရှောင်ယောက်က သဘာဝရူပါရုံသက်သက်ဖြင့် ဤနည်းလမ်းကို ဆန့်ကျင်ခဲ့ခြင်း ဖြစ်သည်။

ယင်းကို အမှန်တကယ် ကျရှုံးသည်ဟု မဆိုနိုင်ပေ။

သို့ရာတွင်၊ ဟင်းလင်းပြင် ချောက်နက်ထဲသို့ မျိုချခံရပြီးမှ ပြန်ထွက်ချင်လျှင်တော့ သာမန်အခက်အခဲ မဟုတ်တော့ပါ။

ဟင်းလင်းပြင်အက်ကြောင်းများထဲသို့ ပျောက်ကွယ်သွားသော ကျွင်းရှောင်ယောက်ကို မြင်လိုက်ရသောအခါ လွမ်ကုနှလုံးသားနတ်ဆိုး၏ အမူအရာက မသက်မသာ ဖြစ်သွားသည်။

သူက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်း မဟုတ်ပါ။

သို့ရာတွင်၊ ဤနည်းလမ်းက အသုံးပြုပြီးသည်နှင့် ရပ်တန့်ရန် ခက်ခဲသည်။

ဟင်းလင်းပြင်အက်ကြောင်းထဲတွင် နစ်မြုပ်သွားပါက သူကိုယ်တိုင်ပင် ပြန်ဆွဲထုတ်ပေးရန် ခက်လိမ့်မည်။

ထို့ပြင်၊ လွမ်ကုနှလုံးသားနတ်ဆိုးက ကျွင်းရှောင်ယောက်ကို နောင်တရရန် အခွင့်အရေးရှိပါသေးသည်ဟုလည်း ပြောခဲ့သည်။

ကျွင်းရှောင်ယောက်ကိုယ်က ခေါင်းအရမ်းမာခြင်းပင်။

"ပြီးသွားပြီထင်တယ်၊ ဒါပေမဲ့ သူ့ရဲ့ အစွမ်းအစနဲ့ လွယ်လွယ် မသေသင့်ဘူး"

"ကျွင်းမိသားစုရဲ့ အင်အားကြောင့်လည်း သူ့ကို အမည်မသိနယ်မြေတွေမှာ လိုက်ရှာဖို့ဆိုတာ အရမ်းခက်မှာ မဟုတ်ပါဘူး"

"ဒါပေမဲ့... နောက်ထပ် အမွေခံကိုစောင့်ဖို့ အချိန်အတော်ကြာလိမ့်မယ်"

လွမ်ကုနှလုံးသားနတ်ဆိုးလည်း သက်ပြင်းချလိုက်သည်။

သူက အမှတ်အသားတစ်ခုမျှသာဖြစ်သော်လည်း သူ့တွင် ကိုယ်ပိုင်အတွေးများ ရှိပေသည်။

အမှန်အတိုင်းပြောရလျှင်၊ ကျွင်းရှောင်ယောက်ကို သူ အတော်သဘောကျသည်။

သူသည် အရူးတစ်ယောက် ဖြစ်၏။

နောက်မျိုးဆက်များတွင် ကျွင်းရှောင်ယောက်ကဲ့သို့ အရူးတစ်ယောက် ရှိလိမ့်မည်ဟု သူ မထင်ပေ။

"သူ့ရဲ့ စွမ်းရည်တွေက တကယ်ကို အံ့မခန်းပါပဲ။ စိတ်မကောင်းစရာက သူ အရမ်းငယ်သေးတယ်"

လွမ်ကုနှလုံးသားနတ်ဆိုးလည်း ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

သို့သော်လည်း၊ နောက်အခိုက်တွင်...

ပိတ်လုဆဲဆဲ ဟင်းလင်းပြင်ချောက်နက်ကြီးမှ ထိတ်လန့်တုန်လှုပ်ဖွယ် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ဟင်"

လွမ်ကုနှလုံးသားနတ်ဆိုး အံ့သြသွား၏။

ဤအခိုက်တွင်၊ ကျွင်းရှောင်ယောက်က ထူးဆန်းသော လေဟာပြင်တစ်ခုတွင် ရှိနေသည်။

တစ်ခုနှင့်တစ်ခု ရောယှက်နေသော ဟင်းလင်းပြင် အလွှာများထဲတွင် ရှိနေခဲ့၏။

စကြဝဠာ အဆုံးထိ ပြည်နှင်ခံရသကဲ့သို့ သူ့ပတ်ဝန်းကျင်ရှိ အလင်းရောင်အားလုံးကို ဝါးမျိုသွားခဲ့သည်။

ကျွင်းရှောင်ယောက်က ပြန်လှည့်မရသော လမ်းမပေါ်တွင် လျှောက်သွားနေသကဲ့သို့ လွင့်နေဆဲပင်။

