အခန်း ၇၈၅
Vol. 53 Ch. 785
အခန်း ( ၇၈၅ ) ရွယ်ယွဲ့၏ ပုံမှန်မဟုတ်သော သဘောထား၊ ငါ့တပည့်က တကယ်ကို မြင်နိုင်စွမ်းမြင့်မားတယ်။
ကျွင်းရှောင်ယောက်က လွမ်ကုပုဆိန်ကို ကိုင်ဆောင်ကာ ရွယ်ယွဲ့ကို ဆက်လက်တိုက်ခိုက်လိုက်သည်။
ထက်မြက်သော ပုဆိန်အလင်းက ကောင်းကင်ကို ဖြတ်သန်းသွား၏။ ပုဆိန်တစ်ချက်က သူတော်စင်တစ်ပါးကို သတ်နိုင်သည်။ သူတော်စင်ဘုရင်ကိုပင် ထက်ဝက် ပိုင်းဖြတ်နိုင်သေးသည်။
သို့သော်လည်း ဓားပြဆယ့်သုံးပါး၏ ခေါင်းဆောင်အနေဖြင့် ရွယ်ယွဲ့မှာ အလွန်အားကောင်းသည်ဟု ဆိုရမည်။ သူမက တာအိုခန္ဓာများနှင့် သွေးမျိုးဆက်များစွာကို စုစည်းသန့်စင်ကာ ထူးခြားသော လမ်းစဉ်တစ်ခုကိုပင် လျှောက်လှမ်းခဲ့၏။
ရှေးသမိုင်းမှာပင် သူမက တားမြစ်ချက်တစ်ခု ဖြစ်ပုံရသည်။
ထို့အပြင်၊ ရွယ်ယွဲ့က ဧကရာဇ်ကို ဆန့်ကျင်သည့် ဧကရာဇ်ခုနစ်ပါးထဲမှ တစ်ပါးဖြစ်သည်။ တာအိုသက်သေပြခြင်း ဧကရာဇ်တံဆိပ်ကိုလည်း သန့်စင်ထားသေးသည်ဖြစ်ရာ သူမ၏ အစွမ်းသတ္တိက တဟုန်ထိုး တိုးတက်ခဲ့ပေသည်။
ရွယ်ယွဲ့ကို အဆုံးစွန်ရှေးဟောင်းလမ်းပေါ်ရှိ လူငယ်မျိုးဆက်သစ်များထဲမှ အသန်မာဆုံးတစ်ယောက်ဟုပင် ဆိုနိုင်သည်။
ထို့အပြင်၊ ကျွင်းရှောင်ယောက်က ထိုရှုံ့မဲ့သည့်မျက်နှာဖုံးနှင့် ပတ်သက်၍ သတိထားနေသေးသည်။
သူဟာ ရွယ်ယွဲ့ကို ဦးစွာဖိနှိပ်ပြီး သူမ၏နောက်ကွယ်ရှိ လျှို့ဝှက်ချက်များကို ရှာဖွေပြီးမှသာ သတ်ပစ်ရန် စိတ်ဆုံးဖြတ်ခဲ့သည်။
ပုဆိန်အလင်းက ကောင်းကင်ကိုဖြတ်ကာ ဟင်းလင်းပြင်ကို ဖြိုခွဲပစ်လိုက်သည်။
ကျွင်းရှောင်ယောက်က မိုးနှင့်မြေကို ဖန်တီးခဲ့သော ကမ္ဘာဦးနတ်ဘုရားကဲ့သို့ ဖြစ်၏။
ထိုကဲ့သို့သော ထိုးစစ်ဆင်မှုအောက်တွင် ရွယ်ယွဲ့ တဖြည်းဖြည်း ဆုတ်သွားရတော့သည်။
သို့သော်လည်း လူတိုင်းကို အနည်းငယ် စိတ်ရှုပ်ထွေးစေသည်မှာ ရွယ်ယွဲ့က မတိုက်ခိုက်ဘဲ ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေခြင်းသာ ဖြစ်သည်။
