အခန်း ၇၆၄
Vol. 51 Ch. 764
အခန်း ( ၇၆၄ ) ရွှေကျီးကန်း ဒသမမင်းသားကို တိုက်ခိုက်ခြင်း၊ ထိုက်ယင် အင်မော်တယ်ကျမ်း၊ သူက ယွိချန်ကျွမ့်နဲ့... ဖြစ်နိုင်မလား။
ကျွင်းရှောင်ယောက်က နဂါးဘုရင်လေး ရွယ်ယဲ့ကို လှည့်ကြည့်လိုက်သည်။
သူ့နှုတ်ခမ်းထောင့်မှ ဆိုးညစ်အေးစက်သော အပြုံးကို မြင်လိုက်ရ၏။
ကျွင်းရှောင်ယောက် မျက်ခုံးပင့်ပြီး ပြောလိုက်သည်။
“နဂါးဘုရင်ရဲ့ ပါးစပ်က ကောက်တာလား"
နဂါးဘုရင်လေး ရွယ်ယဲ့သည် ကျွင်းရှောင်ယောက်၏ စကားအဓိပ္ပာယ်ကို နားမလည်သော်လည်း ထေ့ငေါ့မှုများကိုတော့ သဘာဝအတိုင်း ကြားနိုင်သည်။
"မင်းပါးစပ်က ကောက်နေတာဆိုရင် ပြင်ဖို့ အချိန်တန်ပြီ"
ကျွင်းရှောင်ယောက်က ထပ်ပြောသည်။
"မင်း..."
နဂါးဘုရင်လေး ရွယ်ယဲ့ မျက်မှောင်ကြုတ်သွားပြီး အေးစက်စက်ဖြင့် ပြောလိုက်၏။
"ကျွင်းရှောင်ယောက်၊ မင်းက တကယ် ထိန်းမရဘူးပဲ။ ကမ္ဘာ့သူရဲကောင်းတွေကို လျှော့တွက်ခဲ့တဲ့အတွက် ထိုက်သင့်တဲ့ တန်ကြေးကို မင်း ပေးဆပ်ရလိမ့်မယ်"
"ကမ္ဘာ့သူရဲကောင်းလား"
ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။
"ကမ္ဘာကြီးက ကြီးမားတယ်၊ ငါကလွဲရင် ဘယ်သူက အရပ်ရှည်ပြီး ထမ်းပိုးနိုင်မှာလဲ။ ဘယ်သူမှ ငါ့ကို တားလို့ မရဘူး"
စကားတစ်ခွန်းဖြင့် စကြာဝဠာကြီး တုန်လှုပ်သွားခဲ့သည်။
သူက ကြီးမားသော ကမ္ဘာကြီးတွင် အရပ်ရှည်သော တစ်ဦးတည်းသောလူ ဖြစ်သည်။
ကျန်သူများကတော့ ဖယောင်းရုပ်များထက် မပိုပေ။
ထိပ်တန်း ပါရမီရှင်သုံးဦးကို ရင်ဆိုင်နေရသော်လည်း ကျွင်းရှောင်ယောက်က လွှမ်းမိုးနေဆဲ ဖြစ်သည်။ သူ၏ အရိုင်းဆန်သော သဘာဝက မပြောင်းလဲခဲ့ပေ။
သို့သော်လည်း ဤအခိုက်တွင် ကြည့်နေသူများအားလုံး မငြင်းနိုင်ကြပါ။
အကြောင်းမှာ ကျွင်းရှောင်ယောက်၏ မာနက စရိုက်သက်သက် မဟုတ်သောကြောင့်ပင် ဖြစ်သည်။
သူ၏ လှုပ်ရှားမှုတိုင်း၊ မှတ်တမ်းတိုင်းက သူပြောခဲ့တာကို အတည်ပြုနေသကဲ့သို့ပင်။
ကမ္ဘာပေါ်တွင် တုနှိုင်းမရသော ထာဝရတားမြစ်ချက် ဖြစ်သည်။
ယွီယွင်ရှန့်လည်း ရင်ဘတ်ပေါ်တွင် လက်ဝါးနှစ်ဖက်အပ်ရင်း မျက်လုံးအကြည့်များ ဝေဝါးသွားလေသည်။
မိန်းမလှလေးက သူရဲကောင်းကို ချစ်သည်၊ ဤသည်မှာ မပြောင်းလဲသော သဘောတရားတစ်ခုပင်။
ကျွင်းလန်ရှီ၏ နှလုံးသားလည်း တုန်ခါသွားခဲ့သည်။
ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ လူတစ်ယောက်အနေဖြင့် သူဟာ နိမ့်ကျသောပုံရိပ်ကို အမြဲ ထိန်းထားခဲ့ရလေသည်။
