← Chapters

အခန်း ၇၈၆

Vol. 53 Ch. 786

အခန်း ၇၈၆

Vol. 53 Ch. 786

အခန်း ( ၇၈၆ ) ပိုးမင်းသမီးကို အိမ်မွေးတိရစ္ဆာန်အဖြစ် ဆက်ဆံခြင်း။

ဤအခိုက်တွင် ပိုးမင်းသမီး၏ ကြီးမားသော ရွှေပိုးကောင်အဖြစ်သို့ ပြောင်းလဲနေခဲ့သည်။ ကျွင်းရှောင်ယောက်၏လက်မှ လွတ်မြောက်ရန် ရုန်းကန်ရင်း သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုတို့ ပြည့်နေခဲ့၏။

"ကျွင်းရှောင်ယောက်၊ ဒီမင်းသမီးကို လွှတ်ပါ"

ရွှေပိုးကောင်က စကားမပြောနိုင်သော်လည်း နတ်ဘုရားစိတ်အာရုံဖြင့် ဆက်သွယ်နိုင်ဆဲ ဖြစ်သည်။

မူလခန္ဓာ ပေါ်လာသည်အထိ ရိုက်ခံထားရသော ပိုးမင်းသမီးကိုကြည့်ရင်း ပါရမီရှင်အားလုံး ခံစားချက်များ ရှုပ်ထွေးနေခဲ့ကြသည်။

ရှေးဟောင်းလမ်းတွင် နာမည်ကျော်ကြားသော အသွင်ပြောင်းခြင်းကိုးခု နတ်ပိုးကောင်၊ မရေမတွက်နိုင်သော လူများက နတ်ဘုရားမအဖြစ် သတ်မှတ်ခံထားရသော ပိုးမင်းသမီးမှာ ကျွင်းရှောင်ယောက်ရှေ့တွင် ဤအခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ။

"မင်းကိုလွှတ်ရမယ်၊ အစ်မစန်းယီကို ဒီအခြေအနေထိ တွန်းပို့ခဲ့ပြီးမှ ခွင့်လွှတ်စေချင်တာလား"

ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။

သူပြုံးခြင်းမှာ ရန်သူများအတွက် အခြေအနေ အလွန်မကောင်းတော့ပြီဟု ဆိုလိုခြင်း ဖြစ်၏။

"ကျွင်းရှောင်ယောက်၊ နင်က ရန်သူတွေအများကြီး ဖြစ်စေပြီးပြီနော်။ နောက်ထပ် ကောင်းကင်ပိုးတောင်ကြားကို ထပ်ထည့်ချင်သေးတာလား"

ပိုးမင်းသမီး၏ နတ်ဘုရားစိတ်အာရုံ ထွက်ပေါ်လာသည်။

"ဟင်း…"

ကျွင်းရှောင်ယောက် သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်၏။

သူဂရုမစိုက်သည်မှာ နောက်ခံနှင့်ပတ်သက်၍ ခြိမ်းခြောက်ခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်က သူ၏ လက်ငါးချောင်းကို ဖြည်းညှင်းစွာပိတ်လိုက်သည်။

ပိုးမင်းသမီးလည်း ပြင်းထန်သော ဖိအားများ ကျရောက်လာပြီး သူ့နတ်ပိုးကောင်ခန္ဓာ ကြေမွသွားတော့မလို ခံစားလိုက်ရ၏။

ဤခံစားချက်မှာ ဒဏ္ဍာရီထဲမှ ဗုဒ္ဓအရှင်က လက်ငါးချောင်းနှင့် ကျောက်တုံးမျောက်တစ်ကောင်ကို ဖိနှိပ်နေသကဲ့သို့ပင်။

"ကျွင်းရှောင်ယောက်၊ ရပ်လိုက်ပါ။ မင်းဘာလိုချင်လဲ"

ပိုးမင်းသမီး ထအော်လိုက်သည်။

ဤမျှ ရှက်စရာကောင်းသောပုံစံမျိုးဖြင့် သူ မသေချင်ပေ။

သူ့ကို ကျွင်းရှောင်ယောက်က ပိုးကောင်တစ်ကောင်ကို ဖိချေသတ်သလို သတ်တော့မည် ဖြစ်သည်။

"ငါ ဘာလုပ်သင့်လဲ"

