← Chapters

အခန်း ၇၆၆

Vol. 52 Ch. 766

အခန်း ၇၆၆

Vol. 52 Ch. 766

အခန်း ( ၇၆၆ ) နဂါးဘုရင်လေး ရွယ်ယဲ့ကို ပါးဖြတ်ရိုက်လိုက်ခြင်း၊ ပါးစပ်ရွဲ့နေတာက ရောဂါတစ်ခုပဲ... အခု ကုသရမဲ့ အချိန်ရောက်ပြီ။

နဂါးဘုရင်ခန်းမက ရှေးဦး အင်မော်တယ်တာအို မျိုးရိုးတစ်ခု ဖြစ်သည်။

သူတို့ကို နဂါးမျိုးနွယ်ဝင်များဖြင့်သာ ဖွဲ့စည်း တည်ဆောက်ထား၏။

ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးရှိ ဘိုးဘွားနဂါးသိုက်၊ ရှန်းကုကမ္ဘာရှိ နဂါးလူသားမျိုးနွယ်နှင့် လျှို့ဝှက်ဆန်းကြယ်ပြီး ရှားပါးသော ထိုက်ရွှီရှေးနဂါးမျိုးနွယ်စုများသည်လည်း နဂါးမျိုးနွယ်၏ အကိုင်းအခက်များ ဖြစ်ချေသည်။

ယခင်က အင်မော်တယ်စစ်ပွဲတွင်၊ ဘိုးဘွားနဂါးသိုက် ပျက်စီးလုနီးဖြစ်သောအခါ နဂါးဘုရင်ခန်းမ၏ ဧကရာဇ်တစ်ပိုင်း ကျွမ်းကျင်သူက လှုပ်ရှားခဲ့သည်။

သို့သော်လည်း ကြယ်ကောင်းကင်တွင် လွင့်မျောနေသော ကျွင်းမိသားစု၏ ဧကရာဇ်တစ်ပိုင်း ဘိုးဘေးတစ်ဦးက သူ့ကို တားဆီးခဲ့ပေသည်။

ဤအချက်ကြောင့် အဓိကအင်အားစုကြီးနှစ်ခုကြားတွင် ပဋိပက္ခတစ်ခု ဖြစ်လာခဲ့ရသည်။

ထို့ကြောင့်ပင် ကျွင်းရှောင်‌ယောက်က ထိုအင်မော်တယ်အင်အားစုများနှင့် ရင်ဆိုင်တွေ့က်က သက်ညှာခြင်းမပြုဟု ဆုံးဖြတ်ခဲ့ပေသည်။

ကျွင်းမိသားစုကို ထိပါးဝံ့သူတိုင်း သေရမည်။

ဤအခိုက်တွင် နဂါးဘုရင်လေးရွယ်ယဲ့က လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။

သူ့လက်ထဲမှ ရွှေရောင်နဂါးလှံက ကောင်းကင်ကို ထိုးဖောက်နိုင်ပုံရ၏။ အလွန်ကြောက်စရာကောင်းသော စွမ်းအားများနှင့် ရွှေရောင် နဂါးအမှတ်အသားအမျိုးမျိုးလည်း ထွက်ပေါ်လာတော့သည်။

"နဂါးဘုရင်ခန်းမက နဂါးဘုရင်လေး ဖွားမြင်လာတော့ ရွှေရောင်နဂါးနှစ်ကောင် ကောင်းကင်က ဆင်းသက်လာခဲ့တယ်။ တစ်ကောင်က ရွှေရောင်လှံဖြစ်သွားပြီး နောက်တစ်ကောင်ကတော့ ရွှေချပ်ဝတ် ဖြစ်သွားတယ်တဲ့။ အဲဒါက ရွှေရောင်လှံဖြစ်တဲ့ ရွှေနဂါးလှံပဲ ဖြစ်ရမယ်"

ရွယ်ယဲ့၏ တိုက်ခိုက်မှုစွမ်းအားကို ခံစားလိုက်ရသော ပါရမီရှင်တစ်ဦးက ပြောလိုက်သည်။

ဤတားမြစ်ပါရမီရှင်များက အဆင့်အတန်းအမျိုးမျိုးရှိကြသည်။ သူတို့က လူများကြားမှ နဂါးများ ဖြစ်ချေသည်။

ဤလှံနှင့် ချပ်ဝတ်တန်ဆာကတော့ ဘုရားပေးသော နတ်လက်နက်များဟု ဆိုနိုင်သည်။ သူတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းပါက အနာဂတ်တွင် ဧကရာဇ်လက်နက်များ ဖြစ်လာနိုင်လိမ့်မည်။