"ဒီမှာ ဘာတွေဖြစ်နေတာလဲ"
ပါရမီရှင် တော်တော်များများက အံ့သြသွားကြသည်။
ကျူးရှန်းဓားပြ၏ ဤနည်းလမ်းက လုံးဝ နားမလည်နိုင်စရာပင်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အရမ်းချောလို့ မတိုက်ခိုက်ချင် ဖြစ်နေတာများလား"
တစ်စုံတစ်ယောက်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
"မဖြစ်နိုင်ဘူး"
ပါရမီရှင်တချို့က လေးလေးနက်နက် ခေါင်းကို ခါယမ်းလိုက်၏။
ကျူရှန်းဓားပြ၏ နည်းလမ်းများက လွန်စွာ ရက်စက်ကြမ်းကြုတ်သည်။
ယခင်ကလည်း ကျန်းစန်းယီ၏ရင်ဘတ်ထဲကို လက်နှင့်ထိုးဖောက်ကာ သန္တောစွမ်းအင်တာအိုသန္ဓေ စွမ်းအားကို လျှို့ဝှက်နည်းလမ်းနှင့် စုပ်ယူခဲ့သေးသည်။
ဤမျှရက်စက်ပြီး လူမဆန်သောမိန်းကလေးက ဘယ်လိုလုပ်ပြီး အပေါ်ယံဆန်သူမျိုး ဖြစ်မည်နည်း။
သို့သော်လည်း လူတိုင်း မမျှော်လင့်ထားသည့်အရာမှာ ရွယ်ယွဲ့က ကျွင်းရှောင်ယောက်၏မျက်နှာကြောင့် အမှန်တကယ် မတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ကျွင်းရှောင်ယောက်က အလွန်ချောမောသောကြောင့် မဟုတ်ဘဲ သူ့မျက်လုံးနှင့် မျက်ခုံးထောင့်များက ရွယ်ယွဲ့၏ အတိတ်မှတ်ဉာဏ်ထဲမှ တစ်စုံတစ်ယောက်နှင့် ဆင်တူနေသောကြောင့် ဖြစ်ချေသည်။
'ဒီမိန်းကလေး ဘာတွေဖြစ်နေတာလဲ'
ကျွင်းရှောင်ယောက်လည်း တစ်ခုခု လွဲမှားနေသည်ဟု ခံစားလာခဲ့ရသည်။
သူမက တိုက်ခိုက်ချင်ပုံမပေါ်ပါ။ ထိုအစား တုံ့ဆိုင်းနေပုံရသည်။
ဤသည်က ဧကရာဇ်ခုနစ်ပါးထဲမှ တစ်ယောက်၏ အပြုအမူမျိုးနှင့် မတူပေ။
ယုတ္တိဗေဒအရ၊ ဧကရာဇ်ခုနစ်ပါးထဲမှ တစ်ပါးအနေဖြင့် သူ့ကို တက်တက်ကြွကြွ တိုက်ခိုက်နေသင့်သည်။
ကျွင်းရှောင်ယောက်က တားမြစ်အင်မော်တယ် စတုတ္ထတံဆိပ်ဖြင့် ဟင်းလင်းပြင်ကို ပိတ်လှောင်ရန် ဟန်ပြင်လိုက်ချိန်တွင်...
