အခန်း ၇၅၉
Vol. 51 Ch. 759
အခန်း ( ၇၅၉ ) ဝှက်ဖဲအားလုံးကို ထုတ်ဖော်သည်၊ ပထမဧကရာဇ်၏ အစွန်းရောက်နည်းလမ်း၊ ဧကရာဇ်တစ်ပိုင်းလက်နက် ကမ္ဘာ့မြေပုံ။
လူတိုင်း လုံးဝ တုန်လှုပ်ချောက်ချားသွားကာ မတုံ့ပြန်နိုင်တော့ပေ။
ယခုလေးတင် ချင်ဝူတောက်က အထင်ကြီးစရာကောင်းသော လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်သည်။ အားကောင်းသော စွမ်းအားလှိုင်းများနှင့် တောက်ပသောအလင်းက အရပ်ရပ်ကို ဖြာထွက်သွား၏။
ရလဒ်အနေဖြင့်၊ နောက်အခိုက်တွင် မြေပြင်ပေါ်သို့ ရိုက်ချခံရကာ လက်တစ်ဖက်ကျိုးပြီး သွေးများ အန်ထွက်နေတော့သည်။
အပြောင်းအလဲက မြန်ဆန်လွန်းပြီး မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင်၊ ချင်ဝူတောက်၏ အမူအရာက တုန်လှုပ်မှုတို့ တိတ်တဆိတ် ယှက်သန်းနေခဲ့သည်။
ကိုယ်တိုင် ကြုံဖူးမှသာ အဖြစ်အပျက်များကို သိနိုင်ပေလိမ့်မည်။
ကျွင်းရှောင်ယောက်က ရိုးရှင်းသော လက်သီးတစ်ချက်နှင့် သူ့လက်သီးကို ချေဖျက်ကာ မြေပြင်ပေါ်သို့ ရိုက်ချခဲ့သည်။
ယင်းမှာ ထူးခြားမှု လုံးဝ မရှိဘဲ ရိုးရှင်းကာ တိုက်ရိုက်ဆန်သော နည်းလမ်းတစ်ခုပင်။
လက်သီးနှစ်လုံး ထိပ်တိုက်တွေ့သောအခါ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ခန္ဓာကြံ့ခိုင်မှုနှင့် နတ်ဘုရားစွမ်းအင်ကို သူ ခံစားလိုက်ရသည်။
ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာဖြစ်မှန်း သူသိပြီးသားပင်။
သို့ရာတွင်၊ ၎င်းက ရှေးဟောင်းမြင့်မြတ်ခန္ဓာဖြစ်လျှင်ပင် ထိုမျှ မသန်မာသင့်ပေ။
ချင်ဝူတောက်က ခန္ဓာကိုယ်သန့်စင်မှုတွင် အထူးမကျွမ်းကျင်သော်လည်း၊ သူ၏ခန္ဓာကိုယ်အား နွေဦးနှင်းရည်ထဲတွင် နေ့တိုင်းစိမ်ထားခဲ့သည်။
သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အားနည်းမှုမရှိချေ။
သို့သော်လည်း ယခုအချိန်မှာတော့ သူ့ကို ကျွင်းရှောင်ယောက်က အင်အားနှင့် အပြတ်ဖိနှိပ်ထားလိုက်ပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်သည် ခန္ဓာကိုယ်ကြံ့ခိုင်မှုအင်အား တိုးမြင့်စေသော အနှိုင်းမဲ့နတ်ဆင်ခွန်အား၊ ထာဝရအင်မော်တယ်ခန္ဓာနှင့် မေယုကမ္ဘာသုံးထောင် စသည်တို့ကို လေ့ကျင့်ထားကြောင်းတော့ သဘာဝအတိုင်း ချင်ဝူတောက် မသိပါ။
၎င်းတို့အပြင် ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ထပ်ပေါင်းလိုက်သောအခါ ကျွင်းရှောင်ယောက်က ပြိုင်ဘက်ကင်းသလောက်ရှိသော ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ပိုင်ဆိုင်လာခဲ့သည်။
ယခုအချိန်မှာတော့ ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကိုနောက်ပစ်ပြီး လေထဲတွင် ရပ်နေလေသည်။
