အခန်း ၇၆၅
Vol. 51 Ch. 765
အခန်း ( ၇၆၅ ) သည်းထိတ်ရင်ဖို မရှိဘဲ အပြတ် ချေမှုန်းသည်၊ နဂါးဘုရင်လေး ရွယ်ယဲ့ လှုပ်ရှားခြင်း။
ရွှေကျီးကန်း ဒသမမင်းသား တွေးနေသည့်အရာကို ကျွင်းရှောင်ယောက် သိသည်။
ယခုလေးတင် သူ အသုံးပြုခဲ့သည်က သန့်စင်သော လမင်း စွမ်းအင် ဖြစ်၏။
ဤထိုက်ယင်စွမ်းအင်ကို ယွိချန်ကျွမ့်ထံမှ ရရှိလာခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင်၊ ယွိချန်ကျွမ့်နှင့် တူနှစ်ကိုယ် လေ့ကျင့်ခြင်းမှ ရရှိလာခြင်း မဟုတ်ပါ။
ယွိချန်ကျွမ့်ထံမှ ထိုက်ယင်အင်မော်တယ်ကျမ်းကို ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။
ကျွင်းရှောင်ယောက်က ထိုက်ယင်အင်မော်တယ်ကျမ်းကို အထူးတလည် တံခါးပိတ်ပြီး နားလည်ဆင်ခြင်ခြင်း မပြုပါ။
သို့ရာတွင် အချိန်အနည်းငယ်ယူပြီး လေ့လာကြည့်ဖူးသည်။
ကျွင်းရှောင်ယောက်၏ နားလည်နိုင်စွမ်းကလည်း အလွန်မြင့်မားကာ လွမ်ကုဧကရာဇ်ပင်လျှင် ချီးကျူးရ၏။
သာမန်လူများအတွက်၊ အင်မော်တယ်ကျမ်းကို လေ့ကျင့်ခြင်းက အသေခက်ခဲနိုင်သော်လည်း ကျွင်းရှောင်ယောက်ကတော့ ထမင်းစား၊ရေသောက်သကဲ့သို့ နားလည်နိုင်သည်။
ကျွင်းရှောင်ယောက်က ထိုက်ယင်အင်မော်တယ်ကျမ်းကို အပြည့်အဝ နားမလည်သေးသော်လည်း...
ထိုက်ယင် သန့်စင်သောစွမ်းအားကိုတော့ ထုတ်ဖော်နိုင်နေပြ ဖြစ်သည်။
ရွှေကျီးကန်း ဒသမမင်းသားက နေမင်း သန့်စင်သောစွမ်းအားကို အသုံးပြုသောကြောင့်...
ကျွင်းရှောင်ယောက်ကလည်း ယင်းကို စမ်းသပ်ကြည့်ချင်ခဲ့ပေသည်။
မမျှော်လင့်ဘဲ၊ ဤအရာက ရွှေကျီးကန်း ဒသမမင်းသားကို သူနှင့် ယွိချန်ကျွမ့်က တူနှစ်ကိုယ် ကျင့်ကြံပြီးပြီဟု နားလည်မှုလွဲစေခဲ့သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ရှင်းပြရန် စိတ်ကူးမရှိတော့ပါ။ ထိုအစား သူ့မျက်နှာပေါ်တွင် ငေါ့တော့တော့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
နောက်ဆုံးတွင် သူက ပြိုင်ဘက်၏နှလုံးသားကို ထိုးနှက်မိခဲ့ခြင်း ဖြစ်သည်။
နှလုံးသားကို သတ်လိုက်ခြင်းက လူတစ်ယောက်လုံးကို သတ်လိုက်ခြင်းထက် ပို၍ စိတ်ဝင်စားဖို့ ကောင်းပေသည်။
ကျွင်းရှောင်ယောက်၏ ငေါ့တော့တော့အပြုံးကိုမြင်တော့ ရွှေကျီးကန်း ဒသမမင်းသား၏ ယုံကြည်မှုက ပို၍ ခိုင်မာလာခဲ့သည်။
