← Chapters

အခန်း ၇၅၈

Vol. 51 Ch. 758

အခန်း ၇၅၈

Vol. 51 Ch. 758

အခန်း ( ၇၅၈ ) ရင်ခုန်ခြင်း၏ခံစားချက်၊ ဒီနတ်ဘုရားသားတော်က မင်းကို တိုက်ကွက်သုံးခု အခွင့်အရေးပေးမယ်။

ယွီယွင်ရှန့်က သူမ၏အစ်ကို ယွီဟွာဝမ်ကို အလွန် အထင်ကြီးသည်။

သူ၏ ခွန်အားနှင့် ရုပ်ရည်က တစ်သန်းမှာ တစ်ဦး မရှိပေ။

ထို့ကြောင့်ပင် ယွီယွင်ရှန့်က အခြားသူများကို အထင်မြင်သေးခဲ့သည်။

ရှေးဟောင်းမိသားစုများ၏ ပါရမီရှင်များ၊ မြင့်မြတ်မြေများ၏ အမွေခံများနှင့် အင်မော်တယ်ဂိုဏ်းများ၏ အမွေခံများပင်လျှင် သူမ၏အမြင်တွင် များစွာ မထူးခြားပါ။

သူမ၏အစ်ကိုကို မည်သူမျှ မယှဉ်နိုင်ပေ။

ထို့ကြောင့်ပင် ယွီယွင်ရှန့် အနည်းငယ် စိတ်ပူမိခဲ့သည်။ သူမ၏အာရုံကို ဖမ်းစားနိုင်သော ယောက်ျားများ ရှိပါဦးမည်လော။

သို့သော်လည်း ယခုအချိန်တွင် ကောင်းကင်ယံမှ ရုပ်သွင်ကိုကြည့်ရင်း ယွီယွင်ရှန့် မှင်တက်သွားခဲ့သည်။

နတ်အလင်းများနှင့် ကျွင်းရှောင်ယောက်က နတ်တစ်ပါးကဲ့သို့ ထင်မှတ်ရ၏။

ယွီယွင်ရှန့် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

သူမ၏အစ်ကို ယွီဟွာဝမ်က အလွန်ချောမောသည်။

သူ့ကို လူသား နတ်ဘုရားဟုပင် ခေါ်ဆိုနိုင်ပေသည်။

သို့သော်လည်း၊ ယခုအချိန်တွင် သူ့ရှေ့မှ ကျွင်းရှောင်ယောက်နှင့် နှိုင်းယှဥ်ကြည့်ပါက အနည်းငယ် နိမ့်ကျနေဆဲပင် ဖြစ်သည်။

အကယ်၍ ယွီဟွာဝမ်က လူ့လောကမှ ပြီးပြည့်စုံသော လူသား နတ်ဘုရားဖြစ်လျှင်...

ကျွင်းရှောင်ယောက်က လူ့လောကထဲကို ဆင်းလာသော နတ်တစ်ပါး ဖြစ်သည်။

သူတို့နှစ်ဦးကြားတွင် ကွာဟမှုတစ်ခု အမှန်တကယ် ရှိလေသည်။

"အမိတ္တဘ၊ မင်းသမီးယွင်ရှန့်... ဒီရဟန်း မှန်တယ် မဟုတ်လား။ သီလရှင်တွေတောင် သူ့ကိုမြင်ရင် ‌လောကီလူဘောင်ထဲ ပြန်ဝင်လာလိမ့်မယ်"

ဗြဟ္မာက‌ ပြောလိုက်သည်။

ယွီယွင်ရှန့်လည်း သေချာနားမထောင်ဘဲ ကြောင်တက်တက်ဖြင့် ခေါင်းညိတ်လိုက်လေသည်။

မူလက၊ ရှေးဟောင်းလမ်းကို အလျားလိုက် တွန်းခဲ့သော ကျွင်းမိသားစု၏ နတ်ဘုရားသားတော်က သူရဲကောင်းဆန်ပြီး ကြီးစိုးသည့် အမျိုးအစား ဖြစ်သင့်သည်ဟု သူမ ထင်ခဲ့သည်။

