← Chapters

အခန်း ၈၀၂

Vol. 54 Ch. 802

အခန်း ၈၀၂

Vol. 54 Ch. 802

အခန်း ( ၈၀၂ ) ပြိုင်ဘက်ကင်းတဲ့ ဒဏ္ဍာရီ ရှုံးနိမ့်တော့မှာလား၊‌ ကြီးမားတဲ့ အပြောင်းအလဲ၊ အရပ်ရပ်ကို ထိတ်လန့်တုန်လှုပ်စေခြင်း။

ကျွင်းရှောင်ယောက်က သူ့ပြိုင်ဘက်များကို တည်ငြိမ်အေးဆေးစွာ ဆက်ဆံလေ့ရှိသည်။

သို့ရာတွင်၊ ယင်းက သူ့ပြိုင်ဘက်ကို လျှော့တွက်မည်ဟု မဆိုလိုပေ။

ယခုအချိန်တွင်၊ လုံယောက်အာက သေစေနိုင်သော နည်းလမ်းမျိုးဖြစ်သည့် နတ်သဏ္ဍာန်ကိုးခုကို တပြိုင်နက်တည်း ထုတ်ဖော်လာပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်လည်း သဘာဝအတိုင်း လျှိုမနေတော့ပေ။

သူ့ပတ်ဝန်းကျင်တွင် ဖရိုဖရဲ စွမ်းအင်များက ဒီရေကဲ့သို့ ထိုးတက်လာခဲ့သည်။

ကြာပန်းများ ပွင့်လန်းလာခဲ့၏။

ထို့နောက် သူ၏ဦးခေါင်းထက်တွင် ယင်ယန် ထိုက်ကျိကားချပ်တစ်ခု ပေါ်လာတော့သည်။

ရှေးဦးပျက်စီးခြင်း မိုးပြာရောင် ကြာပန်း။

ယင်ယန်သေခြင်းရှင်ခြင်းကားချပ်။

ထို့ပြင် သူတော်စင်တစ်သောင်း အရိုအသေပေးခြင်းနှင့် အင်မော်တယ်ဘုရင်လင်းကျိုးထျန်းလည်း ရှိသည်။

မြင့်မြတ်ခန္ဓာ၏ သဘာဝရူပါရုံလေးခုက တပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

"သူ့မှာ ရူပါရုံလေးခု ရှိနေခဲ့ပြီပဲ။ ကံမကောင်းချင်တော့ မြင့်မြတ်ခန္ဓာရူပါရုံက ခြောက်ခု ရှိတယ်။ ပြောရရင် သူ့မှာ မလေ့ကျင့်ရသေးတဲ့ ရူပါရုံနှစ်ခု ရှိသေးတယ်"

"အမှန်ပါပဲ၊ ကောလဟာလတွေအရ ရှေးဟောင်းမြင့်မြတ်ခန္ဓာရဲ့ ရူပါရုံခြောက်ခုသာ အပြည့်အ၀ဖွဲ့စည်းပြီးရင် ရန်သူအားလုံးကို ဖြုတ်ချနိုင်တဲ့ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်ခု ဖြစ်ပေါ်လာနိုင်တယ်"

"အင်း၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်သာ ရူပါရုံကြီးခြောက်ခုကို လေ့ကျင့်နိုင်ခဲ့မယ်ဆိုရင်၊ နတ်သဏ္ဍာန်ကိုးခုထက် အားနည်းမှာမဟုတ်ဘူး။ ဒါပေမဲ့၊ စိတ်မကောင်းစရာက..."

