အခန်း ၇၇၃
Vol. 52 Ch. 773
အခန်း ( ၇၇၃ ) ရွှေကျီးကန်းဒသမမင်းသား၏ အခွင့်အရေး၊ အခြား ထိုက်ယင်မြင့်မြတ်ခန္ဓာတစ်ခု၊ အခွင့်အရေးကို တစ်ယောက်ယောက်က ရသွားပြီ။
"ညီနောင်ကျွင်းက အနောက်တိုင်း မယ်တော်ဘုရင်မရဲ့ အခွင့်အရေးနဲ့ ကိုယ်ပိုင် ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ပေါင်းစပ်ပြီး ဒဏ္ဍာရီလာ မြင့်မြတ်ခန္ဓာတာပိုသန္ဓေအဖြစ် ပြောင်းလဲချင်လို့များလား"
ယွီဟွာဝမ်က မှန်းဆပြောဆိုလိုက်သည်။
သူက ကျွင်းရှောင်ယောက်ကို လေးနက်သော မျက်လုံးများနှင့် ကြည့်လိုက်၏။
ကျွင်းရှောင်ယောက်သာ ဤအကြံအစည်မျိုး အမှန်တကယ်ရှိခဲ့ပြီး အောင်မြင်ခဲ့ပါက...
ကျွင်းရှောင်ယောက်၏ စွမ်းအားများမှာ မတွေးနိုင်သော အဆင့်ထိ တိုးတက်လာမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ဤသည်မှာ တုနှိုင်းမရအောင် ထူးကဲသော မြင့်မြတ်ခန္ဓာ တာအိုသန္ဓေဖြစ်သည်။
အင်မော်တယ်နယ်မြေကြီး၏ ရှေးသမိုင်းကြောင်းကို ရှာဖွေကြည့်လျှင်ပင် ထိုကဲ့သို့သောလူကို ရှာမတွေ့ဟု ဆိုနိုင်သည်။
ကျွင်းရှောင်ယောက်က ထိုစကားကိုကြားတော့ အနည်းငယ်ပြုံးပြီး ခေါင်းယမ်းလိုက်လေသည်။
"ပြောခဲ့သလိုပဲ ငါ့ရည်ရွယ်ချက်က အနောက်တိုင်းဘုရင်မရဲ့ အခွင့်ရေးမဟုတ်ပါဘူး၊ တစ်စုံတစ်ယောက်နဲ့တွေ့ဖို့ပဲ"
ထိုသို့ပြောရင်း ကျွင်းရှောင်ယောက်၏ နက်နဲသော ထူးခြားမှုမရှိသော မျက်လုံးများတွင် ရှားရှားပါးပါး နူးညံ့မှုတစ်ခု ပေါ်လာခဲ့၏။
သူမက အနောက်တိုင်း မယ်တော်ဘုရင်ရဲ့ အမွေကို လက်လွှတ်မခံသင့်ဘူး မဟုတ်လား။
ယွီဟွာဝမ်လည်း ခဏစဉ်းစားပြီးမှ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
"ငါသဘောပေါက်ပါပြီ၊ ဒါက သန္တောစွမ်းအင် တာအိုသန္ဓေရှိတဲ့ ကျန်းမိသားစုရဲ့ နတ်သမီး ဖြစ်သင့်တယ်။ သူက တကယ့်ကို အနောက်တိုင်းက မယ်တော်ဘုရင်မရဲ့ အမွေဆက်ခံဖို့ ဖြစ်နိုင်ခြေ အရှိဆုံးပဲလေ"
တူညီသော တာအိုခန္ဓာရှိသူက အနောက်တိုင်း မယ်တော်ဘုရင်မ၏အမွေကို ခံစားနိုင်ကြမည် ဖြစ်သည်။