ယခုတော့၊ ထိုမျှချောမောသော နတ်ကိုကိုတစ်ပါး ဖြစ်နေခဲ့၏။

ယင်းက ရင်တုန်စေသော ခံစားမှုတစ်ခု ဖြစ်သည်။

မဟုတ်သေး၊ ယင်းက ရင်ခုန်သံ၏ ခံစားချက်ပင်။

ကျွင်းရှောင်ယောက်ကတော့ တခြားသူများကို သိပ်မကြည့်ပါ။

သူထွက်လာပြီးသည်နှင့် ချင်ဝူတောက်ကို စိုက်ကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် ချင်ဝူတောက်က ကျွင်းရှောင်ယောက်ကို လှမ်းကြည့်လိုက်၏။

လေထဲတွင် သူတို့နှစ်ဦး၏ အကြည့်များမှ မီးပွားများပင် ထွက်လာတော့မည့်ပုံရသည်။

သူတို့နှစ်ယောက်စလုံး တစ်ယောက်ထံမှ တစ်ယောက် ရင်းနှီးသော ခံစားချက်များ ရှိနေသည်ဟု ခံစားမိခဲ့ပေသည်။

ယင်းက လွမ်ကုဧကရာဇ်အဆောင် ဖြစ်သည်။

တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ရင်း တိုက်ပွဲ အငွေ့အသက်များ ပျံ့လွင့်လာခဲ့သည်။

အခြား ပါရမီရှင်များလည်း အံ့အားသင့်သွားကြ၏။

ဤနှစ်ယောက် တိုက်ခိုက်တော့မှာလား။

ထိုသို့တွေးမိသောအခါ လူတိုင်း၏ မျက်လုံးများမှာ စိတ်ဝင်စားမှု အရိပ်အမြွက်တို့ ပေါ်လာတော့သည်။

ဤလူနှစ်ဦးတွင် တစ်ဦးက ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ဖြစ်ပြီး ကျန်တစ်ဦးမှာတော့ ချင်မိသားစု၏ နတ်ဘုရားသားတော် ဖြစ်သည်။

ရှေးဟောင်းမင်းမျိုးနွယ် မိသားစုကြီးနှစ်ခု၏ နတ်ဘုရားသားတော်များကြားမှ တိုက်ပွဲက အမှန်တကယ် စိတ်ဝင်စားစရာ ကောင်းလှသည်။

"မင်း လွမ်ကုဧကရာဇ်ရဲ့ အမွေကိုရပြီလား"

ချင်ဝူတောက်၏ မျက်လုံးများက အေးစက်နေသော်လည်း သူ့လေသံက တည်ငြိမ်သည်။

"သိသိကြီးနဲ့မေးနေတာပဲ"

ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်၏။

ကျွင်းရှောင်ယောက်၏ စကားကိုကြားတော့ နေရာတိုင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အလွှာတစ်ထောင်ကိုတက်လှမ်းပြီး လွမ်ကုဧကရာဇ်ရဲ့ အမွေကိုတောင် ရခဲ့တာပဲ"

"မှတ်တမ်းတစ်ခုပဲ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က စံချိန်သစ်တင်လိုက်ပြီ"

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဒါပေမဲ့ ဒီလို စံချိန်မျိုး ဖန်တီးတာက နတ်ဘုရားသားတော်အတွက် မခက်ခဲဘူးလို့ ဘာဖြစ်လို့ ခံစားရတာလဲ"

အံ့ဩခြင်း။

ချီးမွမ်းခြင်း။

တုန်လှုပ်ခြင်း။

စကားသံများ ဆူညံသွားလေသည်။

"သူက တကယ်ကြီး ထိပ်ဆုံးကိုတက်ပြီး စမ်းသပ်မှုကို အောင်မြင်သွားတာပဲ။ ဒါဆိုရင် သူ့အရည်အချင်းက လွမ်ကုဧကရာဇ် ငယ်ရွယ်စဉ်ကနဲ့ တူညီတယ်လို့ မဆိုလိုဘူးလား"

ယွီယွင်ရှန့် ပို၍ တုန်လှုပ်သွားခဲ့သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က လွမ်ကုနှလုံးသားနတ်ဆိုးကို အနိုင်ယူခဲ့ပြီဟု မထင်ပါ။

အတိအကျပြောရလျှင် ကျွင်းရှောင်ယောက်၏ အရည်အချင်းက လွမ်ကုဧကရာဇ် ငယ်ရွယ်စဉ်ကထက် သာလွန်သည်။