ထို့အပြင် ၎င်းက မွေးရာပါ နတ်လက်နက်များဖြစ်သောကြောင့် ရွယ်ယဲ့ဟာ ၎င်း၏စွမ်းအားကို အပြည့်အဝ အသုံးချနိုင်သည်။

ရွှေကျီးကန်း ဒသမမင်းသားကတော့ သူနှင့် မတူပေ။ သူက နေမင်းရတနာဘီးကို အစွမ်းကုန် အသုံးပြုသော်လည်း ၎င်း၏ စစ်မှန်သော စွမ်းအားကို မထုတ်နိုင်သေးပါ။

သူ့ထံသို့ တိုးဝင်လာသော ရွှေနဂါးလှံကိုကြည့်ကာ ကျွင်းရှောင်ယောက်က သူ့လက်နှစ်ချောင်းကိုဆန့်ပြီး ထိုးလိုက်သည်။

ယင်းကိုမြင်တော့ နဂါးဘုရင်လေးရွယ်ယဲ့၏ မျက်လုံးထဲတွင် ဒေါသတို့ ပေါ်လာခဲ့၏။

ကျွင်းရှောင်ယောက်က သူ့ကို အထင်သေးနေသည်။

သို့သော်လည်း၊ ရွယ်ယဲ့ ဘာမှမပြောနိုင်မီတွင် သံသံချင်း ထိခတ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကျွင်းရှောင်ယောက်၏ လက်ချောင်းများက ရွှေနဂါးလှံနှင့်တိုက်မိသောအခါ၊ ရွှေနှင့်သံတို့ တိုက်မိသွားသကဲ့သို့ မီးပွားများ တဖွားဖွား ထွက်လာခဲ့၏။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က နတ်ရတနာများထက် အားမနည်းပေ။

ကျွင်းရှောင်ယောက်က သူ့လက်ချောင်းများကို လှုပ်ရှားသည်နှင့် ကြမ်းကြုတ်သည့် အင်မော်တယ်သတ်ဓားအလင်းများ ထွက်ပေါ်လာခဲ့သည်။

အချိန်တိုလေးအတွင်းမှာပင် ရွှေနဂါးလှံနှင့် အကြိမ်ပေါင်း ရာနှင့်ချီကာ တိုက်မိခဲ့၏။

ထို့နောက်မှာတော့ ရွှေနဂါးလှံက လွင့်ထွက်သွားကာ ရွယ်ယဲ့သည်လည်း ခြေလှမ်းပြင်းပြင်းနင်းရင်း မီတာရာချီ ဆုတ်သွားရတော့သည်။

သူ့လက်များက ထုံကျဉ်နေခဲ့ပြီ ဖြစ်သည်။

သူ့နှလုံးကလည်း မောဟိုက်ကာ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားလေသည်။

နဂါးများက သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကြောင့် ကျော်ကြားသည်။

နဂါးမျိုးနွယ်၏ ရှေးဧကရာဇ်အချို့ဆိုလျှင် ရုပ်ခန္ဓာသက်သက် နှိုင်းယှဉ်ပါက အဆင့်တူ လူသားမျိုးနွယ်ဝင် ဧကရာဇ်များကို လုံး၀ ဖိနှိပ်နိုင်ကြ၏။

ယခုမူကား၊ ရုပ်ခန္ဓာ ခွန်အားပိုင်းတွင် လူသားတစ်ဦး၏ လုံးလုံးလျားလျား ဖိနှိပ်ခြင်းကို ခံခဲ့ရပြီ။

"ဒါဟာ ပြီးပြည့်စုံတဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာရဲ့ ကြောက်စရာကောင်းပုံပဲလား"

ပါရမီရှင်များစွာတို့၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။

ပျက်စီးခြင်းကြယ်တွင် ရှိစဉ်ကပင်၊ ကျွင်းရှောင်ယောက်က အချုပ်အနှောင်ဆယ်ခုကို ချိုးဖြတ်ထားသည့် ရှေးဟောင်းမြင့်မြတ်ခန္ဓာဖြစ်ကြောင်း သတင်းများ ပျံ့နှံ့နေပြီ ဖြစ်သည်။

