အခန်း ၇၈၂
Vol. 53 Ch. 782
အခန်း ( ၇၈၂ ) နှစ်အနည်းငယ်ကြာ ခွဲခွာပြီးနောက် ပြန်လည် ဆုံစည်းခြင်း၊ ရွယ်ယွဲ့၏ မှတ်ဉာဏ်ထဲမှ ရင်းနှီးနေသောမျက်နှာ။
အေးစက်သော ကြိမ်းမောင်းသံက ကောင်းကင်ယံမှာ ပဲ့တင်ထပ်သွားသည်။
ကြောက်မက်ဖွယ်ကောင်းသော နိယာမလက်ကြီးတစ်ဖက် ထွက်ပေါ်လာခြင်းက ကမ္ဘာပျက်သကဲ့သို့ပင်။ အောက်ဘက် ဟင်းလင်းပြင်က ပျက်သုဉ်းသွားပြီး မှောင်မိုက်သော ဖရိုဖရဲ ဟင်းလင်းပြင်မြင်ကွင်းကို ထုတ်ဖော်လာခဲ့သည်။
ဤမြင်ကွင်းကိုမြင်လိုက်ရတော့ ရှုံ့မဲ့နေသော မျက်နှာဖုံးအောက်မှ ရွယ်ယွဲ့၏ အေးစက်သောမျက်လုံးများက အနည်းငယ် လှုပ်ရှားသွားသည်။ သူက လျင်မြန်စွာ နောက်ပြန်ဆုတ်သွား၏။
"ဝုန်း"
ထိုဘက်ခြမ်းရှိ လေဟာပြင်က တိုက်ရိုက်ပြိုကျသွာကာ ကြောက်စရာကောင်းသည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာတော့သည်။
လောဘဝံပုလွေဓားပြ၊ တပ်မဟာဖျက် ဓားပြ၊ ယောင်ယွဲ့ခုန်းနှင့် အခြားသူများအားလုံး ထိခိုက်ခံစားခဲ့ရသည်။ သူတို့၏ ရင်ဘတ်ထဲတွင် တင်းကျပ်လာကာ သွေးများ အန်ထွက်လာခဲ့၏။ သူတို့၏ မျက်နှာများမှာလည်း အလွန် ထိတ်လန့်တုန်လှုပ်သွားသော အမူအရာများ ပေါ်လွင်နေတော့သည်။
လှုပ်ရှားမှုတစ်ခု၏ နောက်ဆက်တွဲ လှိုင်းလုံးများက သူတို့ကို ဒဏ်ရာရစေနိုင်သည်။
ယင်းက ဒေါသထွက်စရာပင်။
ပိုးမင်းသမီးနှင့် ရွယ်ယွဲ့လည်း နောက်ပြန်ဆုတ်သွားခဲ့ကြသည်။
"ဒီအတက်အကျက...သူရောက်လာပြီလား"
ပိုးမင်းသမီး၏ မျက်နှာအမူအရာက သဘာဝမကျသလို ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ဤအတက်အကျများက သူမ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့ပြီ။
ရုတ်တရက်ဆန်သော ဤမြင်ကွင်းက လူတိုင်း၏စိတ်အတွေးများကို ရပ်တန့်သွားစေခဲ့သည်။
နောက်အခိုက်တွင် ကောင်းကင်ယံရှိ ဟင်းလင်းပြင် အက်ကြောင်းအတွင်းမှ အဖြူရောင်ဝတ် ရုပ်သွင်တစ်ခုကို လှမ်းမြင်လိုက်ရ၏။
ထိုအဖြူရောင် ဝတ်စုံဝတ် ရုပ်သွင်မှာ တကယ့်နတ်တစ်ပါး ကမ္ဘာလောကကို ဆင်းသက်လာသကဲ့သို့ပင်။
သို့သော်လည်း သူ၏ မျက်နှာက အေးစက်တင်းမာနေသည်။
အထူးသဖြင့် နှင်းဖြူအဝတ်အစားများ ဝတ်ထားသော်လည်း သွေးများကြောင့် နီစွန်းနေပြီး ဒဏ်ရာများဖြင့် ဖုံးလွှမ်းထားသည့် မိန်းကလေးကို မြင်ရသောအခါ...