ပါရမီရှင် တော်တော်များများက ကျွင်းရှောင်ယောက်ကို သနားသလို ခေါင်းခါယမ်းပြီး သက်ပြင်းချလိုက်ကြသည်။

သူ၏ ပြိုင်ဘက်ကင်းသော ကိုယ်ဟန်အနေအထား၊ မြင့်မြတ်ခန္ဓာ ရူပါရုံခြောက်ခုအရ လုံယောက်အာ၏ လွှမ်းမိုးချုပ်ကိုင်ထားသော နတ်သဏ္ဍာန်ကိုးပါးနှင့် ဆက်ဆံရာတွင် ပြဿနာများစွာ မရှိသင့်ပေ။

အနိုင်ရရှိရန်ပင် အခွင့်အလမ်း ရှိသည်။

သို့သော်လည်း ယခုအချိန်မှာတော့ ကျွင်းရှောင်ယောက်တွင် ရူပါရုံကြီးလေးခုသာ ရှိသေးသည်။ လုံယောက်အာ၏ ပြီးပြည့်စုံသော နတ်သဏ္ဍာန်ကိုးခုကို ရင်ဆိုင်ရပါက ဆုံးရှုံးမှုကြီးကြီးမားမား ခံစားရမည်မှာ သေချာသည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ ရူပါရုံကြီးနှစ်ဖက် တိုက်မိသောအခါ...

နတ်သဏ္ဍာန်ကိုးခုက ပြီးပြည့်စုံစွာ တစ်ခုတည်းအဖြစ် စုစည်းသွားပြီး မြင့်မြတ်ခန္ဓာ ရူပါရုံလေးခုအား လုံးလုံးလျားလျား ဖိနှိပ်သွားတော့သည်။

ရူပါရုံလေးခုက အလွန်အားကောင်းသော်လည်း မပြည့်စုံသေးပါ။ ယင်းတို့က ရူပါရုံခြောက်ခုကို ပေါင်းစည်းထားခြင်း မဟုတ်ပေ။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် အခု အန္တရာယ်ကျရောက်နေပြီ"

ထိပ်သီး ပါရမီရှင်များက တိုက်ပွဲကို စေ့စေ့စပ်စပ် စောင့်ကြည့်နေခဲ့ကြသည်။

ဤအခိုက်တွင် ကျင့်ကြံသူအားလုံး အသက်ရှုရပ်သွားပုံရ၏။

အဖြူရောင်ဝတ်စုံနှင့် ချောမောခန့်ညားပြီး ပြိုင်ဘက်ကင်းသည့် ဒဏ္ဍာရီ အသျှင်ခန္ဓာလက်တွင် အဆုံးသတ်တော့မည်လော။

နတ်သဏ္ဍာန်ကိုးခုက ကျွင်းရှောင်ယောက်ကို ဝိုင်းရံကာ စတင်သန့်စင်ခဲ့သည်။

ထိုဘက်ခြမ်းရှိ လေဟာပြင်က တိုက်ရိုက်ပြိုကွဲသွားပြီး နတ်သဏ္ဍာန်ကိုးခုကြောင့် ဗလာနယ်အဖြစ်သို့ ပြောင်းလဲသွား၏။

ယင်းမှ ထိုစွမ်းအားမှာ မည်မျှ ကြောက်စရာကောင်းကြောင်း မြင်နိုင်သည်။

ထိုအထဲတွင် ပိတ်မိနေသော ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်လည်း တုန်ခါသွားခဲ့သည်။ ချောင်းဆိုးရင်း သွေးများ အန်ထွက်လာခဲ့၏။ အက်ကြောင်းများကလည်း သူ့ခန္ဓာကိုယ် အရေပြားပေါ်တွင် ပေါ်လာတော့သည်။

"ဘာ"

ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် အားလုံး အံ့ဩသွားကြသည်။

မျိုးဆက်သစ်လူငယ်များကြားတွင် ပြိုင်ဘက်ကင်းဟုဆိုသော ကျွင်းမိသားစု၏ နတ်ဘုရားသားတော် ချောင်းဆိုးရင်း သွေးများ အန်ထွက်ခဲ့၏။ သူ့ခန္ဓာကိုယ် အရေပြားမှာလည်း စတင်အက်ကွဲလာတော့သည်။

