အခန်း ၈၀၀
Vol. 54 Ch. 800
အခန်း ( ၈၀၀ ) လုံယောက်အာရဲ့ ပထမဆုံးသွေးကို ယူတာ။
တောက်ပသော အလင်းများက အခွင့်အလမ်း နယ်မြေတစ်ခုလုံးကို တောက်ပစေခဲ့သည်။
ရွှေရောင်အလင်းများက ပင်လယ်ကဲ့သို့ လှိုင်းထနေခဲ့သည်။
ခရမ်းရောင် အလင်းများကလည်း တဟုန်းဟုန်းတောက်ကာ နေရာအနှံ့ ပြန့်ကျဲလျက် ရှိ၏။
အစွမ်းထက် တာအိုခန္ဓာနှစ်ခု၏ တိုက်ခိုက်မှုကြောင့် ဧရိယာတစ်ခုလုံး အသိအမှတ် မပြုနိုင်လောက်အောင် ပျက်စီးသွားတော့သည်။
ဤပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုအောက်တွင်...
လုံယောက်အာ လွင့်စဉ်သွားပြီး နာကျင်စွာ ညည်းတွားလိုက်ရသည်။
သူမ၏ သေးငယ်သော လက်သီးလေးက အက်ကွဲသွားပြီး ခရမ်းရောင်သွေးကွက်လေးများ ထွက်လာတော့သည်။
"နင် ယောက်အာကို သွေးထွက်အောင် လုပ်လိုက်တယ်ပေါ့"
လုံယောက်အာက သူမ၏ လက်သီးဆုပ်သေးသေးလေးကို စိုက်ကြည့်ရင်း ကြောင်တက်တက်ဖြင့် ရေရွတ်လိုက်သည်။
သူမ မွေးကတည်းက သွေးထွက်သံယိုဖြစ်ရန် နေနေသာသာ ဒဏ်ရာရခြင်းပင် မရှိခဲ့ပေ။
"နင်... နင်က ငါ့ရဲ့ ပထမဆုံးသွေးကို ယူသွားတဲ့သူပဲ။ နင် လူယုတ်မာ"
လုံယောက်အာ ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်သည်။ သူမ၏ ခရမ်းရောင်မျက်လုံးများကလည်း ဒေါသများ ပေါက်ကွဲတော့မည်။
သူမက ဒေါသကို မထိန်းနိုင်တော့သော နဂါးမလေးကဲ့သို့ပင် ဖြစ်သည်။
ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်၏။
သူမ၏ စကားများက အပြစ်မဆိုသာသော်လည်း ဘာကြောင့် အနည်းငယ် ထူးဆန်းနေသနည်း။
"ဒီမျိုးဆက်ရဲ့ အသျှင်ခန္ဓာက ငါ့ကို စိတ်ဝင်စားမယ်လို့ ထင်ထားခဲ့တာ၊ ဒါပေမဲ့... နုံချာတဲ့ ကောင်မစုတ်လေးတစ်ယောက်ဖြစ်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်လဲ"
ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
"ငါက နင့်ခွန်အားကို စမ်းသပ်ဖို့ ကြိုးစားနေတာဟဲ့။ အခုတော့ ငါ့ခွန်အားကို အပြည့်အဝ ထုတ်ပြတော့မယ်"
လုံယောက်အာ၏ ချစ်စဖွယ် မျက်နှာကလေးက ဒေါသများ ပြည့်နှက်သွားပြီး ထပ်မံ တိုက်ခိုက်လိုက်သည်။
သူမ၏ လက်သီးမှ ဒဏ်ရာကလည်း သဲလွန်စမရှိဘဲ ခဏချင်း ပြန်လည်ကောင်းမွန်သွား၏။
ဤမြင်ကွင်းကိုမြင်တော့ ကျွင်းရှောင်ယောက်၏ မျက်လုံးများက နက်နဲသော အလင်းတစ်ခု လင်းလက်သွားခဲ့သည်။
ကောင်းကင်ကျမ်းများ၏ စွမ်းအား။
'အဲဒါက ဖြစ်နိုင်မလား...'
