အခန်း ၇၇၇
Vol. 52 Ch. 777
အခန်း ( ၇၇၇ ) ပိုးမင်းသမီး ရောက်လာခြင်း၊ ယောက်ချီအတားအဆီးကမ္ပည်း၊ ဓားပြများ ပေါ်လာသည်။
ယွီချင်းနင်၏ စကားကြောင့် ကျန်းစန်းယီ၏ မျက်နှာကလေးမှာ အနည်းငယ် နီရဲသွားသည်။
တစ်ချိန်တည်းမှာပင် လှပသောမျက်လုံးများမှာလည်း ဂုဏ်ယူမှုတို့ ပေါ်လာခဲ့၏။
ဤသည်မှာ သူမချစ်ရသူဖြစ်ပြီး အရှိန်အဝါကြီးသော အမျိုးသားဖြစ်သည်။
သူ၏ နာမည်တစ်ခုတည်းဖြင့် ပါရမီရှင်အားလုံးကို ကြောက်လန့်စေကာ ကမူးရှူးထိုး မလုပ်ဝံ့ကြတော့ပေ။
ဤဟန့်တားနိုင်စွမ်းမျိုးနှင့် သြဇာအာဏာက အင်မော်တယ်ခုံရုံး၏ သားမြေးများအပြင် ၎င်းကိုမပိုင်ဆိုင်ပါ။
ကျွင်းရှောင်ယောက်ဟူသော အမည်က အမြင့်ဆုံး တည်ရှိမှုကို ကိုယ်စားပြုသည်ဟုသာ ဆိုနိုင်သည်။
သူ့ကို စော်ကားရန်မလွယ်ပေ။
ကျန်းစန်းယီလည်း အလွန် ဂုဏ်ယူခဲ့မိသည်။
သို့သော်လည်း ဤအခွင့်အရေးက ဆွဲဆောင်မှုအားကြီးလွန်းမှန်း သူမ သိပေသည်။
ကျောက်စိမ်းရေကန်နှင့် ကပ်ဘေးဖြတ်ကျော်ခြင်း အင်မော်တယ်ကြာပန်းက အဓိပဓိများကိုပင် မနာလိုစေနိုင်သည်။
ကံကောင်းထောက်မစွာဖြင့်၊ ယောက်ချီ အင်မော်တယ်ကျမ်းနှင့် ဝင်ပေါက်ကိုးခု ကျောက်သန္ဓေကို ကျန်းစန်းယီက သိမ်းဆည်းထားခဲ့ပြီး ဖြစ်သည်။
မဟုတ်ပါက၊ ကျွင်းရှောင်ယောက်၏ ဟန့်တားနိုင်စွမ်းနှင့်ပင် ဤပါရမီရှင်များ၏ နှလုံးသားထဲမှ လောဘကို ထိန်းထားနိုင်မှာ မဟုတ်ပေ။
ထို့အပြင် ဤငြိမ်သက်မှုက ကြာရှည်ခံမည်မဟုတ်ကြောင်း သူမ နားလည်ခဲ့သည်။
ထို့ကြောင့် တတ်နိုင်သမျှ မြန်မြန် စုပ်ယူသန့်စင်ရန်သာ ကြိုးစားနိုင်တော့သည်။
ကျန်းစန်းယီက လေ့ကျင့်မှုကို အာရုံစိုက်ရန် ဟန်ပြင်လိုက်ချိန်တွင်...