ယင်းက မယုံနိုင်စရာဖြစ်သည်၊ ဤသတင်း ထွက်ပေါ်လာပါက အားလုံး တုန်လှုပ်ကြလိမ့်မည်။

ကျွင်းရှောင်ယောက်ဟာ မွေးဖွားလာကတည်းက မျိုးဆက်သစ်လူငယ်များကို အလျားလိုက် တွန်းပို့ခဲ့ကာ ဘယ်တုန်းကမျှ မရှုံးနိမ့်ခဲ့ပေ။

သူဟာ ဒဏ္ဍာရီဆန်ဆန်နှင့် ပြိုင်ဘက်ကင်းသော တည်ရှိမှု ဖြစ်၏။

သူက အင်မော်တယ်နယ်မြေကြီး၏ အလိုတော်ကို ကြောက်ရွံ့စေသည်အထိ ကိုယ်ပိုင်လမ်းကိုဖောက်ပြီး၊ ကောင်းကင်နှင့် ကစားဝံ့သည့် တည်ရှိမှု ဖြစ်သည်။

ထို့ပြင် ကျွင်းရှောင်ယောက်ကို သွေးအန်အောင် တိုက်ခိုက်နိုင်သည့် ပါရမီရှင် ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။

ယခုတော့ သူ့ခန္ဓာကိုယ်က တုန်ခါပြီး သူ့နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျနေပြီ ဖြစ်သည်။

ယင်းက လူတိုင်းကို မယုံနိုင်လောက်အောင် ခံစားရစေခဲ့သည်။

"ဟမ်၊ ဒါက ဘယ်လိုဖြစ်တာလဲ"

မျက်မှောင်ကြုတ်ရင်း ယွီဟွာဝမ်၏ မျက်လုံးများက နက်နဲသွားခဲ့သည်။

ဘေးနားမှ ယွီယွင်ရှန့်လည်း မျက်နှာဖြူဖျော့သွား၏။ သူမ၏ နှလုံးသားက ရုတ်တရက် တင်းကျပ်လာကာ ယွီဟွာဝမ်၏ အင်္ကျီလက်ကိုဆွဲပြီး ပြောလိုက်သည်။

"အစ်ကို၊ ကျွင်းသခင်လေးကို မကူညီတော့ဘူးလား"

"စိတ်မပူပါနဲ့၊ ညီနောင်ကျွင်းက ဒီလိုနဲ့ ကျဆုံးသွားမှာ မဟုတ်ဘူး"

ယွီဟွာဝမ်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

မျိုးဆက်သစ်လူငယ်များထဲတွင် ကျွင်းရှောင်ယောက်ကို သတ်နိုင်သောသူ မရှိသလောက်ပင်။

အသျှင်ခန္ဓာ လုံယောက်အာပင်လျှင် ကျွင်းရှောင်ယောက်ကို တိုက်ရိုက်သတ်နိုင်စွမ်းမရှိပေ။

ထို့ပြင် ယွီဟွာဝမ်၏စိတ်ထဲမှာ တစ်ခုခု မှားနေသကဲ့သို့ အမြဲခံစားခဲ့ရသည်။

"ညီနောင်ကျွင်းက သူ့ခွန်အားကို ဖုံးကွယ်ထားသေးတာများလား"

ယွီဟွာဝမ်က တစ်ယောက်တည်း ပြောနေသလို တီးတိုးရေရွတ်လိုက်သည်။

တစ်ဖက်တွင်၊ မင်းသမီးလုံကျိ၏ နှလုံးသားသည်လည်း အခုန်မြန်လာခဲ့သည်။ ကျွင်းရှောင်ယောက်အတွက် သူမ စိုးရိမ်ပူပန်လာ၏။

နောက်ဆုံးတော့ ကျွင်းရှောင်ယောက်က သူမကို ကယ်တင်ရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူ တစ်ခုခု ဖြစ်ခဲ့လျှင်...

"မဟုတ်ဘူး... သူက ဒီလိုလူမျိုးမဟုတ်ဘူး..."