ကြောက်စရာကောင်းသော သတ်ဖြတ်ချင်စိတ်တစ်ခုက ကောင်းကင်ကို အရောင်ပြောင်းစေကာ မိုးနှင့်မြေကြားမှ အပူချိန်များမှာ သိသိသာသာ ကျဆင်းသွားတော့သည်။
စိတ်ဓာတ်ပျော့ညံ့သူအချို့ဆိုလျှင် ဒူးထောက်လုနီးပါး ဖြစ်သွားသည်။
ထိုအရှိန်အဝါ၊ သတ်ဖြတ်ချင်စိတ်က ပြင်းထန်လွန်း၍ အရည်ဖွဲ့တော့မလိုပင်။
ကျွင်းရှောင်ယောက်။
ပါရမီရှင်အားလုံး နာမည်တစ်ခုကို တပြိုင်နက်တည်း ရေရွတ်လိုက်မိသည်။
သူ၏ ဒဏ္ဍာရီကိုတော့ အထူးပြောစရာ မလိုပေ။
သူသည် အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက်မျှသာဖြစ်သည်မှာ သိသာ ထင်ရှားသည်။
သို့သော်လည်း သူ့ကို ရှေးသမိုင်းတွင် ကျော်ကြားခဲ့သော တားမြစ်ချက်တစ်ခု ဖြစ်လာသည်ဟု ခံစားရသည်။
ဤအခိုက်အတန့်တွင် သူ၏ ရောက်ရှိလာမှုက တိုက်ပွဲအခြေအနေကို ရုတ်တရက် အလှည့်အပြောင်း ဖြစ်စေခဲ့ပေသည်။
"အစ်မစန်းယီ"
ကျွင်းရှောင်ယောက်က ကျန်းစန်းယီဘေးသို့ ချက်ချင်း ပြေးဆင်းလာကာ ထွေးပွေ့လိုက်သည်။
ဤအခိုက်တွင် ကျန်းစန်းယီ၏ နှင်းဖြူအဝတ်အစားများ အားလုံးက အနီရောင်ပြောင်းနေသည်။ သူ့ခန္ဓာကိုယ်မှ ပြတ်ရှ ဒဏ်ရာအမျိုးမျိုးအပြင် အပေါက်ဖောက်ခံထားရသော ဒဏ်ရာများလည်း ရှိနေခဲ့၏။
၎င်းမှာ ရွယ်ယွဲ့မှ အနက်ရောင်ကြိုးများဖြင့် သူမ၏ သန္တောစွမ်းအင် တာအိုသန္ဓေကို စုပ်ယူရန် ကြိုးစားခဲ့သောကြောင့် ဖြစ်သည်။
ကံကောင်းထောက်မ၍ ကျွင်းရှောင်ယောက် အချိန်မီရောက်လာခဲ့ကာ ကျန်းစန်းယီကို လုံးဝမထိခိုက်ခဲ့ပေ။
သို့ပေသော်ငြား ကျန်းစန်းယီမှာ ညှိုးနွမ်းနေသောပန်းတစ်ပွင့်ကဲ့သို့ ယခုအချိန်တွင် အလွန် သနားစဖွယ် ဖြစ်ခဲ့သည်။
အချိန်အတော်ကြာ ဝေးကွာသွားပြီးနောက် ထိုချောမောသော မျက်နှာကို တစ်ဖန် မြင်လိုက်ရပြီဖြစ်ရာ ကျန်းစန်းယီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ပန်းတစ်ပွင့် ပွင့်လာခဲ့လေသည်။
သူမက အနည်းငယ် အားနည်းနေသည့် ကျောက်စိမ်းလက်ကို မြှောက်လိုက်ပြီး ကျွင်းရှောင်ယောက်၏ မျက်ခုံးနှင့် မျက်နှာကို ပွတ်သပ်လိုက်သည်။
တစ်ကြိမ်လျှင် စုတ်ချက်တစ်ချက်သာ ရေးဆွဲရခြင်းကို နှစ်သက်သည့် ပန်းချီဆရာတစ်ဦးကဲ့သို့ပင် ဖြစ်သည်။
နှစ်အနည်းငယ်သာ ခွဲခဲ့ရသော်လည်း သုံးဘဝ ဝေးကွာနေသကဲ့သို့ ခံစားခဲ့ရသည်။
