← Chapters

အခန်း ၇၆၀

Vol. 51 Ch. 760

အခန်း ၇၆၀

Vol. 51 Ch. 760

အခန်း ( ၇၆၀ ) ပြန်လည်ဝင်စားခြင်း‌ ဘေးဒုက္ခ၏ စွမ်းအား၊ လွမ်ကုဧကရာဇ်အဆောင်၏ အပိုင်းနှစ်ပိုင်း ပေါင်းစပ်ခြင်း။

ကြယ်ကိုးပွင့် ဂလက်ဆီပြောင်းလဲခြင်းက ပထမဧကရာဇ်၏ အစွန်းရောက်နည်းလမ်း ဖြစ်သည်။ ထို့ပြင် ဧကရာဇ်တစ်ပိုင်းလက်နက် ကမ္ဘာ့မြေပုံနှင့် တွဲဖက် ထုတ်ဖော်ထားခဲ့၏။

ယခုအချိန်တွင်၊ ချင်ဝူတောက်၏ နည်းလမ်းများက အလွန်အားကောင်းပြီး လူများကို တုန်လှုပ်စေခဲ့သည်။

ခေတ်အဆက်ဆက်မှ တောင်များနှင့် မြစ်များ၏ မြေပုံက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့ ဖုံးလွှမ်းထားပေသည်။

လူတိုင်း ထိတ်လန့်ကာ တုန်ယင်သွားပြီး အသက်ရှူရခက်လာသလို ခံစားလိုက်ရသည်။

ရှေးဟောင်းမင်းမျိုးနွယ် မိသားစုကြီး၏ နတ်ဘုရားသားတော်က တကယ်ကို သာမန်မဟုတ်ပေ။

ဤလှုပ်ရှားမှု တစ်ခုတည်းက ချေမိုးထားရန် လုံလောက်သည်။

ချင်ဝူတောက်၏ ပထမရလဒ်ကြောင့် သူ့ကို အားနည်းသည်ဟု ထင်ခဲ့သော လူတချို့ပင်လျှင် ယခုအခါ စကားမပြောနိုင်တော့ပါ။

ချင်ဝူတောက်၏ လက်ရှိစွမ်းဆောင်မှုက ဤနေရာတွင် ကျွင်းရှောင်ယောက်မှလွဲ၍ ကျန်ရှိနေသည့် ပါရမီရှင်အားလုံးကို ချေမှုန်းရန် လုံလောက်သောကြောင့်ပင် ဖြစ်သည်။

ယွီယွင်ရှန့်နှင့် ဗြဟ္မာပင်လျှင် မျက်မှောင်ကြုတ်သွားကြ၏။

သူတို့သာ ဤတိုက်ခိုက်မှုကို ခုခံရမည်ဆိုပါက ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားမည်ဟု ခံစားခဲ့ရသည်။

"ဒီမင်းသမီးက ချင်ဝူတောက်ကို တကယ်လျှော့တွက်ထားပုံပဲ။ ဒါဆိုရင် ဒါကို သူ ဘယ်လိုရင်ဆိုင်မလဲ"

ယွီယွင်ရှန့်က ကျွင်းရှောင်ယောက်ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

ကောင်းကင်ယံကို ဖုံးလွှမ်းနေသော တောင်တန်းများနှင့် မြစ်များ၏ ကမ္ဘာမြေပုံက ကြီးမားသော ဖိအားများ ထွက်ပေါ်နေဆဲပင်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက် ငြိမ်သက်စွာ ရပ်နေဆဲ ဖြစ်သည်။

ပြင်းထန်သောလေဖိအားက သူ့အပေါ်ကို ကျရောက်လာသောအခါ သူ၏အနက်ရောင်ဆံပင်များ တဖျပ်ဖျပ်လွင့်သွားပြီး အဖြူရောင်အဝတ်အစားများ တဖျတ်ဖျတ် လှုပ်ရှားလာခဲ့သည်။

နက်နဲသော မျက်လုံးများကမူ ရေကဲ့သို့ တည်ငြိမ်မှုရှိ၏။

ချင်ဝူတောက်တွင် ဧကရာဇ်တစ်ပိုင်းလက်နက် ရှိနေခြင်းအတွက် ကျွင်းရှောင်ယောက် မအံ့သြပေ။