ကျွင်းရှောင်ယောက်လည်း ကောင်းကင်ကျမ်းကိုးခုထဲမှ တစ်ခုအကြောင်းကို တွေးလိုက်မိသည်။
သို့သော် ယခုအချိန်တွင် ရှည်ရှည်ဝေးဝေး စဉ်းစားရန် အချိန်မရှိပါ။ လုံယောက်အာက သူ့ကို ထပ်မံတိုက်ခိုက်နေပြီ ဖြစ်သည်။
သူမက လက်တစ်ဖက်ဖြင့် အသျှင်ခန္ဓာလက်သီးကို ထုတ်ဖော်လိုက်သည်။ အခြားတစ်ဖက်မှာတော့ ရှေးနဂါးပုံစံတစ်ခု ထွက်ပေါ်လာခဲ့၏။
တစ်ချိန်တည်းမှာပင် နဂါးအငွေ့အသက်များ ပျံ့နှံ့သွားပြီး နဂါးသဏ္ဍာန်တစ်ခုက ကောင်းကင်သို့ ထိုးတက်သွားကာ ဟိန်းဟောက်လိုက်တော့သည်။
ထိုက်ရွှီရှေးနဂါးလက်သီး။
ယင်းက ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏ နတ်ဘုရားသိုင်းဖြစ်ကာ ကောင်းကင်ကိုးခုကို တုန်ခါသွားရန် လုံလောက်ပေသည်။
အကယ်၍၊ လုံယောက်အာသာ အစကတည်းက ဤလက်သီးကို အသုံးပြုခဲ့ပါက အခြား ပါရမီရှင်များမှ သူ့အား ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း အသိအမှတ်ပြုနိုင်ကြလိမ့်မည်။
ယခုအချိန်တွင်၊ လက်တစ်ဖက်နှင့် အသျှင်လက်သီးကို ထုတ်ဖော်ပြီး အခြားတစ်ဖက်နှင့် ထိုက်ရွှီရှေးနဂါးလက်သီးကို ထုတ်ဖော်ထားသော လုံယောက်အာက သူမ၏ ခွန်အားအထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။
အထွတ်အထိပ် တားမြစ်ပါရမီရှင်ဖြစ်သည့် ယွီဟွာဝမ်နှင့် ကျန်းစန်းယီပင်လျှင် ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရမည်ဆိုပါက ဆုံးရှုံးမှုကြီးကြီးမားမား ခံစားရလိမ့်မည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က အားနည်းချက်မရှိပါ။
သူက ခန္ဓာကိုယ်ကြံ့ခိုင်မှုအပြင် ဘက်ပေါင်းစုံမှ ပြီးပြည့်စုံအောင် လေ့ကျင့်ထားခဲ့သူ ဖြစ်သည်။
ကျွင်းရှောင်ယောက်က ထာဝရအင်မော်တယ်ခန္ဓာကို အသက်သွင်းလိုက်သည်။ ထိုအခါ သူ့ခန္ဓာကိုယ်ရှိ အင်မော်တယ်အရိုး နှစ်ရာခြောက်ခုက အလင်းဖြာထွက်ပြီး ပဲ့တင်ထပ်လာခဲ့၏။
ရုပ်ခန္ဓာ အင်မော်တယ်စွမ်းအင်ကလည်း ထွက်ပေါ်လာရာ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အလွန်တိုးတက်လာတော့သည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာ၊ နတ်ဆင်တစ်သိန်းစွမ်းအား၊ ထာဝရအင်မော်တယ်ခန္ဓာနှင့် ရုပ်ခန္ဓာ အင်မော်တယ်စွမ်းအင်။
ဤအခိုက်တွင် ကျွင်းရှောင်ယောက်က သူ့ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ရှားရုံမျှဖြင့် ဟင်းလင်းပြင်ကို အက်ကွဲသွားစေနိုင်ပြီ ဖြစ်သည်။
"နင့်မှာ ရုပ်ခန္ဓာ အင်မော်တယ်စွမ်းအင်ရှိတော့ရော ဘာဖြစ်လဲ။ ဟွန့်"
