← Chapters

အခန်း ၇၆၁

Vol. 51 Ch. 761

အခန်း ၇၆၁

Vol. 51 Ch. 761

အခန်း ( ၇၆၁ ) ချင်ဝူတောက်ကို ပြည်နှင်ခြင်း၊ လျစ်လျူရှုခံထားရသော ယွီယွင်ရှန့်၊ ကျွင်းမိသားစု၏ ဝှက်ထားသော သွေးကြောများ သတင်း။

ပြီးပြည့်စုံသော လွမ်ကုအဆောင်ကို ရရှိပြီးနောက် ကျွင်းရှောင်ယောက် စိတ်ကျေနပ်သွားသည်။

လွမ်ကုဧကရာဇ်အဆောင်က ဧကရာဇ်လက်နက်များထဲတွင် ထူးခြားမှုမရှိသလို တိုက်ခိုက်နိုင်စွမ်းကလည်း သာမန်ပင်။

သို့ရာတွင် ရှင်သန်နိုင်စွမ်းကတော့ လုံးဝကို ထိပ်တန်း ဖြစ်သည်။

လွမ်ကုဧကရာဇ်အဆောင်ရှိပါက ခန္ဓာပျက်စီးပြီး ရှေးဦးဝိညာဉ် ပြိုကွဲသွားလျှင်ပင်...

ဝိညာဉ်မီး အရိပ်အမြွက်များ ရှိနေသေးသရွေ့ ဖြည်းဖြည်းချင်း ပြန်ကောင်းလာနိုင်သည်။

ကျွင်းရှောင်ယောက်ဟာ လွမ်ကုဧကရာဇ်က ဘဝတစ်လျှောက်လုံး တိုက်ခိုက်နေရသော်လည်း ရှင်သန်နေသေးခြင်းကို ကောင်းစွာ နားလည်ပေသည်။

အကြောင်းမှာ သူ၏ ရှင်သန်နိုင်စွမ်းက အားကောင်း၍ ဖြစ်သည်။

ကျွင်းရှောင်ယောက်သည် သူက လမ်းတစ်လျှောက်လုံးကို အလျားလိုက်တွန်းလာသော်လည်း မတော်တဆမှုမျိုး မကြုံရပါဟု အာမမခံနိုင်ပေ။

လွမ်ကုဧကရာဇ်အဆောင်က သူ့အတွက် ကြီးမားသော အာမခံချက်တစ်ခု ဖြစ်သည်။

အတွေးတစ်ခုဖြင့် လွမ်ကုဧကရာဇ်အဆောင်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကျွင်းရှောင်ယောက်၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားလေသည်။

ကျွင်းရှောင်ယောက်က ယခုအချိန်မှာတော့ လွမ်ကုဧကရာဇ်အဆောင်၏ စွမ်းအားကို မထုတ်နိုင်သေးပါ။

သို့ရာတွင်၊ သေခြင်းရှင်ခြင်း အချိန်များတွင် လွမ်ကုဧကရာဇ်အဆောင်က သခင်ကို အလိုအလျောက် ကာကွယ်ပေးမည်ဖြစ်၍ စိတ်ပူစရာမလိုတော့ပေ။

ထိုအချိန်တွင် ချင်ဝူတောက်က ပြန်လည်ဝင်စားခြင်း ဘေးဒုက္ခမှ ရုန်းထွက်လာခဲ့သည်။

သူ သတိပြန်ဝင်လာချိန်တွင် လွမ်ကုဧကရာဇ်အဆောင်က ကျွင်းရှောင်ယောက်၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားတာကို မြင်လိုက်ရ၏။

သူ့စိတ်ထဲမှာလည်း ဗလာဖြစ်နေကြောင်းကို သူခံစားမိသည်။

လွမ်ကုဧကရာဇ်အဆောင်တစ်ဝက် ပျောက်ကွယ်သွားခဲ့ပြီ။

"ဖူး"

ဒေါသထွက်လွန်းသဖြင့် ချင်ဝူတောက်၏ ပါးစပ်ထဲမှ သွေးများ ထပ်မံအန်ထွက်လာခဲ့သည်။

"ကျွင်းရှောင်ယောက်"