ဒေါသနှင့် ပူလောင်မှုများဖြင့် သူ့စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပေ။
ယွိချန်ကျွမ့်ကို ရရှိအတွက် တန်ကြေးကြီးကြီးပေးပြီး အင်မော်တယ်စစ်ပွဲကိုပင် ဖြစ်စေခဲ့သည်။
ယခုတော့ ကျွင်းရှောင်ယောက်က ကြားမှ အမြတ်ထုတ်သွားပြီ။
ရွှေကျီးကန်း ဒသမမင်းသား ဒေါသမထွက်မှသာ ထူးခြားမည် ဖြစ်သည်။
"ကျွင်းရှောင်ယောက်၊ ဒီမင်းသားရဲ့ ကောင်းမှုကုသိုလ်တွေကို လုယူဝံ့မှတော့ မင်း ပြန်ပေးဆပ်ရမယ်"
ရွှေကျီးကန်း ဒသမမင်းသား ဟိန်းဟောက်လိုက်သည်။ သူ့လက်မှ အစစ်အမှန် နေမီးတောက်များ တောက်လောင်လာခဲ့၏။
ထို့နောက်မှာတော့ လူတိုင်း၏ အံ့အားသင့်နေသော မျက်လုံးများအောက်တွင် လက်အသစ်တစ်ဖက် ခဏချင်း ထွက်ပေါ်လာတော့သည်။
"ရွှေကျီးကန်း ဒသမမင်းသားက သဘာဝမီးတောက်နဲ့ သန့်စင်ခံရပြီး မွေးဖွားလာခဲ့တာ၊ နေမင်းမြင့်မြတ်ခန္ဓာကိုပါ ထည့်ပေါင်းလိုက်တော့ သူ့ရဲ့ ခန္ဓာကိုယ်က တကယ်ကို အံ့မခန်းပါပဲ။ ကံမကောင်းချင်တော့ သူက ရှေးဟောင်းမြင့်မြတ်ခန္ဓာနဲ့ ရင်ဆိုင်လိုက်ရတယ်"
ပါရမီရှင် အများအပြားက သက်ပြင်းချလိုက်သည်။
ရွှေကျီးကန်း ဒသမမင်းသား၏ ခန္ဓာကိုယ်သည် နေမင်းမြင့်မြတ်ခန္ဓာ ဖြစ်ရုံသာမက၊ မွေးဖွားစဉ်ကပင် သန့်စင်သောနေမီးတောက်နှင့် သန့်စင်ခံခဲ့ရသောကြာင့် ခြေလက်များ ပြတ်တောက်သွားလျှင်ပင် ပြန်ကောင်းလာနိုင်သည်။
သို့သော်လည်း ယခုအခါ သူ့ထက် ပို၍ကြမ်းသော ခန္ဓာတစ်မျိုးနှင့် ရင်ဆိုင်နေပြီ။
ရွှေကျီးကန်း ဒသမမင်းသားက သံရှည်ဆွဲပြီး ဟိန်းဟောက်လိုက်ရာ သူ့နောက်ကျောမှ ရွှေရောင် တောင်ပံတစ်စုံ ထွက်ပေါ်လာခဲ့သည်။
ယင်းမှာ ရွှေကျီးကန်း ဒသမမင်းသားမှ လျှို့ဝှက်ရတနာများနှင့် သန့်စင်ထားသော ရွှေကျီးကန်း တောင်ပံတစ်စုံပင်။
သူ့အတောင်ကို ခတ်လိုက်သည်နှင့် ရွှေရောင် အလင်းများ စီးဆင်းလာခဲ့သည်။ ထို့နောက်မှာတော့ ရွှေရောင်မိုးကြိုးကဲ့သို့ ကျွင်းရှောင်ယောက်ဆီကို ပြေးသွားတော့သည်။
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် ခွန်ပန်အရိပ်တစ်ခု ပေါ်လာခဲ့သည်။ သူကလည်း မနိမ့်ကျသော အကြွင်းမဲ့ ခွန်ပန်အမြန်နှုန်းဖြင့် ပျံသန်းသွား၏။
"ဝုန်း"
သူတို့နှစ်ဦးက ဥက္ကာခဲများကဲ့သို့ တိုက်မိကာ အားလုံးများ အရပ်ရပ်ကို ပျံ့နှံ့သွားခဲ့သည်။ တိုက်ခိုက်မှု အလယ်ဗဟိုတွင် ကြီးမားသော အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ရွှေကျီးကန်း ဒသမမင်းသားက သန့်စင်သော နေစွမ်းအားကို အသက်သွင်းကာ နေနတ်ဘုရားတောင်၏ မဟာနတ်ဘုရားသိုင်းကို ထုတ်ဖော်လိုက်သည်။