တစ်ရက်မျှသာ ခွဲရသော်ငြား၊ နှစ်ပေါင်းတစ်ရာ ဝေးကွာခဲ့ရသလိုပင်။
"အစ်မစန်းယီ၊ ကျွန်တော် တောင်းပန်ပါတယ်"
ကျွင်းရှောင်ယောက် လေးလေးနက်နက် ပြောလိုက်သည်။
မူလက သူသည် ကျန်းစန်းယီဟာ အနောက်တိုင်း မယ်တော်ဘုရင်မ၏အမွေကို စိတ်အေးချမ်းသာစွာဖြင့် လက်ခံနေရသောကြောင့် ပြဿနာကြီးကြီးမားမား မဖြစ်သင့်ဟု ထင်ထားခဲ့သည်။
သူဤနေရာကို ရောက်ရှိလာမှ ကျန်းစန်းယီ၏ ဆိုးရွားသောအခြေအနေကို မြင်ရမည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။
ကျွင်းရှောင်ယောက်က ဒေါသထွက်လွယ်သောလူ မဟုတ်ပေ။
သို့သော်လည်း ဤအချိန်တွင် သူတကယ်ကို ဒေါသထွက်နေခဲ့သည်။
"မဟုတ်ပါဘူး... ရှောင်ယောက်၊ အစ်မကသာ တောင်းပန်ပါတယ်လို့ ပြောရမယ့်သူပါ၊ အစ်မ မင်းကို ထပ်ပြီးကယ်ဖို့ တောင်းဆိုနေရတုန်းပဲ"
ကျန်းစန်းယီက အားနည်းစွာ ပြုံးလိုက်၏။
နောက်ဆုံးအကြိမ်ကလည်း နတ်သန္ဓေကို ကျွင်းရှောင်ယောက်အတွက် ထားခဲ့နိုင်ရန် ပါရမီရှင်အားလုံးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။
အဆုံးမှာတော့ ကျွင်းရှောင်ယောက်မှ လာရောက် ကယ်တင်ရပြီး အားလုံးကို သတ်ခဲ့ရသေးသည်။
ထိုအချိန်မှစပြီး ကျန်းစန်းယီဟာ ပို၍ ပြင်းထန်စွာလေ့ကျင့်ရန် သူ့နှလုံးသားထဲတွင် တိတ်တဆိတ် ကတိပြုခဲ့သည်။
ကျွင်းရှောင်ယောက်နှင့် ပခုံးချင်းယှဉ် မရပ်နိုင်လျှင်ပင်၊ အနည်းဆုံးတော့ သူ့ဘေးမှာရပ်တည်ရန် အရည်အချင်းပြည့်မီပြီး သူ့အရှိန်ကို မနှေးစေနိုင်ပေ။
ထို့ကြောင့်ပင် သူမက ရှေးဟောင်းလမ်းပေါ်တွင် တစ်ယောက်တည်း ခြေချခဲ့ကာ တစ်ယောက်တည်း အထီးကျန်မှုကို ခံရပ်ကာ ကျွင်းရှောင်ယောက်နှင့် မတွေ့ခဲ့ပါချေ။
ခွဲခွာရသည်သာ အချိန်ပို၍ ကြာခဲ့သည်။
အချိန်တန်သောအခါ ကျွင်းရှောင်ယောက်မှ သူမကိုကယ်တင်ရန် ရောက်လာရဆဲပင်။
ကျန်းစန်းယီလည်း အလွန် အပြစ်ရှိသလို ခံစားခဲ့ရသည်။
သူ့ရှေ့မှ ပြင်းထန်စွာ ဒဏ်ရာရနေသည့်တိုင် အပြစ်ရှိသလို ခံစားနေရသေးသည့် မိန်းကလေးကိုကြည့်ရင်း ကျွင်းရှောင်ယောက် သက်ပြင်းချလိုက်မိသည်။
ကျန်းစန်းယီ ဤသို့ပင်။
မည်မျှ အခက်အခဲကြုံရပါစေ၊ တစ်ယောက် ခံနိုင်ရည်ရှိအောင် ကြိုးစားသည်။
သူမ ဂရုစိုက်သည့် လူများအတွက် အရာအားလုံးကို ပေးဆပ်ရဲ၏။
ကျွင်းရှောင်ယောက်နှင့် ကျန်းလော့လီမှာလည်း အလားတူ ဖြစ်သည်။