ယခင်ကတော့ ယွီယွင်ရှန့်ဟာ သူမ၏အစ်ကို ယွီဟွာဝမ်တွင် ပြိုင်ဘက်ကောင်းတစ်ဦး တိုးလာမည်အား စိုးရိမ်သောကြောင့် လက်မခံချင် ဖြစ်ခဲ့သည်။

ယခုမူ ထိုရုပ်သွင်ကိုကြည့်ရင်း ယွီယွင်ရှန့်ဟာ အမှန်တကယ် မမုန်းနိုင်တော့ပေ။

'ဖြစ်နိုင်တာက၊ သူဟာ ငါ့အစ်ကိုနဲ့ သူငယ်ချင်းဖြစ်နိုင်တယ်'

ယွီယွင်ရှန့်၏ စိတ်ထဲတွင် ရုတ်တရက် တွေးလိုက်မိသည်။

မည်သို့ဆိုစေ၊ ယွမ်ဟွာမင်းဆက်နှင့် ကျွင်းမိသားစုကြားမှာ ပဋိပက္ခများ မရှိပါ။

သူတို့က ဘာကြောင့် သူငယ်ချင်းမဖြစ်နိုင်ရမည်နည်း။

ပတ်တန်းကျင်မှ တုန်လှုပ်မှုများနှင့် နှိုင်းယှဥ်လျှင်...

ချင်ဝူတောက်၏ မျက်နှာက မည်းမှောင်နေခဲ့သည်။

လွမ်ကုဧကရာဇ်၏အမွေကို သူမှလွဲ၍ မည်သူမျှ ရယူခွင့်မပြုနိုင်ပေ။

ထို့ပြင် ချင်ဝူတောက်အတွက် လွမ်ကုဧကရာဇ်၏အမွေကို ရယူပြီး ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်ရန် လိုအပ်သည်။

သို့မှသာ၊ အချိန်တန်၍ အင်မော်တယ်ခုံရုံး၏ အမွေခံများ သို့မဟုတ် လူဝင်စားဗုဒ္ဓကို အနိုင်ယူရန် ယုံကြည်မှုရှိလိမ့်မည်။

မဟုတ်ပါက၊ ဧကရာဇ်၏အမွေကို မရရှိနိုင်သော ချင်‌ဝူတောက်ဟာ အခြားသူများထက် ခြေတစ်လှမ်း နောက်ကျနေတော့မည် ဖြစ်သည်။

"ငါက လွမ်ကုဧကရာဇ်ရဲ့ မျိုးရိုးကနေ ဆင်းသက်လာတာကို မင်းသိထားသင့်တယ်"

ချင်ဝူတောက်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

"အဲဒီတော့ ဘာဖြစ်လဲ"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက ရယ်ရွှင်မြူးသော အရိပ်အယောင်များ လှစ်ဟလာခဲ့၏။

ချင်ဝူတောက်က သူ့ကို စကားနှင့်ပြောရရုံလောက် လွယ်ကူမည်ဟု အမှန်တကယ် ထင်နေပါသလော။

"ငါ့ညီ ချင်ကျစ်မိုကို မင်းသတ်ခဲ့တာ မဟုတ်လား"

ချင်ဝူတောက်က ဆက်ပြောသည်။

သူ့အတွေးများကို ကျွင်းရှောင်ယောက် ချက်ချင်း နားလည်လိုက်၏။

သူ ပြုံးလိုက်သည်။

ယင်းက အေးစက်စက် အပြုံးတစ်ခုပင်။

"အကြောင်းပြချက်ရှာချင်ရင် ဒီအကြောင်းပြချက်က မိုက်မဲလွန်းတာပဲ။ အခု မိုက်မဲတဲ့စကားတွေ ပြောနေစရာ မလိုတော့ဘူး။ လာခဲ့"