ယခုမှ လူတစ်ယောက်ဟာ ဤမျှ မာနထောင်လွှားနိုင်ကြောင်း သိလိုက်ရသည်။
ဤဘဝမျိုးက ပို၍ စိတ်လှုပ်ရှားစရာကောင်းပေသည်။
"မောက်မာလိုက်တာ၊ ဒီနေ့ ဒီမင်းသားက မင်းရဲ့ အတွေးတွေကို ချေမှုန်းပစ်လိုက်မယ်"
ရွှေကျီးကန်း ဒသမမင်းသားက သည်းမခံနိုင်တော့ဘဲ ပထမဦးဆုံး လှုပ်ရှားလိုက်သည်။
ရွှေကျီးကန်း ဒသမမင်းသားက သူ့လက်ကိုဆန့်ထုတ်လိုက်သည်နှင့် အစစ်အမှန်နေမီးတောက်များ လောင်ကျွမ်းကာ ပေါ်လာခဲ့၏။
ရွှေကျီးကန်းမျိုးနွယ်က ကောင်းကင်ဘုံမှ မျက်နှာသာပေးခံရသော မျိုးနွယ်တစ်ခု ဖြစ်ချေသည်။ သူတို့က သန့်စင်သော ယန်မီးတောက်ခန္ဓာဖြင့် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။
ရွှေကျီးကန်း ဒသမမင်းသားဆိုလျှင် ဒဏ္ဍာရီလာ နေမင်းမြင့်မြတ်ခန္ဓာကိုပင် ပိုင်ဆိုင်ထားသေးသည်။
ကောလဟာလများအရ၊ သူမွေးဖွားလာချိန်တွင် ကောင်းကင်ဘုံမှ အစစ်အမှန်နေမီးတောက် ကျရောက်လာပြီး သူ့သွေးကြောများကို သန့်စင်ပေးခဲ့သည်။ ရှေးဦး ရွှေကျီးကန်းအရိပ်ကလည်း သူ့ခန္ဓာကို လှည့်ပတ်ခဲ့ပေသည်။
ထို့ကြောင့်ပင်၊ ရွှေကျီးကန်း ဒသမမင်းသားကို ရွှေကျီးကန်းဧကရာဇ်၏ အရိပ်အယောင် အနည်းငယ်ရှိသည်ဟု ယူဆခဲ့ကြသည်။
သူ၏ ကျင့်ကြံမှုလမ်းတစ်လျှောက်တွင် သူ၏ပြိုင်ဘက် ဖြစ်နိုင်သူက အနည်းငယ်သာ ရှိခဲ့သည်။
ဘယ်နေရာကိုသွားသည်ဖြစ်စေ၊ မည်သူမျှ သူ့ကို ရန်စဝံ့မည် မဟုတ်ပေ။
သို့သော်လည်း ယခုမူ၊ သူတို့၏ ရွှေကျီးကန်းမျိုးနွယ်အတွက် ခက်ခဲသော ပြိုင်ဘက်တစ်ဦးနှင့် ကြုံတွေ့နေရပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်ရှေ့တွင် မည်သူမျှ မာနထောင်လွှာခွင့်မရှိချေ။
ရွှေကျီးကန်း မင်းသားများပင်လျှင် မရပေ။
ရွှေကျီးကန်း ဒသမမင်းသားက အစစ်အမှန်နေမီးတောက်ကို ထုတ်ဖော်သည်အား မြင်ရသောကြောင့် ကျွင်းရှောင်ယောက်လည်း သူ့လက်ကို ညင်သာစွာ မြှောက်လိုက်သည်။
တောက်လောင်နေသော မီးတောက်များ ထွက်ပေါ်လာခဲ့၏။
ဤမီးလျှံတွင် ကမ္ဘာပေါ်မှ ထူးဆန်းသော မီးတောက်များစွာ ပါဝင်နေသကဲ့သို့ ရောင်စုံဖြစ်နေသည်။
၎င်း၏ ပူပြင်းမှုက ရွှေကျီးကန်း ဒသမမင်းသားထက်၏ အစစ်အမှန် နေမီးတောက်ထက် အားနည်းသည်မဟုတ်ပေ။
ယင်းမှာ ယခင်က ကျွင်းရှောင်ယောက် လက်မှတ်ထိုးဝင်ပြီး ရရှိခဲ့သော ထိုရှီဧကရာဇ်မီးလျှံ ဖြစ်သည်။