သူ့ရှေ့မှာတော့ တဖြည်းဖြည်း ပိတ်တော့မည့် အက်ကြောင်းတစ်ခုကို မြင်ရသည်။

ယင်းက ပြည်နှင်ခြင်းတံခါးပေါက်ပင်။

သို့သော်လည်း ကျွင်းရှောင်ယောက်ဟာ မရေမတွက်နိုင်သော လက်ကြီးများမှ သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ အဆုံးမဲ့ ဟင်းလင်းပြင် တွင်းနက်ကြီးထဲကို ဆွဲငင်ရန် ကြိုးစားနေတာကို ခံစားလိုက်ရသည်။

ဤအခြေအနေမျိုးတွင် မည်သူမဆို တွေးတောနိုင်စွမ်း ကင်းမဲ့ပြီး ကယောင်ချောက်ချား ဖြစ်သွားမည်ဟု ဆိုနိုင်သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ အမူအရာက တည်ငြိမ်နေဆဲပင်။ သူ့မျက်နှာတွင် ထိတ်လန့်မှု အရိပ်အယောင်များကိုတောင် မတွေ့ရပါ။

"လွမ်ကုဧကရာဇ်ကိုယ်တိုင် လုံ့လစိုက်ပြီး တီထွင်ခဲ့တဲ့လမ်းစဉ်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဒီနည်းလမ်းတစ်ခုတည်းက ရှေးဟောင်းသမိုင်းမှာ မှတ်တမ်းတင်ဖို့ လုံလောက်တယ်၊ ဒါပေမဲ့..."

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အလင်းရောင်များ လင်းလက်လာခဲ့သည်။

လွမ်ကုဧကရာဇ်၏ နည်းလမ်းများက အမှန်တကယ် အံ့မခန်းပင်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က ကိုယ်ပိုင်နိယာမ ကင်းမဲ့သောသူ မဟုတ်ပါ။

"ငါ့လမ်းစဉ်ကလည်း အားမနည်းဘူး"

ကျွင်းရှောင်ယောက်က နတ်ဘုရားစွမ်းအင်ကို လှုံ့ဆော်ပြီး မေယုကမ္ဘာ ကမ္ဘာသုံးဆယ့်ခြောက်ခု စွမ်းအားကို စုစည်းလိုက်သည်။

သူ့ဒန်တျန်မှာလည်း အတွင်းစကြာဝဠာစွမ်းအားများ ပျံ့နှံ့လာခဲ့၏။

စကြဝဠာ၏မူလ စွမ်းအားလည်း ထွက်ပေါ်လာခဲ့ပြီ။

ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာက အစပိုင်း ပုံသဏ္ဍာန်မျှသာရှိသော်လည်း ဖန်ဆင်းခြင်းကျောက်စိမ်းပြားဖြင့် ဖိနှိပ်ထားသည်။

ယင်းတွင် ရေ၊ လေ၊ မီး၊ မြေ ဓာတ်လေးပါးကိုလည်း ပေါင်းစပ်ထား၏။

ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာက တဖြည်းဖြည်း ကြီးထွားလာနေပြီဟု ဆိုနိုင်သည်။

အစအဦးနှင့် နှိုင်းယှဉ်ပါက အတွင်းစကြာဝဠာ၏ စွမ်းအားမှာ အဆပေါင်းများစွာထက် ပိုမိုမြင့်မားလာခဲ့ပြီ။

ယခုအချိန်တွင်၊ စကြဝဠာ၏ မူလစွမ်းအားက များစွာပို၍ ကြောက်စရာကောင်းခဲ့သည်။

ကျွင်းရှောင်ယောက်က သူ၏ ဘယ်လက်ကိုမြှောက်ပြီး အဆုံးမဲ့ လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းများကို ဖြန့်ကျက်လိုက်သည်။

အဆုံးမဲ့ နတ်အလင်းက ကမ္ဘာကိုဖွင့်လှစ်ပေးသော ပထမဆုံး အလင်းတန်းကဲ့သို့... ထွန်းလင်းတောက်ပပြီး မှောင်မိုက်သော ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ဤရှေးအမှောင်စကြာဝဠာအား လင်းထိန်သွားစေတော့သည်။

ယင်းမှာ ကမ္ဘာဦးကျမ်း၊ နတ်ဘုရား၏အလင်း ဖြစ်သည်။

ထိုမျှသာမ‌ကသေးပါ။

ကျွင်းရှောင်ယောက်က သူ၏ ညာဘက်လက်ကို ထပ်မံ မြှောက်လိုက်သည်။

စကြဝဠာ၏မူလစွမ်းအားက အပြစ်စွမ်းအားနှင့်အတူ ပျံ့နှံ့သွားခဲ့သည်။ အပြစ်အကုသိုလ်၏ အဆုံးမရှိသော အမှောင် အနီရောင်မျဉ်းက အကြောင်းတရားနှင့် အကျိုးဆက်တို့ ရောယှက်ကာ ပျံ့နှံ့သွား၏။

ယင်းက ကမ္ဘာပေါ်မှာ အနက်ရှိုင်းဆုံးနှင့် အမှောင်မိုက်ဆုံး ပြစ်ဒဏ်ဟုပင် ထင်ရသည်။

ယင်းမှာ ကမ္ဘာဦးကျမ်း၊ နတ်ဘုရား၏ ပြစ်ဒဏ် ဖြစ်တော့သည်။

ကျွင်းရှောင်ယောက်က ဖျက်ဆီးခြင်းနှင့် ပြန်လည်ဆန်းသစ်ခြင်း၏ နတ်ဘုရားကဲ့သို့ လက်နှစ်ဖက်နှင့် အစွန်းရောက်စွမ်းအားနှစ်ခုကို ထိန်းချုပ်ထားခဲ့သည်။