သို့ရာတွင်၊ ချင်ဝူတောက်၏ လက်ရှိအင်အားဖြင့် ဧကရာဇ်တစ်ပိုင်း လက်နက်တစ်ခု၏ စွမ်းအားကို အပြည့်အဝ မပြသနိုင်ပါ။

တကယ်တမ်းတွင် ယေဘူယျအားဖြင့်၊ အဓိပတိနယ်ပယ်အထက် ရှိသူများသာ ဧကရာဇ်တစ်ပိုင်း လက်နက်များ၏ စွမ်းအားကို ထုတ်ဖော်နိုင်ကြသည်။

ကျွင်းရှောင်ယောက်သည်လည်း ဧကရာဇ်တစ်ပိုင်းလက်နက်၊ မဟာပျက်စီးခြင်းလှံပုဆိန်ကို အသုံးပြုခဲ့ချိန်တွင် အင်အားအပြည့်အဝ မထုတ်ခဲ့ရပါ။

လက်နက်တစ်ခုအနေနဲ့သာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ချင်ဝူတောက်ကို ရင်ဆိုင်ရချိန်မှာတော့ ကျွင်းရှောင်ယောက်က မဟာပျက်စီးခြင်းလှံပုဆိန် သို့မဟုတ် အရာအားလုံး၏ မိခင်ချီ ဒယ်စောက်အိုးကို အသုံးပြုမည် မဟုတ်ပါ။

"လွမ်ကုဧကရာဇ်ရဲ့ အမွေကို မင်း အမြဲတမ်း စိတ်ဝင်စားနေခဲ့တာမဟုတ်လား။ ဒါဆိုရင် ငါ မင်းကို လက်တွေ့ ခံစားခွင့်ပေးမယ်"

ပြောဆိုပြီးနောက် ကျွင်းရှောင်ယောက်က သူ့လက်နှစ်ဖက်ကို စတင် လှုပ်ရှားလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော တာအိုအမှတ်အသားများ ချက်ခြင်း ပျံ့နှံ့သွားပြီး ဟင်းလင်းပြင်က ပြင်းထန်စွာ တုန်ခါလာခဲ့၏။

"ဝုန်း"

ကြီးမားသော ဟင်းလင်းပြင်အက်ကြောင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ဟင်းလင်းပြင် တွင်းနက်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထိုဟင်းလင်းပြင်တွင်းနက်ကြီးများက တစ်ခု နှစ်ခု၊ မဟုတ်ဘဲ ရာနှင့်ချီ၍ ရှိခဲ့သည်။

ဟင်းလင်းပြင် တွင်းနက်ကြီးတိုင်းသည် ရှေးဦး ကြယ်တာရာဝါးမျို သားရဲကြီး၏ပါးစပ်ကဲ့သို့ အရာခပ်သိမ်းကို ဝါးမျိုသွားနိုင်ပုံရသည်။

ဤဟင်းလင်းပြင်တွင်းနက်များက လွန်စွာ မတည်မငြိမ်ဖြစ်ပြီး မသိနိုင်သော နေရာများသို့ ဦးတည်နေပေသည်။

ယင်းက လွန်စွာ ကြောက်စရာကောင်းသော နည်းလမ်းတစ်ခု ဖြစ်သည်။

လူတိုင်း ဦးခေါင်းပေါက်ထွက်တော့မလို တုန်လှုပ်ချောက်ချားသွားကြသည်။

"ဒါက ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ လျှို့ဝှက်လမ်းမျိုးပါလိမ့်"

"ဟုတ်ပါရဲ့၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် အဲဒါကိုသုံးတာ တစ်ခါမှ မမြင်ဖူးဘူး"

"မဟုတ်မှလွဲ၊ လွမ်ကုမျှော်စင်အတွင်းမှာ သူ ရရှိခဲ့တဲ့ လွမ်ကုဧကရာဇ်ရဲ့အမွေများ ဖြစ်နိုင်မလား"

"ဒါနဲ့၊ ဒီလှုပ်ရှားမှုက လွမ်ကုဧကရာဇ်ကိုယ်တိုင် တီထွင်ထားတဲ့ လျှို့ဝှက်နည်းလမ်း... လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ် ဖြစ်ပုံရတယ်"