"အဲဒီမီးတောက်က ဘယ်လိုမီးလဲဟ၊ ရွှေကျီးကန်း ဒသမမင်းသားရဲ့ အစစ်အမှန် နေမီးတောက်ထက်တောင် အားမနည်းဘူး"
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ဒီလောက်ပြင်းထန်တဲ့ မီးတောက်ကို ထိန်းချုပ်ထားတယ်ဆိုတာ ငါ ဘာဖြစ်လို့ မကြားဘူးတာလဲ"
အနီးနားရှိ ကြည့်ရှုသူ အများအပြားမှာ အနည်းငယ် စိတ်ရှုပ်သွားကြသည်။
ကျွင်းရှောင်ယောက်က ထိုရှီဧကရာဇ်မီးလျှံကို သုံးခဲသောကြောင့် သူ့တွင် ဤနည်းလမ်းရှိနေဆဲဖြစ်ကြောင်းကို လူအတော်များများ မသိကြပေ။
ဤနည်းဖြင့် ကျွင်းရှောင်ယောက်ဟာ လူတိုင်း၏မျက်လုံးထဲတွင် ပို၍ပင် လျှို့ဝှက်နက်နဲ လာခဲ့သည်။
"ဒီလောက် အစွမ်းထက်တဲ့ နည်းလမ်းရှိတာတောင် မသုံးဘူး။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က တကယ်ကို နက်နက်နဲနဲ ဖုံးကွယ်ထားတာပဲ"
"နတ်ဘုရားသားတော်ရဲ့အမြင်မှာ အဲဒီနည်းလမ်းက အဆင့်မြင့်နည်းလမ်း မဟုတ်လို့ ဖြစ်မှာပေါ့"
လူတော်တော်များများက အံ့ဩတကြီး ပြောဆိုလိုက်ကြသည်။
ကျွင်းရှောင်ယောက် အသုံးပြုခဲသော နည်းလမ်းတစ်ခုက လူအများ အိပ်မက်မက်ခဲ့ရသော ဝှက်ဖဲမျိုး ဖြစ်နေခဲ့ပေသည်။
"ဟမ့်"
ယင်းကိုမြင်တော့ ရွှေကျီးကန်း ဒသမမင်းသားက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ပြီး သူ့နည်းလမ်းကို ပြန်ပြောင်းလိုက်သည်။
နေတစ်စင်း ပေါက်ကွဲသကဲ့သို့ သန့်စင်သော နေစွမ်းအားများက သူ့ခန္ဓာမှ ထွက်ပေါ်လာခဲ့၏။
သန့်စင်သော နေစွမ်းအား၊ ဤသည်မှာ ရွှေကျီးကန်းမျိုးနွယ်၏ သီးခြား နည်းလမ်းတစ်ခု ဖြစ်သည်။ ယင်းက ပူလောင်သော နေစွမ်းအင်ကို စုဆောင်းကာ ကမ္ဘာပေါ်ရှိ အရာအားလုံးကို မီးရှို့ဖျက်ဆီးနိုင်ပေသည်။
ရွှေကျီးကန်း လေ့ယန်လက်ဝါး။
ရွှေကျီးကန်း ဒသမမင်းသားက လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်။ ပြိုးပြိုးပြက်ပြက် တောက်ပသော နေစွမ်းအားက ရွှေကျီးကန်းအဖြစ်သို့ ပြောင်းလဲသွား၏။ လက်ဝါးတစ်ချက်က ဟင်းလင်းပြင်ကို လောင်ကျွမ်းသွားတော့သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက လှောင်ပြောင်သော အရိပ်အမြွက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သူနှင့် လက်သီးချင်း ထိပ်တိုက်ရင်ဆိုင်ဝံ့ခြင်းက အတော် မိုက်မဲသူပင်။
ကျွင်းရှောင်ယောက်က လက်သီးဆုပ်ပြီး ခွန်ပန် မဟာနတ်ဘုရားသိုင်းကို ထုတ်ဖော်လိုက်သည်။