ချင်ဝူတောက် စိတ်ရိုင်းဝင်သွားသော သားရဲတစ်ကောင်လို အော်ဟစ်လိုက်သည်။

"မင်း ရှုံးသွားပြီ"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက နွေးထွေးမှုမရှိဘဲ အေးစက်နေခဲ့၏။

သူရသင့်ရထိုက်တာကို ရရှိပြီးနောက် ချင်ဝူတောက်က အသုံးမဝင်တော့ပေ။

ဟင်းလင်းပြင် အက်ကြောင်း အလွှာများနှင့် တွင်းနက်ကြီးများက ချင်ဝူတောက်အပြင် ကမ္ဘာမြေပုံကိုပါ တိုက်ရိုက် ဝါးမျိုသွားခဲ့သည်။

"ကျွင်းရှောင်ယောက်၊ မင်း ဘယ်လိုတောင် လုပ်ဝံ့တာလဲ"

ချင်ဝူတောက်၏ စိတ်ပျက်အားငယ်မှု အရိပ်အမြွက်နှင့် ဒေါသဖြစ်နေသော အသံက ချောက်နက်ကြီးထဲမှ ထွက်လာခဲ့သည်။

ချင်ဝူတောက်ဟာ ကျွင်းရှောင်ယောက်က လွမ်ကုဧကရာဇ်အဆောင်ကို ယူသွားသည့်အပြင် သူ့ကိုပါ သတ်ဝံ့မည်ဟု မထင်ထားခဲ့ပေ။

သူက ရှေးဟောင်းချင်မိသားစု၏ နတ်ဘုရားသားတော် ဖြစ်သည်။

"ငါက မင်းကို မသတ်ပါဘူး။ အတိအကျပြောရရင် အဲဒါကို ထာဝရ ပြည်နှင်ခြင်းလို့ ခေါ်တယ်"

ကျွင်းရှောင်ယောက်က အေးစက်စက်ဖြင့် ပြုံးလိုက်၏။

ဤနှစ်ခုကြားတွင် ကွာခြားမှု သိပ်မရှိသော်လည်း...

ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့သော ချင်ဝူတောက်ဟာ ကျွင်းရှောင်ယောက်ကဲ့သို့ ဟင်းလင်းပြင်ချောက်နက်ထဲမှ သဘာဝအတိုင်း ဖောက်မထွက်နိုင်တော့ပေ။

သူ့အတွက် ရှင်သန်နိုင်ချေကလည်း နည်းလွန်းသည်။

မကြာမီ ဟင်းလင်းပြင် ချောက်နက်ကြီးနှင့် ဒိုင်မင်းရှင်းအလွှာများက လုံးဝ စေ့ပိတ်ပြီး ပျောက်ကွယ်သွား၏။

ကျွင်းရှောင်ယောက်ကတော့ ဟင်းလင်းပြင် ချောက်နက်ထဲသို့ ပြည်နှင်ခံရသော ချင်ဝူတောက်၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်တော့ပါ။

သူသေဆုံးပါက သေပါစေ။

ကံကောင်းပြီး အသက်ရှင်သွားလျှင်လည်း အရေးမကြီးတော့ပါ။

အကြောင်းမှာ၊ ကျွင်းရှောင်ယောက်က သူ့ကိုရှုံးနိမ့်ခဲ့သော ပြိုင်ဘက်များကို ဘယ်တော့မှ ပြန်လှည့်မကြည့်သောကြောင့်ပင် ဖြစ်သည်။

သူတို့ကြားမှ အင်အားကွာဟချက်က အချိန်ကြာလာသည်နှင့်အမျှ ကြီးမားလာလိမ့်မည်။

မိုးနှင့်မြေကြားတွင် ခေတ္တမျှ ပြန်လည်ငြိမ်သက်သွားခဲ့သည်။

မြေပြင်ကတော့ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားလေပြီ။

တိုက်ကွက်သုံးခုမျှသာဖြစ်သော်လည်း၊ ဤနေရာက ကပ်ဘေးကြီးတစ်ခုကို ကြုံတွေ့ခဲ့ရပုံပေါ်သည်။

ကောင်းကင်ပေါ်သို့ ပြန်လည်လှမ်းတက်လာသော ကျွင်းရှောင်ယောက်ကိုကြည့်ကာ...