ရွယ်ယွဲ့က ရုတ်တရက် ဆုတ်သွားသည်။
"အခုမှ ပြေးချင်တာလား"
ကျွင်းရှောင်ယောက်က လှောင်ပြောင်လိုက်၏။
သူက လွမ်ကုပုဆိန်ကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင်ကာ အခြားတစ်ဖက်နှင့် လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးအား ထုတ်ဖော်လိုက်သည်။
အားကောင်းသော လှိုင်းများက သူတို့ရှေ့ရှိ အရာအားလုံးကို ဖျက်ဆီးပစ်ရန် ကြိုးစားနေသလို ဟင်းလင်းပြင်မှာ အပိုင်းပိုင်းကွဲသွားခဲ့ရသည်။
ဤအခိုက်တွင် ခန္ဓာကိုယ်တစ်ဝိုက်မှာ တောက်ပသော အလင်းမျိုးစုံ ထွက်ပေါ်လာခဲ့၏။
နတ်အလင်းငါးရောင်၊ ဟင်းလင်းပြင် အတက်အကျ၊ မှောင်မိုက်အလင်းတန်းများ စသည်ဖြင့်...
ဤမြင်ကွင်းက ပါရမီရှင်အားလုံးကို အံ့အားသင့်စေခဲ့သည်။
"အဲဒါ... ဓာတ်ကြီးငါးပါးရဲ့ စွမ်းအားလား"
"ဟင်းလင်းပြင်ဧကရာဇ်ခန္ဓာရဲ့ အတက်အကျလည်း ရှိသေးတာပေါ့"
"အဲဒါက ကောင်းကင်နတ်ဆိုးမျက်လုံး စွမ်းရည်ပဲ"
ရွယ်ယွဲ့၏ ခန္ဓာကိုယ်ပေါ်ရှိ တောက်ပမှု အမျိုးမျိုးတို့က တာအိုခန္ဓာနှင့် အဖိုးတန်သော သွေးမျိုးဆက်တို့၏ စွမ်းအားများ ဖြစ်သည်။
ထိုအထဲတွင် တစ်ခုစီက ထိပ်တန်း ပါရမီရှင်ကို မွေးဖွားပေးရန် လုံလောက်ပေသည်။
သို့သော်လည်း ဤမျှများပြားသော စွမ်းအားများအားလုံးက ရွယ်ယွဲ့ တစ်ဦးတည်းတွင် စုစည်းနေခဲ့သည်။
ဤလမ်စဉ်က ကြောက်စရာကောင်းလွန်းလှပေသည်။
ကျူးရှန်းဓားပြက တားမြစ်ပါရမီရှင်များကို ထမင်းစား ရေသောက်သကဲ့သို့ သတ်ဖြတ်ခဲ့ကြောင်း ကောလာဟလများ ထွက်ပေါ်နေခြင်းမှာ ယခုတော့ ချဲ့ကားထားခြင်း မဟုတ်ပုံရသည်။
သာမာန် ပါရမီရှင်များက ကျွင်းရှောင်ယောက်၏ ထိုးစစ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ၊ ထိပ်သီး တားမြစ်ပါရမီရှင်များပင်လျှင် ထိခိုက်ဒဏ်ရာ ရနိုင်သည်။
အခြားတစ်ဖက်တွင် ရွယ်ယွဲ့က ချောင်းဆိုးရင်း သွေးအနည်းငယ်သာ ထွေးထုတ်လိုက်ရလေသည်။