သူ၏ အနေအထားနှင့်ယှဉ်လျှင် ယခုအချိန်မှာ မြေပြင်ပေါ်သို့ ဖိနှိပ်ခံထားရသော ချင်ဝူတောက်က အနည်းငယ် အခြေအနေပျက်ခဲ့သည်။
ရှေးဟောင်းမင်းမျိုးနွယ် မိသားစုမှ နတ်ဘုရားသားတော် အရှိန်အဝါတို့ လုံးဝ ဆုံးရှုံးခဲ့ရပေသည်။
"သူတို့နှစ်ယောက်ကြား ကွာဟချက်က ဒီလောက်ကြီးမားတာလား"
ယွီယွင်ရှန့် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။
ချင်ဝူတောက်၏ လက်သီးချက်ကြောင့် ဖိအားများကို သူမ ခံစားခဲ့ရသေးသည်။
သေချာတာကတော့ လျှော့တွက်လို့မရသော တည်ရှိမှု ဖြစ်သည်။
မူလက ယွီယွင်ရှန့်ဟာ ချင်ဝူတောက်က ကျွင်းရှောင်ယောက်ထက် အားနည်းလျှင်ပင် အနည်းဆုံး တိုက်ကွက်ရာဂဏန်းခန့်ရင်ဆိုင်ရန် ပြဿနာမရှိဘူးဟု ယုံကြည်ထားခဲ့သည်။
ယခုတော့ သူဟာ ချင်ဝူတောက်ကို အလွန်အမင်း ပိုတွက်နေပုံပင်။
မဟုတ်သေး။
သူမက ချင်ဝူတောက်ကို လွန်ကဲစွာ တွက်ဆထားခြင်း မဟုတ်ပါ။
ကျွင်းရှောင်ယောက်ကို လျှော့တွက်လွန်းသောကြောင့် ဖြစ်သည်။
"နောက်ထပ် တိုက်ကွက်နှစ်ခု ရှိသေးတယ်"
ကျွင်းရှောင်ယောက်၏ အမူအရာက တည်ငြိမ်သော ရေမျက်နှာပြင်ကဲ့သို့ အစမှအဆုံးထိ ပြောင်းလဲခြင်းမရှိပါ။
ချင်ဝူတောက်၏ မျက်နှာကတော့ မကြုံစဖူး လေးနက်လာခဲ့သည်။
ကျွင်းရှောင်ယောက်၏ ခွန်အားအတွက် သူ့စိတ်ကို ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။
သို့ရာတွင်၊ အမှန်တကယ် ရင်ဆိုင်ပြီးမှ ကျွင်းရှောင်ယောက်၏ခွန်အားဟာ သူ့မျှော်လင့်ထားတာထက် ကျော်လွန်နေပါသေးကြောင်း သိခဲ့ရလေသည်။
သို့သော်လည်း ချင်ဝူတောက်က လက်မလျှော့ခဲ့ပါ။
ဤအဆင့်ထိ လေ့ကျင့်လာသူများတွင် မည်သူက အလွယ်တကူ အလျှော့ပေးချင်မှာလဲ။
ချင်ဝူတောက်က တံဆိပ်တော်တစ်ခု ဖန်တီးလိုက်သည်။ ကြယ်စကြာဝဠာစွမ်းအားများက သူ့ပတ်ဝန်းကျင်တွင် စီးဆင်းလာခဲ့၏။
သူ့ပတ်ဝန်းကျင်တွင် ကြီးမားကျယ်ပြန့်သော ဂလက်ဆီတစ်ခု ရှိနေသလို ဖြစ်သည်။
နောက်ဆုံးတွင် အဆုံးမရှိသော ဂလက်ဆီစွမ်းအားက သူ့ခန္ဓာကိုယ်ထဲသို့ အရူးအမူး စိမ့်ဝင်လာခဲ့သည်။
ချင်ဝူတောက်၏ အရှိန်အဝါသည်လည်း တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီ။
သူ၏ ကျင့်ကြံခြင်းအခြေခံက မဟာသူတော်စင်နယ်ပယ်သို့ မရောက်သေးပါ။
သို့ရာတွင် ဤလျှို့ဝှက်နည်းလမ်းကို အသုံးပြုပြီးနောက်၊ သူ၏ အရှိန်အဝါက မဟာသူတော်စင်နယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။
"အဲဒါက ရှေးဟောင်းချင်မိသားစုရဲ့ လျှို့ဝှက်နည်းလမ်း၊ ကြယ်ကိုးပွင့် ဂလက်ဆီပြောင်းလဲခြင်းပဲ"
ပါရမီရှင် တော်တော်များများက အံ့အားသင့်စွာ အော်လိုက်သည်။
