အခန်း ၇၆၂
Vol. 51 Ch. 762
အခန်း ( ၇၆၂ ) လျှို့ဝှက်သွေးကြောကို ကယ်တင်ရန်၊ ဒသမမင်းသား၏ ပူးပေါင်းကြံစည်မှု။
ဤအချိန်တွင် ကျွင်းရှောင်ယောက်နှင့် ယွီယွင်ရှန့်က တစ်ယောက်၏အသက်ရှူမှုကိုပင် တစ်ယောက် ခံစားနိုင်သည်။
ယွီယွင်ရှန့်၏ နှလုံးသားကလည်း တဒုန်းဒုန်း ခုန်နေတော့သည်။
မကြုံစဖူး စိတ်လှုပ်ရှားမှုနှင့် ကြက်သီးထလာသလို ခံစားလိုက်ရသည်။
ယင်းမှာ သူမ ယခင်က တစ်ခါမှ မခံစားဖူးသော ခံစားချက်တစ်ခုပင်။
ယင်းမှာ မြင်မြင်ချင်း တပ်မက်ခြင်း ဖြစ်နိုင်သည်၊ မဟုတ်သေး၊ မြင်မြင်ချင်း ချစ်မြတ်နိုးခြင်းဖြစ်နိုင်သည်။
ယွီယွင်ရှန့်ဟာ ကျွင်းရှောင်ယောက်က သူမကို သဘောကျသွားပြီဟုပင် တွေးလိုက်မိသည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောအကြောင်းကိုသာ စိတ်ဝင်စားပေသည်။
"ယွီမိန်းကလေး..."
ကျွင်းရှောင်ယောက် ထပ်မံ ခေါ်လိုက်သည်။
ဒီမိန်းကလေး ဘာတွေငေးငိုင်နေတာလဲ။
"အိုး၊ ဒါက ဒီလိုပါ..."
သတိပြန်ဝင်လာပြီးနောက် ယွီယွင်ရှန့်၏ ပါးပြင်နှစ်ဖက်က နီမြန်းသွားလေသည်။
ထို့နောက် သူမသိသမျှ သတင်းအားလုံးကို ကျွင်းရှောင်ယောက်အား ပြောပြလိုက်သည်။
နားထောင်ပြီးနောက် ကျွင်းရှောင်ယောက် လေးလေးနက်နက် တွေးတောလိုက်၏။
ထို့နောက်တွင် သူက လှောင်ပြောင်ပြောဆိုလိုက်သည်။
“ငါနားလည်ပါပြီ၊ ဒါဆို ဒါက လုပ်ကြံမှု မဟုတ်ဘဲ ပူးပေါင်းကြံစည်မှုတစ်ခုပေါ့"
ဤသတင်းက သူ့ကို ရည်ရွယ်ထားတာ သေချာပေသည်။
ရွှေကျီးကန်းဒသမမင်းသားနှင့် အခြားသူများ၏ နည်းလမ်းက ပူးပေါင်းကြံစည်မှု မဟုတ်တော့ပါ။
သူတို့က ကျွင်းရှောင်ယောက်ကို ထောင်ချောက်ဆင်ပြီး သတ်ချင်ကြကြောင်း တိုက်ရိုက်ပြောခဲ့သည်။ သူတို့လုပ်ရမည်က တံခါးဝသို့ ကျွင်းရှောင်ယောက် ရောက်လာမည်ကို စောင့်ဆိုင်းနေရန်ပင်။
ကျွင်းရှောင်ယောက်၏ ဝိသေသလက္ခဏာက လူတော်တော်များများ သတိထားစေရန် လုံလောက်သည်။
သို့ရာတွင် ယခုက နေနတ်ဘုရားတောင်၊ ကုရ်အာန်သုတော်စင်ဂိုဏ်းနှင့် နဂါးဘုရင်ခန်းမ အစရှိသော ထိပ်တန်း အင်မော်တယ်အင်အားစုသုံးခု စုစည်းထားခဲ့ခြင်း ဖြစ်၏။
သူတို့က ကျွင်းမိသားစုကိုမကြောက်ဘဲ ကျွင်းရှောင်ယောက်ကို သတ်ဝံ့သည်။
သူတို့တွင် ထိုသို့သော အရည်အချင်းလည်း ရှိပေသည်။