ရုတ်တရက် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"သေချာတာပေါ့၊ ဒီမင်းသမီး အထင်မမှားဘူး။ ကျန်းစန်းယီ... တကယ်ကို နင်ပဲ"
စကားသံအဆုံးတွင် အဝေးမှ ပုံရိပ်နှစ်ခု ပျံသန်းလာခဲ့၏။
ပိုးမင်းသမီးနှင့် ယောင်ယွဲ့ခုန်းတို့ ဖြစ်တော့သည်။
"ဒါက ကောင်းကင်ပိုးတောင်ကြားရဲ့ ပိုးမင်းသမီးပဲ။ သူက အသွင်ကူးပြောင်းမှု ကိုးခုကို ကြုံတွေ့ခဲ့ရပြီမို့ စိတ်မကူးနိုင်အောင် သန်မာတယ်"
"နောက်ပြီး ကောင်းကင်နတ်ဆိုး ရှေးဟောင်းနန်းတော်က ယောင်ယွဲ့ခုန်းလည်း ရှိသေးတယ်။ သူက နတ်ဆိုးဧကရာဇ်ရဲ့ အင်မော်တယ်ကျမ်းကို လေ့ကျင့်ထားတယ်လို့ ကောလဟာလတွေ ရှိတယ်"
ထိုလူနှစ်ယောက်ကိုမြင်တော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။
ဤလူနှစ်ယောက်က အဆုံးစွန်ရှေးဟောင်းလမ်းတွင် နာမည်ဂုဏ်သတင်း ထင်ရှားကျော်ကြားသူများ ဖြစ်ကြသည်။
အထူးသဖြင့် ပိုးမင်းသမီး၊ သူမက အမျိုးသမီးတစ်ဦးသာ ဖြစ်သော်လည်း၊ သူမ၏ ခွန်အားက ထိပ်သီး အမျိုးသားများ တားမြစ်ပါရမီရှင်တချို့ထက်ပင် ကြောက်စရာကောင်းသေးသည်။
ဤသူတို့နှစ်ဦး၏ တည်ရှိမှုက ပါရမီရှင်များစွာကို တုန်လှုပ်သွားစေကာ အကူအညီမဲ့စွာဖြင့် ပြုံးသွားစေခဲ့သည်။
မူလက ဤဝံပုလွေအုပ်စုမှာ ကြီးမားသော အဆီတစ်တုံးကို မျှဝေချင်ခဲ့သည်။
ယခုတော့ ကျားများ ရောက်လာပြီဖြစ်ရာ ဝံပုလွေအုပ်စုက စားကြွင်းစားကျန်များကိုသာ စားရပေတော့မည်။
မတတ်နိုင်ပေ၊ အဆုံးစွန် ရှေးဟောင်းလမ်းတွင် ခွန်အားက အရာရာ ဖြစ်သည်။
ပိုးမင်းသမီးနှင့် ယောင်ယွဲ့ခုန်းကို မြင်လိုက်ရတော့ ကျန်းစန်းယီ၏ မျက်လုံးများမှာလည်း လေးနက်မှုတို့ ပေါ်လာခဲ့လေသည်။
အခြားသူများက ကျွင်းရှောင်ယောက်ကို ကြောက်ကြသော်လည်း ပိုးမင်းသမီးနှင့် ယောင်ယွဲ့ခုန်းက အတိအကျ မပြောနိုင်ပါ။
သူတို့ကို ထိပ်တန်း ရှေးဟောင်းတော်ဝင်မိသားစု ကောင်းကင်ပိုးတောင်ကြားနှင့် ကောင်းကင်နတ်ဆိုး ရှေးနန်းတော်က ကျောထောက်နောက်ခံ ပြုထားသည်။
ကျွင်းရှောင်ယောက်၏ နာမည်သက်သက်နှင့် သူတို့ကို ခြိမ်းခြောက်ရန် မလုံလောက်ပေ။
ယောင်ယွဲ့ခုန်းလည်း ကျန်းစန်းယီကိုကြည့်ရင်း အံ့အားသင့်မှုတို့ ပေါ်လာခဲ့သည်။
အမှန်အတိုင်းပြောရလျှင် သူ့အနားရှိ ပိုးမင်းသမီးက ရှားပါးအလှကလေး ဖြစ်နေပြီ ဖြစ်သည်။ မဟုတ်ပါက ကိရိယာတစ်ခုနှင့် ခွေးတစ်ကောင်ကဲ့သို့ သူ ကပ်တွယ်နေမည် မဟုတ်ပေ။
သို့သော်လည်း ကျန်းစန်းယီမှာ အလွန်လှပသည့်အပြင် နွေဦးမှ နှင်းကြာပန်းကဲ့သို့ အနေအထားမျိုး ရှိသည်။
အကယ်၍ ထိုသို့သော မိန်းမမျိုးကိုသာ အောင်နိုင်ခဲ့ပါက အမျိုးသားတစ်ဦးအတွက် အလွန် ကျေနပ်စရာ ဖြစ်လိမ့်မည်။
ထိုသို့တွေးမိသောအခါ ယောင်ယွဲ့ခုန်း၏စိတ်ထဲတွင် ကျွင်းရှောင်ယောက်ကို မနာလိုသွားမိသည်။
ကျွင်းရှောင်ယောက်၏ အမျိုးသမီးများနှင့် ကံကြမ္မာက ကောင်းလွန်းလှပေသည်။
နတ်ဘုရားမများနှင့် နတ်သမီးများစွာက သူနှင့်အဆင်ပြေသည်။