သူတို့က ဗဟုသုတကြွယ်ဝလွန်း၍ မဟုတ်ပါ။ ဤလျှို့ဝှက်နည်းက ချင်မိသားစု၏ အကျော်ကြားဆုံး နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီးနာမည်ကြီးလွန်း၍ ဖြစ်သည်။
ယင်းက ဝင်ရိုးစွန်းကိုးခု အစွန်းရောက်ပြောင်းလဲခြင်းဟု လူသိများသော၊ ဂလက်ဆီပေါ်သို့ တက်လှမ်းခြင်းပင်။
ကြယ်ကိုးပွင့် ဂလက်ဆီပြောင်းလဲခြင်းကို အသုံးပြုကာ သူ့စွမ်းအားများ တဟုန်ထိုးတက်လာသည်ကို ခံစားမိပြီးနောက် ချင်ဝူတောက်၏ မျက်လုံးများက ယုံကြည်မှုတို့ တဖြည်းဖြည်း ပြန်လည်ရရှိလာခဲ့သည်။
သူနှင့် ကျွင်းရှောင်ယောက်ကြားမှ ကျင့်ကြံခြင်းနယ်ပယ် ကွာခြားမှုက အဆမတန် လျော့ပါးသွားခဲ့၏။
သို့သော်... မလုံလောက်သေးပေ။
ချင်ဝူတောက်က တစ်ခါတစ်ရံတွင် စိတ်မြန်လက်မြန်ရှိသော်လည်း မိုက်မဲသူဟု မဆိုလိုပါ။
ကျွင်းရှောင်ယောက်ရ သူ့ကို လှုပ်ရှားရန် အခွင့်အရေး သုံးကြိမ်ပဲ ပေးခဲ့သည်။ ယခုလေးတင် တိုက်ကွက်တစ်ခုကို အသုံးပြုပြီးသွားပြီ။
ထို့ပြင် ကျွင်းရှောင်ယောက်ကို အနည်းငယ်မျှ ထိခိုက်စေနိုင်သရွေ့ အနိုင်ရပြီဟု မှတ်ယူနိုင်သည်။
ကတိဖျက်မှာကိုလား။
ဂုဏ်သိက္ခာရှိသော ကျွင်းမိသားစု၏ နတ်ဘုရားသားတော်က သူ့မျက်နှာကို ဂရုမစိုက်ဘဲနေမည်ဟု ချင်ဝူတောက် မထင်ပေ။
"ကျွင်းရှောင်ယောက်၊ ငါပြောခဲ့သလိုပဲ မင်းနောင်တရလိမ့်မယ်"
ချင်ဝူတောက်က သူ၏ နတ်ဘုရားသိုင်းကို တစ်ဖန် အသက်သွင်းလိုက်သည်။ ဧကရာဇ်တာအို အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။
မရေမတွက်နိုင်သော သက်ရှိသတ္တဝါများက ဧကရာဇ်အရှင်ကို ဦးညွတ်ကိုးကွက်နေကြသကဲ့သို့ပင်။
ထိုအားကောင်းသော ဧကရာဇ်အရှိန်အဝါက ခြေသည်းငါးချောင်းရှိသော ရွှေနဂါးများအဖြစ်သို့ ပေါင်းစုသွားခဲ့သည်။
ခြေသည်းငါးချောင်းရှိသော ရွှေနဂါးကြီးက ကောင်းကင်ကိုဖုံးလွှမ်းနေသော ရွှေတောင်ကြီးကဲ့သို့ ပေတစ်သောင်းခန့် ရှည်လျား၏။
လက်သည်းငါးချောင်းရှိသော ရွှေနဂါးတစ်ကောင်က သူတော်စင်ဘုရင်နယ်ပယ် ကျွမ်းကျင်သူကို ချက်ခြင်းဖိနှိပ်ရန် လုံလောက်သည်ဟု ဆိုနိုင်သည်။
သို့သော်လည်း ယခုအချိန်တွင် ချင်ဝူတောက်ရှေ့မှာ ခြေသည်းငါးချောင်းရှိသော ရွှေနဂါးများက ရာနှင့်ချီ၍ ရှိနေကြတော့သည်။
ယင်းက အလွန် အားကောင်းသည်။
ဤတိုက်ခိုက်မှု ထုတ်ဖော်သည်နှင့် မဟာသူတော်စင်နယ်ပယ်အောက်မှ မည်သူမဆို ခုခံနိုင်ရန် မလွယ်တော့ပေ။
မဟာသူတော်စင်တစ်ပါးဖြစ်လျှင်ပင် ခက်ခက်ခဲခဲ ခုခံရတော့မှာ ဖြစ်သည်။
"ပထမဧကရာဇ်ရဲ့ အစွန်းရောက်နည်းလမ်း၊ နဂါးဧကရာဇ် ကမ္ဘာကို ဟိန်းဟောက်ခြင်း"