ယင်းကိုမြင်တော့ လုံယောက်အာက အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ သေးသွယ်သွယ် သူ့ခန္ဓာကိုယ်က တုန်ခါသွားပြီးနောက် ခရမ်းရောင်သွေး အင်မော်တယ်စွမ်းအင်တစ်ခု ထွက်ပေါ်လာခဲ့၏။
ယင်းက ထိုက်ရွှီရှေးနဂါးမျိုးနွယ်စု၏ ချီနှင့် အသျှင်ခန္ဓာသွေးတို့ကို ပေါင်းစပ်ထားသော ခရမ်းရောင်သွေး အင်မော်တယ်စွမ်းအင် ဖြစ်တော့သည်။
ခရမ်းရောင်သွေး အင်မော်တယ်စွမ်းအင်၏ ထောက်ပံ့မှုအောက်တွင် လုံယောက်အာက ပို၍ အားကောင်းလာခဲ့သည်။
နှစ်ယောက်သား ပြင်းထန်သော တိုက်ပွဲတစ်ခုကို တစ်ဖန် စတင်ပြန်တော့သည်။
ကျွင်းရှောင်ယောက်၏ သန့်စင်သော အလင်းများက ကောင်းကင်ကို တုန်လှုပ်စေခဲ့သည်။ သူက အလင်းထဲမှ ပြိုင်ဘက်ကင်းသော နတ်ဘုရင်တစ်ပါးကဲ့သို့ ကမ္ဘာကြီးကို လွှမ်းမိုးထား၏။
လုံယောက်အာကမူ အလွန်ချစ်စရေကောင်းသလောက် သူမ၏ ပုံစံနှင့် မလိုက်ဖက်သော ကြောက်စရာကောင်းသည့် တိုက်ခိုက်နိုင်စွမ်းကို ထုတ်ဖော်နေတော့သည်။
သူမ၏ သေးငယ်သော ခန္ဓာကိုယ်ကလေးက ကောင်းကင်ကို ဖြိုခွဲနိုင်သော စွမ်းအားများ ရှိသည်။
အသက်ရှူချိန် ဒါဇင်ချီအတွင်း နှစ်ယောက်သား တိုက်ကွက်ရာချီကာ ရင်ဆိုင်ခဲ့ကြသည်။
ကျယ်လောင်သော ပေါက်ကွဲသံများနှင့် ဟင်းလင်းပြင်က တုန်ခါနေခဲ့လေသည်။
"နင်..."
လုံယောက်အာလည်း သူမ ဖိနှိပ်ခံနေရမှန်း သိရသောကြောင့် ဒေါသပိုဖြစ်လာခဲ့သည်။
ကျွင်းရှောင်ယောက်၏ တိုက်ခိုက်နိုင်စွမ်းက အလွန် ကြောက်မက်ဖွယ်ကောင်းပေသည်။ သူမ၏ လှုပ်ရှားမှုများကို အမြဲမြင်နေသကဲ့သို့ ဖမ်းဆုပ်ပြီး တန်ပြန်တိုက်ခိုက်နိုင်သည်။
နှိုင်းယှဉ်ကြည့်ရလျှင်၊ လုံယောက်အာကို လုံယွမ်က ကောင်းစွာသင်ကြားပေးထား၍ တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝနေပြီ ဖြစ်သည်။
သို့သော်လည်း တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝလွန်းသည့် ဘိုးဘေးကြီး ကျွင်းရှောင်ယောက်နှင့်ယှဉ်လျှင် အနည်းငယ် လိုအပ်နေဆဲပင်။
ကျွင်းရှောင်ယောက်က လွမ်ကုနှလုံးသားနတ်ဆိုးနှင့်ပင် တိုက်ခိုက်ခဲ့သူ ဖြစ်သည်။
လွမ်ကုဧကရာဇ်က သူ့ဘဝတစ်လျှောက်လုံး တိုက်ပွဲများကြားတွင် ကုန်ဆုံးခဲ့သူဖြစ်ကာ ဧကရာဇ်များကြားမှာပင် ထိပ်တန်းအဆင့် ဖြစ်သည်။
ကျွင်းရှောင်ယောက်က လွမ်ကုဧကရာဇ်နှင့် တိုက်ပွဲတွင် တိုက်ပွဲအတွေ့အကြုံ အတော်တိုးတက်ခဲ့ရပေသည်။
ထို့ကြောင့် နှိုင်းယှဉ်ကြည့်လျှင် ကျွင်းရှောင်ယောက်က တိုက်ခိုက်နိုင်စွမ်းအရ ဘက်ပေါင်းစုံမှ လုံယောက်အာကို သဘာဝအတိုင်း ဖိနှိပ်နိုင်ခဲ့သည်။