လူတိုင်း တိတ်ဆိတ်သွားပြီးနောက် ရုတ်ရုတ်သံသဲ ဖြစ်သွားသည်။

ကျွင်းရှောင်ယောက်က လွမ်ကုဧကရာဇ်၏အမွေကို ဆက်ခံရုံသာမကဘဲ တိုက်ရိုက် ထုတ်ဖော်နိုင်သည်အား မည်သူမျှ မမျှော်လင့်ထားပေ။

"ဒီအမွေဟာ အရင်က ငါ့အတွက် ဖြစ်သင့်တာ"

အလွန်ကြောက်စရာကောင်းသော ဖိအားကို ခံစားလိုက်ရပြီးနောက် ချင်ဝူတောက် အံကိုတင်းတင်းကြိတ်လိုက်သည်။

မူလက ဤနည်းလမ်းသည် သူနှင့် သက်ဆိုင်သည်။

ယခုမူ၊ ယင်းကို ကျွင်းရှောင်ယောက်မှ သိမ်းပိုက်သွားပြီး ထုတ်ဖော်ပြသနေခဲ့ပြီ။

ယင်းမှာ အိမ်ကမိန်းမ ထွက်ပြေးသွားခြင်းထက်ပင် ပို၍ ခံရခက်လှသည်။

မိန်းမ ထွက်ပြေးသွားပါက ပြန်ရှာနိုင်ပေသည်။

အခွင့်အလမ်းများ ပျောက်ကွယ်သွားရင်တော့ အမှန်တကယ် လက်လွတ်သွားပြီ ဖြစ်သည်။

ထိုသို့‌တွေးရင်း ချင်ဝူတောက်ဟာ ပို၍ ဒေါသထွက်လာပြီး အစွမ်းကုန်သုံးလို့ ကမ္ဘာမြေပုံကို တွန်းပို့လိုက်တော့သည်။

ယခုအချိန်တွင်၊ သူက ဧကရာဇ်တစ်ပိုင်းလက်နက်၏ စစ်မှန်သော စွမ်းအားကို မပြသနိုင်သော်လည်း ထိုစွမ်းအားက လုံလောက်သည်။

"ဝုန်း... ဝုန်း... ဝုန်း"

ကမ္ဘာမြေပုံက တွင်းနက်ကြီးများကို တစ်ခုပြီးတစ်ခု ဖြိုဖျက်ပစ်လိုက်သည်။

သို့ရာတွင် ဟင်းလင်းပြင် တွင်းနက်ကြီးများက အက်ကြောင်းများနှင့် အလွှာလိုက် တစ်ခုကိုတစ်ခုထပ်ကာ ပြိုကျသွား၏။

ယင်းက ဝင်ရောက်လာသူမှန်သမျှကို ချုပ်လှောင်ထားရန် ကြိုးစားနေသော နွံအိုင်ကြီးကဲ့သို့ ဖြစ်သည်။

"ဖူး"

နောက်ဆုံးမှာတော့၊ လှိုင်းလုံးများစွာကို ရင်ဆိုင်ပြီးနောက် ချင်ဝူတောက်၏ ပါးစပ်အတွင်းမှ သွေးတစ်လုတ် အန်ထွက်လာတော့သည်။

ကမ္ဘာမြေပုံ၏ စွမ်းအားသည်လည်း များစွာ အားနည်းသွားခဲ့သည်။

မူလက၊ သူဟာ သူ၏ ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ရန်အတွက် ကြယ်ကိုးပွင့် ဂလက်ဆီပြောင်းလဲခြင်းကို အသုံးပြုထားခဲ့သည်။

ယခုတော့ သူဟာ သူ့အင်အားကို လွန်ကဲစွာ ထုတ်ဖော်လိုက်သောကြောင့် ခန္ဓာကိုယ်က သဘာဝအတိုင်း မခံနိုင်တော့ပေ။

ထို့ထက်၊ သူက လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်၏ ဖိအားအောက်တွင် ရောက်နေချိန် ဖြစ်သည်။

"ပြီးသွားပြီ၊ ဒါကို လွှဲပေးလိုက်တော့"