ချင်ဝူတောက်ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ရာနှင့်ချီသော ခြေသည်းငါးချောင်း ရွှေနဂါးကြီးများက ဟိန်းဟောက်ပြီး သူနှင့်အတူ တိုက်ခိုက်လိုက်၏။
ပထမဧကရာဇ်၏ အစွန်းရောက်နည်းလမ်းမှာ ချင်မိသားစု၏လျှို့ဝှက်ချက်ဖြစ်သည်။ ၎င်းက မျိုးနွယ်စောင့်နည်းလမ်းလည်းဖြစ်ပြီး သူ့စွမ်းအားက စိတ်ကူးမယဉ်သာပေ။
"မဟာဧကရာဇ်ရဲ့ နည်းလမ်းလား၊ ငါ့မှာလည်း ရှိတယ်"
ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က ထူးခြားမှုမရှိသလို ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သူ၏ ဤအကဲဖြတ်မှုက ပထမဧကရာဇ်ကို မဟုတ်ပါ။ သူ့ရှေ့မှ ချင်ဝူတောက်ကိုသာ ဖြစ်သည်။
မဟာဧကရာဇ်၏ အစွန်းရောက်နည်းလမ်းများက အစွမ်းထက်သော်လည်း လေ့ကျင့်ရန် အလွန်ခက်ခဲသည်။ နောက်ဆုံးတွင်၊ လူတိုင်းက ကျွင်းရှောင်ယောက်ကဲ့သို့ အံ့ဖွယ်ကောင်းသော နားလည်နိုင်စွမ်းမျိုးမရှိပါ။
အမှန်အတိုင်းပြောရလျှင် ချင်ဝူတောက်က ဤအစွန်းရောက်နည်းလမ်းကို အဆင့်တစ်ခုထိ လေ့ကျင့်ထားပြီးပြီ ဖြစ်သည်။
သို့ရာတွင်၊ သူ့ကိုရင်ဆိုင်ရန်တော့ မလုံလောက်သေးပါ။
ကျွင်းရှောင်ယောက်က သေခြင်းရှင်ခြင်း အင်မော်တယ်စွမ်းအင်ကို အသက်သွင်းပြီး ကောင်းကင်အားလုံး၏ သေခြင်းရှင်ခြင်းဘီးကို ထုတ်ဖော်လိုက်သည်။
ယင်းက လက်မှတ်ထိုးဝင်ခြင်းမှ ကျွင်းရှောင်ယောက် ရရှိထားသော တားမြစ်နည်းလမ်း တစ်ခုပင်။
"ဝုန်း"
သေခြင်းရှင်ခြင်းစွမ်းအင်က ဧကရာဇ်တာအို နဂါးစွမ်းအင်နှင့် ထိပ်တိုက်တွေ့သွားသည်။
ကောင်းကင်ကြီး ပြိုကျကာ မြေပြင် တုန်ဟီးသွား၏။
ဤသည်မှာ အဆုံးစွန်နည်းလမ်းနှစ်ခု ထိပ်တိုက် တွေ့ဆုံခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်မြေက ချက်ချင်း ကွဲအက်ပျက်စီး၍ ဖုံမှုန့်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ကျွင်းရှောင်ယောက်၏လက်က သေခြင်းရှင်ခြင်းစွမ်းအင်များ လှည့်ပတ်နေပြီး ခြေသည်းငါးချောင်းရှိသော ရွှေနဂါးများအားလုံး ပျက်သုဉ်းသွားကြရသည်။
"ဖူး"
ချင်ဝူတောက်၏ ပါးစပ်ထဲမှ သွေးများ ထပ်မံအန်ထွက်လာခဲ့သည်။
သူ့ပုံရိက်က အဝေးသို့ လွင့်စဉ်သွားတော့သည်။
"တစ်ကွက်ကျန်သေးတယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။
အဝေးသို့ ဆုတ်သွားကြသော ပါရမီရှင်များလည်း ဤမြင်ကွင်းကို မြင်ရသောအခါ ပြောမပြတတ်လောက်အောင် အံ့အားသင့်သွားတော့သည်။
ရှေးဟောင်းမိသားစု၏ နတ်ဘုရားသားတော် ချင်ဝူတောက်က ကျွင်းရှောင်ယောက်၏ ရှေ့မှောက်တွင် အလွန်အားနည်းနေသည်။
အတိအကျပြောရလျှင်၊ ချင်ဝူတောက်၏ တိုက်ခိုက်မှုများက တကယ်ကို အားမနည်းပါ။
ကံမကောင်းစွာဖြင့်၊ သူ့ပြိုင်ဘက်က သန်မာလွန်းခဲ့သည်။
"ကျွင်းရှောင်ယောက်၊ မင်း..."