လူတိုင်းက တိတ်ဆိတ်နေခဲ့သည်။

ယခင်က ကျွင်းရှောင်ယောက်ကို အံ့ဖွယ်ကောင်းသည်ဟု ကြားဖူးသော်လည်း သိပ်ပြီး မပြောတတ်ခဲ့ပေ။

သူ့ကို သန်မာမှန်းသိသော်လည်း ဘယ်လောက်ထိသန်မာမှန်း မသိချေ။

ယခုမူ သူတို့ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ကြရပြီ ဖြစ်သည်။

သုံးကွက်...

တိုက်ကွက်သုံးခုမျှဖြင့် ရှေးဟောင်းလမ်းတွင် နာမည်ကျော်ကြားသော ချင်မိသားစု၏ နတ်ဘုရားသားတော်ဟာ ရှုပ်ထွေးနက်နဲသော ဟင်းလင်းပြင်ထဲသို့ နှင်ထုတ်ခံလိုက်ရလေသည်။

သူက မသေသေးသော်လည်း သေဆုံးခြင်းနှင့် များစွာ မခြားနားတော့ပါ။

ပို၍အရေးကြီးသည်မှာ ချင်ဝူတောက်က တွန်းလှန်ရန် အင်အား လုံးဝ မရှိခဲ့ခြင်း ဖြစ်သည်။

သူ၏ နည်းလမ်းများက မည်မျှ အစွမ်းထက်ပါစေ၊ ကျွင်းရှောင်ယောက်ရှေ့တွင် ကလေးကစားနေသကဲ့သို့ပင်။

ယင်းမှာ ချင်ဝူတောက်က အားနည်းနေလို့လား။

ချင်ဝူတောက်က မည်မျှ အားနည်းနေပါစေ၊ ဤနေရာမှလူတိုင်း အနိုင်ယူနိုင်တာ မဟုတ်ပါ။

ယွီယွင်ရှန့်နှင့် ဗြဟ္မာက ချင်ဝူတောက်ကို ရင်ဆိုင်ရမည်ဆိုလျှင်ပင် လွယ်ကူမည်မဟုတ်ချေ။

ကျွင်းရှောင်ယောက်၏ ခွန်အားဟာ သူ၏အသက် ကန့်သတ်ချက်ကို ကျော်သွားပြီဟုသာ ပြောနိုင်သည်။

မျိုးဆက်သစ်လူငယ်များက သူနှင့်ယှဉ်ပြိုင်ရန် ခက်ပေသည်။

"အမိတ္တဘ၊ ဒကာတော်ကျွင်း... ငါတို့ ပြန်ဆုံကြပြန်ပြီ"

ဗြဟ္မာက ကျွင်းရှောင်ယောက်ကို လက်ယှက်ပြပြီး ပြောလိုက်သည်။

ကျွင်းရှောင်ယောက် အနည်းငယ် ခေါင်းညိတ်လိုက်၏။

ဤဗြဟ္မာက လွန်စွာ လိမ္မာပါးနပ်ပြီး သူ့ကို မနှောင့်ယှက်ပေ။

'လက်ရှိ အနောက်ဘက်နိဗ္ဗာန်ဘုံရဲ့ ခေတ်ပြိုင် တားမြစ်ပါရမီရှင်တွေကြားမှာ အသန်မာဆုံးကို လူဝင်စားဗုဒ္ဓလို့ ခေါ်ကြတယ်'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ ရေရွတ်လိုက်သည်။

ယုတ္တိဗေဒအရပြောရလျှင် လူဝင်စားဗုဒ္ဓမှာ ခိုင်မာသော နောက်ခံရှိသင့်သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က ဂရုမစိုက်ပေ။

ထိုအချိန်တွင် ဗြဟ္မာနှင့် မနီးမဝေးမှ ယွီယွင်ရှန့်က သမင်ပျိုလေး တစ်ကောင်ကဲ့သို့ ခပ်ကြွားကြွားလျှောက်ပြီး ရှေ့သို့ထွက်လာသည်။