ယောင်ယွဲ့ခုန်းမှာတော့ ပိုးမင်းသမီးတစ်ဦးကိုပင် ခွေးတစ်ကောင်ကဲ့သို့ နှိမ့်ချပြီး မနည်းလိုက်နေခဲ့ရသည်။
ယောင်ယွဲ့ခုန်းလည်း သူ့စိတ်ကို အနည်းငယ်ပြန်ထိန်းပြီးနောက် လှောင်ပြောင်ပြောဆိုလိုက်သည်။
"ကျောက်စိမ်းရေကန်မှာ နှစ်ခြင်းခံရပြီး ကပ်ဘေးဖြတ်ကျော်ခြင်း အင်မော်တယ်ကြာပန်းကိုရတယ်။ ဒီအခွင့်အရေးက အရမ်းကောင်းတာပဲ"
ကောင်းကင်နတ်ဆိုး ရှေးနန်းတော်၏ နောက်ခံမျိုးဖြင့် ယောင်ယွဲ့ခုန်းတွင် ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်ပြီးသည်အထိ အခွင့်အလမ်းများ ပြတ်တောက်မှု မရှိခဲ့ပေ။
သို့သော်လည်း သူ့ရှေ့မှ အခွင့်အလမ်းကို မြင်ရသောအခါ အနည်းငယ် မနာလိုဖြစ်နေဆဲ ဖြစ်သည်။
ပိုးမင်းသမီးက ခေါင်းကို ညင်သာစွာခါယမ်းကာ ပြောလိုက်သည်။
"မကသေးဘူး..."
"ဟမ်"
ယောင်ယွဲ့ခုန်း အနည်းငယ် သံသယဖြစ်သွား၏။
ပိုးမင်းသမီးက ကျန်းစန်းယီကို စိုက်ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ကျန်းစန်းယီ၊ သန္တောစွမ်းအင် တာအိုသန္ဓေအနေနဲ့ နင်ဟာ ဒီနေရာရဲ့ အမွေအားလုံးကို ရရှိနိုင်လိမ့်မယ်။ ပိုပြီး တန်ဖိုးကြီးတဲ့ အရာတွေကိုတောင် ရယူနိုင်တယ်"
ပိုးမင်းသမီး၏ စကားများက ပါရမီရှင်များကို အသက်ရှူမြန်လာစေခဲ့သည်။ သူတို့ မျက်လုံးများက ဝင်းလက်လာပြီး ကျန်းစန်းယီဘက်ကို လှည့်သွားကြ၏။
ပိုးမင်းသမီးက အလွန်လိမ္မာပါးနပ်သည်ဟု ဆိုရမည်။
ကျန်းစန်းယီ၏ ရိတ်သိမ်းမှုက အပေါ်ယံ ကျောက်စိမ်းရေကန်နှင့် ကပ်ဘေးဖြတ်ကျော်ခြင်း အင်မော်တယ်ကြာပန်းမျှသာမဟုတ်ကြောင်း သူ ခန့်မှန်းမိ၏။
ကျန်းစန်းယီ မျက်မှောင်ကြုတ်ရင်း သူမ၏ မျက်လုံးများကလည်း အနည်းငယ် အေးစက်သွားခဲ့သည်။
ပိုးမင်းသမီးက သူမကို အလင်းရောင်ထိုးကာ လူတိုင်း၏ ပစ်မှတ်စေလိုကြောင်း ထင်ရှားသည်။
အခြားအရာများ ဘေးဖယ်ထားလျှင်ပင် ပြီးပြည့်စုံသော အင်မော်တယ်ကျမ်း၏ တန်ဖိုးက ဖော်ပြ၍မရနိုင်ပါ။
အင်မော်တယ်ကျမ်းက အင်မော်တယ်အင်အားစုတချို့ပင်လျှင် မပိုင်ဆိုင်နိုင်ကြပေ။
ကံကောင်းထောက်မစွာဖြင့်၊ ပိုးမင်းသမီးက ဝင်ပေါက်ကိုးခု ကျောက်သန္ဓေအကြောင်း မသိခဲ့ပါ။ မဟုတ်ပါက လူတိုင်း ရူးသွပ်သွားနိုင်သည်။
"အဲဒီတော့ နင်ဘာလုပ်မှာလဲ၊ တိုက်ခိုက်ချင်လို့လား"
ကျန်းစန်းယီက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
ဤအချိန်မျိုးတွင် ဘာမှ ဖုံးကွယ်ထားစရာ မလိုတော့ပါ။
"ဒီမင်းသမီးက နင့်မှာ ရှေးဟောင်းမင်းမျိုးနွယ် ကျန်းမိသားစု ကျောထောက်နောက်ခံရှိမှန်း သိတယ်၊ ကျွင်းရှောင်ယောက်က မင်းကို ထောက်ပံ့နေမှန်းလည်း သိပါတယ်။ ဒါပေမဲ့ နင်တစ်ယောက်တည်း ဒီအခွင့်အရေးကို မယူနိုင်မှန်း သိထားရမယ်"
ပိုးမင်းသမီး၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။
ရင်သပ်ရှုမောဖွယ် အလှလေးနှစ်ယောက် ထိပ်တိုက်ရင်ဆိုင်နေသည်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။
လေထုက အေးခဲနေချိန်တွင်...