သန့်စင်သော နေစွမ်းအားက ရွှေကျီးကန်း ဒသမမင်းသား၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် မီးလုံးများအဖြစ် တစ်ခုပြီးတစ်ခု ပေါင်းစပ်သွားခဲ့သည်။
သေသေချာချာ ရေတွက်ကြည့်လျှင်တော့ ဆယ်ခုရှိမှန်း သိရ၏။
မီးလုံးတစ်ခုစီက နေ အသေးစား တစ်စင်းကဲ့သို့ တောက်လောင်နေကာ ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။
နေနတ်ဘုရားတောင်၏ မဟာနတ်ဘုရားသိုင်း၊ ကောင်းကင်ယံမှ နေဆယ်စင်း။
ဒဏ္ဍာရီများအရ ယင်းမှာ ရှေးဦး ရွှေကျီးကန်း ဆယ်ကောင်မှ ဆင်းသက်လာခြင်းဖြစ်ပြီး၊ နေနတ်ဘုရားတောင်၏ တားမြစ် နတ်ဘုရားသိုင်းတစ်ခု ဖြစ်သည်။
သို့သော်လည်း ထိုဒဏ္ဍာရီထဲမှ ရွှေကျီးကန်း ဆယ်ကောင်အနက် ကိုးကောင်ကို ရီမျိုးနွယ်၏ ဧကရာဇ်က ပစ်ချခဲ့သည်။
သို့တိုင်၊ ဤနတ်ဘုရားသိုင်းမှာ အလွန်ကြောက်စရာကောင်းနေသေးသည်။
မိုးနှင့်မြေကြားတွင် အပူချိန်က ချက်ချင်း ထိုးတက်လာခဲ့သည်။ တောင်များက ချော်ရည်အဖြစ်သို့ အရည်ပျော်သွားပြီး မီးပင်လယ်တစ်ခုအသွင် လောင်ကျွမ်းသွား၏။
သူတို့ပတ်ဝန်းကျင်မှ ပါရမီရှင်များလည်း ချက်ချင်း ဆုတ်ခွာသွားတော့သည်။
မသေမျိုးများ တိုက်ခိုက်သောအခါ သေမျိုးများ ထိခိုက်ကြရသည်။
သူတို့သာ အနည်းငယ် နီးကပ်နေပါက သက်ရောက်မှုကြောင့် ဒဏ်ရာရသွားကြနိုင်သည်။
ဤသည်မှာ ထိပ်တန်း ပါရမီရှင်များကြားမှ တိုက်ပွဲတစ်ခု၏ ပြင်းထန်မှု ဖြစ်သည်။
ရှန့်ထျန်းရီ၊ ရွယ်ယဲ့နှင့် အခြားသူများကတော့ မလှုပ်ရှားသေးဘဲ တိုက်ပွဲအခြေအနေကို ဂရုတစိုက် စောင့်ကြည့်နေခဲ့ကြပေသည်။
ရွှေကျီးကန်း ဒသမမင်းသားကို အသုံးပြုပြီး ကျွင်းရှောင်ယောက်၏ စစ်မှန်သော တိုက်ခိုက်နိုင်စွမ်းကို စမ်းသပ်လိုခဲ့ကြသည်။
ရွှေကျီးကန်း ဒသမမင်းသား၏ အဆုံးစွန်တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ တုံ့ပြန်ခဲ့သည်။
သူက သူ့လက်ကို တဖြည်းဖြည်းမြှောက်လိုက်ရာ အဆုံးမဲ့ မိုးကြိုးစွမ်းအားများ ပေါက်ကွဲကာ ပျံ့နှံ့သွား၏။
လှိုင်းထနေသော မိုးကြိုးစွမ်းအားက တောက်ပနေသော ကြယ်များအဖြစ်သို့ ပေါင်းစည်းသွားတော့သည်။