ဤအခိုက်တွင် သူမပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က အက်ကွဲသွားခဲ့သည်။ ယင်းမှာ ဟင်းလင်းပြင်ဧကရာဇ်ခန္ဓာ၏ အတက်အကျများပင်။
ကျွင်းရှောင်ယောက်ကလည်း ဤတာအိုခန္ဓာမျိုးနှင့် အတွေ့အကြုံရှိသည်။
ရွယ်ယွဲ့က ဟင်းလင်းပြင်ထဲသို့ ပျော်ဝင်သွားသကဲ့သို့ လျင်မြန်စွာ နောက်ဆုတ်သွားခဲ့သည်။
"ငါ လိုချင်ရင် ဘယ်သူမှ မပြေးနိုင်သေးဘူး"
ကျွင်းရှောင်ယောက်က ခွန်ပန်အမြန်နှုန်းနှင့် လိုက်ရန် ဟန်ပြင်လိုက်၏။
သို့သော်လည်း ထိုအခိုက်တွင် ကျန်းစန်းယီက အော်လိုက်သည်။
"ရှောင်ယောက်၊ ခဏနေပါဦး"
"ဟင်"
ကျွင်းရှောင်ယောက် ခဏရပ်လိုက်၏။
ကျန်းစန်းယီတွင် သူ့ကိုပြောစရာရှိသင့်သည်။
ထိုအချိန်မှာပင် ရွယ်ယွဲ့၏ ရုပ်သွင်က လေဟာပြင်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။
ကျွင်းရှောင်ယောက်လည်း မျက်မှောင်ကြုတ်ပြီးမှ စိတ်ကိုလျှော့လိုက်သည်။
ရွယ်ယွဲ့က တာအိုသက်သေပြခြင်း ဧကရာဇ်တံဆိပ်နှင့် ပေါင်းစည်းခဲ့ပြီး ဧကရာဇ်ကို ဆန့်ကျင်သော ဧကရာဇ်ခုနစ်ပါးထဲမှ တစ်ဦးဖြစ်လာသောကြောင့် အနာဂတ်တွင် သူမက သေချာပေါက် သူ့ကို ထပ်မံရှာဖွေလာဦးမည် ဖြစ်သည်။
ဤသည်မှာ ရွယ်ယွဲ့၏ ကိုယ်ပိုင်ဆန္ဒသာမကဘဲ အမှောင်ထဲမှ အင်မော်တယ်နယ်မြေကြီး၏ အလိုဆန္ဒလည်း ဖြစ်ချေသည်။
သူမက ဧကရာဇ်တံဆိပ်တော်မှ အကျိုးကျေးဇူးများ ရယူပြီးပြီဖြစ်သောကြောင့် တစ်ခုခု ပြန်လုပ်ပေးရမည် ဖြစ်သည်။
မဟုတ်ပါက၊ ကောင်းကင်ဘုံဟာ ဤအတိုင်း ငြိမ်သက်နေမည် မဟုတ်ပေ။ ဧကရာဇ်ခုနစ်ပါး၏ နေရာကို အချည်းနှီး ဆုံးရှုံးခံရန် မဖြစ်နိုင်ပါ။
ထို့ကြောင့်ပင် ရွယ်ယွဲ့က အချိန်ကျလာသောအခါ သူ့ကို လာတွေ့မည် ဖြစ်သည်။ ကျွင်းရှောင်ယောက်လည်း အလျင်မလိုတော့ပေ။
"အစ်မစန်းယီ၊ ဘာဖြစ်လို့လဲ"
ကျွင်းရှောင်ယောက်က ကျန်းစန်းယီအနားသို့ ပြန်ရောက်လာခဲ့သည်။
"လော့လီ... လော့လီ သူ သေခြင်းရှင်ခြင်း တံခါးထဲကို ဝင်သွားပြီ"
ယခုအချိန်တွင် ကျန်းစန်းယီ၏ နှင်းဖြူအဝတ်အစားများက သွေးစွန်းနေကာ မျက်နှာမှာလည်း ဖြူဖျော့ပြီး အလွန်အားနည်းနေဆဲ ဖြစ်သည်။