မင်းသမီးလုံကျိ၏ စိတ်ထဲတွင် တည်ငြိမ်သော မျက်နှာထားနှင့် အရာရာကို လျစ်လျူရှုထားသော အဖြူရောင်ဝတ် ရုပ်သွင်တစ်ခု ပေါ်လာခဲ့သည်။

အောင်ပွဲက သူ့လက်ထဲတွင် ရှိနေသလို အလွန်ယုံကြည်မှုရှိပြီး တည်ငြိမ်မှုရှိ၏။

သူ့ကို ကြောက်ရွံ့မှုအား ပြသစေနိုင်သည့် မည်သူမျှ သို့မဟုတ် မည်သည့်အရာမျှ မရှိပါ။

သူဟာ အကြံအစည်ကောင်းပြီး နားမလည်နိုင်သလို အားကောင်းလွန်းသော တည်ရှိမှု ဖြစ်သည်။

လုံယောက်အာကဲ့သို့‌ လော့လီလေးက သူ့ကို မည်သို့ အနိုင်ယူနိုင်မည်နည်း။

ယင်းက အနည်းငယ် ရယ်စရာဖြစ်နိုင်သည်။

"ကျွင်းရှောင်ယောက်၊ ဒီတစ်ကြိမ်တော့ နင် ကျိန်းသေပေါက် ကျရှုံးလိမ့်မယ်။ ဒီအသျှင်က နင့်ရဲ့ ပြိုင်ဘက်ကကင်း ဒဏ္ဍာရီကို အဆုံးသတ်ပါရစေ"

အင်အားအပြည့် ထုတ်ဖော်ထားသောကြောင့် လုံယောက်အာ၏ ခရမ်းရောင်မျက်လုံးများက နတ်အလင်းများဖြင့် တောက်ပနေခဲ့သည်။

သူမ၏ နတ်ဘုရားစွမ်းအင် ပို့လွှတ်လိုက်သည်နှင့် နတ်သဏ္ဍာန်ကိုးခုက ပို၍ အားကောင်းလာခဲ့၏။

ရှေးဦရွှေနဂါးသွေးနှင့် ကောင်းကင်အသျှင်သွေးကို အပြည့်အဝ ထုတ်ဖော်လိုက်ရာ မိုးနှင့်မြေက နတ်အလင်းများဖြင့် တဟုန်းဟုန်း တောက်လောင်နေတော့သည်။

နတ်သဏ္ဍာန်ကိုးခု၏ စွမ်းအားကလည်း ပို၍ အားကောင်းလာပြီး ကျွင်းရှောင်ယောက်ရှိနေသည့် နေရာကို လုံးလုံး ချေမှုန်းပစ်လိုက်သည်။

ကျွင်းရှောင်ယောက်က နတ်သဏ္ဍာန်ကိုးခုကို ခုခံရန် ကြိုးစားနေသေးသော်လည်း...

သူ့ခန္ဓာကိုယ် မျက်နှာပြင်မှာ အက်ကွဲကြောင်းများ ပိုများလာပြီး သွေးစိမ်းရှင်ရှင် စီးကျနေတော့သည်။

ပတ်ဝန်းကျင်မှ ပါရမီရှင်များလည်း အာရုံစိုက်ပြီး စူးစိုက်ကြည့်နေခဲ့ကြသည်။

ကျွင်းရှောင်ယောက် ဤမျှဒဏ်ရာရရှိခြင်းကို သူတို့ ပထမဆုံးအကြိမ် တွေ့ဖူးကြခြင်းပင်။

"ပြီးသွားပြီ၊ ကျွင်းရှောင်ယောက်"

လုံယောက်အာက ကျွင်းရှောင်ယောက်ဆီသို့ ပြေးဝင်သွားကာ လက်သီးဖြင့် အစွမ်းကုန် ထိုးနှက်လိုက်သည်။

ကျွင်းရှောင်ယောက်က နတ်သဏ္ဍာန်ကိုးခု၏ ဖိနှိပ်ခံရခြင်းကြောင့် ကောင်းစွာ မလှုပ်ရှားနိုင်တော့ပေ။ ဤအခိုက်တွင် လုံယောက်အာ၏ လက်သီးချက်က တစ်ဖန် ကျရောက်လာခဲ့သည်။

သူ့ခန္ဓာကိုယ်က ဒယီးဒယိုင်ဖြင့် ဆုတ်သွားပြီး ခန္ဓာကိုယ် ပြိုကွဲတော့မည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ဤမြင်ကွင်းကို ပတ်ဝန်းကျင်မှ ပါရမီရှင်များအပြင်...