သူ့လက်သီးက မွန်းစတားအမှတ်အသားများကို သယ်ဆောင်လာခဲ့သည်။ ပင်လယ်ရေပြင်ပေါ်တွင် ခုန်သွားသော ခွန်ပန်တစ်ကောင်ကဲ့သို့ အမြီးကို ရိုက်ထုတ်လိုက်၏။
သို့သော်လည်း ယခင်ကနှင့် မတူသည်မှာ ကျွင်းရှောင်ယောက်၏ လက်သီးချက်ထဲတွင် ငွေရောင် ထိုက်ယင်စွမ်းအား၏ အရိပ်အယောင်များ ရှိနေခြင်းပင်။
ယင်းကြောင့် ရွှေကျီးကန်း ဒသမမင်းသား၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ဤထိုက်ယင်စွမ်းအားက သူ့အတွက် အစိမ်းသက်သက် မဟုတ်ပေ။
ယင်းကို လနတ်ဘုရားနန်းတော်၏ သူတော်စင် ယွိချန်ကျွမ့် အသုံးပြုသည်အား မြင်ဖူးသည်။
ဖြစ်နိုင်တာက...
တစ်စုံတစ်ခုကို တွေးမိသောအခါ ရွှေကျီးကန်း ဒသမမင်းသား၏ မျက်လုံးများက မနာလိုစိတ်နှင့် ဒေါသစိတ်တို့ ဖြစ်ပေါ်လာတော့သည်။
"ဝုန်း"
လက်သီးနှစ်လုံး ထိပ်တိုက်တွေ့သည်နှင့် ရွှေကျီးကန်း ဒသမမင်းသား မျက်နှာပျက်သွားသည်။
ကျွင်းရှောင်ယောက်၏ လက်သီးမှ ကောင်းကင်ကို ချေမှုန်းနိုင်ပုံရသော ကြောက်မက်ဖွယ် နတ်ဘုရားစွမ်းအင်တစ်ခု တိုးထွက်လာခဲ့၏။
ခွန်ပန် မဟာနတ်ဘုရားသိုင်းနှင့် ထိုက်ယင် သန့်စင်သောစွမ်းအား...
ဤစွမ်းအားများနှင့် လက်သီးချက်က သူ့ကို လွှမ်းမိုးသွားခဲ့သည်။
"ဂျွတ်..."
အရိုးကျိုးသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
ရွှေကျီးကန်း ဒသမမင်းသား၏ လက်က ပေါက်ကွဲထွက်ပြီး သွေးများ ဖြာခနဲ ဖြစ်သွား၏။
ရွှေနီရောင်သွေးက မြေပြင်ပေါ်သို့ ကျရောက်သောအခါ ချော်ရည်ကဲ့သို့ တွင်းနက်ကြီးများအဖြစ် တိုက်စွားသွားတော့သည်။
ရွှေကျီးကန်း ဒသမမင်းသားလည်း သွေးတစ်ပွက်အန်ကာ ဒယီးဒယိုင်ဖြင့် ဆုတ်သွားခဲ့ရသည်။
ဤမြင်ကွင်းကိုမြင်တော့ ကြည့်ရှုနေသူအားလုံး အသက်ပြင်းပြင်းရှူလိုက်မိ၏။
ဤသည်မှာ ရှေးဟောင်းလမ်းပေါ်တွင် ကျော်ကြားသော ရွှေကျီးကန်း၏ ဒသမမင်းသား ဖြစ်သည်။
သူသည် နေမင်းမြင့်မြတ်ခန္ဓာကို သယ်ဆောင်ထားကာ ရွှေကျီးကန်းဧကရာဇ်၏ အရိပ်အနည်းငယ်ရှိသည်ဟုပင် ဆိုကြ၏။
ရလဒ်အနေဖြင့် ကျွင်းရှောင်ယောက်က သူ့လက်ကို တစ်ချက်တည်းဖြင့် ချိုးပစ်လိုက်တော့သည်။
ကြောက်စရာကောင်းသည်။
ကျွင်းရှောင်ယောက်၏ ခွန်အားက လူတိုင်း မျှော်မှန်းထားသည်ထက် ကျော်လွန်သွားခဲ့ပြီ။
ဆန့်ကျင်ဘက်တွင်၊ နောက်မှလိုက်လာကြသော ဗြဟ္မာ၊ ယွီယွင်ရှန့်နှင့် အခြားပါရမီရှင်များကတော့...