ယင်းမှာ မိုးကြိုးဧကရာဇ်၏ မဟာနတ်ဘုရားသိုင်းမှ အသန်မာဆုံး လှုပ်ရှားမှု၊ မိုးကြိုးကြယ်တာရာ ပြောင်းလဲခြင်း ဖြစ်သည်။
လောင်ကျွမ်းနေသော နေလုံးများနှင့် မိုးကြိုးကြယ်များက ပြင်းထန်စွာ တိုက်မိသွားခဲ့သည်။
မိုးကြိုးနှင့် မီးလျှံ၊ ဤနှစ်ခုစလုံးက အလွန် ပေါက်ကွဲအားကြီး၏။
နှစ်ဖက်တိုက်မိသည်နှင့် မိုးနှင့်မြေကို တုန်လှုပ်စေသော မိုးကြိုးနှင့် မီးတောက်မီးလျှံများက ပျံ့နှံ့သွားတော့သည်။
ဤတိုက်ခိုက်မှု၏ နောက်ဆက်လှိုင်းများက အားနည်းသော ပါမီရှင်တချို့ကို ပြင်းထန်စွာ ဒဏ်ရာရစေရန် လုံလောက်သည်။
ကျွင်းရှောင်ယောက်က ရုတ်တရက် လှုပ်ရှားလိုက်သည်။ တိုက်ခိုက်မှုလှိုင်းများက သူ့ထံသို့ မရောက်မီတွင် ရုတ်ခြည်း ပျောက်ကွယ်သွား၏။
ယင်းက နတ်ဘုရားသိုင်းတစ်ခု၏ စွမ်းအား ဖြစ်သည်။
လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီး။
ကျွင်းရှောင်ယောက်က လက်သီးချက် ထုတ်ဖော်လိုက်သည်။ သူ့တွင် ဤလူများနှင့် ဖြုန်းတီးနေရန် အချိန်မရှိပေ။
လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးက အဓိပဓိ လက်သီးသိုင်းတစ်ခု ဖြစ်သည်။ လွမ်ကုနှလုံးသားနတ်ဆိုးပင်လျှင် ယင်းကို မြင်ရသောအခါ အံ့သြသွားရ၏။
ထို့အပြင်၊ ကျွင်းရှောင်ယောက်၏အင်အား တိုးတက်လာသည်နှင့်အမျှ ဤသိုင်းပညာကလည်း ပို၍ အစွမ်းထက်လာနိုင်သည်။ ယင်းက ကျွင်းရှောင်ယောက်၏ အဆုံးစွန်နည်းလမ်းတစ်ခုပင်။
ဤလက်သီးသိုင်းကြောင့် စကြာဝဠာကြီး ကပြောင်းကပြန်ဖြစ်သွားပုံရသည်။
ရွှေကျီးကန်း ဒသမမင်းသား၏ မျက်လုံးများက အံ့ဩခြင်းအရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
သူ့ဝှက်ဖဲကို အလျင်စလို ထုတ်ဖော်လိုက်၏။
နေတစ်စင်းကို ဆွဲယူလိုက်သကဲ့သို့ တောက်ပသော ရွှေရောင် ရတနာဘီးတစ်ခု ပေါ်လာတော့သည်။
ဧကရာဇ်တစ်ပိုင်း လက်နက်၊ နေမင်း ရတနာဘီး။
ယင်းမှာ ရွှေကျီးကန်း ဒသမမင်းသား အချိန်အတော်ကြာ သန့်စင်ခဲ့သော ရတနာတစ်ခု ဖြစ်သည်။
ယခုအချိန်မှာတော့ သူ့စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်သေးပေ။
သို့ရာတွင် ဧကရာဇ်တစ်ပိုင်းလက်နက်က ဧကကာဇ်တစ်ပိုင်းလက်နက်ဖြစ်၍ သူ့စွမ်းအားကို လျှော့တွက်၍ မရပါ။
လက်သီးချက်က နေရတနာဘီးပေါ်သို့ ကျရောက်သွားခဲ့သည်။
နေရတနာဘီးက လက်သီးချက်၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ပိတ်ဆို့ထားသော်လည်း...