သို့သော်လည်း ကျန်းလော့လီ တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်နေသေးသည်။
"ဘယ်လို၊ လော့လီက သေခြင်းရှင်ခြင်း တံခါးထဲကို ဝင်သွားတာလား"
ကျွင်းရှောင်ယောက်လည်း အံ့အားသင့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
ဧကရာဇ်သင်္ချိုင်းကြယ်ကို ပထမဆုံး ရောက်လာဖူးခြင်းဖြစ်သော်လည်း သေခြင်းရှင်ခြင်း တံခါးအကြောင်းကို ကျွင်းရှောင်ယောက် ကြားဖူးသည်။
ယင်းက ဧကရာဇ်သင်္ချိုင်းကြယ်တွင် အကျော်ကြားဆုံး အန္တရာယ်နယ်မြေဖြစ်ပြီး အခွင့်အလမ်းများသည့် နေရာများထဲမှ တစ်ခုဖြစ်ချေသည်။
ခေတ်အဆက်ဆက်တွင် ထိုအထဲမှ ပါရမီရှင်တချို့သာ ပြန်ထွက်နိုင်ခဲ့သည်။
ကျွင်းရှောင်ယောက်လည်း ပုပုသေးသေးလေးနှင့် ချစ်စရာကောင်းသော မိန်းကလေး၏ပုံစံကို အလိုအလျောက် တွေးလိုက်မိ၏။
သူမ၏ စိတ်နေစိတ်ထားဖြင့် သေခြင်းရှင်ခြင်း တံခါးထဲကို ဝင်ရောက်ပါမည်လော။
"အဲဒါက လောဘဝံပုလွေဓားပြနဲ့ အခြားသူတွေ အတင်း ဖိအားပေးခဲ့ကြလို့ပဲ။ ရှောင်ယောက်... မင်း မြန်မြန်သွားကြည့်လိုက်ပါဦး။ လော့လီသာ တစ်ခုခုဖြစ်ခဲ့ရင်..."
ကျန်းစန်းယီ၏ မျက်နှာမှာ စိုးရိမ်မှုတို့ ပြည့်နေခဲ့သည်။
ယခုနေသာ ဒဏ်ရာ ပြင်းပြင်းထန်ထန် မရထားပါက လူကိုယ်တိုင် သေချာပေါက် သွားရောက်မိလိမ့်မည်။
သူမသွားနိုင်သောကြောင့်သာ ကျွင်းရှောင်ယောက်ကို တောင်းဆိုရခြင်း ဖြစ်သည်။
"အစ်မစန်းယီ စိတ်မပူပါနဲ့။ အဲဒီကောင်မလေး လော့လီကို မယုံဘူးလား"
ဆန့်ကျင်ဘက်တွင်၊ ကျွင်းရှောင်ယောက်က ကျန်းစန်းယီထက် ပို၍ တည်ငြိမ်ပေသည်။
ကျန်းလော့လီသာ မထင်မှတ်ဘဲ တစ်ခုခုဖြစ်ခဲ့ပါက ကျွင်းရှောင်ယောက်၏မသိစိတ်မှ ခံစားမိမည် ဖြစ်သည်။
အနည်းဆုံးတော့ လက်မခံလိုသော စိတ်ဆန္ဒများ ပေါ်လာလိမ့်မည်။
ယခုမူကား မပေါ်သေးပေ။
ဆိုလိုသည်မှာ၊ ကျန်းလော့လီအတွက် အနည်းဆုံး လောလောဆယ်တွင် သေခြင်းရှင်ခြင်း အကျပ်အတည်းမျိုး မရှိသေးပါ။
"ငါယုံပါတယ်၊ ဒါပေမဲ့..."