ကျွင်းရှောင်ယောက် ခဏစဉ်းစားလိုက်၏။

ဤအခိုက်အတန့်တွင် ဝေးကွာသော ကောင်းကင်ယံမှ ပုံရိပ်များစွာတို့ ပေါ်လာကြပြန်သည်။

ခေါင်းဆောင်လာသူကများကတော့ ယွီဟွာဝမ်နှင့် ယွီယွင်ရှန့်တို့ ဖြစ်ချေသည်။

"ညီနောင်ကျွင်း၊ မင်းရဲ့ အမြန်နှုန်းက အရမ်းမြန်တာပဲ။ ငါ နောက်ထပ် ပွဲကောင်းတစ်ခုကို လွတ်သွားပုံရတယ်"

ယွီဟွာဝမ်က ပြုံးပြီး ပြောလိုက်သည်။

ဘေးမှ ယွီယွင်ရှန့်လည်း မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း သူ့ရှေ့မှ ရှုပ်ထွေးနေသော မြင်ကွင်းကို ကြည့်လိုက်သည်။ သူမ လွတ်သွားသောအရာများကို သိချင်နေမိလေသည်။

"အဲဒါက ယွီဟွာဝမ်ပဲ၊ ဒီနေ့ ထိပ်သီး ဘီလူးကြီးတွေအများကြီးကို မြင်ရမယ်လို့ မမျှော်လင့်ထားဘူး"

ပထမဆုံး ရောက်နေသူများ အံ့ဩသွားကြသည်။

"မင်းလက်ထဲက နတ်ပိုးကောင်များ ဖြစ်နိုင်မလား..."

ယွီဟွာဝမ်၏ မျက်လုံးအကြည့်က ကျွင်းရှောင်ယောက်၏လက်ဝါးပေါ်သို့ ကျရောက်လာပြီးနောက် ခဏတာ အံ့အားသင့်သွား၏။

"ဒါက မိုက်မဲတဲ့ ပိုးကောင်တစ်ကောင်ပါပဲ"

ကျွင်းရှောင်ယောက်က ပိုးမင်းသမီး၏ ခန္ဓာကိုယ်ကို အနည်းငယ်ညှစ်ရင်း ပြောလိုက်သည်။

"အား..."

ပိုးမင်းသမီးက နတ်ဘုရားစိတ်အာရုံဖြင့် အော်ဟစ်လိုက်၏။

သူမ၏ ပင်ကိုယ်စရိုက်ဖြင့် ဤကဲ့သို့ စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားသည်မှာ စိတ်ကူးရခက်သည်။

တကယ်တော့ ကျွင်းရှောင်ယောက်က သူ့ကို ပိုးကောင်ဟု ခေါ်နေသည်ကပင် ရှက်စရာကောင်းလွန်းပြီ ဖြစ်သည်။ ထို့ထက် သူ့တစ်ကိုယ်လုံးကို ထိပြီး ထပ်ခါထပ်ခါ ကစားနေခြင်း ဖြစ်သည်။

ဤသည်က ပိုးကောင်ခန္ဓာမျှသာဖြစ်သော်လည်း သူမ၏ ခံစားချက်များ ရှိနေသေးသည်။

ပို၍ သတိထားရမည့် ထိခိုက်မခံနိုင်သော အချက်များပင် ရှိသည်

ပိုးမင်းသမီးလည်း ယခုအချိန်တွင် သေချင်စိတ်ပေါက်နေတော့သည်။

'တကယ်လို့ ငါ့ဘေးနားကလူသာ ယောင်ယွဲ့ခုန်းလို အမှိုက်မဟုတ်ဘဲ ကျွင်းရှောင်ယောက်ဖြစ်ရင် ဘယ်လိုလုပ်ပြီး ဒီလို သနားစရာအခြေအနေမျိုးကို ရောက်မှာလဲ'

ပိုးမင်းသမီးလည်း စိတ်ထဲမှ သူမ၏ အရှက်တရားအကြောင်း တွေးလိုက်မိသည်။

ရုတ်တရက် သူမစိတ်ထဲတွင် ကျန်းစန်းယီကိုပင် မနာလိုဖြစ်သွားမိ၏။

ဤမျှအစွမ်းထက်ပြီး ချောမောသည့် ကောင်လေးတစ်ယောက်၏ ဂရုစိုက်ပြီး ကာကွယ်ခြင်းကို ခံနေရသည်။

ထိုအချိန်တွင် ယွီဟွာဝမ်က အခြား ပါရမီရှင်များထံမှ ယခုလေးတင် ဖြစ်ပျက်ခဲ့သည်ကို သိရှိခဲ့သည်။