"ဝုန်း"
နောက်ထပ် ထိုးနှက်ချက်တစ်ခု ရင်ဆိုင်ပြီးနောက် လုံယောက်အာ နောက်ပြန်ဆုတ်သွားခဲ့ရသည်။ သူမ၏ နှုတ်ခမ်းထောင့်မှ သွေးစတချို့ပေါ်လာပြီး နံရိုးအနည်းငယ်လည်း ကျိုးသွားပုံရ၏။
တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်က သူ၏လက်များ အနည်းငယ်ထုံကျဥ်နေရုံမှလွဲ၍ အခြားဒဏ်ရာမရှိခဲ့ပေ။
"မင်းရဲ့ စွမ်းရည်အမှန်ကို ထုတ်ဖော်လိုက်ပါ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
စစ်မှန်သည့် ကောင်းကင်အသျှင်များက ဤမှမရိုးရှင်းကြပေ။
လုံယောက်အာက သူ၏ဝှက်ဖဲကို မထုတ်ဖော်သေးဘဲ ကျွင်းရှောင်ယောက်နှင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်နိုင်သည်။
ယင်းမှ လုံယောက်အာ၏ အင်အားကို သက်သေပြရန် လုံလောက်ပေသည်။
"ဟွန့်၊ နင်က ဗဟုသုတရှိသားပဲ။ ငါ့ရဲ့ တကယ့်နည်းလမ်းကို မသုံးရသေးမှန်း သိတယ်"
လုံယောက်အာက နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
"မဟာလေဟာပြင်နတ်အမှတ်အသား"
လုံယောက်အာက ထပ်မံလှုပ်ရှားလိုက်သည်။ ယင်းက ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏ နတ်ဘုရားသိုင်းဖြစ်ပြီး သူမ၏ အဆုံးစွန်နည်းလမ်းတစ်ခုလည်း ဖြစ်တော့သည်။
လေထဲတွင် အရာအားလုံးကို ဖြတ်တောက်နိုင်ပြီး ကျွင်းရှောင်ယောက်ကို သတ်ဖြတ်တော့မည်ကဲ့သို့ နဂါးပုံသဏ္ဍာန် နတ်ဘုရားအမှတ်အသားတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကျွင်းရှောင်ယောက်က သူ့လက်ချောင်းကို ဓားအဖြစ်သုံးပြီး အင်မော်တယ်သတ်ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။ ကြီးမားသော ဓားအလင်းတစ်ခုက ကောင်းကင်ကို ဖြတ်ကာ ထွက်ပေါ်လာခဲ့၏။
နှစ်ဖက် ထိပ်တိုက်တွေ့ဆုံသည်နှင့် စူးရှတောက်ပသော အလင်းတစ်ခု ထွက်ပေါ်လာတော့သည်။
လုံယောက်အာက ချယ်ရီနှုတ်ခမ်းများကို လှုပ်ရုံမျှဖြင့် ရှေးဟောင်းကျမ်းတစ်ခုကို ရေရွတ်လိုက်သည်။
ယင်းက ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏ အမွေဖြစ်သော ထိုက်ရွှီအင်မော်တယ်ကျမ်းပင်။
လေထဲတွင် ရှေးဟောင်းနဂါးကိုးကောင်ကဲ့သို့ စာလုံးကိုးခု ထွက်ပေါ်လာခဲ့သည်။ တစ်ခုချင်းစီက ကြယ်တစ်ပွင့်ကဲ့သို့ အဆုံးမဲ့တောက်ပမှုတို့ ထုတ်လွှတ်နေခဲ့၏။
ရှေးနဂါး စာလုံးကိုးခုက ကြယ်ကိုးပွင့် ကြွေကျသကဲ့သို့ ကျွင်းရှောင်ယောက်ပေါ်ကို ကျရောက်လာတော့သည်။