ကျန်သော အင်အားများက ရွှေကျီးကန်း ဒသမမင်းသားပေါ်သို့ ဆက်လက် ကျရောက်သွားခဲ့သည်။
"ဖူး"
ရွှေကျီးကန်း ဒသမမင်းသား နောက်တစ်ဖန် သွေးအန်လိုက်ရ၏။ နေရတနာဘီးကို ကိုင်ဆောင်ထားသော သူ့လက်က ထုံကျဉ်ကာ ကွဲလုမတတ် ဖြစ်သွားတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် အရပ်ရပ်မှ ပါရမီရှင်များ တိတ်ဆိတ်သွားကြသည်။
ဧကရာဇ်တစ်ပိုင်းလက်နက်ကို ထုတ်ဖော်ခဲ့သော်လည်း ရွှေကျီးကန်း ဒသမမင်းသားမှာ အားနည်းသည့်ဘက်ကို ကျရောက်သွား၏။
ကျွင်းရှောင်ယောက်၏ တိုက်ခိုက်နိုင်စွမ်းက အားကောင်းလွန်းလှသည်။
"ဝုန်း... ဝုန်း... ဝုန်း"
လက်သီးချက်များ၏ အင်အားများက တစ်ခုပြီးတစ်ခု လှိုင်းလုံးများကဲ့သို့ လွှမ်းခြုံထားခဲ့သည်။
ရွှေကျီးကန်း ဒသမမင်းသားမှာ လုံးဝ မခုခံနိုင်ဘဲ သွေးအန်ထွက်သည်အထိ ရိုက်ခံရ၏။ သူ၏ နံရိုးများစွာလည်း ကျိုးသွားပြန်တော့သည်။
"တော်လောက်ပြီ ကျွင်းရှောင်ယောက်၊ သိပ်ပြီး အတင့်မရဲနဲ့"
ရွှေကျီးကန်း ဒသမမင်းသား အရိုက်ခံနေရသည်ကိုမြင်တော့ နဂါးဘုရင်လေးရွယ်ယဲ့ လက်ပိုက်ကြည့်မနေနိုင်တော့ပေ။
ယခင်က အတူတူ စီစဉ်ခဲ့ကြသော်လည်း...
သူတို့သုံးဦးဟာ အဆုံးစွန်ရှေးဟောင်းလမ်းပေါ်ရှိ ထိပ်တန်း တားမြစ်ပါရမီရှင်များ ဖြစ်သည်။ သူတို့ ရှေးဟောင်းတော်ဝင်မိသားစုများနှင့် အင်မော်တယ်ဂိုဏ်းတစ်ခုမှ အဓိကမျိုးဆက်များ ဖြစ်၏။
ကျွင်းရှောင်ယောက်ကို အနိုင်ယူပြီးလျှင်ပင် သူတို့ သုံးယောက် အတူတူ လှုပ်ရှားပါက မျက်နှာသာရမှာ မဟုတ်ပေ။
ထို့ကြောင့်ပင် အစက သူတို့ဟာ အမှန်တကယ် ပူးပေါင်းတိုက်ခိုက်ရမည်ဟု မထင်ခဲ့ကြပါ။
သို့သော်လည်း တစ်ဖက်သတ် အရိုက်ခံရပြီး ပြန်လည်ခုခံရန် အင်အားမရှိရှာသော ရွှေကျီးကန်း ဒသမမင်းသားကို မြင်သောအခါ...
ရွယ်ယဲ့ သည်းမခံနိုင်တော့ပေ။
ရွှေကျီးကန်း ဒသမမင်းသား သေသွားပါက သူတို့အတွက် အခြေအနေ ပိုဆိုးသွားနိုင်သည်။
သူတို့က မိုက်မဲသူများ မဟုတ်ပါ၊ ကျွင်းရှောင်ယောက်မှ သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ဖြေရှင်းမည်အား ခွင့်ပြုနေမည် မဟုတ်ပေ။
"နောက်ဆုံးတော့ မအောင့်နိုင်တော့ဘူးပေါ့"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။ ဤအတွက် သူက လုံးဝ မအံ့ဩပေ။
"ဟမ့်၊ အောင်နိုင်သူက ဘုရင်ပဲ။ ရှုံးနိမ့်သူ၊ သေလွန်သူတွေမှာ ပြောဆိုပိုင်ခွင့် မရှိဘူး"
ရွယ်ယဲ့က အော်ဟစ်လိုက်သည်။ သူက ရွှေနဂါးလှံကိုကိုင်ဆောင်ကာ လှံချက် ထုတ်ဖော်လိုက်၏။ ကောင်းကင်ကို လှုပ်ခါစေသော နဂါးဟိန်းသံနှင့် မီတာတစ်သောင်း ရှည်လျားသော ရွှေရောင်လှံအလင်းတစ်ခု ထွက်ပေါ်လာတော့သည်။