တစ်စုံတစ်ယောက်က နောက်ဆုံးတွင် မနေနိုင်တော့ဘဲ လှုပ်ရှားလိုက်သည်။
ကပ်ဘေးဖြတ်ကျော်ခြင်း အင်မော်တယ်ကြာပန်းနှင့် ယောက်ချီအင်မော်တယ်ကျမ်းကို သူ မလိုချင်ပါ။
ကျောက်စိမ်းရေကန်အတွင်းသို့ဝင်ပြီး လေ့ကျင့်နိုင်သရွေ့ ယင်းက အခွင့်ကောင်းတစ်ခု ဖြစ်သည်။
ထိုပါရမီရှင်က နတ်ဘုရားစွမ်းအင်များ ထုတ်ဖော်လိုက်ရာ ရောင်ခြည်အလင်းများ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း ကျန်းစန်းယီပေါ်သို့ အလင်းတန်းများ ကျရောက်ခါနီးတွင်...
ကျောက်စိမ်းရေကန်တစ်ခုလုံးမှ အတားအဆီးတစ်ခု ရုတ်တရက် တက်လာခဲ့သည်။
စွမ်းအင်ရောင်ခြည် တိုက်ခိုက်မှုက ကမ္ပည်းအတားအဆီးကို အနည်းငယ်မျှ မကိုင်လှုပ်နိုင်ဘဲ ပြန့်ကျဲသွားတော့သည်။
"ကောင်းလိုက်တာ၊ ဒီအတားအဆီးက မင်း စိတ်အေးအေးထားပြီး လေ့ကျင့်နိုင်အောင် ကာကွယ်ပေးထားတယ်"
ကျန်းစန်းယီ၏ စိတ်ထဲတွင် ယွီချင်းနင်၏ ရွှင်လန်းနေသောအသံ ထွက်ပေါ်လာခဲ့သည်။
ဤနည်းအားဖြင့် ကျန်းစန်းယီက လုံလုံခြုံခြုံ နှစ်ခြင်းခံရကာ ကပ်ဘေးဖြတ်ကျော်ခြင်း အင်မော်တယ်ကြာပန်းကို သန့်စင်နိုင်လိမ့်မည်။
ကျန်းစန်းယီ၏ အင်အားများ တိုးတက်လာပြီးနောက် အန္တရာယ်ကင်းကင်း ပြန်လည်ဆုတ်ခွာနိုင်မည် ဖြစ်သည်။
ဤမြင်ကွင်းကိုမြင်တော့ ပိုးမင်းသမီး၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
သူမက ကျောက်စိမ်းလက်ကိုမြှောက်ကာ ကိုးရောင်နတ်အလင်းကို ထုတ်ဖော်လိုက်၏။
သို့သော်…
ကိုးရောင်နတ်အလင်းက ကမ္ပည်းအတားအဆီးကို တိုက်မိသောအခါ လှိုင်းတွန့်ကလေးများသာ ဖြစ်လာစေခဲ့ပေသည်။
"ဒါက ဘယ်လိုဖြစ်တာလဲ"
ပိုးမင်းသမီး လက်သီးဆုပ်လိုက်သည်။
သူသည် အခြေအနေမျိုးမျိုးကို တွက်ချက်ခဲ့သော်လည်း ဤအချက်ကိုတော့ မတွက်မိခဲ့ပေ။
ယောင်ယွဲ့ခုန်း လှုပ်ရှားလိုက်သော်လည်း တူညီသော ရလဒ်တစ်ခုသာ ဖြစ်ခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ၊ ငါတို့ စမ်းကြည့်ကြမလား"
အရပ်ရပ်မှ အခြားပါရမီရှင်များလည်း တိုက်ခိုက်လိုက်ကြသည်။
ကျောက်စိမ်းရေကန်အစွန်းမှ ကမ္ပည်းအတားအဆီးပေါ်ကို မိုးရေစက်များကဲ့သို့ တိုက်ခိုက်မှုများ ကျရောက်လာခဲ့၏။