သူ၏ ချောမောသောမျက်နှာက ခဏတာ အေးခဲသွားပြီးနောက် ခါးသက်သက်ဖြင့်ပြုံးကာ ခေါင်းယမ်းလိုက်လေသည်။

"ညီနောင်ကျွင်းနဲ့မှ လာရှုပ်တာကို၊ တကယ် သနားစရာပဲ"

ယွီယွင်ရှန့်၏ မျက်လုံးများကတော့ တောက်ပနေခဲ့သည်။

ကျွင်းရှောင်ယောက်သည် ယခင်က ရွှေကျီးကန်း ဒသမမင်းသားနှင့် အခြားသူများကို ချေမှုန်းခဲ့သည်။ ယခုလည်း ကျူးရှန်းဓားပြ၊ ပိုးမင်းသမီးနှင့် အခြားသူများကို အပြတ် ဖိချေခဲ့ပြီ။

သူက ရှေးဟောင်းလမ်းကို အလျားလိုက်တွန်းပြီး အမှန်တကယ် ပြိုင်ဘက်ကင်းနေပါသလော။

ကျွင်းရှောင်ယောက်၏ တိုက်ခိုက်မှုကို ထိပ်သီး တားမြစ်ပါရမီရှင်များပင်လျှင် မတားဆီးနိုင်ပေ။

မိန်းမလှလေးက လူစွမ်းကောင်းများကို ချစ်သည်။

ထို့အပြင် ကျွင်းရှောင်ယောက်က လူစွမ်းကောင်းတစ်ဦးမျှသာ မဟုတ်တော့ပါ။

သူက တုနှိုင်းမရသော ဒဏ္ဍာရီ ဖြစ်သည်။

ယွီယွင်ရှန့်၏ မျက်လုံးများက အရောင်တလက်လက်တောက်ပြီး နှလုံးသားမှာလည်း ပြင်းထန်စွာ ခုန်နေခဲ့လေသည်။

ယခင်က မြင်မြင်ချင်း ချစ်မိသွားပြီး အနည်းငယ် ဆွဲဆောင်ခံခဲ့ရသည်။

ယခုတော့ သူမက ကျွင်းရှောင်ယောက်၏ ဆွဲဆောင်မှုအောက်ကို လုံးလုံးလျားလျား ကျဆင်းသွားခဲ့ပြီ။

ထိုအချိန်တွင် စိတ်ကူးယဉ်ကြောမှာ နှစ်မြှုပ်နေသော ယွီယွင်ရှန့်၊ အေးစက်သော အမှန်တရားကြောင့် သတိပြန်ဝင်လာခဲ့သည်။

"အစ်မစန်းယီ၊ ပိုးမင်းသမီးကို မင်းဆုံးဖြတ်လိုက်ပါ"

ကျွင်းရှောင်ယောက်က ကျန်းစန်းယီဘေးသို့ ပြန်လျှောက်လာကာ လေသံအေးအေးဖြင့် ပြောလိုက်သည်။

ယွီယွင်ရှန့်၏ လှပသော မျက်နှာက အနည်းငယ် ညှို့မှိုင်းသွားလေသည်။

ကျွင်းရှောင်ယောက်က အခြားသူကို ထိုသို့ ညင်သာသောလေသံနှင့် ပြောဆိုခြင်းအား ပထမဆုံးအကြိမ် သူမ ကြားလိုက်ခြင်း ဖြစ်သည်။

သူမ၏ နှလုံးသားထဲတွင် ကျွင်းရှောင်ယောက်က အမြဲတမ်း အေးစက်သော အဖြူရောင်လတစ်စင်း၊ ဝေးကွာပြီး မထိ‌တွေ့နိုင်သော အရာတစ်ခု ဖြစ်သည်။

ထိုစကားသံကိုကြားမှ ယွီယွင်ရှန့်ဟာ အဖြူရောင်အဝတ်အစားတွင် သွေးများဖြင့် စွန်းထင်းနေသော အလှလေးကို မြင်လိုက်ရသည်။

သူတို့နှစ်ယောက်လုံးက မိန်းမများဖြစ်သော်လည်း၊ ယွီယွင်ရှန့်၏ လှပသော မျက်လုံးများတွင် အံ့အားသင့်နေသည့် အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။