ကျွင်းရှောင်ယောက်က လက်သုံးချောင်းကို ဖြည်းညှင်းစွာ ထောင်ပြလိုက်သည်။

ချင်ဝူတောက် အံ့သြသွားပြီး မျက်မှောင်ကြုတ်လိုက်၏။

အခြားသူများလည်း စိတ်ရှုပ်ထွေးသွားသည်။

"တိုက်ကွက်သုံးခု၊ မင်းကို တိုက်ခိုက်ဖို့ အခွင့်အရေး သုံးခုပေးမယ်။ မင်း ငါ့ကို နည်းနည်းလေးလောက် နာကျင်အောင် လုပ်နိုင်ရင် လွမ်ကုဧကရာဇ်ရဲ့ အမွေအနှစ်ကို မင်းပိုင်လိမ့်မယ်"

ထိုစကားများ ထွက်ပေါ်လာပြီးနောက် အားလုံး တိတ်ဆိတ်သွားကြသည်။

ပတ်ဝန်းကျင်မှ ပါရမီရှင်များလည်း မယုံကြည်နိုင်သလို အံ့အားသင့်သွား၏။

ချင်ဝူတောက်က မည်သူနည်း။

ရှေးဟောင်း ချင်မိသားစု၏ နတ်ဘုရားသားတော်အနေဖြင့် သူ့ခွန်အားက သန်မာသည်။ အဆုံးစွန် ရှေးဟောင်းလမ်း တစ်ခုလုံးကို ကြည့်လိုက်လျှင်ပင် သူ့ပြိုင်ဘက် ဖြစ်နိုင်သူက လက်တစ်ဆုပ်သာ ရှိသည်။

ဘယ်သူက သူ့ကို ဤမျှမထီမဲ့မြင်ပြုနိုင်မည်နည်း။

ကျွင်းရှောင်ယောက်က သန်မာသည်။

သို့ရာတွင်၊ ချင်ဝူတောက်က ကြက်ကလေး ငှက်ကလေး မဟုတ်ပေ။

ကျွင်းရှောင်ယောက်၏ စကားများမှာ မျိုးဆက်ဟောင်း စီနီယာက မျိုးဆက်သစ်တစ်ဦးကို ပြောနေသကဲ့သို့ ဖြစ်သည်။ သူက ချင်ဝူတောက်ကို သူနှင့် တူညီသော အဆင့်တွင် လုံးဝ မထားခဲ့ပေ။

သို့သော်လည်း လွမ်ကုနှလုံးသားနတ်ဆိုးနှင့် ရင်ဆိုင်ပြီးနောက် ကျွင်းရှောင်ယောက်ဟာ ချင်ဝူတောက်က အမှန်တကယ် ပြုင်ဘက်မဟုတ်ကြောင်း ခံစားခဲ့ရသည်။

ထို့ကြောင့်ပင် သူက လှုပ်ရှားမှု သုံးခုသာ ပြုလုပ်ရန် ဆန္ဒရှိခဲ့ပေသည်။

"ကျွင်း ရှောင် ယောက်…"

ချင်ဝူတောက် တစ်ခွန်းချင်း အော်ဟစ်လိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့၏။

ချင်မိသားစု၏ နတ်ဘုရားသားတော်အနေဖြင့် ယခင်က သူဟာ ဤကဲ့သို့ မထီမဲ့မြင်ပြုခြင်းမျိုး တစ်ခါမှ မခံရဖူးပေ။

"ဒါပေါ့၊ ဒီနတ်ဘုရားသားတော်က မင်းကို တိုက်ကွက်သုံးခု အခဥင့်အရေးပေးပေမဲ့ တန်ကြေးတစ်ခု ရှိတယ်။ မင်းသာ ရှုံးခဲ့မယ်ဆိုရင်... ဟားဟားဟား"

ကျွင်းရှောင်ယောက်က အများကြီး မပြောတော့ဘဲ ရယ်မောလိုက်သည်။

သို့ရာတွင် အဓိပ္ပာယ်က ထင်ရှား၏။

"မင်း၊ အတင့်ရဲလိုက်တာ"

ချင်ဝူတောက် သည်းမခံနိုင်တော့ဘဲ တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

ဤမြင်ကွင်းကို ကြည့်ပြီး ဗြဟ္မာက သနားသည့်အကြည့်ဖြင့် ခေါင်းကို အနည်းငယ်ခါယမ်းလိုက်လေသည်။

"ဗုဒ္ဓက သနားကြင်နာတတ်ပါတယ်။ ဒါပေမဲ့ လူတွေကတော့ ရိုက်ခံရပြီးမှ တိုးတက်ဖို့ အမြဲသင်ယူနေကြတယ်"