"အစ်မစန်းယီ၊ အစ်မ ဒီလိုလုပ်စရာမလိုပါဘူးဗျာ"
ကျွင်းရှောင်ယောက်သည် ကျန်းစန်းယီမှ သူ့နောက်ကိုလိုက်ရန် ဤမျှ ကြိုးစားကာ သူ့ကိုယ်သူ စွန့်လွှတ်အနစ်နာခံမှုကို နောက်တစ်ကြိမ် မမြင်ချင်ပေ။
အမှန်လည်း ဤသည်က မလိုပါ။
"မဟုတ်ဘူး၊ ဒါက ငါ့ရွေးချယ်မှုပါ။ မင်း နှုတ်မဆက်ဘဲ အဆုံးစွန် ရှေးဟောင်းလမ်းကို တစ်ယောက်တည်း ခြေချခဲ့ကတည်းက မင်းနောက်ကို လိုက်ရမယ်လို့ ငါ ကတိပြုခဲ့တာ"
ကျန်းစန်းယီ၏ လှပသော မျက်လုံးများက အဆုံးမဲ့ လွမ်းဆွတ်မှုတို့ကို လှစ်ဟနေခဲ့သည်။
သူမ အမှန်တကယ် ကြောက်ရွံ့မိ၏။
အနာဂတ်တွင် ကမ္ဘာကြီးကို ကပ်ဆိုးတစ်ခု ရောက်လာပါက၊ ကျွင်းရှောင်ယောက် အရာအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ပြီး ဘယ်သူမှ သူ့အနားမှာ ရပ်တည်လို့မရမှာကို စိုးရိမ်သည်။
ထိုခံစားချက်က အလွန် အထီးကျန်ဆန်၏။
သန်မာသူများက အမြဲတမ်း တစ်ယောက်တည်းဖြစ်သော်လည်း အနာဂတ်တွင် ကျွင်းရှောင်ယောက် တစ်ယောက်တည်းဖြစ်မည်အား သူမ မမြင်လိုပါ။
အဆုံးမဲ့ဧကရာဇ်နှင့် အနောက်တိုင်း မယ်တော်ဘုရင်မ၏ ရင်နာစရာဇာတ်လမ်းကို မြင်ရပြီးနောက် ကျန်းစန်းယီဟာ သူ့စိတ်ထဲတွင် ပို၍ စိတ်ပိုင်းဖြတ်လာခဲ့သည်။
သူသည် ကျွင်းရှောင်ယောက်နှင့် ထာဝရ အတူရှိနေချင်သည်။
လှပသောမျက်လုံးများထဲမှ ချစ်ခြင်းမေတ္တာများ တိတ်တဆိတ်စီးဆင်းနေသည်ကိုမြင်သောအခါ ကျွင်းရှောင်ယောက် တိတ်ဆိတ်သွားခဲ့သည်။
ကျန်းစန်းယီ ကြိုးစားနေခြင်းမှာ တာအိုကိုသက်သေပြပြီး ဧကရာဇ်ဖြစ်လာရန်မဟုတ်ဘဲ သူ့အနားတွင်ရှိနေရန်သာ ဖြစ်ပေသည်။
"အစ်မစန်းယီ၊ ကိုယ့်ကိုယ်ကိုယ် ကုသလိုက်ပါဦး။ ဒီပုရွက်ဆိတ်တွေကို ကျွန်တော် အရင်ရှင်းလိုက်ပါရစေ"
ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာ သွေးအနှစ်သာရတချို့ကို ထုတ်ယူကာ ကျန်းစန်းယီ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းထည့်ပေးလိုက်သည်။
ထို့နောက် သူမအတွက် ဆေးဝါးအချို့ကို ထုတ်ပေးလိုက်၏။
ထို့နောက်မှာတော့ ကျွင်းရှောင်ယောက်က ပိုးမင်းသမီးနှင့် တခြားသူများကို ရင်ဆိုင်လိုက်တော့သည်။
ကျွင်းရှောင်ယောက်၏ နောက်ကျောကိုကြည့်ရင်း ကျန်းစန်းယီ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
"သူပြောလိုက်တယ်၊ ငါက သူ့မိန်းမပဲ..."