ဥပမာအားဖြင့် ကျွင်းရှောင်ယောက်ကဲ့သို့ပင်၊ သူဟာ အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးခြင်း ရှေးဟောင်းနန်းတော်ကို ရှာဖွေတွေ့ရှိခဲ့သည်။ နောက်ဆုံးမှာတော့ ဧကရာဇ်ဝိညာဉ်လက်နက်၊ သွေးအနှစ်သာရ၊ ကျင့်ကြံခြင်းအတွေ့အကြုံ စသည်တို့ကို ရရှိခဲ့ပေသည်။
ကျန်းစန်းယီမှာလည်း ထိုကဲ့သို့ ဖြစ်သည်။ သန္တောစွမ်းအင် တာအိုသန္ဓေရှိသူအနေဖြင့် သူမက အနောက်တိုင်း မယ်တော်ဘုရင်မ၏ အမွေကိုရရှိရန် အခွင့်အလမ်း အများဆုံးရှိသူ ဖြစ်ချေသည်။
တစ်ဖက်တွင်၊ ယွီယွင်ရှန့်၏ မျက်နှာက အနည်းငယ် မှုန်ကုပ်ကုပ် ဖြစ်နေသည်။
သဘာဝအတိုင်း၊ သူမက ကျွင်းရှောင်ယောက်နှင့် ကျန်းစန်းယီတို့၏ ဇာတ်လမ်းတချို့ကို ကြားခဲ့ဖူးပေသည်။
ဤလူနှစ်ယောက်က လိုက်ဖက်သည့်အသွင်အပြင်နှင့် နတ်ဖက်သည့် စုံတွဲပင်။
ယွီယွင်ရှန့်၏ အဆင့်အတန်းက ကျန်းစန်းယီနှင့်ယှဉ်လျှင် မနိမ့်ပါးသော်လည်း သူမတွင် အားသာချက်များ မရှိပါ။
ထို့ပြင်ကျွင်းရှောင်ယောက်၏ ပြောပုံဆိုပုံအရ ကျန်းစန်းယီအပေါ် သူ၏သဘောထားက အခြား မိန်းကလေးများနှင့် မတူသည်မှာ သိသာထင်ရှားသည်။
ကျွင်းရှောင်ယောက်၏ မတူခြားနားစွာ ဆက်ဆံခံရနိုင်စေရန် မည်သို့သော မိန်းမဖြစ်မည်ကို ယွီယွင်ရှန့် အမှန်တကယ် မတွေးတတ်ခဲ့ပေ။
'အို၊ ဘာပဲဖြစ်ဖြစ် ကျွင်းသခင်လေးလို ထူးချွန်တဲ့သူတစ်ယောက်ရဲ့ မယားကြီးမဖြစ်ရင်တောင် ဒုတိယဇနီးဖြစ်ရရင် ကျေနပ်ပြီ'
ယွီယွင်ရှန့်က စိတ်ထဲမှ လျှောက်တွေးလိုက်သည်။
ကျွင်းရှောင်ယောက်က လေထုကို ဆုပ်ဖြဲပြီး တိုက်ရိုက် ထွက်သွား၏။
ယွီဟွာဝမ်၊ ယွီယွင်ရှန့်နှင့် အခြားသူများလည်း လိုက်ပါသွားတော့သည်။
"ဒါက အနောက်တိုင်းမယ်တော်ဘုရင်မရဲ့ အမွေပဲ။ ငါတို့က အသားမစားနိုင်ရင်တောင် ဟင်းရည်နည်းနည်းသောက်နိုင်ရုံနဲ့ အဆုံးမဲ့ အကျိုးကျေးဇူးကို ခံစားရလိမ့်မယ်"
ကျန်ပါရမီရှင်များကလည်း သူတို့၏နှလုံးသားများမှ ပူလောင်မှုကို မထိန်းနိုင်ဘဲ ဝိုင်းအုံကာ နောက်မှ လိုက်သွားခဲ့ကြသည်။
အနောက်တိုင်း မယ်တော်ဘုရင်မ၏ အမွေ ထွက်ပေါ်လာခြင်းက ဧကရာဇ်သင်္ချိုင်းကြယ်စက်ဝိုင်းရှိ လူအများ၏ အာရုံစိုက်မှုကို ခံရနေပြီဟု ဆိုနိုင်ပေသည်။
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်တွင်...