ကြယ်ကောင်းကင်၏ နက်နဲရာအရပ်မှ တိုက်ပွဲကို စောင့်ကြည့်နေသည့် ပုဂ္ဂိုလ်ကြီးများပင် သတိပြုမိသွားကြသည်။

"ပြီးပြီလား"

"မြင့်မြတ်ခန္ဓာရဲ့ ပြိုင်ဘက်ကင်းတဲ့ ဒဏ္ဍာရီက ဒီနေရာမှာ အဆုံးသတ်ရတော့မယ်"

"မဟုတ်ဘူး၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ဒီလိုမျိုး မဖြစ်သင့်ဘူး၊ သူ့မှာ ဝှက်ဖဲတွေ ရှိနေလိမ့်ဦးမယ်"

အချို့သော ပုဂ္ဂိလ်ကြီးများက လျှို့ဝှက်စွာ ပြောဆိုနေခဲ့သည်။

ကျွင်းရှောင်ယောက်ကို ရန်ငြိုးထားသူများကတော့ ဤမြင်ကွင်းကို မြင်ရပြီးနောက် ဝမ်းသာသွားကြသည်။

ကြယ်ကောင်းကင်ရှိ လုံယောက်အာ၏ အုပ်ထိန်းသူ လုံယွမ်လည်း ဤမြင်ကွင်းကို မြင်ရပြီးနောက် အိုမင်းသော သူ့မျက်နှာတွင် ကျေနပ်မှုအပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

"အသျှင်ဘိုးဘွားနန်းတော်နဲ့ ငါ့ရဲ့ ထိုက်ရွှီရှေးနဂါးမျိုးနွယ်က လေ့ကျင့်ပေးခဲ့ရတာ အချည်းနှီးမဟုတ်ဘူးပဲ။ ယောက်အာ၊ မင်းငါ့ကို စိတ်မပျက်စေခဲ့ဘူး"

လုံယွမ်၏ အိုမင်းသောမျက်နှာက စိတ်သက်သာရာရမှုတစ်ခု ပေါ်လာခဲ့လေသည်။

ယခင်ကတော့ ကျွင်းရှောင်ယောက်ကို လုံယောက်အာ ရှုံးနိမ့်သွားမည်အား အနည်းငယ် စိုးရွံ့ခဲ့သည်။

ယင်းက အသျှင်ခန္ဓာဟူသည့် သူ့ဂုဏ်သိက္ခာကို ဆုံးရှုံးစေရုံသာမကဘဲ တာအိုနှလုံးသားကိုလည်း မတည်မငြိမ် ဖြစ်စေလိမ့်မည်။

ယခုတော့ သူ အတွေးလွန်နေပုံရသည်။

လက်ရှိအခြေအနေတွင် ကျွင်းရှောင်ယောက် မလွယ်တော့ဘူးဟု လူတိုင်း ထင်သွားခဲ့ကြသည်။

သူ၏ ဝှက်ဖဲအစစ်ကို မသုံးပါက ဒီရေကိုလှည့်ရန် ခက်လိမ့်မည်။

"ကျွင်းရှောင်ယောက်၊ နင့်ကို အခွင့်အရေးထပ်ပေးမယ်။ ငါ့ရဲ့ အိမ်မွေးကောင်လေးဖြစ်လာပါ၊ ဒါဆိုရင် ငါ နင့်ကို ဒီလို အရှက်ရစရာအခြေအနေက လွတ်မြောက်ခွင့်ပေးမယ်"