ချင်ဝူတောက်ကို ကျွင်းရှောင်ယောက်က သုံးကွက်တည်းဖြင့် အနိုင်ယူခဲ့ကြောင်း မြင်ဖူးပြီးသား ဖြစ်သောကြောင့် သိပ်ပြီး မအံ့သြတော့ပါ။
ရှန့်ထျန်းရီနှင့် ရွယ်ယဲ့ကတော့ သူတို့ရှေ့မှမြင်ကွင်းကြောင့် အနည်းငယ် အေးခဲသွားကြသည်။
ကျွင်းရှောင်ယောက်၏အင်အားကို လျှော့တွက်မိခဲ့သည်ဟုလည်း ခံစားလိုက်ရ၏။
ထိုအချိန်တွင် ရွှေကျီးကန်း ဒသမမင်းသား၏ ခန္ဓာကိုယ်က တုန်ခါသွားခဲ့သည်။
လက်တစ်ဖက်ပြတ်သွားသော်လည်း ယင်းက ကြီးကြီးမားမား မဟုတ်သေးပေ။
သူက ကျွင်းရှောင်ယောက်ကို မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် စိုက်ကြည့်ရင်း ဒေါသတကြီး ပြောလိုက်သည်။
"ထိုက်ယင်သန့်စင်တဲ့စွမ်းအင်ကို မင်း ဘယ်လိုလုပ်ပြီး သုံးနိုင်တာလဲ။ မင်းနဲ့ ယွိချန်ကျွမ့်က... ဖြစ်နိုင်မလား"
ယွိချန်ကျွမ့်သည် ထိုက်ယင်မြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး မွေးဖွားစဉ်ကတည်းက ထိုက်ယင်သန့်စင်သောစွမ်းအားကို အသုံးပြုနိုင်သည်။
ဤစွမ်းအင်က နေမင်း သန့်စင်သောစွမ်းအင်နှင့် ဆန့်ကျင်ဘက်ဖြစ်သော်လည်း ပေါင်းစပ်မှုတစ်မျိုး ဖြစ်နိုင်ကြ၏။
ရွှေကျီးကန်း ဒသမမင်းသားဟာ ယွိချန်ကျွမ့်ကို ရရှိရန်အတွက် အစွမ်းကုန် လုပ်ခဲ့သည်။ သူဟာ အင်မော်တယ်စစ်ပွဲတစ်ခု ဆင်နွှဲပြီး လနတ်ဘုရားနန်းတော်ကိုအင် တိုက်ခိုက်ခဲ့ပေသည်။
ယွိချန်ကျွမ့်နှင့် တူနှစ်ကိုယ်ကျင့်ကြံပါက ထိုက်ယင်နှင့် ထိုက်ယန် စွမ်းအားနှစ်ခု ပေါင်းစပ်လိုက်သောကြောင့် ရှေးဦးဖရိုဖရဲခန္ဓာကို မွေးဖွားနိုင်လိမ့်မည်။
ယခုမူ၊ ကျွင်းရှောင်ယောက်က ထိုက်ယင် သန့်စင်သော စွမ်းအားကို အသုံးပြုနေပြီ ဖြစ်သည်။
ယင်းက ဘာကိုဆိုလိုသည်မှန်း အထူးတွေးနေရန်ပင် မလိုပေ။
ယခင်၊ ကျွင်းရှောင်ယောက်က ယွိချန်ကျွမ့်ကို ကယ်တင်ခဲ့ကြောင်း ပြန်တွေးမိသောအခါ...