ဟင်းလင်းပြင် အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။
ပုံရိပ်တစ်ခုက ထွက်ပေါ်လာသော်လည်း မထိန်းနိုင်ဘဲ မြေပေါ်ကို ပြုတ်ကျသွား၏။
ယင်းက အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့သော ရွှေကျီးကန်း ဒသမမင်းသား ဖြစ်တော့သည်။
သူ့တစ်ကိုယ်လုံး ဒဏ်ရာဗရပွဖြစ်ပြီး ရွှေကျီးကန်း အတောင်တစ်ဝက်လောက်လည်း ပြုတ်ထွက်သွားသည်။ သူ့အသွင်က အလွန် ဆိုးဆိုးရွားရွား ဖြစ်နေခဲ့လေသည်။
တစ်ယောက်ယောက်သာ ဤနေရာတွင်ရှိပါက၊ သူ့ရှေ့မှ အဖြစ်ဆိုးနေသူမှာ ရှေးဟောင်းလမ်းမှ နာမည်ကျော် ရွှေကျီးကန်း ဒသမင်းသားဖြစ်ကြောင်း သေချာပေါက် အသိအမှတ်ပြုမှာ မဟုတ်ပေ။
ယခင်က နေနတ်ဘုရားတောင်၏ ရွှေကျီးကန်း ထိပ်တန်းမင်းသားဆယ်ပါးမှာ အလွန်တက်ကြွပြီး မာနကြီးကာ လွှမ်းမိုးချုပ်ကိုင်ကြသည်။ ရှေးဟောင်းလမ်တစ်လျှောက် ဖြတ်လျှောက်ခဲ့သော်လည်း သူတို့ကို မည်သူမျှ မနှိုးဆော်ဝံ့ပေ။
ယခုမူကား...
ထိပ်တန်းမင်းသားဆယ်ပါးတွင် ကိုးဦး ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
အသန်မာဆုံး ရွှေကျီးကန်းဒသမမင်းသားမှာလည်း အသက်လု၍ ထွက်ပြေးခဲ့ရပြီး ကျွင်းရှောင်ယောက်၏ ပြိုင်ဘက်မဟုတ်ပေ။
ထို့ကြောင့် ရွှေကျီးကန်း ဒသမမင်းသား၏ နှလုံးသားက မုန်းတီးမှုတို့ ပြည့်နှက်နေခဲ့သည်။
ကျွင်းရှောင်ယောက်အပေါ် သူ၏ အမုန်းတရားက ကမ္ဘာပေါ်ရှိ ရေအားလုံးနှင့် ဆေးကြော၍ပင် မရပေ။
ရွှေကျီးကန်း ဒသမမင်းသားလည်း ဒေါသတကြီးဖြင့် ကောင်းကင်ကိုမော့၍ အော်ဟစ်လိုက်မိသည်။
သူ ဒေါသပေါက်ကွဲနေချိန်တွင်...
ရုတ်တရက်၊ သူ့၏ သိုလှောင်ခြင်း မှော်ရတနာအတွင်းမှ ဆယ်သွယ်ရေးကျောက်က လင်းလက်လာခဲ့သည်။
နေနတ်ဘုရားတောင်၏ အကြီးအကဲများက သတင်း ပေးပို့လာခြင်း ဖြစ်ချေသည်။
နေနတ်ဘုရားတောင်က အကြောင်းရာတချို့ကို သိထားပြီး ဖြစ်သည်။
"ဒါဆိုရင် ခင်ဗျားတို့ ဘာဖြစ်လို့ မလှုပ်ရှားတာလဲ။ ကျုပ်ရဲ့ ညီအစ်ကိုတွေ သေသွားတာကို ဒီအတိုင်းပဲ ကြည့်နေကြတာလား"
ရွှေကျီးကန်း ဒသမမင်းသား အံကို တင်းတင်းကြိတ်လိုက်သည်။
"အရှင်မင်းသား၊ ငါတို့ နေနတ်ဘုရားတောင် ဆိုရင်တောင်မှ အဆုံးစွန်ရှေးဟောင်းလမ်းရဲ့ကိစ္စမှာ ဝင်စွက်ဖက်ဖို့ ခက်ခဲပါတယ်"
"မဟုတ်လို့၊ ငါတို့ ဝင်စွက်ဖက်ရင် ကျွင်းမိသားစုက နှာစေးနေမှာလား"
အဆုံးစွန် ရှေးဟောင်းလမ်းကို လျှောက်လှမ်းကတည်းက သေဆုံးခြင်းနှင့် ရှင်သန်ခြင်းမှာ မိမိအပေါ်တွင် မူတည်သည်။
သူတို့နောက်ကွယ်မှ အင်အားစုများက အဟန့်အတားအဖြစ် လုပ်ဆောင်နိုင်သော်လည်း အပြည့်အဝ မဟုတ်ပေ။
အဆုံးစွန်ရှေးဟောင်းလမ်းတွင် အင်မော်တယ်အင်အားစုများပင်လျှင် ဝင်ရောက်စွက်ဖက်ရန် ခက်ခဲသည်။
ထို့ပြင် ရှေးဟောင်းလမ်း၏ တရားစီရင်သူများက မျက်စိကန်းနေသူများ မဟုတ်ပေ။
"ဒါဆိုရင်... ဒီမင်းသားက ဒီသွေးဆုံးရှုံးမှုကို ခံစားပြီး လူတိုင်းကို ရယ်မောစေရတော့မှာလား"
ရွှေကျီးကန်း ဒသမမင်းသား အလွန်အမင်း မကျေမနပ်ဖြစ်ပြီး သူ့တကိုယ်လုံး တုန်ခါသွားခဲ့သည်။
"အရှင်မင်းသား၊ ငါမင်းကို ပြောစရာ သတင်းတစ်ခုရှိတယ်။ ဒါက ထိုက်ယင်မြင့်မြတ်ခန္ဓာအကြောင်းပဲ..."