ထိုသတင်းထွက်လာတော့ ကျင့်ကြံသူတချို့ဟာ မယုံနိုင်သေးပေ။

ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကျဆင်းလာခြင်းက ကောင်းကင်ဘုံ၏ ကန့်သတ်မှုကြောင့် ဖြစ်သည်။ ယင်းကို မည်သို့အလွယ်တကူ ချိုးဖျက်နိုင်မည်နည်း။

သို့သော်လည်း ယခုတော့ ကျွင်းရှောင်ယောက်၏ တရားလွန်သည့် ရှေးဟောင်းမြင့်မြတ်ခန္ဓာကို မြင်ရပြီးနောက် သူတို့ အမှန်တကယ်ဖြစ်မှန်း ယုံကြည်သွားကြပြီ ဖြစ်သည်။

အချုပ်အနှောင် ကြိုးဆယ်ချောင်းကို ချိုးဖျက်နိုင်သော ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ပြီးပြည့်စုံသောဗားရှင်းသာ ဤသို့ တရားလွန် ကြမ်းနိုင်ပေလိမ့်မည်။

အခြားသူများ အံ့ဩနေကြသော်လည်း ကျွင်းရှောင်ယောက်ကတော့ လုံးဝ ဂရုမစိုက်ပါ။

သူသည် အမျိုးမျိုးသော ခန္ဓာကိုယ်ကျင့်စဉ်များကို လေ့ကျင့်ရုံသာမကဘဲ၊ ကြေးအင်မော်တယ်နန်းတော်ရှိ အရာအရာအားလုံး၏ မိခင်ချီစွမ်းအင်ဖြင့် သူ့ခန္ဓာကိုယ်ကို ပြန်လည်သန့်စင်ခဲ့သည်။

သူ့တွင် ခန္ဓာဧကရာဇ်ဖြစ်လာရန်ပင် အရည်အချင်းများ ရှိ၏။

ဤစွမ်းဆောင်ရည်က အံ့သြစရာတော့ မဟုတ်ပေ။

"ထပ်လာမယ်"

ရွယ်ယဲ့ အလျှော့မပေးဘဲ ဟိန်းဟောက်လိုက်သည်။ သူ၏ နဂါးသွေးများက ဆူပွက်လာပြီး ရွှေနဂါးလှံဖြင့် နောက်တစ်ဖန် ပြေးဝင်တိုက်ခိုက်လိုက်သည်။

ရွှေနဂါးလှံက လေထုကို ထိုးဖောက်ဝင်ရောက်သွားရာ ရွှေရောင်အလင်းတန်းများ ပြည့်လျှံသွား၏။ ပုံရိပ်ယောင် နဂါးအရိပ်များလည်း ထွက်ပေါ်လာတော့သည်။

နဂါးလောက၏ ဝင်ပေါက်ကို ဖွင့်ပေးလိုက်သကဲ့သို့ မရေမတွက်နိုင်သော နဂါးအရိပ်များက ဟိန်းဟောက်ကာ ကျွင်းရှောင်ယောက်ဆီသို့ ပြေးလာခဲ့ကြသည်။

ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က ရိုးရိုးရှင်းရှင်း လက်နှစ်ချောင်းဖြင့်ပင် ညွှန်ပြလိုက်သည်။

လေထဲတွင် မြက်ပင်ကလေးများ ပေါက်လာသည်။ မြက်ပင်မှ အရွက်ကလေးများကတော့ ယိမ်းနွဲ့ လှုပ်ရှားလာကြ၏။

မြက်ရွက်ကလေးများ လှုပ်ရှားလာသည်နှင့် ဓားအလင်းများက ဟင်းလင်းပြင်ကို ခွဲထွက်သွားတော့သည်။

"ဒါက ရွက်လွှာကိုးခုမြက် ဓားသိုင်းပဲ"

ကျင့်ကြံသူအချို့ မျက်လုံး အရောင်လက်သွားကြသည်။

"ဒီဓားသိုင်းက ဖူရှီအင်မော်တယ်မျိုးရိုးရဲ့ ရင်ပြင်မှာ ရှိတယ်ဆိုပေမဲ့ ကူတိကျစ်တောင် အပြည့်အဝ နားမလည်သေးဘူး၊ ဒါကို ကျွင်းမိသားစုရဲ့နတ်ဘုရားသားတော်က ရက်အနည်းငယ်အတွင်း နားလည်သဘောပေါက်ခဲ့တာတဲ့"

ဤအကြောင်းကို လူတော်တော်များများ သိကြ၏။

သတို့သမီးကို လုယူခြင်းအပြင် ဤသည်က ကုတိကျစ်ကို အရှက်ရစေသော ‌အချက်တစ်ခု ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ နတ်ဘုရားသိုင်းများကို နားလည်နိုင်စွမ်းကြောင့် လူအများ အံ့အားသင့်ခဲ့ရပေသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က လွမ်ကုဧကရာဇ်၏ တားမြစ်ကျင့်စဉ်ကို ခုနစ်ရက်အတွင်း နားလည်လာခဲ့မှန်း သိကြလျှင်ဖြင့်...