ဤချင်ဝူတောက်၏ ဘဝတွင် တစ်ခါမျှ အခြေအနေမပျက်ဘူးသေးကြောင်း ထင်ရှားသည်။ မဟုတ်ပါက၊ ဤမျှ စိတ်အားထက်သန်နေမည် မဟုတ်ပေ။

"ဝုန်း"

ချင်ဝူတောက်က ရိုးရှင်းသော လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်သည်။

သို့ရာတွင် ကမ္ဘာတစ်ခုလုံးကို နှိမ်နှင်းနိုင်ပုံရသော ဧကရာဇ် အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။

ဤသည်မှာ ချင်မိသားစု၏ ထူးခြားသော နတ်ဘုရားသိုင်း၊ ဧကရာဇ်လက်သီးပင်။

ချင်မိသားစုတွင် အထူးခြားဆုံးက ဧကရာဇ်တာအိုနတ်ဘုရားသိုင်းများ ဖြစ်သည်။

အင်မော်တယ်‌နယ်မြေကြီးတွင် ကျော်ကြားခဲ့သော ချင်မိသားစု၏ ပထမဆုံး မဟာဧကရာဇ်သည် တစ်ချိန်က သက်ရှိသတ္တဝါအားလုံး၏ ယုံကြည်မှုစွမ်းအားကို စုစည်းကာ ဧကရာဇ်တာအိုမီးကို လောင်ကျွမ်းစေခဲ့သည်။ သူဟာ ကောင်းကင်ကိုးခုနှင့် မြေကမ္ဘာဆယ်ခုကို ဖိနှိပ်ပြီး ရှေးသမိုင်းတွင် အမှတ်အသားတစ်ခု ချန်ရစ်ခဲ့ပေသည်။

ချင်မိသားစု၏ နတ်ဘုရားသားတော်အနေဖြင့် ချင်ဝူတောက်ကလည်း ဤဧကရာဇ်တာအို နတ်ဘုရားသိုင်းများကို သဘာဝအတိုင်း လေ့ကျင့်နိုင်ခဲ့သည်။

သူ၏ လက်သီးချက်က ကမ္ဘာကိုဖိနှိပ်နေသော ဧကရာဇ်တစ်ပါးကဲ့သို့ပင်။

"ချင်မိသားစုရဲ့ ဘုရားသားတော် မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ သူ လှုပ်ရှားလိုက်တာနဲ့ ပြိုင်ဘက်ကို သိသာစေတယ်"

လူတိုင်း အံ့ဩသွားပြီးနောက် ချင်ဝူတောက် နည်းလမ်းများကို လေးစားသွားခဲ့သည်။

ယွီယွင်ရှန့်သည်လည်း ယခင် မထီမဲ့မြင်ပြုမှုကို ပယ်ရှားခဲ့၏။

ချင်ဝူတောက်က သူမ၏အစ်ကိုထက် အလွန်အမင်း အားနည်းသူမဟုတ်ပါ။ အပြန်အလှန် တိုက်ခိုက်နိုင်စွမ်းရှိမည်မှာ သေချာသည်။

သို့သော်လည်း၊ သူမ၏စိတ်ထဲမှ ထိုသို့ တွေးနေစဉ်တွင်...

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ မြေပြင်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့၏။ အက်ကြောင်းများအလယ်ဗဟိုမှ ချင်ဝူတောက်ကို မြင်ရသောအခါ အားလုံး ကြက်သေသေသွားတော့သည်။

သူ့လက်က အက်ကွဲပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။ သူ့နှလုံးသားကလည်း ပေါက်ထွက်တော့မလို ပြင်းထန်စွာ တုန်ခါသွား၏။

ဘာများဖြစ်သွားခဲ့သနည်း။

လူတိုင်း တုန်လှုပ်သွားကြသည်။ ယွီယွင်ရှန့်လည်း အံ့အားသင့်သွား၏။

"နှစ်ကွက်ပဲ ကျန်တော့တယ်"

ကျွင်းရှောင်ယောက်က အပြောင်းအလဲမရှိ တည်ငြိမ်သောလေသံဖြင့် သူ့လက်သီးကို ပြန်ရုတ်လိုက်သည်။

All Chapters