ကျွင်းရှောင်ယောက်က အကြွင်းမဲ့ ခွန်ပန်အမြန်နှုန်းကို အသုံးပြုလိုက်သည်။ သူ့ပုံရိပ်က ချင်ဝူတောက်အရှေ့တွင် ခဏချင်း ပေါ်လာခဲ့၏။

"မင်း အိပ်မက်မက်နေလိုက်"

ချင်ဝူတောက် အော်ဟစ်လိုက်သည်။

လွမ်ကုဧကရာဇ်အဆောင်ကို လွှဲပြောင်းပေးခြင်းထက် ဟင်းလင်းပြင်တွင်းနက်ထဲသို့ ကျရောက်ခံခြင်းကမှ ပို၍ ကောင်းဦးမည်။

ယင်းက သူ့အသက်ကို ကယ်တင်ရန်အတွက် နောက်ဆုံးဝှက်ဖဲ ဖြစ်သည်။

"ဒါက မင်းတောင်းဆိုတာ..."

ကျွင်းရှောင်ယောက် လှောင်ပြောင်လိုက်သည်။

ရှေးဦးဝိညာဉ်ခြင်း ယှဉ်လျှင်လည်း သူက အားမနည်းပေ။

ကျွင်းရှောင်ယောက်က ဝိညာဉ်သုံးခုမှ အတိတ် ရှေးဦးဝိညာဉ်ကို အသက်သွင်းလိုက်သည်။

တခဏချင်းတွင်၊ အတိတ် ရှေးဦးဝိဉာဉ်က အနန္တ စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။

"အဲဒီရှေးဦးဝိညာဉ်စွမ်းအင်လှိုင်းက... အနန္တပဲလား"

ကျွင်းရှောင်ယောက်၏ ကြီးကျယ်ခမ်းနားပြီး စွမ်းအားကြီးမားသော ဝိညာဉ်စွမ်းအင်လှိုင်းကို ခံစားမိရသောအခါ ယွီယွင်ရှန့်နှင့် ဗြဟ္မာတို့နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြသည်။

ရုပ်ခန္ဓာချည်း သန်မာမည်ဆိုလျှင် ယင်းက အရေးမကြီးပါ။ နောက်ဆုံးတွင် သူက ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဖြစ်သည်။

သို့ရာတွင် ရှေးဦးဝိညာဉ်က အဘယ်ကြောင့် ဤမျှအစွမ်းထက်သနည်း။

အနန္တအဆင့်ကို မဆိုထားနှင့်၊ မျိုးဆက်သစ်လူငယ်များကြား၌ သာလွန်အဆင့်သို့ ရောက်ရှိနိုင်သူပင် အလွန်ရှားပါးသည်။

ကျွင်းရှောင်ယောက်၏ နက်နဲသော မျက်လုံးများက အဆုံးမဲ့ ဝိညာဉ်လှိုင်းများ ရုတ်တရက် ပေါ်လာခဲ့သည်။ သူ့မျက်လုံးကို ကြည့်လိုက်ပါက အဆုံးမဲ့ ရေဝဲအတွင်းသို့ နစ်မြုပ်သွားတော့မလို ခံစားရလိမ့်မည်။

ချင်ဝူတောက်၏ မျက်လုံးများက ကျွင်းရှောင်ယောက်၏ မျက်လုံးများကို ကြည့်လိုက်မိသည်။

ရုတ်တရက်၊ သူ့ခန္ဓာကိုယ်က တုန်ခါသွားကာ ကြက်သေသေသွား၏။

စိတ်ဝိညာဉ် တိုက်ခိုက်မှုနည်းလမ်း၊ ပြန်လည်ဝင်စားခြင်း ဘေးဒုက္ခ။

ထိုစဉ်က ကျွင်းရှောင်ယောက်ဟာ ဟေးယွမ်ချောက်၏ ပြန်လည်ဝင်စားခြင်းပင်လယ်ထဲတွင် ဘဝတစ်ရာ ပြန်လည်ဝင်စားခြင်းကို ဖြတ်သန်းခဲ့ရသည်။ နောက်ဆုံး ပြန်လည်နိုးထလာသောအခါ အတိတ်မျိုးစေ့ကို ရရှိပြီး အတိတ်ရှေးဦးဝိညာဉ်ကို စုစည်းနိုင်ခဲ့၏။