သွေးစွန်းနေသော အဝတ်အစားများနှင့် ကျန်းစန်းယီ၏ မျက်လုံးများက ကြည်လင်နေသည်။ သူမ၏ မျက်နှာက ဖြူဖျော့ပြီး အားနည်းနေပုံရသော်လည်း ဆွဲဆောင်မှုတို့ မလျော့ကျသွားပေ။ ထိုအစား နှလုံးသားထဲမှ လွမ်းဆွတ်ပြီး သနားသလို ခံစားချက်တို့ ဖြစ်ပေါ်စေခဲ့သည်။

ယောက်ျားတွေကို မဆိုထားနှင့်၊ ယွီယွင်ရှန့်ကဲ့သို့ မိန်းမတစ်ယောက်ပင်လျှင် မြင်သောအခါ သနားသွားမိသည်။

"သူက... ကျန်းမိသားစုရဲ့ နတ်ဘုရားမလား။ သူက ကောလဟာဘတွေအတိုင်း တကယ်လှပါတယ်"

ယွီယွင်ရှန့် ရေရွတ်လိုက်လေသည်။

"ဟင်း၊ မိုက်မဲ‌တဲ့ ကောင်မလေးရယ်"

ယွီဟွာဝမ်က ယွီယွင်ရှန့်၏ပခုံးတစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

‌

အစ်ကိုတစ်ယောက်အနေဖြင့် ယွီယွင်ရှန့်၏ စိတ်အတွေးကို မည်သို့မမြင်ဘဲရှိမည်နည်း။

သို့သော်လည်း ယွီဟွာဝမ်ဟာ သူမ လှုပ်ရှားခြင်းက ကျိုးကြောင်းဆီလျော်မှု ရှိသကဲ့သို့ ခံစားခဲ့ရသည်။

သို့သော်....

ယွီဟွာဝမ် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်က ပိုးမင်းသမီး၏ ကံကြမ္မာကို ကျန်းစန်းယီလက်သို့ လွှဲပြောင်းပေးခဲ့သည်။

ကျန်းစန်းယီလည်း ပိုးမင်းသမီး၏ ဒုက္ခနှင့် အကြံအစည်များကို အမှန်တကယ် မုန်းတီးခဲ့၏။

သို့သော်လည်း နောက်ဆုံးတွင် သူမက ကောင်းကင်ပိုးတောင်ကြား၏ မင်းသမီးလေး ဖြစ်သည်။ ကျွင်းရှောင်ယောက်သာ သူမကို အမှန်တကယ်သတ်လိုက်ပါက နောက်ထပ်ရန်သူတစ်ဦး တိုးလာပေလိမ့်မည်။

ကျွင်းရှောင်ယောက်က ဂရုစိုက်မည်မဟုတ်သော်လည်း ကျန်းစန်းယီကတော့ ကျွင်းရှောင်ယောက်ကို ဒုက္ခမပေးလိုပါ။

"ဒါဆိုရင် ငါတို့ သူ့ကို လွှတ်ပေးလိုက်ရအောင်လား"

ကျန်းစန်းယီက ပြောလိုက်သည်။

ကျွင်းရှောင်ယောက်၏ အမူအရာက ပြောင်းလဲမသွားပေ။

ကျန်းစန်းယီ၏ နှလုံးသားက ဖြူစင်သန့်ရှင်းလွန်း၍မဟုတ်ဘဲ၊ သူ့ကို ပြဿနာမဖြစ်စေလိုခြင်းဖြစ်ကြောင်း သူ သိသည်။

ဤအချိန်မျိုးမှာပင် သူမက သူ့အကြောင်းကို စိတ်နှလုံးအကြွင်းမဲ့ တွေးပေးနေသေးသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ လက်ဖဝါးထဲမှ ပိုးမင်းသမီးက အနည်းငယ် အံ့သြသွားသည်။

'ဒီမိန်းမ…'

ပိုးမင်းသမီး တိတ်ဆိတ်သွား၏။

ကျန်းစန်းယီက သူမကို ‌လွှတ်ပေးမည်ဟု သူ မမျှော်လင့်ထားပေ။

ပိုးမင်းသမီး၏ နှလုံးသားထဲတွင် အတွေးတို့ အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က ပိုးမင်းသမီးကို ဤမျှအလွယ်တကူ အလွတ်ပေးမည် မဟုတ်ပါ။ တစ်ခုခုကို တွေးနေဟန်ဖြင့် သူ့မျက်လုံးများက အရောင်လက်သွားသည်။