ယွီယွင်ရှန့်က ထိုစကားကိုကြားတော့ သူမ၏လက်ကို အလျင်အမြန်ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"ကျွင်းသခင်လေး၊ ငါက သူတို့နဲ့ အတူတူမဟုတ်ပါဘူး။ ငါက သတင်းပေးချင်ရုံသက်သက်ပဲ"
ယွီယွင်ရှန့်ဟာ ကျွင်းရှောင်ယောက်က အထင်မြင်လွဲပြီး သူမကို တမင်တကာ သတင်းပေါက်ကြားစေသူဟု ထင်မည်စိုး၍ အမြန်ရှင်းပြလိုက်လေသည်။
"အသိပေးတာ ကျေးဇူးတင်ပါတယ် ယွီသခင်လေး"
ကျွင်းရှောင်ယောက်က ပြုံးပြလိုက်သည်။
ယွီယွင်ရှန့်လည်း ရှက်ရွံ့စွာဖြင့် မျက်နှာ နီမြန်းသွားလေသည်။
ဒီလူပြုံးလိုက်ရင် တကယ် ကြည့်ကောင်းတယ်။
သို့သော်လည်း ပြုံးပြလိုက်ပြီးနောက် ကျွင်းရှောင်ယောက်၏ မျက်နှာက အပြောင်းအလဲမရှိတော့ပေ။
အေးစက်စက် မျက်လုံးများနှင့် အဝေးကို လှမ်းကြည့်လိုက်၏။
ရွှေကျီးကန်းဒသမမင်းသားနှင့် အခြားသူများက ကျွင်းမိသားစုမှလူများကို ထောင်ချောက်ဆင်နေခြင်း ဖြစ်သင့်မှန်း သူသိသည်။
ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောကတော့ ရေကန်ထဲမှ ငါးများထက် မပိုပေ။
"ကျွင်းမိသားစုရဲ့ လျှို့ဝှက်သွေးကြောက မူလကို ပြန်မလာသေးပေမဲ့ အနှေးနဲ့အမြန်ပဲ ကွာလိမ့်မယ်။ ဒါ့အပြင် သူတို့ရဲ့ မျိုးရိုးက ကျွင်းပဲ"
"အနာဂတ်မှာ ကျွင်းဆိုတဲ့ အမည်မျိုးရိုးကို ကောင်းကင်ကိုးဆင့်နဲ့ မြေကမ္ဘာဆယ်ခုမှာ ဘယ်သူမှ မစော်ကားဝံ့အောင် ငါလုပ်မယ်"
ကျွင်းရှောင်ယောက်က ရှေ့သို့ ခြေတစ်ချက်လှမ်းလိုက်သည်။ သူဟာ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောများ ပိတ်မိနေသော နေရာသို့ အလျင်အမြန် ထွက်သွား၏။
ပူးပေါင်းကြံစည်မှုများကိုတော့ သူက လုံးဝ ဂရုမစိုက်ပေ။
ကျွင်းရှောင်ယောက်အတွက် ဤသည်မှာ အကြွင်းမဲ့ခွန်အားနှင့် ဖြေရှင်း၍ရသည့် ပြဿနာတစ်ခု ဖြစ်သည်။
အကြွင်းမဲ့ အင်အားနှင့် ရင်ဆိုင်ရပါက၊ မည်သည့် ပူးပေါင်းကြံစည်မှုမဆို လူအများကို ရယ်မောစေသော လူရွှင်တော်များ၏ လှည့်ကွက်မျှသာ ဖြစ်နိုင်သည်။
ယင်းကိုမြင်တော့ ယွီယွင်ရှန့် ကမန်းကတန်း လိုက်သွားသည်။
ဗြဟ္မာလည်း သိလိုစိတ်ဖြင့် စောင့်ကြည့်ရန် လိုက်သွား၏။
ကျန်ပါရမီရှင်များကလည်း ပြောနေစရာ မလိုပေ။
ဤသို့သော ပွဲကြီးပွဲကောင်းကို ဘယ်သူက လက်လွတ်ခံမှာလဲ။