ထိုစကားများထွက်လာသည်နှင့် တပြိုင်နက်၊ ရွှေကျီးကန်း ဒသမမင်းသား၏ အမူအရာက အေးခဲသွားခဲ့သည်။ ထို့နောက်တွင် သူ၏မျက်လုံးများမှ အလွန်တောက်လောင်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့၏။
"မင်း၊ ယွိချန်ကျွမ့်ကို ဖမ်းမိသွားပြီလား"
ရွှေကျီးကန်း ဒသမမင်းသား စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
ယွိချွမ်ကျွမ့်ကို ဖမ်းပြီး သူမနှင့် တူနှစ်ကိုယ် လေ့ကျင့်ခဲ့မည်ဆိုလျှင် ရွှေကျီးကန်း ဒသမမင်းသားက ဖရိုဖရဲခန္ဓာကို လေ့ကျင့်နိုင်မည်ဟု ယုံကြည်သည်။
ထိုအချိန်တွင် ကျွင်းရှောင်ယောက်၏မျက်နှာ မည်သို့ဖြစ်မည်နည်း။
"မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါတို့ နောက်ထပ် ထိုက်ယင်မြင့်မြတ်ခန္ဓာတစ်ခုကို ရှာတွေ့ခဲ့တယ်"
ရွှေကျီးကန်းအကြီးအကဲက ခဏတုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်၏။
"နောက်ထပ် ထိုက်ယင်မြင့်မြတ်ခန္ဓာလား"
ရွှေကျီးကန်း ဒသမမင်းသား အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ရွှေကျီးကန်း အကြီးအကဲက တစ်ယောက်ဟူသော စကားလုံးအစား တစ်ခုကို အသုံးပြုခဲ့သည်။
ပုံမှန်အားဖြင့် သက်ရှိတစ်ဦးကို ကိရိယာတစ်ခုကဲ့သို့ မဖော်ပြသင့်ပေ။
"ဟင်း၊ အရှင်မင်းသား... မင်းအရင်ပြန်လာသင့်တယ်။ ဒီကိစ္စက မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာ"
ရွှေကျီးကန်း အကြီးအကဲက တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။
ရွှေကျီးကန်း မင်းသားဆယ်ပါးတွင် ကိုးဦးကို ဆုံးရှုံးခဲ့ရ၏။
ဤတစ်ကြိမ်တွင် နေနတ်ဘုရားတောင်က တကယ်ကို နာကျင်ခဲ့ရသည်။
ကံကောင်းထောက်မ၍၊ ကံဆိုးမိုးမှောင်ကျမှုများကြားမှ အနည်းဆုံးတော့ ရွှေကျီးကန်း ဒသမမင်းသား အသက်ရှင်နေသေးသည်။
ရွှေကျီးကန်း ဒသမမင်းသားလည်း ရွှေကျီးကန်းအကြီးအကဲ၏ စကားတွင် တစ်စုံတစ်ခုရှိနေသည်ကို ယောင်ဝါးဝါးခံစားမိခဲ့သည်။
သို့သော်လည်း ဦးစွာပြန်သွားပြီး ထိုက်ယင်မြင့်မြတ်ခန္ဓာ၏ အခြေအနေကို စစ်ဆေးရန် ဆုံးဖြတ်ခဲ့သေးသည်။
"ဖရိုဖရဲမြင့်မြတ်ခန္ဓာကို လေ့ကျင့်ဖို့ အခွင့်အရေးရှိနေသ၍ ငါ အလွတ်မပေးဘူး။ ကျွင်းရှောင်ယောက်... မင်း ငါ့ကိုစောင့်နေပါ"
ရွှေကျီးကန်း ဒသမမင်းသားက စိတ်နှလုံးထဲမှ ကျိန်ဆိုလိုက်သည်။ ထို့နောက်မှာတော့ လေထုကိုဖြတ်သန်းကာ ပြေးထွက်သွားတော့သည်။
...........