ချင်ဝူတောက်ဟာ ချောင်းဆိုးရင်း ပြန်ထလာခဲ့သည်။ သူ့မျက်နှာက ဖုန်မှုန့်များကပ်နေပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွား၏။
သို့သော်လည်း သူ့မျက်လုံးများမှာတော့ ဒေါသမီးလျှံတို့ တဟုန်းဟုန်း တောက်လောင်နေတော့သည်။
ချင်ဝူတောက်၏ ပင်ကိုယ်စရိုက်က လွှမ်းမိုးကာ ကြီးစိုးသည်။
ကံမကောင်းစွာဖြင့်၊ ယခုအခါ သူ့ထက် ပို၍ကြီးစိုးသော လူတစ်ယောက်နှင့် ဆုံလိုက်ရပြီ။
"ပထမဧကရာဇ်ရဲ့ အစွန်းရောက်နည်းလမ်း၊ ကမ္ဘာ့မြေပုံ"
ချင်ဝူတောက်က ဟိန်းဟောက်လိုက်သည်။ သွေးစွမ်းအင်များက ဆူပွက်ပြီး ကောင်းကင်ကို ထိုးတက်သွား၏။
သူက ဧကရာဇ်အရှိန်အဝါနီးနီး အားကောင်းသော အငွေ့အသက်များနှင့် ပန်းချီကားတစ်ခုကို ထုတ်ယူလိုက်၏။
ဧကရာဇ်တစ်ပိုင်းလက်နက်။
ယင်းက စစ်မှန်သော ဧကရာဇ်လက်နက် မဟုတ်သော်လည်း ကြောက်စရာကောင်းနေဆဲ ဖြစ်သည်။
ယင်းမှာ ချင်မိသားစုမှ ပေးအပ်ထားသော အကာအကွယ် ရတနာတစ်ခု ဖြစ်၏။ ချင်ဝူတောက်သာ သေခြင်းရှင်ခြင်းအတွက် မဟုတ်ပါက လုံးဝထုတ်ဖော်မည် မဟုတ်ပေ။
ထို့အပြင်၊ ဤဧကရာဇ်တစ်ပိုင်းလက်နက်၏ ထူးခြားချက်က ၎င်းကိုအသက်သွင်းရန် ပထမဧကရာဇ်၏ အစွန်းရောက်နည်းလမ်းကို လိုအပ်ခြင်းဖြစ်သည်။
ထို့ကြောင့် အခြားလူများက ဤကမ္ဘာ့မြေပုံကို ရရှိခဲ့လျှင်ပင် အသုံးပြုနိုင်မည် မဟုတ်ပေ။
ချင်ဝူတောက်က ပထမဧကရာဇ်၏ အစွန်းရောက်နည်းလမ်းကို ထုတ်ဖော်လိုက်သည်။
ခေတ်အဆက်ဆက်က တောင်တန်းများ၊ မြစ်များနှင့် မြေပုံက တဖြည်းဖြည်း ကျယ်ပြန့်လာသည်။
တောင်များ၊ မြစ်များ၊ ပင်လယ်များ၊ နေ၊ လနှင့် ကြယ်များ၊ ရှေးဟောင်းကြယ်စက်ဝိုင်းများက တစ်ခုပြီးတစ်ခု ပေါ်လွင်လာခဲ့၏။
ယင်းက ကမ္ဘာကြီး၏ ပန်းချီကားကို ဖြန့်ထုတ်လိုက်ပုံပင်။
ကျယ်ပြောလှသော ကောင်းကင်ကြီးတစ်ခုလုံးကိုပင် ဤရုပ်ပုံလွှာဖြင့် ဖုံးအုပ်ထားခဲ့ပုံ ရသည်။
"ကျွင်းရှောင်ယောက်၊ ဒီတစ်ခါ မင်း ခံနိုင်ဦးမှာလား"
ချင်ဝူတောက်က ဟိန်းဟောက်လိုက်သည်။ သူ့မျက်လုံးများက သွေးစွန်းနေပြီး နတ်ဘုရားစွမ်းအင်ကိုလည်း အစွမ်းကုန် ထုတ်ဖော်လိုက်တော့သည်။