သူတို့ ဤမျှအံ့ဩမည်ဟု မထင်ပေ။

တောင်တစ်လုံးကဲ့သို့ သိပ်သည်းသော ဓားအလင်းတစ်ခုက မိုးနှင့်မြေကို ဆုပ်ဖြဲပစ်လိုက်သည်။

ဓားအလင်းတစ်ခုက နေ၊ လနှင့် ကြယ်များကို ဖြတ်တောက်နိုင်စွမ်း ရှိ၏။။ ဤအခိုက်တွင် ကမ္ဘာကြီးက မြက်ပုံသဏ္ဍာန် ဓားစွမ်းအင်ကြောင့် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ ကွဲသွားရမည့်ပုံပေါ်သည်။

"ဝုန်း...ဝုန်း...ဝုန်း"

နဂါးအရိပ်များက ဓားအလင်းနှင့် တိုက်မိသောအခါ အဆုံးမရှိ မီးရှူးမီးပန်းများ ဖောက်နေသကဲ့သို့ တောက်ပပြီး အလွန်လှပခဲ့လေသည်။

သို့သော်လည်း ကြောက်စရာကောင်းအောင် ဤမီးရှူးမီးပန်းတစ်ခုစီ၏ လှိုင်းလုံးများက လူတစ်ယောက်ကို ချက်ချင်းသတ်ပစ်ရန် လုံလောက်သည်။

ဤသို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ရနေသော်လည်း ကျွင်းရှောင်ယောက်ကတော့ ကျောက်တောင်ကြီးတစ်ခုကဲ့သို့ လုံးဝ မတုန်လှုပ်ပေ။

တစ်ဖက်တွင်၊ ရွယ်ယဲ့က တဖန်တုန်လှုပ်သွားပြီး ရင်ဘတ်ထဲအောင့်ကာ သွေးအန်မတတ် ဖြစ်သွားသည်။

ရွှေနဂါးချပ်ဝတ်တန်ဆာ၏ အကာအကွယ်ကြောင့်သာ မဟုတ်ပါက သူ့အခြေအနေ ပိုဆိုးသွားလိမ့်မည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

ရွယ်ယဲ့ မယုံနိုင်အောင် ဖြစ်သွားသည်။

သူသည် နဂါးနန်းတော်၏ နဂါးဘုရင်လေးဖြစ်ပြီး၊ အရှုံးကို တစ်ခါမျှ မကြုံစဖူးပေ။

သို့သော်လည်း ယခုအချိန်တွင် ကျွင်းရှောင်ယောက်၏ ထပ်ခါထပ်ခါ ဖိနှိပ်ခြင်း ခံနေရသည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက လျစ်လျူရှုထားဆဲပင်။ သူက အကြွင်းမဲ့ ခွန်ပန်အမြန်နှုန်းဖြင့် ရွယ်ယဲ့ရှေ့တွင် ပြန်ပေါ်လာကာ တိုက်ရိုက် ထိုးကြိတ်လိုက်သည်။

ရွှေရောင်ချီနှင့် သွေးများက လှိုင်းလုံးများကဲ့သို့ ကောင်းကင်ကို ရိုက်ခတ်သွား၏။

ဤသည်ကား ရှေးက သန့်ရှင်းသော ခန္ဓာ၏ ဂုဏ်၊ ရုပ်ခန္ဓာသည် တုနှိုင်းမယှဉ်နိုင်၊

ရွယ်ယဲ့က ရွှေနဂါးလှံကို အလျားလိုက်အနေအထားကိုင်ပြီး ကျွင်းရှောင်ယောက်၏ လက်သီးကို ပိတ်ဆို့လိုက်သည်။

အလွန်အလွန်မာကျောသော ရွှေနဂါးလှံသည် ကျွင်းရှောင်ယောက်၏ လက်သီးချက်ကြောင့် ကွေးသွားခဲ့၏။

လက်သီးက ရွယ်ယဲ့၏ ရင်ဘတ်ပေါ်သို့ ကျရောက်လာတော့သည်။

"ဖူး"