ကျန်းစန်းယီက တစ်ခုခုပြောလိုသော်လည်း တုံ့ဆိုင်းသွားနေသည်။
"အစ်မစန်းယီ စိတ်ချပါ။ လော့လီကို ပြန်ရှာဖို့ သေခြင်းရှင်ခြင်းတံခါးကို ကျွန်တော်သွားမယ်။ သူ ဘာမှမဖြစ်ပါဘူး"
ကျွင်းရှောင်ယောက် နှစ်သိမ့်လိုက်၏။
"ကောင်းပါပြီ၊ ရှောင်ယောက် ရောက်နေပြီဆိုတော့ ငါစိတ်သက်သာရာရသွားပြီ"
ကျန်းစန်းယီလည်း တင်းမာနေသောစိတ်ကို အနည်းငယ် ဖြေလျှော့လိုက်သည်။
ကျန်းလော့လီက ယခင်ကနှင့် မတူဘဲ ပြောင်းလဲလာသည်ကို သူမလည်း သိ၏။ သူမအတွက် ခဏချင်း အန္တရာယ်မဖြစ်သင့်ပေ။
"အင်း၊ စန်းယီက အရမ်းစဉ်းစားနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး။ ငါ့တပည့်က တကယ်ပဲ မြင်နိုင်စွမ်းမမြင့်မားတယ်။ သူက တကယ့်ကို ဉာဏ်ရည်ထက်မြက်ပြီး ထူးခြားတဲ့ လူငယ်လေးပါပဲ"
ထိုအချိန်တွင် ပုံရိပ်ယောင်ကဲ့သို့ ဝေဝါးဝါး ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
ယွီချင်းနင် ဖြစ်ပေသည်။
ကျွင်းရှောင်ယောက် အနည်းငယ် မျက်လုံးပင့်လိုက်မိသည်။
ဒေါ်လေး လက်စွပ်လား။
မဟုတ်သေးပါ၊ ယင်းက မမလက်စွပ် ဖြစ်သင့်သည်။
"ရှောင်ယောက်က အကြီးအကဲကို နှုတ်ခွန်းဆက်ပါတယ်၊ အစ်မစန်းယီမှာလည်း သူ့ကိုယ်ပိုင် ကံကြမ္မာရှိတာပဲ"
ကျွင်းရှောင်ယောက်က အနည်းငယ် လက်ယှက်ပြီး ပြောလိုက်သည်။
"ဘယ်လောက် ချစ်စရာကောင်းလိုက်တဲ့ ကောင်လေးပါလိမ့်"
ယွီချင်းနင် ပြုံးလိုက်၏။
ပထမတော့ ယွီချင်းနင်ဟာ ကျန်းစန်းယီ နေ့ရောညပါ တွေးနေရသည့် လူငယ်လေး၏အကြောင်းကို အလွန်သိချင်ခဲ့သည်။
ကျန်းစန်းယီကဲ့သို့ ထူးချွန်သော မိန်းကလေးတစ်ယောက်ကို နေ့ရောညပါ တွေးတောနိုင်စေသည့် လူငယ်လေးက မည်မျှ ထူးချွန်သနည်း။
ယခုတော့ လူကိုယ်တိုင် မြင်တွေ့ဖူးခဲ့ပြီ ဖြစ်သည်။
ချောမောခန့်ညားသော ရုပ်သွင်ရှိသလို တိုက်ခိုက်နိုင်စွမ်းကလည်း ပြိုင်ဘက်ကင်း၏။
ယွီချင်းနင်၏ ခေတ်မှာပင် သူလိုလူကို ရှာမတွေ့ပေ။
မဟာဧကရာဇ်တချို့ ငယ်ရွယ်စဉ်ကပင် ယခု ကျွင်းရှောင်ယောက်နှင့် မနှိုင်းယှဉ်နိုင်ပါ။
"အဲ၊ တစ်ခုခုလုပ်ဖို့ကို မေ့တော့မလို့။ အကြီးအကဲ၊ အစ်မစန်းယီ... ခဏစောင့်ပါဦး"
ကျွင်းရှောင်ယောက်က တစ်ခုခုကို တွေးမိဟန်ဖြင့် မြေပြင်ပေါ်တွင် တွားသွားကာ ထွက်ပြေးရန် ရုန်းကန်နေသော ပုံရိပ်တစ်ခုကို ကြည့်လိုက်သည်။
ကျွင်းရှောင်ယောက်က ရှေ့သို့လျှောက်သွားပြီး ဖမ်းလိုက်၏။
မူလခန္ဓာ ပေါ်လာသည်အထိ ရိုက်ခံလိုက်ရသော ပိုးမင်းသမီး ဖြစ်တော့သည်။