"မြန်မြန်လိုက်ကြရအောင်။ အဲဒီမှာ ရွှေကျီးကန်းဒသမမင်းသား၊ ကုရ်အာန်သူတော်စင်ဂိုဏ်းက ရှန့်ထျန်းရီနဲ့ နဂါးဘုရင်ခန်းမက နဂါးဘုရင်လေးတို့ အားလုံး ရောက်နေပြီလို့ ကြားတယ်။ ဒါက ပွဲကြီးပွဲကောင်းပဲ"
ပါရမီရှင် များစွာတို့က ချက်ချင်း လိုက်သွားခဲ့ကြသည်။
ဤသည်မှာ ကျွင်းရှောင်ယောက်နှင့် ချင်ဝူတောက်ကြားမှ တိုက်ပွဲနှင့်မတူပါ။
ရွှေကျီးကန်းဒသမမင်းသား၊ ရှန့်ထျန်းရီနှင့် နဂါးဘုရင်လေး ရွယ်ယဲ့။
သူတို့ထဲတွင် ချင်ဝူတောက်ထက် အားနည်းသူ တစ်ဦးမျှမရှိပေ။
သူတို့အားလုံးက အဆုံးစွန်ရှေးဟောင်းလမ်းပေါ်မှ ထိပ်သီးပါရမီရှင်များဖြစ်ကာ သက်ဆိုင်ရာ အင်မောတယ်အင်အားစုများ၏ အဓိကမျိုးဆက်များ ဖြစ်သည်။
ဤလူသုံးယောက်ကို တပြိုင်နက်တည်း ရင်ဆိုင်ပြီး ဖိနှိပ်နိုင်မည်ဟု အခိုင်အမာ ပြောဆိုနိုင်သော ပါရမီရီင်များစွာ မရှိပါ။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကတော့ ဤသတင်းကြားပြီးနောက် ဤလူသုံးဦးကို လုံးဝအလေးအနက်မထားသလို တည်ငြိမ်လွန်းသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်မှ ချင်ဝူတောက်ကို သုံးကွက်တည်းဖြင့် ဖြေရှင်းခဲ့ပုံအား တွေးမိသောအခါ...
အရပ်ရပ်ကို တုန်ခါစေသော တိုက်ပွဲကြီးတစ်ခု ဖြစ်လာနိုင်သည်ဟု လူတိုင်း ခံစားခဲ့ကြရသည်။
ကျွင်းရှောင်ယောက်က သတင်းကြားရသည့်နေရာကို အလျင်အမြန် လာရောက်နေစဉ်တွင်...
ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောများ ပိတ်မိနေသော နေရာမှာ...
ရာနှင့်ချီသော ကျင့်ကြံသူများ စုဝေးနေကြပြီ ဖြစ်သည်။
လူအများက သတ်ဖြတ်ခြင်းအစီရင်ထဲတွင် ပိတ်မိနေသော ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောများကို သနားမှု အရိပ်အယောင်များဖြင့် ကြည့်နေကြလေသည်။
ကျွင်းမိသားစု၏ ပင်မသွေးကြောနှင့် လျှို့ဝှက်သွေးကြော နှစ်ခုစလုံးသည် မူလအရင်းအမြစ်တူသော်လည်း ကွာဟချက်က ကြီးလွန်းသည်။
အဓိကသွေးကြောမှ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်သည် အရပ်ရပ်ကိုဆန့်ကျင်ပြီး လက်တစ်ဖက်တည်းဖြင့် အဆုံးစွန် ရှေးဟောင်းလမ်းတစ်ခုလုံးကို ဖြတ်ကျော်လုနီးပါး ဖြစ်သည်။ တားမြစ်ပါရမီရှင်များကြားမှာပင် သူ့ကို အထွတ်အထိပ် တားမြစ်ပါရမီရှင်ဟု ခေါ်ဆိုနိုင်ပြီး မည်သူမျှ မနှိုးဆော်ဝံ့ပေ။