လက်ရှိနေရာမှ ပါရမီရှင်များကြားတွင် သူမနှင့် ဗြဟ္မာတို့သာ ထင်ရှားသည်။

ကျွင်းရှောင်ယောက်က သူနှင့် စကားပြောမှာလားဟုပင် တွေးနေမိ၏။

သို့သော်လည်း ကျွင်းရှောင်ယောက်က သူ့ဘက်ကိုပင် အကြည့်မလှည့်ခဲ့ပေ။

နောက်သို့လှည့်ပြီး ထွက်သွားရန် ခြေလှမ်းပြင်လိုက်သည်။

ယွီယွင်ရှန့် အံ့အားသင့်သွား၏။

သူမ၏ ဖြစ်တည်မှုက နိမ့်ကျလွန်းလို့လား။

ယင်းက မဟုတ်တန်ရာပေ။

ယွီဟွာနတ်မင်းဆက်၏ မင်းသမီး၊ ယွီဟွာဝမ်၏ ညီမလေးအနေဖြင့် ယွီယွင်ရှန့် သွားလေရာတွင် လကိုဝန်းရံနေသော ကြယ်များကဲ့သို့ လူအများ အာရုံစိုက်မှုကို ခံခဲ့ရသည်။

ထို့အပြင် သူမကိုယ်တိုင်ကလည်း လှပတင့်တယ်သောကြောင့် အရပ်ရပ်၏ အာရုံစိုက်မှုကို အမြဲရရှိနေသူဖြစ်လေသည်။

ယွီယွင်ရှန့်နှင့် ရင်းနှီးလိုသော အမျိုးသားများ မရေမတွက်နိုင်အောင် ရှိသည်ဟုပင် ဆိုနိုင်သည်။

အောင်နိုင်ပါက သူမနှင့် နီးစပ်သည့်အပြင် ယွီဟွာဝမ်နှင့်လည်း မိတ်ဖွဲ့နိုင်ဦးမည်။

သို့ရာတွင် ယွီယွင်ရှန့်က အကဲဖြတ်မှု မြင်မားသောကြောင့် အားလုံးကို လျစ်လျူရှုခဲ့သည်။

ယခုတော့ နောက်ဆုံးတွင် သူ့အစ်ကိုထက် သာလွန်သော ယောက်ျားတစ်ယောက် ပေါ်ထွက်လာခဲ့ပြီ။

သို့သော်လည်း ထိုယောက်ျားက သူ့ကို ကြည့်ပင်မကြည့်ခဲ့ပါ။

ယွီယွင်ရှန့်အတွက် လျစ်လျူရှုခံရသည့် ခံစားချက်ကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

ထွက်သွားတော့မည့် ကျွင်းရှောင်ယောက်၏ နောက်ကျောကိုကြည့်ရင်း...

ယွီယွင်ရှန့်လည်း သူမနှုတ်ခမ်းကို ကိုက်ရင်း လှမ်းခေါ်လိုက်သည်။

"ကျွင်းသခင်လေး၊ ခဏနေပါဦး"

ကျွင်းရှောင်ယောက်၏ ခြေလှမ်းများက ခေတ္တရပ်သွားသည်။

မူလကတော့ သူဟာ ချင်ဝူတောက်ကိုဖြေရှင်းကာ လွမ်ကုဧကရာဇ်အဆောင်ကို ရယူပြီးနောက် အခြားအခွင့်အလမ်းများ ရှာဖွေရန် ဤနေရာမှ ထွက်ခွာသွားတော့မည်ဖြစ်သည်။

ထိုအချိန်တွင် သူ့အနောက်ဘက်မှ ချိုလွင်သောအသံတစ်ခု ထွက်လာခြင်း ဖြစ်၏။

ကျွင်းရှောင်ယောက် ပြန်လှည့်ကြည့်လိုက်သောအခါ အများကြားမှာ ထူးခြားပေါ်လွင်ပြီး ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

"မင်းက..."

ကျွင်းရှောင်ယောက် မေးလိုက်သည်။

ယွီယွင်ရှန့် နောက်တစ်ဖန် ဆွံ့အသွား၏။

သူက သူမ၏အာရုံစိုက်မှုကိုဆွဲဆောင်ရန် တမင် အေးစက်ဟန်ဆောင်နေသော ယောက်ျားများနှင့် မတူပါ။

ကျွင်းရှောင်ယောက်က သူမ ဘယ်သူမှန်း အမှန်တကယ်မသိခြင်း ဖြစ်သည်။

ထို့ပြင် သူ့ကိုကြည့်သော မျက်လုံးအကြည့်ကလည်း အပြောင်းအလဲမရှိပေ။

ရှင်းရှင်းပြောရလျှင် ဗြဟ္မာကိုကြည့်သော အကြည့်နှင့် မခြားနားပါချေ။

'သူ့မျက်လုံးထဲမှာ ဒီမင်းသမီးက အဲဒီဘုန်းကြီးနဲ့ မခြားဘူးလား'