သို့သော်လည်း တိုက်ခိုက်မှုအားလုံးက လှိုင်းဂယက်များကိုသာ ဖြစ်စေနိုင်ကာ ချိုးဖျက်ရန် မဖြစ်နိုင်ခဲ့ပေ။
ထို့အတွက် အပြင်ဘက်မှ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ယင်းမှာ ရွှေတောင်ကြီးကို မြင်နေရသော်လည်း မသယ်ပိုးနိုင်သော ဆင်းရဲသားတစ်ဦး၏ ခံစားချက်မျိုး ဖြစ်သည်။
ပိုးမင်းသမီးလည်း ပို၍ပင် မျက်နှာအမူအရာ အုံ့မှိုင်းလာတော့သည်။
ထူးချွန်သောအမျိုးသမီးများကြားတွင် ဆက်ဆံရေးနှစ်မျိုးသာ ရှိသည်။ တစ်ခု အပြန်အလှန်လေးစားမှုဖြစ်ပြီး အခြားတစ်ခုကတော့ အပြန်အလှန်နှိုင်းယှဉ်ခြင်းနှင့် ရန်လိုခြင်းပင်။
ယခုအခြေအနေတွင် ပိုးမင်းသမီးက ကျန်းစန်းယီ၏ ကောင်းခြင်းများကို မမြင်လိုသည်မှာ ထင်ရှားသည်။
'သူသာ ဒီအခွင့်အလမ်းကို အမှန်တကယ် ချေဖျက်လိုက်ရင် သူ့ရဲ့ တာအိုသန္ဓေနဲ့ ငါ့ထက် သာလွန်သွားလိမ့်မယ်။ ဒီမင်းသမီးက ခွင့်မပြုနိုင်ဘူး'
ပိုးမင်းသမီးက လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
သို့သော်လည်း ဤအခိုက်တွင် အတားအဆီးက ကျုံးကြီးတစ်ခုကဲ့သို့ ကျန်းစန်းယီနှင့် ပြင်ပကမ္ဘာကို ပိုင်းခြားထားခဲ့သည်။
ကျန်းစန်းယီက သူ့ဘာသာသူ ထွက်မလာသရွေ့ ဘာမျှလုပ်၍မရပေ။
သို့ရာတွင်၊ သူက ထွက်လာပါ့မလား။
ပိုးမင်းသမီး စိုးရိမ်ပူပန်နေချိန်တွင်....
ရုတ်တရက်၊ လေဟာပြင်က ဆုပ်ပြဲသွားပြီး ပုံရိပ်သုံးခု တဖြည်းဖြည်း ထွက်လာခဲ့သည်။
ပထမတစ်ယောက်က သူ့မျက်နှာမှာ ဝံပုလွေပုံသဏ္ဍာန် မျက်နှာဖုံးစွပ်ထား၏။
သူက အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ကျန်းစန်းယီ၊ မင်းကို ဒီလိုအခွင့်အရေးမျိုး ရလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ ဒါပေမဲ့... ငါ့မှာ သတင်းတစ်ခုရှိတယ်။ မင်း အဲဒါကို စိတ်ဝင်စားမလားလို့ တွေးမိတယ်"
အသံကြား၍ လှည့်ကြည့်ပြီးနောက် ပါရမီရှင်အားလုံး၏ မျက်လုံးများတွင် အံ့အားသင့်မှုတို့ ပေါ်လာခဲ့၏။
ကျန်းစန်းယီ၏ မျက်လုံးများလည်း ရေခဲတမျှ အေးစက်သွားတော့သည်။
ရောက်လာသူများက သဘာဝအတိုင်း လောဘဝံပုလွေ၊ တပ်မဟာဖျက်ဓားပြနှင့် သတ္တမသတ်ဖြတ်သူဓားပြတို့ သုံးယောက်ပင် ဖြစ်သည်။