တစ်ချိန်တည်းမှာပင်၊ စိတ်ဝိညာဉ် တိုက်ခိုက်မှုနည်းလမ်း ပြန်လည်ဝင်စားခြင်း ဘေးဒုက္ခကို နားလည်ခဲ့ပေသည်။

အကြည့်တစ်ချက်ဖြင့် ပြန်လည်ဝင်စားခြင်းပင်လယ်တွင် နက်ရှိုင်းစွာ ပိတ်မိစေနိုင်သည်။

စိတ်ဓာတ်ခိုင်မာမှု နိမ့်ကျသူများဆိုပါက ထာဝစဉ်နစ်မြုပ်သွားလိမ့်မည်။

ချင်ဝူတောက်၏ စိတ်ဆန္ဒက အားမနည်းသော်လည်း ယခုအချိန်တွင် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ အင်အားဖြင့် အပြတ် ဖိနှိပ်ထားခြင်းကြောင့်လည်း အနည်းငယ် စိတ်မသက်မသာ ဖြစ်မိ၏။

ထူးခြားသော ပြန်လည်ဝင်စားခြင်း ဘေးဒုက္ခလည်း ရှိသေးသည်။

အကြောင်းအမျိုးမျိုးကြောင့် ချင်ဝူတောက်ဟာ ပြန်လည်ဝင်စားခြင်း ပုံရိပ်‌ယောင်ထဲသို့ ကျရောက်သွားတော့သည်။

ဟုတ်သည်၊ မည်သို့ပင်ဆိုစေကာမူ ချင်ဝူတောက်က ရှေးဟောင်းချင်မိသားစု၏ နတ်ဘုရားသားတော်ဖြစ်၍ အလွန် အားကောင်းဆဲပင်။

သဘာဝအတိုင်း၊ သူဟာ ပြန်လည်ဝင်စားခြင်းသံသရာတွင် ထာဝစဉ် ပိတ်မိမနေဘဲ လျင်မြန်စွာ တုံ့ပြန်လာခဲ့မည် ဖြစ်သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ ရည်ရွယ်ချက်က ချင်ဝူတောက်ကို ပြန်လည်ဝင်စားခြင်း ဘေးဒုက္ခနှင့် ထောင်ချောက်ဆင်ထားရန် မဟုတ်ပါ။

ကျွင်းရှောင်ယောက်က လွမ်ကုဧကရာဇ်အဆောင်တစ်ပိုင်းကို အသက်သွင်းလိုက်သည်။

ချက်ချင်းဆိုသလိုပင်၊ ချင်ဝူတောက်၏ မျက်ခုံးနှစ်ခုကြားမှ ဧကရာဇ်အရှိန်အဝါများနှင့် အလင်းတန်းတစ်ခု လှစ်ခနဲ ထွက်ပေါ်လာခဲ့၏။

ယင်းက လွမ်ကုဧကရာဇ်၏အဆောင်၏ အခြားတစ်ဝက် ဖြစ်တော့သည်။

ပုံမှန်အားဖြင့်၊ ချင်ဝူတောက်သာ ပုံမှန်အခြေအနေတွင် ရှိနေပါက လွမ်ကုဧကရာဇ်အဆောင်အား ဤမျှလွယ်လွယ် ထုတ်ယူနိုင်မည် မဟုတ်ပေ။

ယခုမူကား၊ ချင်ဝူတောက်မှာ ပြန်လည်ဝင်စားခြင်းသံသရာတွင် နက်နက်ရှိုင်းရှိုင်း ပိတ်မိနေသောကြောင့် အသိစိတ်ပျောက်‌ပြီး လမ်းလျှောက်နေသော အလောင်းကောင်နှင့် မခြားနားတော့ပါ။

ဤလွမ်ကုဧကရာဇ်အဆောင် တစ်ဝက်ကိုလည်း သဘာဝအတိုင်း ထိန်းသိမ်းမထားနိုင်တော့ပေ။

ကျွင်းရှောင်ယောက်က ချင်ဝူတောက်၏ လွမ်ကုဧကရာဇ်အ‌ဆောင် တစ်ဝက်ကို အလွယ်တကူ ရရှိခဲ့သည်။