ဤသည်မှာ သူ၏ ကိုယ်ပိုင်နည်းလမ်းဖြစ်ပြီး ဆက်လက်တိုးတက်နေပါက လွမ်ထျန်းလျှို့ဝှက်ကျင့်စဥ်ထက် နိမ့်ကျမည်မဟုတ်ပါ။

ထို့ထက် သာလွန်သွားရန်ပင် ဖြစ်နိုင်ချေရှိသည်။

ကျွင်းရှောင်ယောက်က သူ့လက်နှစ်ဖက်ကို တဖြည်းဖြည်း ပူးကပ်လိုက်သည်။ အစွန်းရောင် တာအိုနည်းလမ်းနှစ်ခုလည်း ဖြည်းညှင်းစွာ ပေါင်းစပ်သွား၏။

ကြောက်မက်ဖွယ်ကောင်းသော ပျက်စီးခြင်းလှိုင်းလုံးကြီးက တုန်ခါနေကာ ပတ်ဝန်းကျင်ရှိ အမှောင်စကြာဝဠာပင်လျှင် ကွဲအက်တော့မည်ကဲ့သို့ ဖြစ်လာတော့သည်။

အတွင်းစကြာဝဠာ၏ မူလစွမ်းအား၊ မေယုကမ္ဘာသုံးဆယ့်ခြောက်ခုစွမ်းအားနှင့် မဟာတာအို နတ်ဘုရားသိုင်း၏ မူလနှစ်မျိုး ပေါင်းစပ်မှု စွမ်းအား။

ဤစွမ်းအားတို့၏ အတက်အကျဟာ ကြောက်စရာကောင်းလွန်းသည်။

"ငါ့လမ်းစဥ်က အရာအားလုံးထက် သာလွန်တယ်။ ငါ့လမ်းစဉ်က အတားအဆီးအားလုံးကို ဖျက်ဆီးပစ်ဖို့ပဲ"

ကျွင်းရှောင်ယောက်၏ အဆုံးစွန်လှုပ်ရှားမှုက ကမ္ဘာကြီးကို ဖျက်ဆီးပစ်တော့မည်ကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

အနီးနားရှိ ဟင်းလင်းပြင် အလွှာများ ချက်ခြင်းဆိုသလို ကွဲအက်သွား၏။

အနှိုင်းမဲ့ကြီးမားသော အဖျက်စွမ်းအားနှင့် အလင်းတန်းတစ်ခုက အက်ကွဲကြောင်း အဝင်ပေါက်ဆီသို့ တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။

"ဝုန်း"

စကြာဝဠာကြီး ပြိုကျပြီး ဟင်းလင်းပြင် ကွဲအက်သွားခဲ့သည်။

လွမ်ကုမျှော်စင် တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားကာ မိုးနှင့်မြေက ဆူညံသံများ ထွက်ပေါ်လာခဲ့၏။

လွမ်ကုနှလုံးသားနတ်ဆိုးက ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်ရာ ဖော်မပြနိုင်သော ပျက်စီးခြင်း အလင်းတန်းများက အက်ကွဲကြောင်း အလွှာများမှတဆင့် ပေါက်ကွဲသွားသည်ကို မြင်လိုက်ရကာ သူ့ဆီသို့ပင် ပြေးလာတော့သည်။

လွမ်ကုနှလုံးသားနတ်ဆိုးလည်း နှစ်ပေါင်းများစွာကြာပြီးနောက် အကျပ်အတည်းတစ်ခုကို ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။

ယင်းက သေခြင်းတရား၏ အကျပ်အတည်း ခံစားချက်ပင်။

လွမ်ကုနှလုံးသားနတ်ဆိုး၏ မသိစိတ်မှ တားဆီးရန် လှုပ်ရှားလိုက်သော်လည်း တိုက်ရိုက် ဖျက်ဆီးခံလိုက်ရသည်။

ဤအဖျက်စွမ်းအားရှေ့တွင်၊ သူ၏ ခန္ဓာကိုယ်ပင်လျှင် ပြိုကွဲတော့မည့် လက္ခဏာများ ပြသနေသည်ဟု သူခံစားမိခဲ့သည်။

"ဒါက...သူ့ရဲ့ နည်းလမ်းလား"

လွမ်ကုနှလုံးသားနတ်ဆိုး ခဏအကြာ မှင်သက်မိသွားလေသည်။

အဆုံးမရှိဘဲ လှပသည့် ပျက်စီးခြင်းအလင်းထဲတွင်...

အဖြူရောင်အဝတ်အစားများနှင့် လူရိပ်သွင်တစ်ခုက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ကွဲကြေနေသော လေဟာပြင်ထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

"အကြီးအကဲ... ခင်ဗျား ရှုံးသွားပြီ"

All Chapters