"ဒါက ထိုက်ရွှီရှေးနဂါးမျိုးနွယ်ရဲ့ အင်မော်တယ်ကျမ်းလား"
ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။
သူက တည်ငြိမ်စွာ တုံ့ပြန်ပြီး အလျားလိုက်နှင့် ဒေါင်လိုက် ဓားအလင်းနှစ်ခုကို ထုတ်ဖော်လိုက်၏။
လက်ဝါးကပ်တိုင်ကဲ့သို့ အက်ကြောင်းတစ်ခု ပေါ်လာပြီးနောက် လျင်မြန်စွာ ကျယ်ပြန့်လာတော့သည်။
လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်၊ ကြယ်ကောင်းကင်ဆုံမှတ်။
ကြီးမားသော ဟင်းလင်းပြင်အက်ကြောင်းက လက်ဝါးကပ်တိုင်သဏ္ဌာန် ဂလက်ဆီတစ်ခုဖွဲ့စည်းရန် အစီအရီချိတ်ဆက်ထားသော ကြယ်များစွာကဲ့သို့ပင်။
လုံယောက်အာ၏ ထိုက်ရွှီအင်မော်တယ်ကျမ်းမှ ရှေးနဂါး စာလုံးကိုးခုက ဟင်းလင်းပြင်အက်ကြောင်းနှင့် တိုက်မိသွားခဲ့သည်။
"အင်မော်တယ်ကျမ်း၊ အဲဒါက ထိုက်ရွှီရှေးနဂါးမျိုးနွယ်ရဲ့ အင်မော်တယ်ကျမ်းပဲ"
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကျတော့ လွမ်ကုဧကရာဇ်ရဲ့ လျှို့ဝှက်ကျဉ့်စဉ်ကို သုံးတာ"
ပတ်ဝန်းကျင်မှ ပါရမီရှင်များ အံ့အားသင့်စွာ ပြောဆိုလိုက်ကြသည်။
ဤလူနှစ်ဦးတွင် တစ်ယောက်က အင်မော်တယ်ကျမ်းကို ထုတ်ဖော်ထားပြီး ကျန်တစ်ဦးက လျှို့ဝှက်ကျဉ့်စဉ်ကို အသုံးပြုသည်။ နှစ်ခုစလုံးက အလွန်အစွမ်းထက်သော နည်းလမ်းများ ဖြစ်၏။
ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် ကောင်းကင်အသျှင်ခန္ဓာက မျှော်လင့်ထားသည့်အတိုင်း ထိပ်တိုက်ရင်ဆိုင်တွေ့သည့်အခါ လက်မလျှော့ကြပေ။
"ဝုန်း"
ကောင်းကင်နှင့်မြေက အလင်းရောင် ပျောက်ကွယ်သွားခဲ့သည်။
ထိုတိုက်ခိုက်မှုမှ နောက်ဆက်တွဲ သက်ရောက်မှုလှိုင်းများကြောင့် ပါရမီရှင်များစွာ ဒဏ်ရာရရှိသွားကြသည်။
ဤတစ်ကြိမ်တွင်လည်း လုံယောက်အာ၏ အရိုးတချို့ကျိုးကာ သွေးတစ်ပွက်အန်ရင်း နောက်သို့ဆုတ်သွားရ၏။
ကျွင်းရှောင်ယောက်လည်း ခြေလှမ်းတစ်ရာခန့် နောက်ပြန်ဆုတ်သွားပြီး သူ့တစ်ကိုယ်လုံး တုန်ခါသွားတော့သည်။
"အသျှင်ခန္ဓာ ဒဏ်ရာရသွားပြီ"
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်လည်း နောက်ဆုတ်သွားရတယ်"
အရပ်ရပ်မှ ပါရမီရှင်တိုင်း ပင့်သက်ရှိုက်လိုက်သည်။
ဤတိုက်ပွဲသည် ပင်အပ်နှစ်ချောင်း၏ ထိပ်တိုက်ရင်ဆိုင်မှုကဲ့သို့ဖြစ်ပြီး နှစ်ဘက်စလုံးက အလျှော့မပေးလိုပါ။
သို့သော်လည်း လက်ရှိအခြေအနေကိုကြည့်လျှင်၊ ကျွင်းရှောင်ယောက်က တွန်းလှန်ခံရပြီး သူ့ခန္ဓာကိုယ် တုန်လှုပ်သွားသည့်တိုင် လုံယောက်အာထက်တော့ အခြေအနေ ပို၍ ကောင်းခဲ့သည်။