ထို့နောက်တွင် လွမ်ကုဧကရာဇ်အဆောင်၏ အပိုင်းနှစ်ပိုင်းက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။

"ဝုန်း"

ကြီးကျယ်ခမ်းနားပြီး ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်အရှိန်အဝါများက ဒီရေကဲ့သို့ တဟုန်ထိုး တက်လာခဲ့၏။

ပတ်ဝန်းကျင်မှ ပါရမီရှင် များစွာတို့မှာ ပေါက်ကွဲသံတစ်ချက်ဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်သွားတော့သည်။

ယင်းက ဧကရာဇ်လက်နက်တစ်ခု၏ အရှိန်အဝါ ဖိအား ဖြစ်သည်။

အရှိန်အဝါသက်သက်က တော်ရုံလူအများစုကို ဖိနှိပ်နိုင်စွမ်းရှိ၏။

သို့သော်လည်း ဤဧကရာဇ်အရှိန်အဝါက ကျွင်းရှောင်ယောက်ကို လုံးဝမထိခိုက်စေပါ။

ဤလွမ်ကုဧကရာဇ်အဆောင်တွင် အသိစိတ်ရှိပုံရပြီး ကျွင်းရှောင်ယောက်က လွမ်ကုဧကရာဇ်၏ အမွေဆက်ခံသူဖြစ်ကြောင်း သိရှိသွားပုံရသည်။

ပြီးပြည့်စုံသော ဧကရာဇ်အဆောင်ပေါ်မှာတော့ 'လွမ်ကု'ဟူသော စကားလုံးကို ရေးထွင်းထားတော့သည်။

"အဲဒါ... လွမ်ကုဧကရာဇ်ရဲ့ ဧကရာဇ်လက်နက်၊ လွမ်ကုဧကရာဇ်အဆောင်ပဲ"

ပါရမီရှင်များစွာတို့ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

သူတို့က ဧကရာဇ်လက်နက်များကို မတွေ့ဖူးသူများ မဟုတ်ပါ။

သို့ရာတွင်၊ ဧကရာဇ်လက်နက်များက ယေဘူယျအားဖြင့် တိုင်းပြည်နှင့် မျိုးနွယ်စုတို့၏ ရတနာများဖြစ်သည်။ ၎င်းတို့ကို ပေါ့ပေါ့တန်တန် ထုတ်ဖော်ပြမည် မဟုတ်ပေ။

ယခုမူ၊ ကျွင်းရှောင်ယောက်က ရှားပါးသော ဧကရာဇ်လက်နက်တစ်မျိုးကို ထပ်မံရရှိသွားခဲ့ပြီ ဖြစ်သည်။

'ထပ်မံ'ဟူသော စကားလုံးကို သုံးရခြင်းကတော့...

ပျက်စီးခြင်းဧကရာဇ်ကြယ်တွင် ပျက်စီးခြင်းနတ်ဘုရားချပ်ဝတ်ကို ကျွင်းရှောင်ယောက် ဝတ်ဆင်ထားသည့်သတင်းက ရှေးဟောင်းလမ်းတစ်လျှောက်လုံး ပျံ့နှံ့နေပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်အတွက် ဧကရာဇ်လက်နက်ကဲ့သို့ ရှားပါးရတနာကို ရရှိရန်မှာ အလွန်ခက်ခဲပုံမပေါ်ပေ။

"ငါ့အစ်ကို‌တောင်မှ ယွီဟွာမင်းဆက်ရဲ့ ဧကရာဇ်လက်နက်ကို လေ့ကျင့်ဖို့ပဲ သုံးနိုင်တယ်။ ထုတ်မယူနိုင်ဘူး"

"ဒါပေမဲ့၊ ကျွင်းရှောင်ယောက်ကတော့ သူတစ်ယောက်တည်းကတင် ဧကရာဇ်လက်နက် တစ်ခုထက်ပိုပြီး ရထားတာပဲ..."

ယွီယွင်ရှန့် ဆွံ့အသွားခဲ့သည်။

သူက ရုပ်ရည်ချောမောကာ ထက်မြက်ပြီး ပြိုင်ဘက်ကင်းဖြစ်လျှင်ပင် မပြောလိုသေးပါ။

သို့ရာတွင် သူ့ကံကလည်း ကောင်းလွန်းသည်။

All Chapters