သို့ရာတွင်၊ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ဤပါရမီရှင်များကတော့ သတ်ဖြတ်ခြင်းအစီရင်အတွင်း၌ ပိတ်မိနေပြီး အသက်ရှင်ရန်ပင် ရုန်းကန်နေရသည်။
ဤကွာဟချက်က အနည်းငယ်ကြီး၍ ရှက်စရာဖြစ်ပေသည်။
"ကျွင်းမိသားစုရဲ့ လျှို့ဝှက်သွေးကြောက ကမ္ဘာကြီးကနေ ဖယ်ခွာပြီး နှိမ့်ချနေသော်လည်း ဒီကံကြမ္မာကိုတော့ ရှောင်လွှဲလို့မရသေးဘူး"
ကျင့်ကြံသူတစ်ဦးက ခေါင်းခါယမ်းကာ ပြောလိုက်သည်။
ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောက ပင်မသွေးကြောနှင့်ယှဉ်လျှင် အနည်းငယ် နိမ့်ကျနေပုံရသည်။
သူတို့ဟာ အချိန်အတော်ကြာ ဝက်တစ်ကောင်လို ဟန်ဆောင်ပြီးသည့်နောက်မှာတော့ အမှန်တကယ် ဝက်တစ်ကောင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
"ဒီလိုတော့လည်း မဟုတ်သေးဘူး၊ ကျွင်းမိသားစုရဲ့ လျှို့ဝှက်သွေးကြောက ထိပ်တန်း ပါရမီရှင်တွေ မရောက်ကြသေးဘူး"
တချို့ကတော့ လက်မခံပေ။
ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ကျွင်းရင်ဟွမ်နှင့် ကျွင်းချင်ရန်က လူသိမများကြသော်လည်း အစွမ်းထက်မည်မှာ သေချာသည်။ သူတို့က နိမ့်ကျသောပုံရိပ်ကို ထိန်းသိမ်းထားခြင်း ဖြစ်ချေသည်။
သတ်ဖြတ်ခြင်း အစီရင်အတွင်းမှာတော့ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ပါရမီရှင်များမှာ မူလ ဆယ်ယောက်မှ လေး၊ငါးဦးသာ ကျန်တော့သည်။
သူတို့အားလုံး ဒဏ်ရာများစွာ ရနေပြီ ဖြစ်သည်။
ရွှေကျီးကန်း ဒသမမင်းသားနှင့် အခြားသူများကတော့ တိုက်ခိုက်ရန် အစပြုခြင်းမရှိသေးပါ။
သို့ရာတွင် သတ်ဖြတ်ခြင်းဝင်္ကပါက သူတို့ကို ခြိမ်းခြောက်ရန် လုံလောက်သည်။
သူတို့အတွက် ဤမျှအချိန်ကြာကြာ ရှင်သန်နေသည်ကပင် အလွန်ကောင်းမွန်နေပြီ။
"အဟွတ်... အဟွတ်"
ကျွင်းလန်ရှီ ချောင်းဆိုလိုက်သည်။ သူမ၏ ဝတ်စုံမှာလည်း နေရာများစွာ စုတ်ပြဲပြီး နှင်းသားပမာ အသားအရေများပင် ပေါ်လွင်နေခဲ့ပြီ။
နီစွေးသော သွေးများကလည်း စီးကျနေပေရာ ဖြူဖွေးသော အသားအရေတွင် အထူး ထင်ရှားနေခဲ့သည်။
"ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ငါတို့ ကြာကြာထိန်းထားနိုင်မှာ မဟုတ်ဘူး"
ကျွင်းလန်ရှီ၏ အပြာရောင်မျက်လုံးများက စိတ်ပျက်အားငယ်မှု အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။
ဤသတ်ဖြတ်ခြင်းဝင်္ကပါကို ဖြတ်ကျော်နိုင်မလားဆိုတာကို မပြောသေး၊ ဖြတ်ကျော်နိုင်ခဲ့လျှင်ပင် ရွှေကျီးကန်းဒသမမင်းသားနှင့် အခြားသူများက အလွတ်ပေးမည် မဟုတ်ပေ။
"အစ်ကိုရင်ဟွမ် ရောက်လာတဲ့အထိ တောင့်ခံနိုင်သရွေ့ ငါတို့ အသက်ရှင်နိုင်ပြီ"
ကျွင်းရွယ်မင်လည်း ယခုအချိန်တွင် ဒဏ်ရာရပြီး မျက်နှာဖြူဖျော့နေခဲ့သည်။
"နင် ထွက်လာမဲ့ဟာကို သူတို့ကို အသိမှမပေးခဲ့တာ၊ နင် တိတ်တဆိတ် ထွက်လာခဲ့တာ"
ကျွင်းလန်ရှီက ကျွင်းရွယ်မင်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်၏။
ဤသို့ဖြစ်မည်မှန်းသာ ကြိုသိခဲ့ပါက သူမ တစ်ခါတည်း အပြတ်ငြင်းခဲ့မိသည်။
သို့သော်လည်း ယခုမှတော့ နောင်တရနေလျှင်လည်း အသုံးမဝင်တော့ပါ။
"ငါတို့ ဒီလိုမျိုး ပစ်မှတ်ထားခံရမယ်ဆိုတာ ငါဘယ်လိုသိမှာလဲ။ အဲဒါ အဓိကသွေးကြောက ကျွင်းရှောင်ယောက်ကြောင့်ပဲ၊ သူ့ကြောင့် ငါတို့ ပတ်သက်မိခဲ့တာ"
ကျွင်းရွယ်မင် အံကြိတ်ပြီး ဒေါသတကြီး ပြောလိုက်သည်။
ကျွင်းရှောင်ယောက်သာ ရန်သူအများကြီး မဖြစ်စေခဲ့ပါက...
သူတို့၏ လျှို့ဝှက်ထားသွေးကြောလည်း ဆက်စပ်မှုရှိမှာ မဟုတ်ပေ။
ထိုစကားကိုကြားသောအခါ ကျွင်းလန်ရှီ ဘာပြောရမည်မှန်းမသိ ဖြစ်သွားသည်။
ကျွင်းရွယ်မင်သည် သူတို့ကို ပိတ်လှောင်သတ်ဖြတ်နေသူက ရွှေကျီးကန်းဒသမမင်းသားနှင့် အခြားသူများဖြစ်သော်လည်း ထိုသူများကိုမမုန်းပေ။
ထိုအစား သူတို့မိသားစုကို ပို၍ နာမည်ကျော်ကြားစေရန် ကြိုးစားခဲ့သော ကျွင်းရှောင်ယောက်ကိုသာ မုန်းနေသည်။
ကျွင်းလန်ရှီ သူနှင့် ပြိုင်မငြင်းတော့ပေ။
သို့ရာတွင်၊ ဤအခက်အခဲကို ကျော်လွှားနိုင်ရင်တော့ ကျွင်းရွယ်မင်ကဲ့သို့ လူမျိုးနှင့် နောက်ဘယ်တော့မှ မဆက်ဆံတော့ဘူးဟု တေးမှတ်ထားလိုက်သည်။
"ဒါပေမဲ့..."
သူ့ခန္ဓာကိုယ်ထဲမှ လျော့နည်းလာသော နတ်ဘုရားစွမ်းအင်ကို ခံစားမိသောအခါ ကျွင်းလန်ရှီ ခါးသက်သက်ဖြင့် ပြုံးလိုက်သည်။
ဤအခက်အခဲကို ဖြတ်ကျော်လိုပါက မလွယ်တော့ပေ။
သတ်ဖြတ်ခြင်း အစီရင် အပြင်ဘက်မှာ...