ဧကရာဇ်သင်္ချိုင်းကြယ်စက်ဝိုင်း၏ အခြားတိုက်ကြီးတစ်ခုပေါ်တွင်...
မူလက ဤသည်မှာ လူဆိတ်ညံသော ရှေးဟောင်းမြေတစ်ခုဖြစ်သော်လည်း၊ ယခုအခါ တောက်ပသော အလင်းမျိုးစုံတို့ဖြင့် ပွင့်လန်းလျက်ရှိသည်။
ရှေးခေတ်က အိပ်မက်တစ်ခုကဲ့သို့ နတ်အလင်းမျိုးစုံ ထွန်းတောက်ကာ ထူးဆန်းသော သစ်ပင်များနှင့် ပန်းမန်များ ပွင့်လန်းလာခဲ့၏။
ဤနေရာမှ လှုပ်ရှားမှုများက အရပ်ရပ်၏ အာရုံကို ဆွဲဆောင်ခဲ့ပေသည်။
ဤအခိုက်တွင်၊ ဤရှေးဟောင်းနယ်မြေ၌ ရုပ်ပုံနှစ်ခု ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ပိုးတောင်ကြားမှ ပိုးမင်းသမီးနှင့် ကောင်းကင်နတ်ဆိုး ရှေးနန်းတော်မှ ယောင်ယွဲ့ခုန်းတို့ ဖြစ်ချေသည်။
ပိုးမင်းသမီးကို အရောင်ကိုးရောင် တိမ်တိုက်များက ဝန်းရံထားပြီး အလွန်လှပသည်။
သူ့ဘေးမှ ယောင်ယွဲ့ခုန်းကလည်း နတ်ဆိုးအငွေ့အသက်များနှင့် အံ့ဖွယ်ဖြစ်နေခဲ့၏။
သို့သော်လည်း ဤအခိုက်တွင် ပိုးမင်းသမီး၏ မျက်နှာအမူအရာက အလွန်ကြည့်ကောင်းလှသည် မဟုတ်ပေ။
"ငါတို့ အပြင်မှာ ပိတ်ဆို့ပြီး ဝင်ရောက်ဖို့ နည်းလမ်း ရှာမတွေ့ခဲ့တာ အံ့သြစရာ မဟုတ်တော့ပါဘူး။ တစ်ယောက်ယောက်က အရင်ဝင်ပြီးသွားပြီ"
ပိုးမင်းသမီးက မကြည်မသာဖြစ်နေသောလေသံဖြင့် ပြောလိုက်သည်။
"တစ်စုံတစ်ယောက်က အရင် ဝင်ရောက်ခဲ့တာလား။ အထဲကိုဝင်ဖို့ နေနေသာသာ လူတိုင်းက ဒီ ယောက်ချီမြင့်မြတ်မြေကို အလွယ်တကူ ရှာတွေ့နိုင်တာ မဟုတ်ဘူး"
ယောင်ယွဲ့ခုန်းလည်း မျက်မှောင်ကြုတ်လိုက်မိ၏။
သူသည် ပိုးမင်းသမီးကို ကူညီရန် ဤနေရာကို လာခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ပိုးမင်းသမီးက အဆုံးတွင် ဘာမျှမရခဲ့သည်ရှိသော်၊ သူက အရည်အချင်းမပြည့်မီသော ပုံပေါ်နေမည် မဟုတ်လော။
"အနောက်တိုင်းရဲ့ မယ်တော်ဘုရင်မက သန္တောစွမ်းအင် တာအိုသန္ဓေပဲ။ ဒါက အဲဒီသူများ ဖြစ်နိုင်မလား"
ပိုးမင်းသမီးက တစ်စုံတစ်ယောက်ကို တွေးကြည့်လိုက်မိ၏။
အဆုံးစွန်ရှေးဟောင်းလမ်းတွင် သူမကဲ့သို့ ကျော်ကြားပြီး မရေမတွက်နိုင်သော လူများက နတ်ဘုရားမအဖြစ် မှတ်ယူထားကြရသူ...
ကျန်းမိသားစု၏ နတ်ဘုရားမ၊ ကျန်းစန်းယီပင် ဖြစ်လိမ့်မည်။