ရွယ်ယဲ့ဟာ ရှေးသားရဲတစ်ကောင်၏ နင်းခံရသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ရင်ဘတ်မှ အရိုးကျိုးသံတစ်ခုလည်း ထွက်ပေါ်လာသည်။

သူ့ရုပ်သွင်က အမြောက်ဆံကဲ့သို့ အဝေးကို လွင့်စဉ်သွား၏။

ကျွင်းရှောင်ယောက်က အကြွင်းမဲ့ ခွန်ပန်အမြန်နှုန်းဖြင့် တစ်ဖန် လိုက်ပါသွားကာ ရွယ်ယဲ့၏ပါးကို တအား ဖြတ်ရိုက်လိုက်တော့သည်။

"မင်းရဲ့ ပါးစပ်က ရွဲ့နေတဲ့ရောဂါ ဖြစ်နေတာလို့ ငါပြောခဲ့တယ် မဟုတ်လား။ အခုက ပျောက်ကင်းအောင် ကုသရမဲ့ အချိန်ပဲ"

"ဖြန်း"

ကျယ်လောင်သော ပါးရိုက်သံဖြင့် ရွယ်ယွဲ့၏ မျက်နှာတစ်ခြမ်း ကြေမွသွားသလို ဖြစ်သွားသည်။ သွားများက ကျိုးကာ လွင့်စဉ်သွား၏။

သူက မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျသွားရာ တွင်းနက်တစ်ခုကဲ့သို့ ဖြစ်ပေါ်လာတော့သည်။

လူတိုင်း အံ့ဩလွန်း၍ စကားမပြောနိုင်အောင် ဖြစ်သွားသည်။

ဂုဏ်သိက္ခာရှိသော နဂါးဘုရင်လေး ရွယ်ယဲ့မှာ ကျွင်းရှောင်ယောက်၏ ရက်ရက်စက်စက် ပါးရိုက်ခြင်းကို ခံလိုက်ရပေသည်။

“ဒီနဂါးဘုရင်လေးက အတုတော့ မဟုတ်လောက်ဘူး၊ မဟုတ်လား"

လူတချို့က မထိန်းနိုင်ဘဲ ခပ်တိုးတိုးပြောလိုက်ကြသည်။

ယွီယွင်ရှန့်ကတော့ သူမ၏ နှုတ်ခမ်းကို ကျောက်စိမ်းလက်ဖြင့် ဖုံးအုပ်ထားကာ မျက်လုံးများ တောက်ပလျက်ရှိ၏။

ကျွင်းလန်ရှီ၏ နှလုံးသားမှာလည်း မငြိမ်မသက်ဖြစ်ပြီး အသက်ပြင်းပြင်းရှူနေရာ သူမ၏ ရွှေရင်အစုံက နိမ့်လိုက်မြင့်လိုက် ဖြစ်နေတော့သည်။

"အစ်ကိုရှောင်ယောက်က ဘယ်လောက်တောင် သန်မာတာလဲ"

ကျွင်းလန်ရှီ လုံးဝ စိတ်ကူးမယဉ်နိုင်တော့ပေ။

ကျွင်းရှောင်ယောက် ရောက်လာပြီးနောက်၊ အလွန်ဆုံး သူတို့ကို အန္တရာယ်ကင်းကင်း ခေါ်ဆောင်သွားနိုင်လိမ့်မည်ဟုသာ သူမ တွေးခဲ့သည်။

ယခုတော့ ရှေ့တွင် ကျွင်းရှောင်ယောက် ပြောခဲ့သည့် စကားများက တကယ်ကို စကားသက်သက် မဟုတ်ပေ။

သူက သတ်ဖို့ ရောက်လာတာ။

ကျွင်းရှောင်ယောက်ကို အမြင်မကြည်သော ကျွင်းရွယ်မင်သည်ပင်လျှင် စကားမပြောနိုင်ဘဲ လည်ချောင်းထဲ ပိတ်ဆို့နေသလို ခံစားလိုက်ရသည်။

ပြောမယုံ၊ ကြုံဖူးမှသိ ဆိုသလိုပင်။

ကျွင်းရင်ဟွမ်နှင့် ကျွင်းချင်းရန်ကို ကျွင်းရှောင်ယောက်နှင့် နှိုင်းယှဉ်ခြင်းက အနည်းငယ် ရယ်စရာကောင်းကြောင်း ယခု သူနားလည်သွားပြီ။

ယင်းက တကယ့်ကို အနည်းငယ် ရယ်စရာကောင်းသည်။

All Chapters