အားကောင်းသော အရှိန်အဝါများနှင့် ပုံရိပ်သုံးခုက လေထဲမှာရပ်နေခဲ့သည်။
ယင်းမှာ ရွှေကျီးကန်း ဒသမမင်းသား၊ ရှန့်ထျန်းရီနှင့် နဂါးဘုရင်လေးရွယ်ယဲ့တို့ ဖြစ်ချေသည်။
နေနတ်ဘုရားတောင်၏ ကျန်မင်းသားလေးပါးအပြင် ကုရ်အာန်သူတော်စင်ဂိုဏ်းနှင့် နဂါးဘုရင်ခန်းမမှ ပါရမီရှင်တချို့လည်း ရှိကြသည်။ သူတို့က နယ်မြေကို ဂရုတစိုက် စောင့်ကြပ်နေပေသည်။
"ဒသမမင်းသား၊ ဒီလောက်တောင်ကြာနေပြီ။ ကျွင်းမိသားစုထဲက တစ်ယောက်မှ မလာသေးဘူး"
နဂါးဘုရင်လေးရွယ်ယဲ့ မျက်မှောင်ကြုတ်လိုက်သည်။
သူဟာ ရွှေနဂါးချပ်ဝတ်ကို ၀တ်ဆင်ထားပြီး ရွှေနဂါးလှံကို ကိုင်ဆောင်ထား၏။ သူ့ထံမှ နဂါးအရှိန်အဝါနှင့် ကြောက်စရာ အငွေ့အသက်တို့ ထွက်ပေါ်နေပေသည်။
"ဟုတ်တယ်၊ တခြားအခွင့်အရေးကို အခုထိ မရှာရသေးဘူး။ ငါတို့ ဒီမှာ အကြာကြီး နှောင့်နှေးနေမယ်ဆိုရင် အလဟသ ဖြစ်သွားလိမ့်မယ်"
ရှန့်ထျန်းရီကလည်း ပြောသည်။
ဧကရာဇ်သင်္ချိုင်းကြယ်တွင် အခွင့်အလမ်း များစွာ ရှိ၏။ ဤနေရာတွင် အချိန်အကြာကြီး နှောင့်နှေးနေခြင်းက ၎င်းတို့အတွက် အလဟဿဖြစ်မည်မှာ အသေချာပင်။
"သူသာ သတင်းရရင် သေချာပေါက် ရောက်လာမှာပါ။ နောက်ပြီးတော့ အခုနေ မလှုပ်ရှားဘူးဆိုရင် အနာဂတ်မှာ သူ့ကိုဖိနှိပ်ဖို့ ပိုပြီးခက်လိမ့်မယ်"
ရွှေကျီးကန်း ဒသမမင်းသားက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
အချိန်မည်မျှ ဖြုန်းတီးမိပါစေ၊ ကျွင်းရှောင်ယောက်ကို ဖိနှိပ်ပြီး သတ်နိုင်သရွေ့ အရာအားလုံးက ထိုက်တန်လိမ့်မည်။
"ဒါပေမဲ့ ဟိုကောင်တွေက ကြာကြာမထိန်းနိုင်တော့ဘူး"
ရွယ်ယဲ့က သတ်ဖြတ်ခြင်း အစီရင်အတွင်းကို ကြည့်လိုက်သည်။
"အား"
သတ်ဖြတ်ခြင်း အစီရင်ကြောင့် ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ နောက်ပါရမီရှင်တစ်ဦး သေဆုံးသွားခဲ့၏။
ဤမြင်ကွင်းကြောင့် ကျွင်းရွယ်မင်မှာ ပို၍ ကြောက်ရွံ့လာတော့သည်။
ယင်းမှာ သေမှာကြောက်ရွံ့ခြင်း ဖြစ်သည်။
ယခင်က သူဟာ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ မိသားစုဝင်တစ်ယောက်ဖြစ်ရသည့်အတွက် အမြဲဂုဏ်ယူနေခဲ့သည်။
ယခုမူ၊ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောများ အထောက်အထားက ဟန့်တားနိုင်စွမ်းမရှိသည်ကို သူတွေ့ရှိခဲ့ပြီ။
အကြောင်းမှာ ရိုးရှင်းသည်၊ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောများ လွှမ်းမိုးနိုင်စွမ်းက ပင်မသွေးကြောထက် လွန်စွာ နိမ့်ကျသည်။
ကျွင်းမိသားစုဟူသော နာမည်ကြောင့်သာမဟုတ်လျှင် လျှို့ဝှက်သွေးကြောကို လူအများစုက မေ့သွားကြလိမ့်မည်။
ဤအချိန်တွင် သတ်ဖြတ်ခြင်း အစီရင်အတွင်း၌ အဆုံးမဲ့ သတ်ဖြတ်မှုအလင်းများ ထပ်မံထွက်ပေါ်လာခဲ့သည်။
ဤတစ်ကြိမ် ပစ်မှတ်ကတော့ ကျွင်းလန်ရှီ ဖြစ်တော့သည်။