အရာအားလုံးက မပြောဘဲ သိနိုင်ပေသည်။
ရိုးရိုးလေး စဉ်းစားကြည့်နိုင်သည်။
လွန်စွာ စိတ်ပျက်အားငယ်ရသော အခိုက်အတန့်တွင် အသွင်အပြင်၊ နောက်ခံနှင့် ခွန်အားအပြည့်ရှိသော သူရဲကောင်းတစ်ဦးက ကယ်တင်ခဲ့မည်ဆိုလျှင်...
မတုန်မလှုပ်ဖြစ်မည့် မိန်းမမျိုး မရှိမှာကို ကြောက်ရသည်။
ထို့အပြင်၊ ယွိချန်ကျွမ့်၏ အခြေအနေက အားကိုးရန် ကျောထောက်နောက်ခံကို အရေးတကြီး လိုအပ်သည်။
ဤတွင်၊ ကျွင်းရှောင်ယောက်က ပြီးပြည့်စုံသော အားကိုးဖြစ်မည်မှာ အသေအချာပင်။
အလျှော့အတင်း ညှိနှိုင်းကြရမှာလည်း၊ ယွိချန်ကျွမ့်၏ ထိုက်ယင်မြင့်မြတ်ခန္ဓာက ကမ္ဘာ့နံပါတ်တစ် မီးပြင်းဖိုခန္ဓာတစ်ခု ဖြစ်သည်။
ထိုသို့တွေးမိသောအခါ ရွှေကျီးကန်း ဒသမမင်းသားတစ်ယောက် မနေနိုင်ဘဲ သွေးတစ်လုတ် အန်ထွက်လာတော့သည်။
မူလကတော့ ဤတစ်ခေါက်တွင် ကျွင်းရှောင်ယောက်ကို သတ်နိုင်ပါက၊ ယွိချန်ကျွမ့်ကိုလည်း ဖမ်းဆီးရန် စီစဉ်ထားခဲ့သည်။
ယခုတော့ အရာအားလုံး နောက်ကျသွားခဲ့ပြီ။
ထိုက်ယင်မြင့်မြတ်ခန္ဓာတွင် ပထမဆုံးအကြိမ်က သက်ရောက်မှု အကောင်းဆုံး ဖြစ်သည်။
ထို့နောက်မှာတော့ အကျိုးသက်ရောက်မှုက အားနည်းသွားမည်ဖြစ်သလို ရှေးဦးဖရိုဖရဲခန္ဓာကို မွေးဖွားရန်လည်း ပိုခက်ခဲလိမ့်မည်။
ကျွင်းရှောင်ယောက်က သူ၏ပစ်မှတ်ကို မည်သို့ဖျက်ဆီးလိုက်သလဲဆိုတာကို တွေးမိသောအခါ ရွှေကျီးကန်း ဒသမမင်းသား ဒေါသထွက်လွန်း၍ အတွင်းဒဏ်ရာ ရလုနီးပါး ဖြစ်နေတော့သည်။
သူ၏ ရှေးဦးဖရိုဖရဲခန္ဓာ အိပ်မက်က ပျက်စီးမတတ် ဖြစ်သွားပြီ ဖြစ်သည်။
အခြား ထိုက်ယင်မြင့်မြတ်ခန္ဓာကို ရှာတွေ့ရန်မှာ အလွန် ခက်ခဲ၏။ ယင်းက မဖြစ်နိုင်သလောက်ပင်။
စိမ်းပြာနေသော ရွှေကျီးကန်း ဒသမမင်းသား၏ မကျေမနပ်ဖြစ်နေသည့် အမူအရာကိုကြည့်ကာ...
ကျွင်းရှောင်ယောက် ရုတ်တရက် နားလည်သွားခဲ့သည်။
သူ့မျက်လုံးများက ငေါ့တော့တော့ အရိပ်အယောင်များ ပေါ်လွင်လာတော့သည်။