ကျွင်းရှောင်ယောက် ပေါ်လာစဉ်က ပြောလိုက်သော စကားကိုပြန်တွေးရင်း ကျန်းစန်းယီ၏ နှုတ်ခမ်းများက ရှက်ရွံ့မှုနှင့် ပျော်ရွှင်မှုတို့ ရောယှက်နေသော အပြုံးတစ်ခု ပေါ်လာခဲ့၏။
ဤသည်မှာ ကျွင်းရှောင်ယောက်၏ မသိစိတ်မှ လွှတ်ခနဲပြောခဲ့တာ ဖြစ်နိုင်သည်။
သို့ဖြစ်လျှင်ပင် သူမ၏ နှလုံးသားကို အချိန်အကြာကြီး ချိုမြိန်စေရန် လုံလောက်သေးသည်။
"သူက ကျွင်းရှောင်ယောက်ပေါ့"
ယွီချင်းနင်လည်း သူ့တပည့် အမြဲတွေးနေသောသူကို နောက်ဆုံးတွင် သူ တွေ့လိုက်ရသည်။
အမှန်အတိုင်းဝန်ခံရလျှင် တစ်ကြိမ်မြင်ရခြင်းက အကြိမ်တစ်ရာမက ကြားရခြင်းထက် ပိုကောင်းသည်။ ဤစိတ်နေစိတ်ထားက သာမန်မဟုတ်ပေ။
ယောက်ချီ ကျောက်စိမ်းရေကန်စ ကျောင်းအုပ်ဆရာဖြစ်ခဲ့ဖူးသော ယွီချင်းနင်သည်ပင် အနည်းငယ် အံ့သြသွားသည်။
သို့သော်လည်း သူ၏ ခွန်အားအမှန်ကိုတော့ သူမ မသိရသေးပေ။
ကျန်းစန်းယီနှင့် တွေ့ရချိန်တွင် ကျွင်းရှောင်ယောက်၏မျက်နှာက နူးညံ့သည်။
သို့ရာတွင် ပိုးမင်းသမီးနှင့် အခြားသူများထံ လှည့်ကြည့်ပြီးနောက်မှာတော့ ထိုချောမောသော မျက်နှာပေါ်တွင် နွေးထွေးမှုမရှိဘဲ အေးစက်မှုတစ်ခုသာ ရှိတော့သည်။
"အဆုံးစွန် ရှေးဟောင်းလမ်းပေါ်မှာ ဒီနတ်ဘုရားသားတော်ရဲ့ သတ်ဖြတ်မှုက မင်းတို့ကို ဟန့်တားဖို့ မလုံလောက်သေးဘူးထင်တယ်"
အဆုံးစွန် သတ်ဖြတ်ချင်စိတ်တို့ကို ထုတ်ဖော်ပြီးနောက် လေထုက အေးခဲနေခဲ့ပုံရသည်။
ပိုးမင်းသမီးနှင့် အခြားသူများ၏ မျက်နှာများလည်း အလွန် လေးနက်သွား၏။
ကျူးရန်းဓားပြ ရွယ်ယွဲ့မှာတော့...
ကျွင်းရှောင်ယောက် ပေါ်လာသည်နှင့် တပြိုင်နက် သူမ တုန်လှုပ်သွားတော့သည်။
"မဟုတ်ဘူး...မဖြစ်နိုင်ဘူး... ဒါ လုံးဝမဖြစ်နိုင်ဘူး..."
ရွယ်ယွဲ့က သူတစ်ကိုယ်သာ ကြားနိုင်ရုံအသံဖြင့် ရေရွတ်လိုက်သည်။ ရှုံ့မဲ့နေသော မျက်နှာဖုံးအောက်မှ အေးစက်သော မျက်လုံးများမှာလည်း မယုံနိုင်လောက်အောင် ရှုပ်ထွေးနေပုံရ၏။
အဲဒီလူ၊ အဲဒီမျက်နှာ။
သူ့လက်နဲ့ ကိုယ်တိုင်သတ်ခဲ့တဲ့လူနဲ့ ဘာကြောင့် ဆင်တူနေရတာလဲ။
ထိုရုပ်သွင်...
ထိုသည်မှာ ငယ်စဉ်ကတည်းက သူမကို ကာကွယ်ပေးခဲ့သည့် ရုပ်သွင် ဖြစ်သည်။
ထိုလူကို သူမ၏လက်နှင့် သတ်လိုက်ပြီးကတည်းက သူ့နှလုံးသား သေသွားပြီဟု ထင်မှတ်ခဲ့ပေသည်။
ယခုမူကား တိတ်တဆိတ် လှုပ်ခတ်သွားခဲ့ပြီ ဖြစ်သည်။
"အစ်ကို……"