"အစ်မစန်းယီ၊ သူ့အပေါ်မှာ ကျွန်အမှတ်အသား ခပ်နှိပ်လိုက်တာက ပိုကောင်းလိမ့်မယ်။ နောက်ထပ် ဆင့်ကဲပြောင်းလဲဖို့ အလားအလာရှိတဲ့ နတ်ပိုးကောင်က အစ်မရဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်ဖို့ အရည်အချင်းပြည့်မီပါတယ်။ အဲဒါကို သူ့အပြစ်အတွက် ခွင့်လွှတ်ခြင်းတစ်ခုအဖြစ် သဘောထားလိုက်တာပေါ့"

ကျွင်းရှောင်ယောက်၏ စကားကြောင့် အားလုံး အံ့အားသင့်သွားခဲ့ကြသည်။

ပိုးမင်းသမီးမှာ ကျွန်အမှတ်အသား စိုက်ထူဖို့...

မင်းက ထိပ်သီး တားမြစ်ပါရမီရှင်တစ်ဦးကို လူသားတစ်ဦးအဖြစ် အမှန်တကယ် မမှတ်ယူဘူးလား။

အာ၊ ဒါပေမဲ့ ပိုးမင်းသမီးက လူသားတစ်ဦးမှ မဟုတ်တာ၊ ဒါဆိုရင် အဆင်ပြေပါတယ်။

"ညီနောင်ကျွင်းရဲ့ စိတ်ကူးက တကယ်လေးစားစရာပါပဲ"

ယွီဟွာဝမ်က ပြုံးပြီး ခေါင်းခါယမ်းလိုက်သည်။

ထိပ်သီး တားမြစ်ပါရမီရှင်ကို အိမ်မွေးတိရိစ္ဆာန်အဖြစ် ခေါ်ဆောင်နိုင်သူ မရှိသေးပေ။

ကျန်းစန်းယီလည်း ပြုံးရုံပြုံးလိုက်သည်။ ပျက်စီးခြင်း ကောင်းကင် အင်မော်တယ်နယ်မြေကြီးတွင် ရှိခဲ့စဉ်က ကျွင်းရှောင်ယောက်ဟာ ကျွန်လက်ခံသော အလေ့အထရှိကြောင်း သူမ သတိရမိ၏။

ယေဘူယျအားဖြင့် လှပသော အမျိုးသမီးကျွန်များကိုသာ လက်ခံထားတတ်သည်။

သို့သော်လည်း ကျန်းစန်းယီက မငြင်းဆန်ခဲ့ပေ။ သူမက သူတော်စင်မတစ်ပါး မဟုတ်ပါ။ တစ်ဖက်လူက အမှားလုပ်ထားသောကြောင့် သဘာဝအတိုင်း ပေးဆပ်ရစေမည် ဖြစ်သည်။

"ဒါဆိုရင် မင်း ရွေးချယ်ပါ။ သေမလား ဒါမှမဟုတ် ရှေးဦးဝိဉာဉ်ရဲ့ ကန့်သတ်ချုပ်ချယ်မှုကို စွန့်လွှတ်ပြီး အစ်မစန်းယီရဲ့ ကျွန်အမှတ်အသား ခပ်နှိပ်တာကို ခွင့်ပြုမလား"

ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။

ပိုးမင်းသမီး တုန်လှုပ်သွား၏။

'ခွင့်မပြုဘူး'ဟု ပြောဝံ့ပါက၊ ကျွင်းရှောင်ယောက်မှ သူမကိုသတ်မည်မှာ သေချာသည်။

ကောင်းကင်ကိုးပါးနှင့် မြေကမ္ဘာဆယ်ခုကို ကြည့်လိုက်လျှင်ပင် ကျွင်းရှောင်ယောက် မသတ်ဝံ့သောသူ မရှိပေ။

"ငါ...ငါ ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်"

ပိုးမင်းသမီးက ရှေးဦးဝိညာဉ်မှ တားမြစ်ချက်များကို ဖယ်ရှားကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။

ကျန်းစန်းယီလည်း ကျွန်အမှတ်အသားကို ခပ်နှိပ်လိုက်သည်။

ပိုးမင်းသမီးက သူမ၏ လုပ်ရပ်အတွက် ပြန်ပေးဆပ်ရပြီး အိမ်မွေးတိရစ္ဆာန် ဖြစ်လာခဲ့ပေသည်။

ယခုအခါ ကျန်းစန်းယီက သူမ၏ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကို အတွေးတစ်ခုတည်းဖြင့် ဆုံးဖြတ်နိုင်ပြီ ဖြစ်သည်။

All Chapters