ယွီယွင်ရှန့် မကျေမနပ်ဖြစ်သွားပြီး စိတ်ထဲမှ ညည်းညူလိုက်သည်။

သို့သော်လည်း အပြင်ပန်းမှာတော့ တည်ငြိမ်စွာပြုံးရင်း ပြောလေသည်။

"ငါက ယွီဟွာနတ်မင်းဆက်က ယွီယွင်ရှန့်ပါ၊ ငါ့အစ်ကိုက ယွီဟွာဝမ်"

"အော်"

ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်၏။

ယွီဟွာဝမ်ဟူသော အမည်ကို သူ ကြားဖူးသည်။

ဤအပြိုင်ကမ္ဘာကြီးတွင် သူက ယွီဟွာဧကရာဇ်ကို အမွေဆက်ခံရန် အကောင်းဆုံးအခွင့်အရေးရှိသူဟု လူသိများ၏။

သို့သော်လည်း...

ကျွင်းရှောင်ယောက်က စိတ်မဝင်စားပေ။

"ဘာမှလုပ်စရာမရှိရင် ငါ အရင်သွားတော့မယ်"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

ယွီယွင်ရှန့် တိတ်တဆိတ် အံကြိတ်လိုက်၏။

သူမနှင့် စကားတစ်ခွန်းမှ မပြောချင်ဘူးလား။

ဒီလောက်တောင် အေးစက်တာလား။

ယွီယွင်ရှန့် အသက်ပြင်းပြင်းရှူရင်း သူမ၏ နှလုံးသားထဲမှ မတည်ငြိမ်မှုများကို ထိန်းချုပ်လိုက်သည်။

ဤသည်မှာ ကျွင်းရှောင်ယောက်နှင့်ဆက်ဆံရန် တစ်ခုတည်းသော အခွင့်အလမ်း ဖြစ်နိုင်သောကြောင့် လက်လွှတ်မခံသင့်ပေ။

"ကျွင်းသခင်လေး၊ မကြာသေးခင်ကပဲ နင် စိတ်ဝင်စားလောက်မဲ့ သတင်းတစ်ပုဒ်ကို ငါကြားလိုက်ရတယ်"

ယွီယွင်ရှန့်က ပြောလိုက်သည်။

ဤသတင်းကို ယွီဟွာဝမ်က မကြာသေးမီကပင် သူမကို ပြောပြခဲ့ခြင်း ဖြစ်ချေသည်။

"ဘာသတင်းပါလိမ့်"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

"ဒီသတင်းက ကျွင်းသခင်လေးနဲ့ သိပ်ပြီးပတ်သက်ပုံမရပေမဲ့ တစ်နည်းနည်းနဲ့ သက်ဆိုင်မှာပါ"

ယွီယွင်ရှန့်က ပြောသည်။

ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်သည်။

"ဒါက ကျွင်းမိသားစုရဲ့ လျှို့ဝှက်သွေးကြောနဲ့ ပတ်သက်တဲ့ သတင်းပါ"

ယွီယွင်ရှန့်က ပြော၏။

စကားသံဆုံးသည်နှင့် ယွီယွင်ရှန့်ဟာ လေပြင်းတိုက်ခတ်သွားတာကို ရုတ်ခြည်း ခံစားလိုက်ရသည်။

နောက်အခိုက်မှာတော့ သူမ၏နှာခေါင်းမှ ထူးခြားသော အနံ့တစ်မျိုးကို ရရှိခဲ့၏။

သူမ မော့ကြည့်လိုက်တော့ ကျွင်းရှောင်ယောက်၏မျက်နှာက သူမ၏မျက်နှာနှင့် သုံးလက်မသာ ကွာတော့သည်။

"မင်းသိသမျှကို ပြောပါဦး"

ကျွင်းရှောင်ယောက်က အမိန့်ပေးသလို သို့မဟုတ် မေးခွန်းထုတ်နေသလို ပြောလိုက်သည်။

ချောမောသည်၊ အေးစက်ပြီး လွှမ်းမိုး၏။

ယွီယွင်ရှန့် ရှက်ရွံ့သွားလေသည်။

All Chapters