လုံယောက်အာက တခစ်ခစ်ရယ်လိုက်သည်။ ဤအခိုက်တွင် သူမက အလွန် သက်တောင့်သက်သာရှိသလို ခံစားနေခဲ့ရလေသည်။

"အဲဒါက တကယ်တော့ မလိုအပ်ဘူး"

ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြုံးလိုက်၏။

သူ့နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျလာပြီး သူ့ခန္ဓာကိုယ် အက်ကွဲသွားသော်လည်း သူ့အမူအရာကတော့ တည်ငြိမ်အေးဆေးနေဆဲပင်။

"ဟင်း၊ ဒါဆိုရင်လည်း တခြားနည်းလမ်းမရှိတော့ဘူးပေါ့"

လုံယောက်အာက စိတ်မကောင်းသောအကြည့်ဖြင့် ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

သူမက နောက်တစ်ဖန် လှုံ့ဆော်လိုက်ရာ နတ်သဏ္ဍာန်ကိုးခုက စကြာဝဠာပြိုကျသကဲ့သို့ ပေါက်ကွဲသွား၏။

ထိုနေရာတွင် တည်ရှိနေသော ကျွင်းရှောင်ယောက်သည်လည်း ပေါက်ကွဲသံကြီးနှင့်အတူ ခန္ဓာကိုယ် တစ်စစီ ပေါက်ကွဲသွားတော့သည်။

"ဟာ"

နေရာပေါင်းစုံမှ မရေမတွက်နိုင်သော အာမေဋိတ်များ ထွက်ပေါ်လာခဲ့သည်။

ကျန်းစန်းယီ၏ နှလုံးသားမှာလည်း ဒိန်းခနဲ ခုန်ပေါက်သွား၏။

လုံယောက်အာ၏ ခရမ်းရောင် မျက်လုံးများပင် အနည်းငယ် ပြူးကျယ်သွားခဲ့သည်။

နတ်သဏ္ဍာန်ကိုးခုက ကြောက်စရာကောင်းသော်လည်း ကျွင်းရှောင်ယောက်ကို တိုက်ရိုက် သေစေနိုင်သည်တော့ မဟုတ်ပေ။

အရာအားလုံး တိတ်ဆိတ်သွားခဲ့သည်။

ဤသို့ တိတ်ဆိတ်ငြိမ်သက်သွားချိန်တွင် တည်ငြိမ်ကာ နွေးထွေးသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

"ဒီနတ်ဘုရားသားတော်က မင်းကို လျှော့တွက်ထားမိပုံရတယ်။ ဓမ္မခန္ဓာက မင်းကို ဖိနှိပ်ဖို့ မလုံလောက်ဘူး"

စကားသံအဆုံးတွင် ကောင်းကင်ယံမှ ဟင်းလင်းပြင် အက်ကြောင်းတစ်ခု ရုတ်တရက် ပွင့်ထွက်လာခဲ့သည်။

ထို့နောက် ရွှေရောင်အလင်းတန်းများအလယ်တွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော ရုပ်သွင်တစ်ခု ထွက်ပေါ်လာ၏။

နတ်ဘုရားတစ်ပါးကဲ့သို့ အရောင်ဝါမျိုးဖြင့် ထိုရုပ်သွင်ကတော့...

ကျွင်းရှောင်ယောက်မှတစ်ပါး အခြား မဟုတ်တော့ပေ။

ဤအခိုက်အတန့်တွင် ပါရမီရှင်အားလုံး အံ့အားသင့်သွားခဲ့ကြသည်။ အံ့ဩလွန်း၍ မျက်လုံးများ ကျွတ်ထွက်မတတ် ပြူးကျယ်သွား၏။

ကြယ်ကောင်းကင်၏ နက်နဲသောအရပ်မှ ပုဂ္ဂိုလ်ကြီးများလည်း ကြောင်အခြင်း၊ ရယ်ချင်ပက်ကျိဖြစ်ခြင်းနှင့် အံ့အားသင့်ခြင်း အမူအရာ အမျိုးမျိုးတို့ ဖြစ်သွားကြတော့သည်။

All Chapters